#မိုးအောက်မြေပြင်
ဝတ္ထုစာအုပ် နာမည်ပါ။ စာရေးဆရာ နာမည်က ကိုမင်းအောင်တဲ့။ ဘုန်းကြီးလူထွက်။ ထူးခြားချက်က နောင်တစ်ချိန်မှာ အမျိုးသားစာပေဆုရယ်လို့ ဖြစ်လာမယ့် စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု(၁၉၄၈)ကို ပထမဆုံး ရရှိခဲ့သူပါ။ ဆုငွေတစ်ထောင်တိတိ ရခဲ့ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက အဲဒီဝတ္ထုက ထွက်ခါစမှာ လုံးဝ ရောင်းမစွံပါဘူးတဲ့။
ရောင်းမစွံဆို ဘယ်သူမှကို မသိဘူး ပြောတယ်။ ၁၉၄၈တစ်နှစ်လုံးမှ ဝတ္ထုစာအုပ်
၆၀ကျော်ပဲ ထွက်သတဲ့။ စာပေဗိမာန်က စာပေပညာရှင်ကြီးတွေက ထွက်သမျှ ဝတ္ထုတွေကို
အကုန်စိစစ်ပြီး ဆုပေးမယ်လုပ်တော့ ကိုမင်းအောင်ရဲ့ "မိုးအောက်မြေပြင်"က
လက်ရာအညံ့ဆုံး ချာတူးလန်ဆုံး ဖြစ်နေပေမယ့် အတွေးအခေါ်အရ
ဖောက်ထွက် ထားတာဆိုလို့ ခြောက်ဆယ်ကျော်မှာ အဲဒီတစ်အုပ်ပဲ ပါသတဲ့။
ပိုထူးဆန်းသွားတာက စာပေဗိမာန်ဆုလည်း ရလိုက်ရော ချက်ခြင်း နာမည်ကြီးသွားပြီး မြန်မာနိုင်ငံမှာ (၁၈)ရက်အတွင်း သုံးကြိမ်ရိုက်ရတဲ့ စာအုပ်ဆိုလို့ ကိုမင်းအောင်ရဲ့ "မိုးအောက်မြေပြင်"တစ်အုပ်ပဲ ရှိသေးသတဲ့။
ဟ ဒါများဗျာ။ လူတိုင်းသိပြီးသားကြီး ဘာလို့ ရေးနေတာလဲ မေးစရာပ။ ဒီစာဖတ်မိသူထဲမှာ ရွှေဘိုခရိုင်၊ တန့်ဆည်သားများ ပါခဲ့ရင် သုတေသန လုပ်စရာ သို့မဟုတ် အတည်ပြုစရာတစ်ခု ကိုမင်းအောင်နဲ့ ပတ်သက်ပြီး ရှိနေလို့ပါ။
ကိုမင်းအောင်ရဲ့ မွေးရပ်ဇာတိကို စွယ်စုံကျမ်းနှစ်ချုပ်နှင့် ဒဂုန်ရွှေများအလို တန့်ဆည်သား၊ မလိခနှင့် ရာပြည့်ဦးစိုးညွန့်အလို ရေဦးသား၊ မြန်မာဝတ္ထုအညွှန်းအလို ခင်ဦးသား။ သုံးနယ်လုံး ရွှေဘိုခရိုင်မှာချည်း ရှိတယ်။
ကိုမင်းအောင် အမေ့ခမျာ ကိုယ်လေးလက်ဝန်ကြီးနဲ့ ရွှေဘိုခရိုင်တခွင် ပြဲပြဲစင်အောင် သွားခဲ့ပုံပေါ်ပါရဲ့။ ဟိုရွာ မွေးခိုင်းလိုက် ဒီရွာမွေးခိုင်းလိုက်။ နောက်ဆုံးထုတ် စာအုပ်လို့ ယူဆရတဲ့ ဦးစိုးညွှန့်စာအုပ်ထဲမှာ ရေဦးကို ယူထားတယ်။
မှားပါတယ်။ ရေဦးသားလို့ ပြောသူလည်း မှားတယ်။ ခင်ဦးသားလို့ ပြောသူလည်း မှားတယ်။ ဦးစိုးညွှန့်လည်း မှားတယ်။ မလိခလည်း မှားတယ်။ ဟောဗျာ ငါလည်း ငါသိတာ ငါပြောတာကိုနော။
ဘာကြောင့်တုံး?ဆိုတော့ ယူနီဆတ်က ပြုစုထားတဲ့ ကျေးရွာစာရင်းတွေမှာ "ဆန်ဆွဲရွာ" ဆိုတာ ခင်ဦးမှာလည်း မရှိ။ ရေဦးမှာလည်း မရှိပါ။ အခုလည်း မရှိပါ။ ရှေးတုံးကလည်း ရှိဟန် မတူပါ။ ဆန်ဆွဲရွာဆိုတာ တန့်ဆည်မှာပဲ ရှိပါတယ်။ ဆန်ဆွဲ-စည်းကြီးလို့ ခေါ်ပါတယ်။
နောက်တစ်ချက်က ကိုမင်းအောင် အတ္ထုပ္ပတ္တိမှာ သူ့ဘကြီးဘုန်းကြီးနဲ့ ရန်ကုန်ရောက်လာတယ် ဆိုတယ်။ အဲဒါက မစိုးရိမ် အလည်တိုက်ကြီးမှာ နာယကဖြစ်သွားတဲ့ နောင်အခါ မြတောင်ကျောင်း အနောက်ပေါက်မှာ ဓားဒဏ်ထိ ပျံလွန်တော်မူရှာတဲ့ ဘုန်းကြီးဦးပညာဝံသဆိုတာ သူ့ဘကြီးဘုန်းကြီးပါပဲ။ ဘုန်းကြီးဦးပညာဝံသဆိုတာ ဆန်ဆွဲ-စည်းကြီးသား။ ရွှေဘို ရန်အောင်မင်္ဂလာကျောင်းဆရာတော်ကို မေးရင် အကုန်သိတယ်။ သေသေချာချာ သုတေသနလုပ် ဆန်းစစ်ပြီး ဆောင်းပါးရေးသင့်တယ်။ တန့်ဆည်သားတွေများ ဖတ်မိရင်ပ။
ဟောဗျာ။ ဦးဇင်းလည်း တန့်ဆည်သားကိုး။ ဒါကြောင့် ကိုမင်အောင်ကို ဦးဇင်းတို့နယ်ထဲ ဆွဲသွင်းနေတာလို့ စွပ်စွဲခဲ့သည်ရှိသော်-
အမလေးဗျာ။ ဂုဏ်မယူပေါင်ဗျာ။ အမှားကိုသာ အမှန်လုပ်ချင်လုပ်မှာပါ မောင်ရာ။ အမှန်ကိုတော့ အမှားမလုပ်ပါဘူး။
တန့်ဆည်သားကြီး ကိုမင်းအောင်။ စာပေဗိမာန်ဆုရကြီးဆိုပြီး အချောင် ဂုဏ်ယူချင်စိတ် မရှိတဲ့အပြင် "မိုးအောက်မြေပြင်"နဲ့ ပတ်သက်ပြီး အဓိက ပြောချင်တဲ့ အကြောင်းကိုသာ ဖတ်မိရင် ဟားတိုက်တောင် ရယ်ပါလိမ့်ဦးမယ်။
ကဲ စလိုက်ကြဦးစို့။ အခုမှ အဓိက ပြောချင်တဲ့ အကြောင်း။ အဲဒီဝတ္ထုကို အခြေခံထားတာက ရှေးအခေါ် "ဗန့်ဘွေးကုန်း" အခုအခေါ် "အောင်မင်္ဂလာ"ဆိုတဲ့ ရွာ။ အဲဒီရွာကို စိတ်ဝင်စားလို့ ဒီစာကို ရေးလိုက်တာ။
မက်ဆင်ဂျာသတင်းထောက် ရေးဦး-တူးမောင်းသား မင်းသူအောင်(နေ့လည်က ခဲပန်းချီပုံတူ ဆွဲပေးသူ)က ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ အဲဒီရွာအကြောင်းကို။ နာမည်ကြားရင် အတိတ်မေ့သွားစေရမယ်။
"ဒဏ္ဍာရီထဲမှာ ထားခဲ့တဲ့
စဏ္ဍာလရွာ"
ဟား ဟား မိုက်တယ်နော။ သူတောင်းစားရွာ။ အပယ်ခံရွာ။ ပလပ်စတစ်ကောက်တဲ့ရွာ။ အူစီပေါင်းသည်တို့ရွာလို့ မရေးဘူးဗျ။ စဏ္ဍာလ-တဲ့။ မေတ္တာသံပါတယ်။ စာနာသံပါတယ်။ အဲဒါ မင်းသူအောင်က မုံရွာကို အဝေးသင်သွားတက်စဉ်က အဒီရွာထိ သွားပြီး သေချာ ပြုစုပြီး ရေးထားတာပါ။
သို့သော် အာမနာတမ်း ဝေဘန်ရရင် မင်းသူအောင်ဆွဲထားတဲ့ ကောက်ချက်တွေက မှားနေတယ်။ မပြည့်စုံဘူး။ တဖက်သတ်ဆန်တယ်။ အဲဒါ အဲဒီ "ဗန့်ဘွေးကုန်း"ဆိုတဲ့ ရွာအကြောင်းကို ပိုပြည့်စုံသွားအောင် ကိုမင်းအောင်ရေးတဲ့ "မိုးအောက်မြေပြင်"ကို ဖတ်သင့်တယ်။
တန့်ဆည်နယ်ရဲ့ ဂုဏ်ထူးဆောင် သူတောင်းစားရွာလေးဖြစ်တဲ့ "ဗန့်ဘွေးကုန်း"အကြောင်းကို ကိုမင်းအောင် စရေးခဲ့တယ်။ နောက် သူဆိုတဲ့ စကားတစ်လုံးပဲ ပိုတဲ့ အခု မင်းသူအောင်က ရေးတယ်။
ရှေးခတ်ကလည်း တောင်းရမ်းစားသောက် အခုခေတ်မှာလည်း တစ်ခါတစ်ရံတောင်းရမ်းစားသောက်နေရတဲ့ ငါတို့ တန့်ဆည်နယ်ရဲ့ ထူးခြားချက် ကျက်သရေဆောင် "ဗန့်ဘွေးကုန်း" ဆိုတဲ့ ရွာလေး ရှိနေတာ ဦးဇင်းကတော့ ဂုဏ်ယူတယ်။ အားလည်း အားကျတယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒီရွာအကြောင်းကို သေသေချာချာ သုတေသန လုပ်ကြည့်ချင်သေးလို့ပါ။
ဟုတ်ပါတယ်။ ငယ်ငယ်က အမေနဲ့ စိုင်ပြင်ကြီးသွားရင်း အဲဒီရွာထိပ်က ရေချမ်းစဉ်မှာ ရေသောက်ဖူးတယ်။ ကျေးဇူးရှိတယ်။ အပြောင်းအလဲတွေကြား တွန့်တွန့်လူးနေတဲ့ "ဗန့်ဘွေးကုန်း"အကြောင်း ပြောစရာ အများကြီးကျန်သေးတယ်။

0 comments:
Post a Comment