လွှတ်တော်ကဝေ (အောင်ထက် - The Voice)
“အောင်ဆန်းစုကြည်က ရွှေမန်းဇာတ်ထဲ ဝင်ကနေတာ” ဟု သူမက ဝေဖန်ပြောဆို လိုက်သည်။ ထိုကဲ့သို့ ပြောဆိုနိုင်ရန် ၁၉၆၀ ရွေးကောက်ပွဲ ကာလအတွင်း ကိုးနှစ် သမီးအရွယ်ဖြင့် ရန်ကုန်တိုင်း ပရိဝုဏ်ရှိရွာ၊ ရပ်ကွက်ကြို ရပ်ကွက်ကြား မဲဆွယ် စည်းရုံးသည့် အတွေ့အကြုံရခဲ့ခြင်းနှင့် ခေတ် အဆက်ဆက် နိုင်ငံရေး နယ်ပယ်ကို စောင့်ကြည့်နိုင်ခဲ့ခြင်းကြောင့် ပေလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာ၏။
သူသည် လွှတ်တော်ဟူသော အရပ်၌ အုပ်ချုပ်ရေးယန္တရား၊ ဘဏ္ဍာရေး၊ အခွန်နှင့်
ဝန်ကြီးဌာနတို့ စီမံကိန်းများ အပါအဝင် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးလှသည့်
ရငွေသုံးငွေ လှည့်ကွက်များကို ပညာရှင် အဆင့် ထောက်ပြ ပြောဆိုနိုင်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ... ၊ ဒုဝန်ကြီးကဲ့သို့ အစိုးရအဖွဲ့ကို ဆဲသည်ထက် နာအောင် လှလှပပ ပြောဆိုနိုင်ဆုံး နံပါတ် (တစ်) နေရာတွင် သူမကရှိ၏။ ထို့ကြောင့် အပြောအဆို ဆင်ခြင်ရန် လွှတ်တော်ဥက္ကဋ္ဌ၏ သတိပေးချက်ကို မကြာခဏ ခံစား ရသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။
၎င်း၏အမည်မှာ ဒေါ်တင်နွယ်ဦး ….၊ ဒေါ်စိမ်းစိမ်း (ခ)ဒေါ်စိမ်းဟုလည်း အချို့က သိကြ၏။ ပြည်သူ့လွှတ်တော်တွင် နာမည်နှင့် လိုက်ဖက်အောင် အစိုးရနှင့် လွှတ်တော် ဥက္ကဋ္ဌကို ပင်လျှင် စိမ်းစိမ်း ကားကား ဝေဖန်ပြောဆိုဝံ့သူ ဖြစ်ကြောင်း ယနေ့ လွှတ်တော် အဝန်းအဝိုင်းရှိ အသံဗလံများက သက်သေပြလေသည်။
ဂါဝန်ဖြင့် မဲဆွယ်ပွဲ
ဒေါ်စိမ်း (ခေါ်) မစိမ်းသည် ၁၉၅၁ ခုနှစ် မတ်လ ၂၄ ရက်တွင် လူ့လောကသို့ မိခင်၏ဝမ်းမှ တစ်ဆင့် စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဇာတိက ရန်ကုန်။ ဖခင် ဟူသည် တိုင်းမင်းကြီး။ ထို့ကြောင့် သူမ၏ ငယ်စဉ်ဘဝက ငွေကြေးကြွယ်ဝမှု ကို ပြောပလောက်မည် မထင်တော့ပေ။ မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအထိ အောင်မြင်စွာဖြင့် ‘မစိမ်း’ က ဖြေဆိုနိုင်ခဲ့သည်။ ၁၉၆၀ ရွေးကောက်ပွဲကာလ … သူသည် ကိုးနှစ်သမီး၊ နိုင်ငံရေး အပြောင်းအလဲ များကြား ဖခင်က အင်းစိန်မြောက်ပိုင်း မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းကြောင့် ဂါဝန် ကိုးရိုးကားရားဖြင့် မဲဆွယ်စည်းရုံးရေး လိုက်ပါခဲ့သည်ဟု သူမက ပြောသည်။ ထိုအချိန် ကာလသည် သူ့အတွက် နိုင်ငံရေးဇာတ်ခုံကို ခပ်ပျပျ လှမ်းမြင်ခဲ့ ရခြင်း ဖြစ်ပေသည်။
“ဒယ်ဒီက လက်ဆွဲပြီးခေါ်ခဲ့တာ” ဟု ၎င်းက ကိုးနှစ်သမီးအရွယ်ကို ပြန်လည် ပြောပြ သည်။ ထိုအချိန်ကစ၍ ဖခင်ကို ဒယ်ဒီဟု ခေါ်ဆိုမှုမှာ မြန်မာ့ ဓလေ့နှင့်တော့ ခြားနား လှပေလိမ့်မည်။ သို့သော် စကားလုံးတို့က လွမ်းဟန်တော့မပြ။ နားချိန်မှလွဲ၍ မည်သည့် အချိန်ပင် ကြည့်စေကာမူ..၎င်း၏ စိတ်ကူး ...အတွေးဖြင့် လမ်းလျှောက် တတ်သူ ဖြစ်သည်။ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ဟန် မပြသည်က သူမ၏ ပင်ကို စရိုက်။ နားလေးလာသည့် အကြောင်းကြောင့်ပင် ကျောချင်းခိုင်းလိုက် ပါက ခေါ်လျှင်ပင် မကြားတော့။ “ဥက္ကဋ္ဌ ပြောတာတွေ၊ ဝန်ကြီးတွေ ဖြေတာတွေကို တစ်ခါတလေ မကြားတော့ဘူး။ ဘေးက လူပြောမှ သိတော့တယ်” ဟု ဒေါ်တင်နွယ်ဦး က ဆိုသည်။
သူသည် ငယ်စဉ်ကပင် အချက်အလက် စုဆောင်းခြင်းနှင့် ဖတ်မှတ်အား ကောင်း မွန်ခြင်း က သူ့ဘဝအတွက် အားသာချက်။ ထို့ကြောင့် အခြေခံ အချက်အလက်နှင့် ယုံကြည်မှုကြောင့် တင်းမာပြတ်သားသည့် စကားလုံးတို့ကို တရစပ် ပြောဆိုနိုင်သည်။ သို့သော် အသက်အရွယ်နှင့် ရောဂါကြောင့် လေသံက ခပ်သဲ့သဲ့မျှသာ။
ထိုလေသံဖြင့် ကရားရေလွှတ်သလို လွှတ်တော်အတွင်း ပြောဆိုမှုလာပါက ရံဖန်ရံခါ နားလည်ရခက် လေသည်။ ဗလုံးဗထွေး လေသံဟု အချို့သော ကိုယ်စားလှယ်တို့ က ပြောဆိုမှု ပြုကြသည်။
ဆဲဗင်းဂျူလိုင်နှင့်သူ
၁၉၆၈ ခုနှစ်တွင် မစိမ်း ၁၀ တန်းအောင်ပြီး စီးပွားရေး တက္ကသိုလ် တက်ခွင့်ရသည်။ စက်မှု ကုန်သွယ် အထူးပြု ဘာသာရပ်ဖြင့် ၁၉၇၂ နှစ်တွင် နံပါတ်(၁) ဘွဲ့၊ နံပါတ် (၂) C.P.A ..နံပါတ် (၃) D.B.L ဟူသော ဘွဲ့တံဆိပ်နှင့် ပညာရပ်များကို နှစ်အလိုက် ကြိုးစားရရှိခဲ့သည်ဟု သူကဆိုသည်။ ထို့ပြင် ပခုက္ကူဒေသ ကောလိပ် ဌာနမှူး၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ဆေးတက္ကသိုလ်တွင် စီမံ/ဘဏ္ဍာ အုပ်ချုပ်ရေးမှူးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းခဲ့သူ ဖြစ်ပြန်သည်။
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပရောဂျက်တွေ ဆွဲရတယ်၊ ပြည်ပကိုမှာတဲ့ စက်ပစ္စည်း ကိစ္စတွေမှာ အလွဲတွေ တွေ့ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။ အစိုးရ ဝန်ထမ်းကာလ ဟူသည် ဝန်ကြီးဌာန၏ ပရောဂျက်များ ရေးဆွဲခဲ့သည့် ပညာရှင်၊ WHO မှ တိုက်ရိုက် မှာယူရသည့် ဆေးဝါးဆိုင်ရာ စီမံကိန်း အတွေ့အကြုံများကလည်း လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များကို ယနေ့ အချိန်အထိ သူက ကောင်းကောင်း ခန့်မှန်း ပြော ဆိုနိုင်ပေ သည်။ ထို့အပြင် ဝန်ကြီးဌာနအချို့မှ စီမံကိန်းအချက် အလက်များကို တောင်း ယူနိုင်သည့် ပါဝါက ယနေ့ထိတိုင် သူ့ထံတွင် ရှိနေသေးသည်။ ထို့ကြောင့် လွှတ်တော် အတွင်း ဆွေးနွေး ထောက်ပြချက်တို့က တိကျပြတ်သား လွန်းနေခြင်းဟု ယူဆနိုင်ပေ သည်။
၁၉၉၄ ခုနှစ်တွင် သူမက အစိုးရအလုပ်ကို စွန့်သည်။ အမှတ်တရစိတ်တို့ ကိန်းအောင်းနေသော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရသည့် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့ကို သူက စိတ်ထဲစွဲနေသည်ဟု ဆိုသည်။ “အဲဒီတုန်းက အိမ်မှာရှိနေတဲ့ အချိန်ပဲ ဗုံးသံတွေ ကြားရတယ်၊ အာဏာသိမ်းတဲ့နှစ်ပေါ့။ အမှတ်တရ ဖြစ်နေအောင်ဆိုပြီး ဆဲဗင်းဇူလိုင်မှာ အလုပ်ထွက်လိုက်တာ” ဟု သူမက ပြောသည်။
သူ၏ အစိုးရ ဝန်ထမ်း လုပ်သက်မှာ ၁၉၇၇ မှ ၁၉၉၄ ခုနှစ်အထိ ဖြစ်၏။ ၁၉၈၈ အရေးခင်း ကာလအတွင်း ဝန်ထမ်းဘဝဖြင့် အလံကိုင် လမ်းလျှောက် ခဲ့ဖူးသည်မှာ လည်း သူ့အတွက် အမှတ်တရ ဖြစ်ပေသည်။
သေမည့်နေ့ကို စောင့်နေသည်
မိသားစု၏ မျိုးရိုးစဉ်ဆက်ရောဂါဟု ဆိုသည်။ ‘သွေးကင်ဆာ’ ရောဂါ သူမထံတွင် ရှိနေကြောင်း ဒေါ်တင်နွယ်ဦးက ဖွင့်ဟသည်။ ဝေဒနာကို ရင်ဆိုင်နေရသည့် အတွေ့အကြုံကြောင့် သေရမည်ကို သူက မမှုတော့သည့် ဟန်။ “မေမေက အသက် ၆၀ မှာ ဒီရောဂါစဖြစ်တာ၊ တစ်ခါတည်း သေတာပဲ။ ကျွန်မက အသက် ၅၀ မှာ ဖြစ်နေပြီ။ ဒီရောဂါနဲ့ မသေသေးတာ ကျွန်မပဲ ရှိနေသေးတယ်” ဟု ၎င်းက ခပ်သွက်သွက်၊ ဝမ်းမနည်းသော လေသံဖြင့် ပြောသည်။
ထိုရောဂါကြောင့် ခန္ဓာအတွင်းမှ သွေးကို လဲလှယ်ရသည့် အကြိမ်မှာ နှစ်ကြိမ်နှင့် အမြင် အာရုံကြောင့် မျက်လုံးကို ခြောက်ကြိမ် ခွဲစိတ်ခဲ့ပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။ “ဖြစ်လာရင် သေပြီလို့ပဲ တွေးထားတာ” ဟု ၎င်းက သွေးလှယ်ရသည့် အချိန်ကို ညွှန်း ဆိုသည်။ လေသံက သေမင်းကို ရင်ဆိုင်ရန် အသင့်ရှိနေတော့မည်ဟု စိတ်လျှော့ထား ပုံရ၏။ ယနေ့ ကျင်းပဆဲ လွှတ်တော်သည် ၁၁ ကြိမ်မြောက် ရောက်လေပြီ။ ဆီးနှင့် ဝမ်း တို့ မကြာခဏ သွားရသော ခန္ဓာ၏ ဒုက္ခကို လွှတ်တော်အတွင်း နေ့စဉ်နှင့်အမျှ ခံစားနေရသည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲနှင့် လွှတ်တော် နိုင်ငံရေးကို ခရီးဆက်နိုင်တော့မည် မဟုတ်။ ဒီလောကကို စွန့်ခွာတော့မည်ဟုလည်း ဆုံးဖြတ်ချက် ချထားပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။
လွှတ်တော်ကဝေ
လွှတ်တော် ပေါ်ပေါက်လာသည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း၊ ပထမအကြိမ် ပထမ ပုံမှန် အစည်းအဝေးတွင် မေးခွန်းနှင့် အဆိုဟူ၍ ပြောဆို တင်ပြခြင်း ဒေါ်တင်နွယ်ဦးတွင် မရှိ။ ဒုတိယပတ် အစည်းအဝေး မှစ၍ ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းခွင့်၊ တင်ပြခွင့် သတ်မှတ်ချက်တို့ကို အပြည့်မေးမြန်း တင်ပြနိုင်ခဲ့သည့် လွှတ်တော် မှတ်တမ်းတွင် သူမက ရှိ၏။
မည်သည့် ဝန်ကြီးဌာနသို့ မေးမြန်းသည်ဖြစ်စေ၊ အုပ်ချုပ်ရေး ယန္တရားနှင့် ဆိုင် သည်ဖြစ်စေ ကောင်တာ ဖောက်မေးနိုင်သော မေးခွန်းကို အမြဲပင် သူက မေးလေ့ ရှိသည်။ ယင်းမေးခွန်းတို့ကို ဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးတို့ ဖြေ မရလောက်အောင် အခက်တွေ့ရသည်မှာ မကြာခဏပင် ဖြစ်၏။ ထိုကဲ့သို့ ဖြစ်နေ လျှင် ဖြေနိုင်သည့် အချိန်လာ ဖြေပေးရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြားဝင် ညှိနှိုင်းပေးလေ့ ရှိသည်။
“လေးစားရပါသော ဥက္ကဋ္ဌကြီးရှင့်” ဟု အစချီ၍ လွှတ်တော် ခန်းမအတွင်း မတ်တက် ရပ်လိုက်ပြီ ဆိုသည်နှင့် ကျောပေါ်တင်ထားသော သူ၏ ခြုံလွှာကို သိသာထင်ရှား စွာ မြင်ရ၏။ ခြုံလွှာကြောင့် သူ၏ခန္ဓာက ပျောက်နေ၏။ ခြုံလွှာ၏ အရောင် မှာ တောက်ပြောင်သော အရောင်တော့မဟုတ်၊ အညို သို့မဟုတ် အနက်ရောင် သာ ပြေးနေ သည်။ “အေးရင်လည်းချောင်းဆိုး၊ ပူရင်လည်း ဆိုးဖြစ်နေတာ၊ အဲကြောင့် ခြုံထားတာ” ဟု သူက ခြုံလွှာခြုံထားရသည့် ဇာစ်မြစ်ကို ရှင်းပြသည်။
သူက အစိုးရအဖွဲ့၏ အုပ်ချုပ်ရေး၊ စီမံကိန်း၊ အခွန်၊ ဝင်ငွေ၊ ထွက်ငွေ စသည့် အချက်အလက် များကို ထိထိမိမိ ပြောနိုင်သည်။ ထို့ကြောင့် အစိုးရမုန်းသော စုန်း သို့မဟုတ် ကဝေတော့ ဖြစ်နိုင်သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ကဝေဒေါ်စိမ်း ပါဝင်တော့မည် မဟုတ်တော့ပေ။
ဥပမာအားဖြင့် သမဝါယမဝန်ကြီး ဦးကျော်ဆန်း၏ နိုင်ငံခြားချေးငွေဖြင့် လယ်သမား များကို ထုတ်ချေးရန်ကိစ္စ၊ လယ်/ဆည်လုပ်ငန်းကို သမဝင်လုပ်သည်ဟု သူမက အားမနာတမ်း ပြောဆိုသည်။ ဘဏ္ဍာ အခွန်စည်းကြပ် နှစ်တစ်နှစ်ကို ဖျောက်နိုင် သည့် ငွေစာရင်း လှည့်ကွက် ဖြစ်စေခြင်း၊ အစိုးရ၏ စီမံကိန်းများ ယခင်အစိုးရ လက်ထက်က မည်မျှတောင်းခဲ့ပြီး လက်ရှိ ဆက်လက်တောင်းနေခြင်း၊ မအောင်မြင် သည့် စက်ရုံ အလုပ်ရုံများအတွင် ဘဏ္ဍာငွေထပ်မံ ဆုံးရှုံးနေခြင်း... အစရှိသော အစိုးရ၏ လည်ပတ်မှု ကိစ္စများကို ထဲထဲဝင်ဝင် ပြုပြင်နိုင်ရန် သူက ပြောဆိုမှုများစွာ ရှိသည်။
သူ၏ မည်သည့် ဝန်ကြီးဌာနကိုမှ အလွတ်မပေးတမ်း ပြောဆိုမှုက အသေးစိတ် ရှိ လှသည်။ သတ္တုတွင်း ဝန်ကြီးဌာနမှ ထုတ်သည့် အိုင်အိုဒင်း အိမ်သုံးဆားထုပ် ကိုပင် နည်းလမ်း မမှန်ကြောင်း ထောက်ပြဖူးသည်။ ထိုကိစ္စကို သတ္တုတွင်း ဝန်ကြီးပင်လျှင် လွှတ်တော်ခန်းမ အလယ် ဝန်ခံရရှာသည်။
ထို့အပြင် ဆက်သွယ်ရေး (အော်ပရေတာ) ဟူသည်လည်း ဒေါ်စိမ်းတို့ ပါသည်၊ စီးပွား ကူးသန်း ဟူသည်လည်း စီမံကိန်း အချက်အလက်ကို ထိထိမိမိချိတ်၍ ပြောဆိုလေ သည်။ ကျန်းမာရေးနှင့် ပညာရေးဟူသည် သူကိုယ်တိုင် စီမံကိန်း ရေးဆွဲခဲ့ဖူးသော ဌာနများဖြစ်၍ လွှတ်တော်အတွင်း ဆွေးနွေးရမည်ဆိုလျှင် ထိပ်ဆုံးက ပါသည်။
ယင်းဌာနနှစ်ခုအတွက် ဘတ်ဂျက်လေးဆခန့် တိုးရန် ပြောဆိုဆွေးနွေးမှု သည် ဒေါ်စိမ်း တို့ လက်ချက်ပင်။၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ ယင်းဌာန၏ ဘတ်ဂျက်များ တိုးခဲ့ပြီ ဖြစ်သည်။ “အဲဒီတုန်းက ဒေါက်တာဖေသက်ခင်က ကျေးဇူး တင်ကြောင်း လာပြောနေတာ အိမ်သာတောင် မသွားလိုက်ရဘူး” ဟု မကြာခဏ လွှတ်တော်အတွင်း အိမ်သာသွားနေရသော ဒေါ်စိမ်း (ခေါ်) ဒေါ်တင်နွယ်ဦးက ဆိုသည်။ ထိုအခြင်းအရာ၏ စကားလုံးတို့ မဆုံးခင်တည်းက ရယ်သံများနှော ၍ ပြောနေခြင်း ဖြစ်သည်။ လွှတ်တော်အတွင်း ပြုံးရယ်မှုရှားသော သူကလွန်ခဲ့သည့် ငယ်ဘဝနှင့် ၂၀၁၀ ရွေးကောက်ပွဲကာလကို ပြန်တူးဆွလျှင် ပို၍ ပြုံးပျော်သည့် သဘောရှိ၏။
လိမ်ညာမှုဖြင့် ရွေးကောက်ပွဲဝင်ခဲ့ခြင်း
၁၉၉၄-၁၉၉၅ ခုနှစ် အစိုးရဝန်ထမ်းမှ အနားယူပြီးနောက် စားအုန်းဆီ ကုမ္ပဏီတွင် သူအလုပ်ဝင်သည်။ ၂၀၀၀ ပြည့်နှစ်အထိပင်။ ထို့နောက် ပြည်တွင်းပြည်ပ ကုမ္ပဏီ များ၏ စီမံကိန်း (ပရောဂျက်) များ ရေးဆွဲသည့် အလုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မဝင်မီအထိ လုပ်ခဲ့ပြန်သည်။ ထို့ပြင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၏ အဓိကဖြစ်သော UNODC နှင့် ပြည်တွင်း ပရောဂျက်များကို ဒေါ်လာစားဖြင့် ရေးဆွဲ ခဲ့ကြောင်း ဒေါ်တင်နွယ်ဦးက ဆိုသည်။
၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲအတွက် မြောက်ဒဂုံတွင် ဝင်ပြိုင်မည်ဟု သူဆုံးဖြတ် လိုက် သည်။ “NLD ဆိုတာလည်း အမြဲစောင့်ကြည့်ခဲ့တာ၊ ဘဝမှာ ဒယ်ဒီရယ်၊ ဆရာ (သူ၏အမျိုးသား) ရယ် ဒေါက်တာ သန်းငြိမ်းရယ် သုံးယောက်ပဲ အလေးထားခဲ့ တာကြောင့် NDF က ဝင်ပြိုင်တာ” ဟု ၎င်းက ဆိုသည်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင် ရန် အိမ်မှထွက်သည်၊ တရားစခန်း သွားမည်ဟု ညာသည်။ သူ၏အမျိုးသား ကို တိုင်ပင်ခြင်းမရှိ။ တားမြစ်မည် စိုးသည်ဟု သူကဆိုသည်။
ဘုန်းကြီးကျောင်း၌ပင်လျှင် အပြင်ထွက်ရန်အရေး .. ဆေးခန်းပြမည်ဟု ဘုန်းကြီးကိုပါ ဒုတိယမ္ပိ ပညာဉာဏ်ဖြင့် ညာခဲ့ခြင်းပင်။ ဘုန်းကြီးကျောင်းမှ ထွက်သည်။ သို့သော် ပိုက်ဆံငွေသား သူ့ထံတွင်မပါ။ ထို့ကြောင့် လည်ပင်းမှ ဆွဲကြိုးကိုရောင်း၍ မှတ်ပုံတင်ကြေး ငါးသိန်း သွင်းခဲ့သည်ဟု ၎င်းက ပြောသည်။
၂၀၁၀ ၏ ပါတီနိုင်ငံရေးခေတ်အစ
“ဗိုလ်ချုပ်ပုံကပ်ပြီး မဲဆွယ်ရမလား၊ ခမောက်ပဲလား မသိတော့ဘူး။၂၀၁၀ မှာ နိုင်ငံရေး လုပ်သူက သူပုန် ဖြစ်နေတုန်းပဲမလား” ဟု ဒေါ်တင်နွယ်ဦးက ပြောသည်။ ယင်းစကား ၏ အဓိပ္ပာယ်က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သည် ဖြစ်စေ ..၊ မယုံကြည်သည် ဖြစ်စေ .. လွတ်လပ်ရေးဖခင်၏ ကျေးဇူးနှင့် သစ္စာတရားကို သတိတရ ရှိကြောင်း ပေါ်လွင်၏။
မြောက်ဒဂုံဟုခေါ်သော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ ပြည်သူမဲက သူမအတွက် လွှတ်တော် ကိုယ်စားလှယ်ဟူ၍ ဂုဏ်သိက္ခာတစ်ခု ရစေသည်။ ထို့ကြောင့် ယင်းဒေသ၏ လူနေမှုအဆင့်ကို မကြာခဏ လွှတ်တော်တွင် ထိပ်တိုက် ရင်ဆိုင်သည် ကို ပြည်သူက သိပေလိမ့်မည်.. သို့မဟုတ် .. အစိုးရက သိလိမ့်မည်ဟု ထင်ပါ၏။
မည်သို့ပင် မှတ်ချက်ပြုစေကာမူ ဒေါ်စိမ်း (ခေါ်) ဒေါ်တင်နွယ်ဦးက ကြောက်စိတ်မရှိဟု ဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော် နာယကကိုလည်း ယနေ့ထိ တိုင် ကြောက်စိတ် မရှိပေ။ ယုံကြည်ရာ စကားအမှန်များပင် ဖြစ်စေကြောင်း သူက ဖွင့်ဟ၏။ တဇွတ်ထိုးဟု ပြောစေ..တဇောက်ကန်းဟုဆိုစေ ယနေ့အစိုးရ ကျန်ရှိနေ သည့် သက်တမ်းတွင် ထင်မြင်ရာ ယုံကြည်မှုကို ယနေ့တိုင်ဆိုမြဲ..ဆိုဆဲပင်တည်း။
သူမနှင့် ခေတ်သစ်နိုင်ငံရေးလားရာ
ဦးသိန်းစိန် ခေါင်းဆောင်သော ယနေ့ ဒီမိုကရေစီ ပထမခြေလှမ်း သက်တမ်း ကုန်တော့ မည်။ ရှေ့လျှောက်နိုင်ငံရေး မကောင်းသည့် သဘောဟု သူက တွေးဟန် ရှိလေပြီ။ အင်အားကြီး ပါတီနှစ်ခုကြား အခြေခံဥပဒေ လွန်ဆွဲခြင်းနှင့် ဒီမိုကရေစီ အတ္တကို လုနေသည်ဟု သူမက သုံးသပ်နေချေပြီ။ “ပြည်ခိုင်ဖြိုးက အလုပ်မရှိ အကိုင် မရှိတွေ၊ တိုက်ခန်းလေး ရောင်းစားလိုက် မြေလေး ရောင်းစားလိုက်တွေနဲ့ လုပ်နေ တာ” ဟု သူက ဆိုသည်။
ရှေ့လျှောက် နိုင်ငံရေးခရီး ဘယ်အခြေအနေထိ ပေါက်မည် သူကတိတိကျကျ မသိ။ သို့သော် သေမည့်ရက် မတိုင်မီ ခန့်မှန်းရင်းဖြင့် စောင့်မည့်သူမှာ သူဖြစ် ၏။ နိုင်ငံရေး သမားဟူသည် ခေတ်အဆက်ဆက်က ပြည်သူယုံကြည်မှု နည်းခဲ့ခြင်းကို သူမက ဆင်ခြင် တွေးတောပြန်သည်။ “နိုင်ငံရေးသမားဆို အရင်တုန်းကတည်းက ဘယ်သူမှ မကြည်ညိုဘူး၊ ဒီနိုင်ရဲ့ အခြေအနေက ခက်ပါတယ်” ဟု သူမက သုံးသပ်သည်။
သို့သော် ပြည်သူ့မေတ္တာဖြင့် သန့်ရှင်းစွာ အမတ် (လွှတ်တော်ကိုယ်စားလှယ်) ဖြစ်စေဖို့ လိုသည်၊ နိုင်ငံရေး ဇာတ်ခုံတွင် ပြည်သူကို ကပြရမည် ဖြစ်သည်။သို့သော် သန့်ရှင်း မွန်မြတ်သော ကကြိုးဖြင့် ဖြေဖျော်ပေးရန်သာ သူမက လိုလားသည်။
ထို့အတူ မြန်မာ့နိုင်ငံရေး၏ လာရာလမ်းသည် မည်သည့် အချိန်ကမျှ မဖြောင့်ဖြူး..၊ မည်ကဲ့သို့ ကပြ၍ မည်သို့ ဇာတ်လမ်းကို ဇာတ်ညွှန်းရေးမည်နည်း။ နိုင်ငံရေး နားပိတ် ခံထားခဲ့ရသော ပြည်သူအတွက် မည်သူက ဒီမိုကရေစီ ဒါရိုက်တာ ဖြစ်သနည်း။ ထိုကဲ့ သို့ မေးမြန်းရန် သူမထံမေးခွန်းနှင့် ဒွိဟများ ရှိနေသည်။ စိတ်မအေးနိုင်သော မြန်မာ့နိုင်ငံရေး ဇာတ်ကွက်ပေလော။
အင်အားကြီး ပါတီဖြစ်သော ကြံ့ခိုင်ရေးသည်လည်း စစ်အာဏာရှင် အတ္တနှင့် ကကွက် ကဟန့် ဇာတိတို့က မပျောက်။ ထို့အတူ ပြည်သူက မျက်စိစုံမှတ် အားပေးနေသော NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် မယုံကြည်နိုင်။ နိုင်ငံရေး အမှောင်ချခံ ရသော ပြည်သူ..၊ ထိုပြည်သူကို မြေစာပင် မဖြစ်စေလိုသည့် စိတ်ဖြင့် သူမ သို့မဟုတ် ဒေါ်စိမ်းတို့က တွေးပူသည်ဟု ဆိုသည်။ “NLD ကဒီဟာပြီးရင် ဘာဖြစ်မယ်ဆိုတာ မတွေးဘူး၊ နောက်တစ်ဆင့်ကို မတွေးတာ၊ အနာဂတ် Plan ကို ကြည့်ရမှာ” ဟု ၎င်းကဖွင့်ဟသည်။
ထိုစကားလုံးတို့က ရှင်းသည်။ ယနေ့ နိုင်ငံရေးဟူသည် ကြံ့ခိုင်ရေး သို့မဟုတ် NLD.. မည်သူ့ကိုမှ အားနာမည့်ပုံ မရှိသည့် သဘောပင်။ ပြည်သူအနေဖြင့်လည်း အားနာ ရန် မသင့်တော့ကြောင်း သူမက ထပ်ဆင့်ဆိုပြန်သည်။
“အောင်ဆန်းစုကြည်က ရွှေမန်းဇာတ်ထဲ ဝင်ကနေတာ ...”။
ထို့ကြောင့် အစိုးရပင် မဟုတ် .. အင်အားကြီး ပါတီနှစ်ခုပင် ဒေါ်စိမ်းသည် နိုင်ငံရေး ‘ကဝေ’ အဖြစ် ထပ်ဆင့်ထင် ကြေးပေးခံရလိမ့်မည်။

0 comments:
Post a Comment