Tuesday, November 11, 2014

“တောင်ကြီးမိုး”

     
    “တန်ဆောင်မုန်းတွင် ဆီးနှင်းတပြိုက် မိုးတလိုက်နှင့် ထနောင်း ကြောင်ခြစ် ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း” တဲ့။ စာဆိုရှိပေမယ့်လည်း အခုလောက် သည်းသည်းမည်းမည်း ရွာတဲ့ တန်ဆောင်တိုင်မိုးကတော့ ကိုယ်တို့ဆီမှာဆို တော်တော်ရှားပါတယ်။ သီတင်းကျွတ်မှာ ရွာတဲ့ ပလ္လင်ဆေးမိုးကတောင် အခုလို ပွဲပျက်အောင် မရွာတတ်ဘူး။ ခင်းထားတဲ့ဆိုင်ကလေးထဲကပစ္စည်းတွေ အစိုအရွှဲ အလေအလွင့် မရှိအောင် အုပ်ဆိုင်းထားပြီးရင် မိုးတိတ်တာနဲ့ ဟန်မပျက်ဆက်ရောင်းနိုင်ပါတယ်။
လွန်ရောကျွံရော ရွာလှ တစ်ညထက် မပိုဘူး။ သည်တန်ဆောင်တိုင်မိုးကျတော့မှ မုန်တိုင်းနဲ့ဆက်ပြီး ပွဲသုံးရက်စလုံး ဈေးရောင်းလို့မရအောင် ရွာပုံကြမ်းလှတယ်။ရင်းနှီးထားရတဲ့ ကုန်ပစ္စည်း၊ ဆိုင်ခန်းခ၊ စားရိတ်စားခတွေ အကုန် မိုးနဲ့အတူ ရေစုန်မျောတော့မှာ။စိုက်ပျိုးထားတဲ့ လယ်သမားတွေလည်း ငုတ်တုတ်မေ့ကြမှာပဲ။ အခုမှ ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်းမဟုတ်လား။ လယ်တွေတင် ရေမြုပ်တာမဟုတ်ဘူး။ အနိမ့်ပိုင်းကျတဲ့ အိမ်တွေလည်း ရေမြုပ်ကုန်လို့ဝါဆိုဝါခေါင် ပြန်ရောက်သွားသလား မှတ်ရတယ်။ ရန်ကုန်မှာဆိုရင်တော့ နဂိုကမှ ငှက်ပျောဖူးပုလင်းထဲကမန်ကျည်းစေ့တွေထုတ်သလို တစ်တစ်ဆို့ဆို့မောင်းရတဲ့ ကားလမ်းတွေဟာ ရေလယ်ခေါင် ဖွတ်ချက်ဖွတ်ချက်တစ်စီးလောက် ပျက်လိုက်ရင် ဘယ်ဘက်ကမှ ကျော်တက်ရှောင်တိမ်း မောင်းလို့မရတော့ပဲ မိုးထဲရေထဲဒုက္ခများကုန်ဦးမှာ။ ရပ်လုံးရွာလုံး သောသောညံအောင် အလှူခံထားရှာတဲ့ ပဒေသာပင်ကြီးများလည်းခြိမ့်ခြိမ့်သဲသဲ နွှဲမယ်လို့ ကြံကာမှ မလှည့်သာ မလည်သာ တိတ်ဆိတ်စွာ ကျောင်းပေါ်ပို့ရတော့မယ်။ဘယ်တတ်နိုင်မလဲလေ။ ထုံးစံမရှိတော့ မိုးလေကင်းလွတ်ပြီဆိုပြီး ပွဲလမ်းသဘင် ခင်းဖို့ပြင်ဆင်ထားမိပြီကိုး။

          သူတို့လိုပဲ ကိုယ်လည်းတစ်ပတ်လောက်က ကြိုစီစဉ်ထားတဲ့ခရီးမို့ အခါလွန်မိုးသည်းသည်းကို သူ့ဟာသူ တိတ်ချင်တိတ် မတိတ်ချင်နေ ကိုယ့်ဘက်ကတော့ အပျက်မခံနိုင်ဘူးဆိုပြီးတောင်ကြီးတန်ဆောင်တိုင်ကို ရောက်သွားပါတယ်။ ဟိုးတခါ တန်ဆောင်တိုင်ပွဲတော် အကြောင်းရေးတော့တောင်ကြီးတန်ဆောင်တိုင်လည်း မပါဘူး လို့ ဆိုကြတာနဲ့ အခုတခါတော့ စပွန်ဆာလေးရှိတုန်းအမိုက်နင့်ပြင် ရှိနေမစိုးလို့ ရန်ကုန်မိုး သည်းသည်းထန်ထန် ကြားမှာပဲ ဟိုရောက်ရင် တိတ်တန်ကောင်းပါရဲ့ဆိုထွက်လာတာပါ။ ဒါပေမယ့် ဘယ်တိတ်လိမ့်မတုန်း။ တောင်ကြီးမိုးရဲ့ အရသာကို ထိထိမိမိကို ခံစားဖူးသွားတော့တယ်။စိမ့်နေအောင် အေးတာလေ။ လေကလေးနဲ့ ပါလာတဲ့မိုးစက်တွေက ရေခဲငွေ့တွေ ပါလာသလိုပဲ။ အဖိတ်နေ့မှာတုန်းကမှမီးပုံးပျံနှစ်လုံး လွှတ်နိုင်ခဲ့သေးတယ်။ လပြည့်နေ့လည်းကျရော တစ်လုံးမှကို မတက်တော့ဘူး။ဒါပေမယ့်လည်း စိမ့်စိမ့်စွေစွေ ရွာနေတဲ့မိုးအောက်မှာ တန်ဆောင်တိုင်ပွဲကလည်း စွတ်စွတ်စိုစိုစည်နေသေးတာ အံ့သြစရာ။

          ဧည့်သည်တွေက မြို့လုံးပြည့်ရောက်နေနှင့်ပြီးပြီ။ ဟော်တယ်တွေ တည်းခိုခန်းတွေအကုန်လုံး ပုံမှန်ဈေးထက် သုံးဆဖြစ်နေပြီ။ ဒါတောင် အခန်းမရဘူးတဲ့။ တစ်ညကို တစ်သိန်းခွဲလောက်ရှိတယ်ဆိုပဲ။ ထမင်းဆိုင် ခေါက်ဆွဲဆိုင်တွေ မှန်သမျှ ထိုင်စရာနေရာမရလို့ အကြာကြီး ရပ်စောင့်ရတယ်။သည်မိုးလောက်နဲ့တော့ သည်ပွဲကိုပျက်အောင် မဖျက်နိုင်ပါဘူး။ မိုးထဲလေထဲမှာကို လူတွေ ကားတွေဆိုင်ကယ်တွေ ပျားပန်းခပ်နေတာ။ တောင်ကြီးတမြို့လုံး ရန်ကုန်သင်္ကြန်ကျနေသလို စိုစိုရွှဲရွှဲတန်ဆောင်တိုင်ပွဲခင်းကြတယ်။ မီးပုံပျံကွင်းအဝ ရောက်တော့ မိုးရွာတာကိုပဲ ကျေးဇူးတင်ရသေးတယ်တဲ့။မနှစ်တုန်းကဆို ဂိတ်ဝက ၉ နာရီခွဲလောက်မှာ တန်းစီဝင်လိုက်တာ ကွင်းထဲကို မနက် ၂ ချက်ထိုးလောက်မှရောက်သတဲ့။ ပြန်လည်းလှည့်လို့မရ၊ ကားထားပြီး ဆင်းလျှောက်လည်းမရ။ ကားထဲတင် တရေးအိပ်ပြီးမိုးလင်းပေါက် လည်ကြသတဲ့။ အဲ့လိုကြီးတောင်လား။ မိုးကြောင့် ဖုန်တလုံးလုံး မရှူရတာပဲကျေးဇူးတင်နေကြတယ်။ ဗွက်ပေါက်နေတာကိုတော့ ဘယ်သူမှ စကားထဲထည့်မပြောကြဘူး။

          ဘာတွေမြင်ခဲ့သလဲဆိုတော့ လူတွေလူတွေ ကျိတ်ကျိတ်တိုး မြင်ခဲ့ရတာပေါ့။ပျော်မြူးတက်ကြွနေတဲ့ လူငယ်ကလေးတွေများတယ်။ သူတို့အရပ် သူတို့ရာသီနဲ့ဆိုတော့ ဂျင်းဘောင်းဘီ၊ဂျာကင်၊ ဦးထုပ်၊ လည်စည်း အပြည့်အစုံနဲ့ စတိုင်တွေကို ပြည့်နေတာပဲ။ အချမ်းပြေဆေးတွေကြောင့်လားနဂိုသွေးလားတော့ မသိဘူး။ အားလုံး မျက်နှာလေးတွေ ရဲလို့။ အင်း ရှမ်းပြည်မှာတော့ ဘယ်သူ့ကြည့်ကြည့်လှသကိုး လို့ အောင့်မေ့မိတယ်။ သိသိ မသိသိ ခေါ်ပြောနှုတ်ဆက်ပြီး အတူတူပျော်ကြတယ်။ ဟန်တွေမာန်တွေမလုပ်ဘူး။ ပွဲဈေးတန်းအဝကို ဝင်လိုက်ကတည်းက ဈေးချိုက ထိုးမုန့်တန်းကြီးလို အရက်၊ ဘီယာ၊ယမကာအမျိုးမျိုးကို ဝယ်ပါ မြည်းပါ သောက်ပါ ကပါ လို့ မော်ဒယ်သမီးပျိုကလေးများက သူ့ထက်ငါလုယက်ကာ ခေါ်ငင်ဧည့်ခံနေကြတယ်။ အထဲမှာဝင်ဝင် အပြင်မှာကက ဒီဂျေမြူးဇစ်ကလေးကလည်းကြွနေတာပဲ။တအောင့်လောက်နေရင် နောင့်ဗိန်နောင်တို့ ရှမ်းပဲပုတ်တို့ တလှည့်လာရော။ မဏ္ဍပ် အဆင်အပြင်နဲ့ပုံစံကတော့ ခေါက်စံတို့ ဆွားကောင်းဘွိုင်တို့က ကလပ်တွေ အတိုင်းပဲ။ ဒါပေမယ့် ကိုယ့်ဆီကအကြံအဖန်တွေ မဟုတ်ဘူး။ အမှန်အကန်တွေတဲ့။ သူ့ဟာသူ ပွဲဈေးလျှောက်လာတဲ့သူတွေလည်း မဏ္ဍပ်ရှေ့ရောက်လာရင်ဒိုးတိုးဒွန့်တွန့်တွေ လှုပ်လာပြီး မင်းတို့လက်တွေ လေထဲမှာ မြှောက်ထားလိုက် ဖြစ်ကုန်တယ်။ဆက်လျှောက်လာတဲ့အခါကျတော့ ဝါးခြမ်းခုံတန်းကလေးတွေနဲ့ လူတွေ ကျိတ်ကျိတ်တိုးနေကြတာ ငါးထမင်း၊ဟင်းထုပ်၊ ဝက်သားချဉ်ဆိုင်ကြီးတွေလေ။ တကယ်ကို အညာက အလှူမဏ္ဍပ်ကြီးတွေလို လူတွေ အသုတ်လိုက်အသုတ်လိုက်ဝင်ထွက်စားသောက်နေကြတယ်။ ဒါကြောင့်လည်း ပျော်စရာကောင်းတာကိုး။

          မီးပုံးပျံလွှတ်တဲ့နေရာရောက်တော့ ကိုယ့်လိုပဲ အင်မတန်သနားစရာကောင်းတဲ့လူအုပ်ကြီးကို တွေ့ရတယ်။ မိုးထဲရေထဲ တုတ်တုတ်ရွှဲနေလျက်က ထီးကလေးတွေဆောင်းလို့ စောင်ကလေးတွေကာလို့ငုတ်တုတ်ကလေးတွေထိုင်ပြီး ဘယ်သူမှ လွှတ်မယ့်သူမရှိတဲ့ ကွင်းပြင်ကြီးကို ငေးကြည့်နေကြတာ။မနေ့တုန်းက သည်အချိန်ဆို ဘယ်သူတွေက ဘယ်မီးပုံးလွှတ်တာ ဘယ်လိုနေတယ်လို့ စားမြုံ့ပြန်တဲ့သူကပြန်ပေးတယ်။ သိပြီးသားလူတွေကလည်း “သြော် ဟုတ်လား။” ဆို အခုမှ ကြားရသလို မျက်စိထဲ ပြန်မြင်ယောင်ကြည့်တယ်။ဘာမှ မပြတဲ့ပွဲကို မိုးရေထဲ ငုတ်တုတ်ထိုင်ကြည့်တာ တောင်ကြီးမှာပဲ တွေ့ဖူးတယ်။ ကိုယ်လည်းပါတယ်လေ။ “ခုနေမိုးတိတ်သွားမလား။” “ခနကြာ လွှတ်ဦးမှာလား။” နဲ့ ပြန်တောင် မပြန်နိုင်။မီးပုံးပျံလွှတ်ဖို့ အားခဲထားတဲ့သူတွေကတော့ ပိုပြီး ကျိတ်မနိုင်ခဲမရ ရှိလိမ့်မယ်။ မီးပုံးတစ်လုံးတစ်လုံးကို၃၅သိန်းကနေ သိန်း ၅၀ လောက် အရင်းအနှီး ရှိတယ်ဆိုပဲ။ ရှမ်းပွဲတွေဟာ ပျော်စရာကောင်းမှန်းတော့လောက်ကိုင်မှာကတည်းက သိခဲ့တယ်။ တစ်နှစ်မှတစ်ခါ အကြောင်းအရာ တစ်ခုခုသတ်မှတ်ထားပြီး အဓိကကတော့လူငယ်လူရွယ်တွေ အတူတူ တွေ့ကြဆုံကြ ပျော်ကြပါးကြတာပေါ့။ ကုသိုလ်ရေးကို ရှေ့တန်းတင်ထားတာမို့ရမ်းရမ်းကားကား သိပ်မရှိလှပါဘူး။ ကိုယ်တို့ဆီက သင်္ကြန်ပွဲကမှ သူတို့နဲ့စာရင် ကြမ်းတမ်းနေဦးမယ်။

         နောက်ဆုံးတော့ တောင်ကြီးသူ တောင်ကြီးသားတွေရဲ့ဇွဲကို မိုးနတ်မင်းကြီးကပြိုင်မမိုက်နိုင်ပဲ လက်လျှော့သွားပါတယ်။ နောက်တနေ့ ညနေ သုံးနာရီလောက်ကတည်းက နေရောင်ကလေးပြန်ပွင့်လာပြီး ဆုပေးပွဲ ပိတ်ပွဲညမှာ အားရပါးရ မီးပုံးပျံတွေ လွှတ်ကြရတယ်။ ရှမ်းတွေကမောင်းသံကြားရင် မနေနိုင်ဘူး။ တယ်ကသကိုး။ ဟိုနားကြည့်လည်း နောင်းဗိန်နောင် သည်နားကြည့်လည်းနောင်းဗိန်နောင်၊ မမူးလည်းက မူးလည်းက၊ မပျော်လည်းက ပျော်လည်းက၊ ကုလားကားထဲက လူအုပ်ကြီးကျနေတာပဲ။မီးပုံးတွေက တစ်လုံးပြီးတစ်လုံး လွှတ်လိုက်၊ အောက်က လူအုပ်ကြီးက ဟေးကနဲ ဝါးကနဲ အော်လိုက်။ပြုတ်ကျလို့ လူတွေတောင် သေသတဲ့ ဆိုတာလည်း ဘယ်သူမှ မကြောက်ကြပေါင်။ သူသူငါငါ လက်ထဲကဖုန်းကလေးတွေ ကိုယ်စီနဲ့ တဖြတ်ဖြတ် ရိုက်လိုက်ကြတာ။ ကိုယ်လည်း အစကတော့ လိုက်ရိုက်သေးတယ်။ဒါပေမယ့် အပြင်မှာ မြင်ရသလောက် လှအောင် မရိုက်နိုင်တာ သေချာလွန်းလို့ ကိုယ့်မျက်စိနဲ့ကိုယ်ပဲတဝထိုင်ကြည့်ခဲ့တယ်။ ပြင်သစ်က လွတ်လပ်ရေးနေ့ညမှာ ဖောက်တဲ့ မီးရှူးမီးပန်းကြီးတွေလိုပဲ။ကိုယ့်ဆီက ဆီးဂိမ်းမှာဖောက်တဲ့ မီးပန်းတွေထက်လည်း သာတယ်။ မီးပုံးပျံကြီးနဲ့ တက်သွားပြီးမှဖြာကျလာတာကိုး။ အောက်က ပစ်ဖောက်တာ မဟုတ်ဘူး။ လူအင်အားငွေအင်အား မနည်းဘူး သုံးထားသလောက်ကောင်းကင်ပေါ်ကျတော့လည်း လှလိုက်တာ။ တချို့က အပေါ်ရောက်မှ ဖြာကနဲ လင်းတက်လာတယ်။ တချို့ကျတော့ဒေါင်းမြီးကွက်ကြီးတွေလို ဖြန့်ထွက်သွားတာ။ တချို့က ကြာပန်းကြီးပွင့်လာသလို၊ တချို့ကျရွဲလုံးကြီး ယိုကျလာသလို။ အရောင်စုံသလောက် အဆင်လည်းစုံတယ်။ တောင်ကြီးသားတွေ ကြွားမယ်ဆိုလည်းကြွားလောက်ပါတယ်။ မရောက်ဖူးသေးရင်တော့ ရောက်ဖူးအောင် လာကြည့်သင့်တဲ့အထဲမှာ ပါတယ်။ ပွဲခင်းနဲ့ မြို့ထဲကို ညလုံးပေါက် ကားရော ဆိုင်ကယ်ရော အဆက်မပြတ် ရှိတယ်။ ခါတိုင်း ရှစ်နာရီလောက်ဆိုခြောက်ကပ်နေတဲ့ လမ်းတွေပေါ်မှာ တညလုံး လူမပြတ်ဘူး။ လူတွေများလွန်းလို့ ပွဲခင်းထဲမှာချမ်းလည်းမချမ်းတော့ဘူး။ အချမ်းပြေဆေးတွေကလည်း ရောင်းကောင်းသလား မမေးနဲ့။ သူသူကိုယ်ကိုယ်ထုံးစံမပျက် သုံးဖန်ခွက်လောက်တော့ မော့လိုက်မှ နွေးနွေးထွေးထွေး အာသွက်လျှာသွက် ရှိလာတာမဟုတ်လား။

         သူတို့ပြောတဲ့အတိုင်းပျော်ပွဲရွှင်ပွဲ ရိုးရာပွဲ အစစ်ပဲ။ အရင်နှစ်တွေကလို နိုင်ငံကျော်အဆိုတော်တွေ မင်းသားမင်းသမီးတွေလာတာတော့ မကြည့်ခဲ့ရဘူး။ လာသမျှလူတွေ အကုန်လုံးကတော့ မင်းသားမင်းသမီး ရှုံးအောင် ဝတ်စားဆင်ပြင်လာကြတယ်။ဂျင်းဘောင်းဘီကို အောက်ကခေါက်ဝတ်ပြီး ရာဘာဘိနပ်စီးထားမယ်။ ခြေထောက်က မြေနီရောင်သန်းနေမယ်ဆိုရွာကလာတဲ့ရှမ်း၊ အောစတား ကင်းဗတ်ရောင်စုံ စီးထားရင် တောင်ကြီးရှမ်းလို့ အကဲခတ်မိသွားတယ်။အကုန်လုံးကတော့ လည်သာဂျာကင် မဟုတ်ရင် ခေါင်းဆောင်းပါတဲ့ ဆွယ်တာ ဝတ်ထားကြမှာပဲ။ ရှမ်းမလေးတွေကတော့သိုးမွှေးခေါင်းစွပ် နဲ့ လည်ပတ်ပုဝါကလေးတွေပါတယ်။ ပအို့တွေက ပအို့လိုပဲ ဝတ်ကြတယ်။ ကိုးကန့်ဘက်ကပွဲတွေမှာတွေ့နေကျ ဂလုံးဂလုံးဆွဲတဲ့ ခြောက်ကောင်ဂျင်တွေကိုတော့ မတွေ့ခဲ့ရဘူး။ တောင်ကြီးဟာ လားရှိုးနဲ့စာရင်တရုတ်ငွေ့အသက် လွှမ်းမိုးမှု နည်းတယ်။ ရှမ်းလိုပြောတာပဲ ကြားရတယ်။ တရုတ်လို ပြောတာ မကြားခဲ့မိဘူး။

         တသက်လုံး ဗမာတောထဲ ကြီးလာတဲ့ကိုယ်ဟာ ခွဲစိတ်ဆရာဝန်ဖြစ်ပြီးကာမှနိုင်ငံတော်ရဲ့ ကျေးဇူးနဲ့ ရှမ်းပြည်နယ်ကိုရော၊ ရခိုင်ပြည်နယ်ကိုရော ထဲထဲဝင်ဝင် ရောက်ခဲ့ရတယ်။ကိုယ်နဲ့ အနေအစား ခြားနားတဲ့ တိုင်းရင်းသားတွေဆီမှာ နေထိုင်လုပ်ကိုင် ဆက်ဆံပေါင်းသင်းခဲ့ရတယ်။ရှမ်းတွေဟာ ရခိုင်တွေနဲ့စာရင်တော့ ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီးနေတတ်ကြတယ်။ ရခိုင်တွေကဘွင်းဘွင်းရှင်းရှင်း နဲ့ ဖာသိဖာသာ နေတာများတယ်။ ပျော်တာတော့ အတူတူပျော်တတ်ကြတာပါပဲ။ပျော်ပုံချင်းတော့ မတူကြဘူး။ ဘာပဲပြောပြော တာဝန်နဲ့ ရောက်ဖူးခဲ့ရတာဆိုတော့ ကြံဖန်ပြီးကျေးဇူးတင်ရမှာပလေ။ ဝန်ထမ်းဘဝနဲ့ ပြည်နယ်ဘက်ကို ရောက်ရတဲ့အခါ ကိုယ်က ဘာမှ မဟုတ်တောင်မှကိုယ်ထမ်းဆောင်တဲ့တာဝန်အရ တလေးတစားဆက်ဆံတာ ခံကြရစမြဲပဲ။ ရှမ်းတွေမှာကျတော့ တရပ်တကျေးကလာတဲ့ ဧည့်သည်ဆိုတာနဲ့ကို ဧည့်ဝတ်မကျေမှာစိုးလို့ ဂရုတစိုက် ပျူပျူငှာငှာ အရောတဝင်စကားစပြောကြတယ်။ အစားအသောက်ကျတော့ သူတို့စားသလို စားနိုင်တယ်ဆို အိမ်ရှိတာချကျွေးဖို့လက်မနှေးဘူး။ ကိုယ်က ဆရာဝန်ဖြစ်နေတဲ့အခါ ဘယ်အရပ် ဘယ်ဒေသကိုသွားသွား သူတို့ကို ဆေးကုပေးဖို့ရောက်လာတဲ့သူဆိုပြီး အရေးတယူ ရှိကြတာပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...