Friday, March 15, 2013

မော် နဲ့ တိန့်

by Ye Myint Kyaw (Notes) on Thursday, March 14, 2013 at 5:54pm
 
တရုတ်ပြည်ခေါင်းဆောင်ကြီး မော်စီတုန်း မကွယ်လွန်မီ နောက်ဆုံးနှစ်နှစ်မှာ သူ့ကို အသေမဖြောင့်အောင် ဒုက္ခပေးတဲ့ ပါတီတွင်း အုပ်စုတွေ ရှိခဲ့ပါတယ်။ မော်ရဲ့ ပေါ်လစီတွေကို အမြဲ ဆန့်ကျင်အံတုနေတဲ့ တိန့်ရှောင်ပင်းကို ဗဟိုပြုထားတဲ့ အင်အားစုတွေ ပေါ်ထွက်ခဲ့ပါတယ်။ တိန့်ဟာ မော် ကွယ်လွန်ပြီးနောက် မှာ မော်ရဲ့ လမ်းစဉ်မှား အချို့ကို ရိုက်ချိုးချေဖျက်ပစ်ခဲ့သူပါ။

၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေး အစပိုင်းမှာ မော်က တိန့်ကို ပါတီကနေ ထုတ်ပစ်ပါတယ်။ ဒါပေမဲ့ ၁၉၇၃ မှာ တိန့်ကို ပါတီ ထိပ်ပိုင်းနေရာဆီ ပြန်ဆွဲခေါ်ထားပါတယ်။

တိန့်ရှောင်ပင်းကို ၁၉၀၄ ခုနှစ်မှာ စီချွမ်ပြည်နယ်မှာ မွေးခဲ့ပြီး၊ မော်ထက် ဆယ့်တစ်နှစ် ငယ်ပါတယ်။ ၁၉၂၀ ခုနှစ် ၁၆ နှစ်သားမှာ အလုပ်တစ်ပိုင်း ပညာတစ်ပိုင်း အစီအစဉ်နဲ့ ပြင်သစ်ကို သွားပါတယ်။ ပြင်သစ်ရောက်တော့ ချူအင်လိုင်း အောက်မှာ အလုပ်လုပ်ရင်း ကွန်မြူနစ် ဖြစ်သွားပါတယ်။

ပြင်သစ်မှာ နေခဲ့ရတဲ့ ငါးနှစ်တာကာလဟာ ပြင်သစ်ဆန်တဲ့ အရာတော်တော်များကို သူ့ဘ၀တလျှောက်လုံး ခုံမင် စွဲလမ်းစေခဲ့ပါတယ်။ ၀ိုင်၊ ချိစ်၊ နံနက်စာ ပြင်သစ်ပေါင်မုံ၊ ကော်ဖီ၊ ကဖေးဆိုင်နဲ့ ရေမွှေးရနံ တို့ပါပဲ။ တိန့်က သူ့ဘ၀ နောက်ဆုံး နေ့ရက်တွေမှာ စီချွမ်ပြည်နယ် သူ့အိမ်နားက လဘက်ရည်ဆိုင်တွေကို ပြင်သစ်က ကဖေးဆိုင်လေးတွေနဲ့ နှိုင်းပြီး သတိတရ ပြောဆိုရင်း ပဲရစ်မှာ သူထိုင်ခဲ့တဲ့ ကဖေးဆိုင်တွေကို လွမ်းတသသ ဖြစ်နေခဲ့ပါတယ်။

ပြင်သစ်မှာ သူနဲ့အတူ နေခဲ့တဲ့ ရဲဘော်တစ်ဦးက တိန့်အကြောင်း ပြန်ပြောပြဖူးတယ်။ အရပ်က ငါးပေ ပုတလက်၊ လုံးလုံး ၀ိုင်းဝိုင်း၊ အရွှတ်အနောက်တွေ အပြည့်နဲ့။ အဲဒီလို ပိုးတုံးလုံး ဘ၀ကနေ အင်းဆက်ပိုးကောင်ကြီး ဖြစ်လာတော့တာပဲ တဲ့။ အဲဒီ တိန့် ရဲ့ ပါတီဝင်ဘ၀ ဆယ်စုနှစ်များစွာဟာ သူ့ကို စာဖတ်အားကောင်း၊ တွေးအားကောင်းပြီး ပြတ်ပြတ်သားသား လုပ်ရဲကိုင်ရဲသူ ဖြစ်စေခဲ့ပါတယ်။

နောက် တိန့်ရဲ့ အားသာချက်တစ်ခုက စကားနည်းပြီး အစည်းဝေးတွေမှာ လိုတိုရှင်း ကျစ်ကျစ်လစ်လစ် တင်ပြနိုင်စွမ်းပါ။ ကွန်မြူနစ် အာဏာသိမ်းပြီး သူတာဝန်ယူရတဲ့ တရုတ်အနောက်မြောက်ဒေသရဲ့ ပထမအကြိမ် ကော်မတီအစည်းဝေးက ကိုးမိနစ်ပဲ ကြာပါတယ်။ ဒါက သူ့ဆရာ ချူအင်လိုင်းနဲ့ ကွားခြားပုံပါ။ ချူက ကိစ္စတိုင်းကို ရှည်ရှည်လျားလျား သိုင်းကာဖွဲ့ကာ ပြောတတ်ပြီး၊ တစ်ခါက အစည်းအဝေးတစ်ခုဆို ကိုးနာရီကြာအောင် ဩ၀ါဒချွေတယ်လို့ မှတ်တမ်းရှိပါတယ်။
တိန့်ကတော့ ဆုံးဖြတ်ချက် ပြတ်သားသူ၊ ရှုတ်ထွေးတဲ့ ပြဿာနတွေအပေါ် အဖြောင့်တွေး ဖြေရှင်းနိုင်သူ၊ တရုတ်ဖဲ ကစားနည်းကို စွဲလမ်းခုံမင်သူ ဖြစ်ပါတယ်။

တိန့်ရှောင်ပင်း ဟာ ပြင်သစ်မှာ ကွန်မြူနစ်တွေနဲ့ ဆယ်သွယ်ခဲ့ပေမဲ့၊ သူ အမှန်တကယ် ခြေကုပ်ယူခဲ့တာက ရုရှားမှာပါ။ ပြင်သစ်ကနေ ကန်ထုတ်ခံရပြီးနောက် ရုရှားမှာ တစ်နှစ်ကြာနေထိုင်ပြီး ပါတီသင်တန်းတွေ တက်ခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် ခရီးရှည် ချီတက်ပွဲစတင်တော့ သူက ပါတီခေါင်းဆောင်မှုရဲ့ အဓိက အတွင်းရေးမှူးတာဝန် ရရှိနေပါပြီ။ ၁၉၃၇- ၄၅ ခုနှစ် တရုတ်- ဂျပန် တိုက်ပွဲတွေအတွင်းမှာ စစ်တပ် ထိပ်တန်းတပ်မှူးတာဝန် ယူခဲ့ပါတယ်။

၁၉၄၅ နှစ်ကုန်ပိုင်း ပြည်တွင်းစစ်မှတော့ ကွန်မြူနစ် စစ်တပ် တစ်ဝက်ကို ဦးဆောင်သူ ဖြစ်လာပါတယ်။ တပ်နီရဲ့ အောင်ပွဲကို ထွန်းပြောင်စေတဲ့ ‘၀ှိုင်ဟိုင်း လှုပ်ရှားမှု’ ကို ဦးဆောင်ရင်း ယန်ဇီမြစ်တောင်ဘက်ခြမ်း အများစုကို သိမ်းပိုက်ပေးခဲ့ပါတယ်။ နောက်တော့ သူ့ဒေသ စီချွမ်အပါအ၀င် ပြည်နယ်အများစုကို ဦးဆောင်ခြဲ့ပီး၊ ၁၉၅၀ ပြည့်လွန်အစောပိုင်းမှာ မော်က ပီကင်းရဲ့ အဓိက ခေါင်းဆောင်ပိုင်း ရာထူးထိ တိုးမြှင့်ပေးခဲ့ပါတယ်။

တကယ်တော့ တိန့်ဟာ မော်အပေါ် လုံးဝသစ္စာရှိသူပါ။ ၁၉၅၇-၅၈ လက်ျာဂိုဏ်း ဆန့်ကျင်လှုပ်ရှားမှုအတွင်း ပညာတတ် အများစုကို နှိပ်ကွပ်ရာမှာ သူက မော်ရဲ့ လက်ရုံး၊ စစ်တပ်အရာရှိ ဖိုးတက်ကြွ။ သို့သော် မကြာခင် မော်နဲ့ လမ်းခွဲစရာ အကြောင်းတွေ ဖန်လာပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်း သမ္မတလျူရှောက်ချီရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး လုပ်ငန်းတွေကို တိန့်က ထောက်ခံလိုက်တော့၊ မော်က သူ့ကို မဟာရန်သူတော် စာရင်းသွင်းလိုက်ပါတယ်။

ဒါပေမဲ့ ပါးလွန်းတဲ့ တိန့်က အပြတ်ရှင်းတာ မခံရအောင် မော်ရဲ့ လက်တံနဲ့ ခပ်ဝေးဝေးမှာ ကြိုးစားရှောင်နေတတ်ပါတယ်။ မော်က တိန့်ကို မှတ်ချက်ပေးဖူးပါတယ်။ “ဂျပုက ကျူပ်ကို မကောင်းဆိုးရွားလို သဘောထားပြီး အဝေးမှာ ရှောင်နေတယ်” ဟုပင်။

၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေး ဆင်နွှဲတော့ မော်က တိန့်ပါလာအောင် သူ့ကို ရာထူးမက်လုံးပေါင်းစုံနဲ့ စည်းရုံးပါတယ်။ တိန့်က လူမိုက်လုပ်ပြီး ခေါင်းဝင်မခံတာကြောင့် မော်ရဲ့ ဆန္ဒ မပြည့်ဝခဲ့ပါဘူး။ ဒါကြောင့်မို့ တိန့်ကို လျူရှောက်ချီ ပြီးရင် ‘ဒုတိယ အကြီးမားဆုံး အရင်းရှင်လမ်းကြောင်းလိုက်သူ’ လို့ တံဆိပ်ကပ်ပြီး နေအိမ်အကျယ်ချုပ် ချထားပါတယ်။ တိန့်ရဲ့ သားသမီးတွေ နဲ့ တိန့်ရဲ့ မိထွေးကို အိမ်ကနေ မောင်းချခဲ့ပါတယ်။

ကွန်မြူနစ်နစ်ပါတီက ကြီးမှူးဆောင်ရွက်တဲ့ လူစုဝေး ရှုပ်ချပွဲ အများစုကို တိန့်ခံခဲ့ရပေမဲ့၊ သမ္မတ လျူရှောက်ချီလို ရုပ်ပိုင်းဆိုင်ရာ မတရားရိုက်နှက်ခံရတာတွေ မရှိပါဘူး။ မော်က သူ့ပြိုင်ဘက်လို့ ယူဆသူကို အပြစ်ပေးရာမှာ အသေးစိတ် နိုင်လွန်းသူပါ။ လျူကို မုန်းသလောက်ထိ တိန့်ကို မမုန်းဘူး။ ဒါကြောင့် မော်က “တိန့်ကို ရှုတ်ချရမယ်၊ သို့သော် လျူကို အပြစ်ပေးပုံမျိုးနဲ့ မတူစေနဲ့” လို့ အမိန့်ထုတ်ထားပါတယ်။ လျူလို သားကွဲ မယားကွဲ အထားခံရပြီး အသက်ဆုံးခဲ့ရသလို မဟုတ်ဘဲ၊ တိန့်က ဇနီးနဲ့ အတူနေခွင့်ရခဲ့ပါတယ်။

သို့ပေမဲ့ မော်ရဲ့ သကာလူးထားတဲ့ စေတနာက ငရဲပါပဲ။ ၁၉၆၈ မေလမှာ တိန့်ရဲ့ အကြီးဆုံးသားနဲ့ သမီးကို ပီကင်းတက္ကသိုလ် မျက်စိပိတ်ခေါ်သွားပြီးနောက်၊ သူတို့အဖေကို ကျောင်းသားထုက အတင်းဝိုင်းရှုတ်ချတာ ခံကြရပါတယ်။ တစ်ချိန်ထဲမှာ သူတို့နှစ်ဦးလိုပဲ တက္ကသိုလ်မှာ အဖမ်းခံထားရသူတွေအနက် ၆၀ ကျော်ဟာ ကိုယ့်ဟာကို သတ်သေကြရတယ်။ အချို့ကိုတော့ သေတဲ့အထိ ရိုက်နှက်ပါတယ်။

တိန့်ရဲ့သားကြီး ၂၄ နှစ်အရွယ် ‘ပူဖန်’ ဟာ ပြူတင်းပေါက် အပေါ်က ခုန်ချလိုက်လို့ တစ်သက်လုံး ခါးအောက်ပိုင်း ချိသွားပါတယ်။ အဲဒီသတင်းကို အကျယ်ချုပ်ခံထားရတဲ့ တိန့်တို့ ဇနီးမောင်နှံဆီ တစ်နှစ်လောက်ကြာမှ သတင်းပို့ပေးပါတယ်။ ၁၉၆၉ အောက်တိုဘာမှာ လင်မယားနှစ်ယောက်လုံးကို ပီကင်းကနေ နယ်နှင်ဒဏ် မပေးမီမှာ သူတို့ရဲ့ အခြားကလေးတွေကို ကြည့်ခွင့်ပေးပါတယ်။

နယ်နှင်ဒဏ်ခံရတော့ တိန့်ဟာ ကျန်ဇီပြည်နယ်ရဲ့ လယ်ထွန်စက်ရုံ ကြမ်းပြင်ပေါ်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး လက်နက်ကိုင် အစောင့်ကြပ်တွေနဲ့ အကျယ်ချုပ်ထားပြီး အနီးကပ်စောင့်ကြည့်ခံထားရတယ်။ တိန့်ဇနီးက ပူဖန် အကြောင်း ကြားတော့ ရက်အတန်ကြာ ရူးမတတ် ငိုကြွေးပါတယ်။ သူ့ဇနီးဟာ သားစိတ်ကြောင့် သေလုနီးပါ စိတ်ကျရောဂါ ရသွားတယ် လို့ တိန့်က နောက်တော့ ပြန်ပြောပါတယ်။

တိန့်ဟာ ချည့်နဲ့သွားတဲ့သားနဲ့ တွေ့ခွင့်မရအောင် အတားခံရသလို၊ အခြားကလေးတွေ ဘာဖြစ်နေလဲဆိုတာလည်း သူသိခွင့် မရပါဘူး။ နောက် သူ့သားအငယ်ဆုံးလေး ငတ်ပြတ်စုတ်ပြတ်ပြီး လမ်းပေါ်မှာ ပျောက်သွားတဲ့အခါမှာတော့ တိန့်ဟာ စက်ရုံ ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ် ပုံလဲကျသွားပါတယ်။

၁၉၇၁ ဇူလိုင်မှာတော့ ချည့်နဲ့သွားတဲ့ သားကြီး ပူဖန် သူတို့ဆီ ရောက်လာတော့ တိန့်ခမျာ စိတ်လှုပ်ရှားလွန်းလို့ တုန်တုန်ရီရီ ဖြစ်နေပါတယ်။ သူ့သားကြီး သေရွာပြန်က ပြန်ထလာတယ်လို့ သူထင်နေတယ်။ ကျန်ဇီပြည်နယ်ရဲ့ ခြစ်ခြစ်တောက် ပူလောင်တဲ့ ရာသီဥတုအောက်မှာ ပူဖန်ရဲ့ ဒဏ်ရာတွေကို တိန့်က ကိုယ်တိုင် ပြုစုယုယပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေး ဟာ တိန့်ဘ၀အတွက် အခါးသီးဆုံး အနာကျင်ဆုံး အချိန်တွေပါပဲ။

တိန့်ဟာ စိတ်သောကတွေ ဖိစီးလွန်းလို့ ညည အိပ်မက်ဆိုးတွေနဲ့ ယောင်ယမ်း အော်ဟစ်လန့်နိုးတတ်ပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုတော်လှန်ရေး နှစ်တွေဟာ တရုတ်ကွန်မြူနစ်ပါတီအကြောင်း ပြန်စဉ်းစားဖို့ သူ့ကို နေ့စဉ် တွန်းအားပေးပါတယ်။ ရလဒ်က မော်နဲ့ စတာလင်ရဲ့ လမ်းကြောင်းကနေ ပြတ်ပြတ်သားသား ကျောခိုင်းဖို့ သူ့ကိုယ်သူ ဆုံးဖြတ်နိုင်ခဲ့တယ်။
နယ်နှင်ဒဏ်ဘ၀မှာ စကားတစ်လုံးတစ်ပါဒမှ မဟဘဲ ခပ်မဆိပ်နေပါတယ်။ ကျန်းမာရေးလိုက်စားတယ်။ နိုင်ငံရေး ဇာတ်ခုံပေါ် ပြန်တက်နိုင်မယ့် အခွင့်အရေးကို ကျားချောင်းချောင်း နေခဲ့တယ်။


မတ်စ်ဝါဒကို ပြုပြင်ပြောင်းလဲသူ

နယ်နှင်ဒဏ်နဲ့ နှစ်နှစ်အကြာ ၁၉၇၁ စက်တင်ဘာလမှာ သူ့အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာပါတယ်။ အိပ်ယာထဲ လဲနေတဲ့ သားကြီးပူဖန်က ရေဒီယို ကလိရင်း၊ လှိုင်းတို သတင်းတစ်ခု ဖမ်းမိတယ်။ အဲဒီအချိန် နိုင်ငံခြားသတင်း နားထောင်ရင် ပြစ်ဒဏ်ကြီးမှန်း သိရက်နဲ့ တိန့်တို့လင်မယားက ပူဖန် စိတ်ချမ်းသာအောင် ခွင့်ပြုထားရတယ်။ နိုင်ငံခြားက လွှင့်လိုက်တဲ့ မပီဝိုးဝါး သတင်းက တိန့်ကို အများကြီး အံအားသင့်စေပါတယ်။

မော်ရဲ့ လက်ရုံး လက်မရွံ့ ‘လင်ဗျောင်’ လေယာဉ်ပစ်ချခံရလို့ သေပြီတဲ့။

မော် အစိုးရက လင်ဗျောင် သေဆုံးမှုမပေါက်ကြားအောင် ဂရုတစိုက် ထိန်းချုပ်ပါတယ်။ နှစ်လလောက်ကြာတော့မှ ဖုံးဖိမရဘဲ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ လင်ဗျောင် ဟာ ၀ါရင့် ရဲဘော်ဟောင်းကြီးတွေကို နှိပ်စက်တဲ့ ရာဇ၀တ်မှု သက်သေ အထောက်အထားတွေနဲ့ တွဲဖော်ပြပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလ လွန်ကျူးခဲ့သမျှကို မော်က လင်ဗျောင် ဆီ ပုံချပြီး ရှင်းပစ်လိုက်တာပါပဲ။

တစ်ဆက်ထဲမှာ ဥက္ကဌမော် ရိုးသားကြောင်း ဖော်ပြတဲ့ ၀ါဒဖြန့်ချီမှုတွေ လုပ်ပါတယ်။ “မော်ဟာ ရဲဘော်ရဲဘက်ဟောင်းတွေ အပေါ် လင်ဗျောင်လို ဒုက္ခပေးသူ မဟုတ်ဘူး၊ လူသတ်သမား မဟုတ်ဘူး” ဆိုတဲ့ ဆိုင်းဘုတ်တွေ ချိတ်ပါတယ်။ အဲဒီအပေါ် တိန့်ရှောင်ပင်းရဲ့ ထောက်ခံအဆို လာယူကြတော့ တိန့်က တုံဏှိဘာဝေပါ။

နောက်တော့ တိန့်ကို နေအိမ်မှာ ပြန်နေထိုင်ခွင့်ပြုပါတယ်။ တိန့်က စိတ်လှုပ်ရှားတက်ကြွလာပြီး လင်ဗျောင် လုပ်ခဲ့သမျှကို ပေါ်ပေါ်တင်တင် ပြစ်တင်ဝေဖန်ပါတယ်။ နောက်နှစ်ရက်အကြာမှာ မော့်ဆီ ပထမဆုံးအကြိမ် စာရေးပြီး အလုပ်တောင်း ပါတယ်။ မော်တစ်ယောက် ယဉ်ကျေးမှုတော်လှန်းရေးကို နောင်တရကောင်းနေပြီလို့ တွက်ပါတယ်။ သို့သော် မော်က စာမပြန်ခဲ့ပါဘူး။

‘ဒုတိယအကြီးမားဆုံး အရင်းရှင်လမ်းကြောင်းလိုက်သူ’ လို့ လူသိရှင်ကြား ကြေငြာထားပြီးသူကို နေရာပြန်ချထားပေးဖို့ မော် မှာ စိတ်ကူးမရှိပါဘူး။ ၁၉၇၂ မေလထဲ ချူအင်လိုင်း ကင်ဆာရောဂါနဲ့ သေကောင်ပေါင်းလဲ ဖြစ်နေတာတောင် တိန့်ကို  ပြန်ခေါ်ပြီး အလုပ်မပေးပါဘူး။ ‘ချူ’ မရှိရင် တရုတ်ပြည်ကြီးကို စီမံခန့်ခွဲနိုင်သူက ‘တိန့်’ ဆိုတာ သိပါရက်နဲ့ ခေါက်ထားပါတယ်။

ဒီနောက် မော်က ၀န်ဟွန်ဝမ် ကို ရာထူးတိုးပေးလိုက်ပါတယ်။ ၀မ် ဟာ ရှန်ဟိုင်း သူပုန်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးမှာ ရမ်းကားပြီး စင်ပေါ်ရောက်လာသူပါ။ အသက် ၃၇ နှစ်၊ ရေခဲရိုက်ထားတဲ့ မျက်နှာပေးနဲ့ ရာထူး ငမ်းသူပါ။ မော်က သူ့ကို ပီကင်း အမြန်ခေါ်ပြီး ရက်တို ထရိန်နင်ပေးပါတယ်။ တစ်နှစ်အကြာ ၁၉၇၃ ဩဂုတ်လမှာ ချူ ရဲ့နောက်က နံပါတ် ၃ နေရာကို ခန့်ထားလိုက်ပါတယ်။

လက်တွေ့မှာ ၀မ်ဟာ ချူအင်လိုင်း ခြေဖျားကို မီဖို့ အဝေးကြီးမှ အဝေးကြီးပါ။ အထူးသဖြင့် နိုင်ငံခြားသံတမန်များ၊ ဧည့်သည် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အိုးနင်းခွက်နင်း ခြောက်ပေါက်တွေပြောပြီး အရှက်အိုးကွဲတာ အကြိမ်ကြိမ်။ ဒါကြောင့် ၀မ့် နောက်မှာ အရန်သင့်ကူညီပေးမယ့်သူလိုတယ်လို့ မော်က စဉ်းစားလာပါတယ်။

ချူအင်လိုင်း ကင်ဆာရောဂါ ဆိုးရွားလာတဲ့ ၁၉၇၃ ဖေဖော်ဝါရီလမှာ မော်က တိန့်ကို ပီကင်း ပြန်ခေါ်ခဲ့ပါတယ်။ ဒုတိယ ၀န်ကြီးချုပ်ရာထူးနဲ့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံဖို့ ဖြစ်ပါတယ်။ တိန့်ဟာ စကားနည်းလို့ ချူလောက် သံတမန်လောကမှာ အရောင်မထွက်ပေမဲ့ သူ့လုပ်ရည်ကိုင်ရင်၊ စာရိတ္တ၊ ဟန်ပန်၊ ဖြတ်ထိုးဥာဏ်တို့ကြောင့် ကျော်ကြားပါတယ်။

နောက်နှစ်မှာတော့ ချူရဲ့ ကျန်းမာရေးက ဆိုးရွားလာပါပြီ။ မော်က တိန့်ကို စစ်တပ်ကိုပါ ကိုင်တွယ်ခိုင်းဖို့ ဆုံးဖြတ်ပါတယ်။ စစ်တပ်က မော်ကိုပါ ပုန်ကန်ဖို့ တကဲကဲဖြစ်နေချိန်မို့၊ တပ်ကို ငြိမ်အောင် ထိန်းချုပ်ကြီးကြပ်နိုင်မယ့် တစ်ဦးထဲသောသူက တိန့်ပဲ။ ဒီလို ပါဝါအများစု တိန့်လက်ထဲ ထိုးထည့်ရတာ မော့်အဖို့ မတတ်သာလို့ စွန့်စားရတာပါ။

မှန်သင့်သလောက်လဲ မှန်ဆယ်ဆိုရပါမယ်။ တိန့်ဟာ မော် သက်ရှိထင်ရှားရှိစဉ် နံပါတ်တစ်နေရာကို ဘယ်တော့မှ စိန်မခေါ်ခဲ့ပါ။ မော်ကွယ်လွန်ပြီးနောက်မှာလည်း ဘယ်တော့မှ ပုဂိုလ်ရေးဆန်ဆန် မရှုတ်ချပါ။ မော်ရဲ့ လမ်းစဉ် အမွေ အများစုကိုပဲ ပြုပြင်ဖို့ ကြိုးစားပါတယ် (ဒါကို ဆိုဗီယက်မှာ စတာလင်ကို ခရူးရှော့ မြေလှန်ပစ်ပုံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်)။

အာဏာရပြီဆိုတာနဲ့ တိန့်ဟာ သူ့ကိုယ်ပိုင်အစီအစဉ်တွေ စပါတော့တယ်။ ယဉ်ကျေးမှုတော်လှန်ရေး အမှားများကို ပြုပြင်ဖို့ လုပ်ပါတယ်။ အပြစ်ပေးဖြုတ်ချခံထားရတဲ့ ရဲဘော်တွေကို ရာထူးနေရာ ပြန်ချပေးတယ်။ စိတ်ဓာတ်တွေ မြှင့်ပေးတယ်။ တရုတ် ယဉ်ကျေးမှုအမွေတွေ မဖျက်ဆီးဖို့ ဆော်ဩတယ်။ လူနေမှုအဆင့်အတန်းမြှင့်ဖို့ အားထုတ်တယ်။ ဒါကြောင့် တိန့်ကို မက်စ်ဝါဒ ပြန်လည်ပြင်ဆင်သူ (revisionist) လို့ ခေါင်းမာဂိုဏ်သားတွေက ဝေဖန်ကြပါတယ်။

မော်က ယဉ်ကျေးမှုတော်လှန်ရေးကို ၁၉၄၉ ခုနှစ် တရုတ် ကွန်မြူပါတီ အာဏာရပြီးကတည်းက အကြီးမြတ်ဆုံး အောင်ပွဲလို့ မြင်ထားတယ်။ ဒါကြောင့် ယဉ်ကျေးမှုတော်လှန်ရေးမှာ လက်စောင်းထက်တဲ့ သူ့ဇနီးအပါအ၀င် လေးဦးကို မဏ္ဍိုင်ထားပြီး တိန့်ကို တန်ပြန်ထိန်းချုပ်ထားတယ်။ ဒီလေးဦးအဖွဲ့ဟာ လေးဦးဂိုဏ်းအဖြစ် နာမည်ကြီးလာတယ်။ လေးဦးဂိုဏ်းဟာ မော်ရဲ့ ကိုယ်ပိုင်ဂိုဏ်းဖြစ်ပြီး သူရဲ့ ဩ၀ါဒတွေကို လိုက်အကောင်ထည်ဖော်ရတဲ့ အုပ်စုဖြစ်ပါတယ်။


ချူနဲ့ တိန့် ဆရာတပည့် ပြန်ပေါင်းထုတ်

၁၉၇၃ ခုနှစ် ပီကင်း ပြန်ရောက်ကတည်းက တိန့်ကလည်း စစ်တပ်ဦးစီးချုပ် မာရှယ်ရေးနဲ့ ၀န်ကြီးချုပ် ချူအင်လိုင်း တို့ကို မဟာမိတ်ဖွဲ့ပြီး၊ မော်နဲ့ လေးဦးဂိုဏ်းက သူ့ကို ဖယ်မရအောင် တန်ပြန်ထိန်းညှိထားပါတယ်။ အဲဒီ သုံးဦးအတွဲမှာ တိန့်နဲ့ မာရှယ်ရေးက ယဉ်ကျေးမှုတော်လှန်ရေးမှာ ဖြုတ်ပယ်ခံရပြီး၊ ချူက မော်နဲ့ ပေါင်းခဲ့ပါတယ်။ ချူကလည်း မော်ရဲ့ ဩဇာလောင်းရိပ်အောက်က မထွက်နိုင်တော့ မော် ငြိုင်ငြင်သူ မည်သူ့ကိုမဆို ရှင်းပေးခဲ့ရတယ်။

ချူအင်လိုင်းမှာ ဆန်ဝေရှီ ဆိုတဲ့ မွေးစားသမီး တစ်ယောက် ရှိပါတယ်။ ရုရှားစကားပြန်လုပ်တာ သိပ်တော်လွန်းတော့၊ စတာလင် အပါအ၀င် ရုရှား ခေါင်းဆောင် အတော်များများနဲ့ မော်စကိုမှာ တွေ့ခဲ့တယ်လို့ သံသယရှိပြီး မော်က သူ့မကို ထောင်ချထားပါတယ်။ မော့်ဇနီး မဒမ်မော် ကလည်း ကလေးမက သိပ်လှလွန်း သိပ်ထက်လွန်းလို့ မလိုမုန်းထားရှိပါတယ်။ တကယ်တော့ ချူအင်လိုင်းက ကလေးမနဲ့ အတူနေပြီး ချစ်ကြိုက်နေကြတာလို့ တော်တော်များများက သိထားကြတာပါ။ ဒါပေမဲ့ ချူ့ခမျာ သူ့ကလေးမကို ကယ်တင်ဖို့ လက်ညှိုးတောင် မညွှန်ရဲရှာပါဘူး။

တိန့်ကတော့ သူ့ဆရာ ချူကို အေးစက်စက် ဆက်ဆံပါတယ်။ ချူဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း သူ့နှလုံးသားနဲ့  ဆန့်ကျင်ဘက်တွေဘဲ လုပ်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ တိန့် ဘယ်လိုပြောပြော တရုတ်လူထုက ချူ့ကို ခွင့်လွှတ်ကြပါတယ်။

ဧပြီ ၉ ရက်နေ့ ပီကင်းရောက်တယ်ဆိုရင်ပဲ တိန့်က ချူ့ကို သွားတွေ့ပါတယ်။ စကားပြောလိုက်ကြတာ ခုနှစ်နာရီ ကြာပါတယ်။ ဆရာ တပည့်ဖြစ်တာရော၊ ချူက ယဉ်ကျေးမှုတော်လှန်ရေးကာလ သူ့အမှားတွေကို ၀န်ခံတာရယ်ကြောင့် သူတို့ နှစ်ဦးကြား အေးခဲနေတာတွေ အရည်ပျော်ကျသွားပါတယ်။ တရုတ်ပြည်သစ်အနာဂတ်အတွက် မဟာမိတ်တွေ ပြန်ဖြစ်သွားပြန်ပါတယ်။

ဒါဟာ အရေးကြီးတဲ့ အပြောင်းအလဲကို ဖြစ်စေမယ့် တွေ့ဆုံမှု သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ အရေးကြီးတဲ့ ပုဂိုလ်ကြီးနှစ်ဦးဟာ စစ်တပ်အကြီးကဲ မာရှယ်ရေးနဲ့ပါ ပေါင်းမိသွားကြတယ်။ မော်စီတုန်းရဲ့ ဆယ်စုနှစ်များစွာ သူ့ရဲဘော်ဟောင်းကြီးတွေ မဟာမိတ် မဖြစ်ရေး ကြိုးပမ်းမှုဟာ စတင်ကျိုးပျက်သွားပြီ ဖြစ်ပါတယ်။


ဇွတ်တင်တဲ့ တိန့်

လုပ်ခွင့်ရကတည်းက တိန့်ဟာ ယဉ်ကျေးမှုတော်လှန်ရေး အကျင့်ဆိုးတွေ မြေချဖို့ကြိုးစားရင်း၊ လူနေမှုအဆင့်အတန်း မြှင့်ဖို့ လုံးပမ်းပါတယ်။ မော် လက်အောက် နှစ်ငါးဆယ်ပြည့်ချိန်မှာ ပြည်သူတွေဟာ အဆုံးစွန် ဆင်းရဲမွဲတေမှု ကြုံနေရပြီး ဒုက္ခပေါင်းစုံနဲ့ နေထိုင်နေကြရပါတယ်။ အခွင့်ထူးခံဆိုတဲ့ မြို့ပြမှာတောင် အစား အ၀တ်နဲ့ နေ့စဉ်သုံး မရှိမဖြစ် ပစ္စည်းတွေ အတွက် ရရှင်ခွဲတမ်းက ဆိုးဆိုးရွားရွားပါ။

အဘိုး အဘွား၊ သားသမီး၊ မြေးတို့အထိ မျိုးဆက်သုံးဆက်ဟာ အခန်းကျဉ်းကျဉ်း မှောင်မှောင်မှာ ပြွတ်ကျပ်ညပ်နေကြရတယ်။ မော် လက်ထက်မှာ မြို့ပြလူဦးရေ သန်း ၁၅၀ ထိ တက်လာတယ်။ အိမ်ယာသစ် တည်ဆောက်မှု မရှိသလို၊ ထိန်းသိမ်းမှုလည်း မရှိဘူး။ ကျေးရွာတွေမှာ အငတ်ဘေးဆိုက်နေပြီး မြို့ကြီးတွေမှာ သူတောင်စားတွေ ပြည့်နေပါတယ်။

တိန့်ရဲ့ လူနေမှုအဆင့်တန်းမြင့်မားရေး လုပ်ဆောင်မှုကို မော်က မီဒီယာ ကြွေးကြော်သံနဲ့ တိုက်ပါတယ်။ “ဆိုရှယ်လစ်ဝါဒရဲ့ ပေါင်းမြက်ပင်တွေက အရင်းစနစ်ရဲ့ သီးနှံတွေထက် ပိုကောင်းတယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ပါ။

တိန့်က ဆယ်စုနှစ် တစ်ခု ပိတ်ထားတဲ့ စာအုပ်၊ အနုပညာနဲ့ ဖျော်ဖြေမှုတွေကို ပြန်ဖွင့်ပေးဖို့ ကြိုးပမ်းပါတယ်။ ချက်ချင်းပဲ ရုပ်ရှင်ကားတစ်ချို့ကို လူထုကို ဖျော်ဖြေဖို့ ခွင့်ပြုပေးတယ်။ မကြာခဏ မော်ရဲ့ ဇနီးနဲ့ တိန့်တို့ ရန်ဖြစ်ကြပြီး၊ တိန့်က အော်ရင်း စားပွဲထုပါတယ်။ မဒမ်မော်ကို ဒါမျိုး မော်ကလွဲပြီး ဘယ်သူမှ မလုပ်ဝံ့ပါဘူး။

မော်က တိန့်ရဲ့ ရှေ့ရောက်မှုတွေကို ရပ်ဖို့ လုပ်ပါတယ်။ ၁၉၇၅ နိုဝင်ဘာလမှာ ယဉ်ကျေးမှုတော်လှန်ရေး အထိမ်းအမှတ် ကျောက်တိုင်စိုက်ဖို့ ပါတီက ဆုံးဖြတ်ရမယ်လို့ တိန့်ကို ခိုင်းပါတယ်။ တိန့်က ပါတီ ၀ါရင့်ကေဒါ ၁၃၀ ဦးရှေ့မှာ ငြင်းပယ်ရုံမကဘူး၊ လုံးဝ အဓိပါယ်မရှိကြောင်း ပစ်ပစ်ခါခါ ဝေဖန်ပါတယ်။ မော်က သူ့အစီစဉ်ကို လက်လျော့လိုက်ရပြီး တိန့်ကို ဖယ်ပစ်မှ ဖြစ်တော့မှာကို သဘောပေါက်သွားပါတယ်။

တစ်ဖက်မှာ ချူနဲ့ မာရှယ်ရေးတို့က မော်နဲ့ သိပ်ပြီး ထိပ်တိုက်မတိုးဖို့ တိန့်ကို ဖျောင်းဖျရင်း ဟန်ပြအကြိုက်လုပ်ပြပြီး မော် သေတဲ့အချိန်ကို စောင့်ဖို့ ပြောပါတယ်။ သို့သော် တိန့်က သူများသေမယ့်အချိန် ထိုင်စောင့်နေနိုင်သူ မဟုတ်ပါ။ မော် ကို ပုဂိုလ်ရေး အရ မတိုက်ခိုက်ဘူးဆိုရင်၊ သူလုပ်နေတာတွေ မော် မျိုချနိုင်အောင် တွန်းယူနိုင်တယ်လို့ တွက်ချက်ပါတယ်။

မော်ရဲ့ အရှိန်ဩဇာလည်း ကျဆင်းလာပါတယ်။ လေဖြတ်ဝေဒနာက လည်ချောင်းအတွင်းပိုင်းထိ ဒုက္ခပေးပြီး စားသောက်ရ ခက်ခဲနေပါတယ်။ ဒါပေမဲ့ သူ့လမ်းစဉ်ကို တစ်ပြားသားမလျှော့ပဲ ခေါင်းမာစွာ ဆက်သွားဖို့ ဆုံးဖြတ်ပြီးသားပါ။


ချူ ရဲ့ ဈာပနက

၁၉၇၆ ဇန်န၀ါရီ ၈ ရက် မှာ မော် တစ်စခန်းထပြန်ပါတယ်။ အကြောင်းက ၀န်ကြီးချုပ် ချူအင်လိုင်း အသက် ၇၈ မှာ ကွယ်လွန်သွားလို့ ဖြစ်ပါတယ်။ ချက်ချင်းပဲ မော်က လှုပ်ရှားပါတယ်။ တိန့်ကို ဖြုတ် အကျယ်ချုပ်ထားပြီး ရှုတ်ချဝေဖန်ပါတယ်။ တပြိုင်နက်ထဲမှာ စစ်တပ်အကြီးကဲ မာရှယ်ရေးကိုလည်း ရာထူးကနေ ရပ်ဆိုင်းလိုက်ပါတယ်။

ချူနေရာ ဆက်ခံဖို့အတွက် လူမသိတဲ့ ရာထူး အလယ်လတ်ဆင့်ရှိ ဟွာဂိုဖန် ကို မော်က ခန့်ထားလိုက်ပါတယ်။ စစ်တပ် အတွက် အဆင့်နိမ့် ဗိုလ်ချုပ် ချန်ဇီလိန်း ကို ခန့်ပါတယ်။ ဒီလို မျက်နှာသစ်တွေ ရွေးခန့်တာကလည်း၊ လေးဦးဂိုဏ်းထဲက ရွေးလိုက်ရင် ပါတီနဲ့ စစ်တပ်က ပုန်ကန်ကြမှာမို့ပါ။

နိုပေမဲ့ ချူရဲ့ ဈာပနဟာ တရုတ်ပြည်မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ လူထု အမြင်ထုတ်ဖော်မှု အကြီးအကျယ် ပြခွင့်ရသလို ဖြစ်သွားပါတယ်။ ချူသေဆုံးပြီးဆိုတာနဲ့ လူသန်းပေါင်းများစွာဟာ ငိုကြွေးပြီး ထွက်လာကြတယ်။ ဆေးရုံကနေ သင်္ချိုင်းအထိ အလောင်းသယ်ဆောင်ရာ လမ်းတလျှောက် လူတွေ ဖွေးဖွေးလှုပ်သွားပါတယ်။

အလျှိုလျှို ထွက်လာတဲ့ လူတွေဟာ ပန်းခွေတွေ ကဗျာတွေနဲ့ မော်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို ရှုတ်ချကြပါတော့တယ်။
လေးဦးဂိုဏ်းက ဆန္ဒပြသူတွေ၊ မီးပန်းဖောက်သူတွေ၊ တိန့်နာမည် အော်သူတွေကို သွေးမြေကျအောင် ဖိနှိပ်ပစ်ပါတယ်။ ပါတီတွင်း သဘောထားကွဲလာသူတွေနဲ့ လမ်းပေါ်က လူတွေ ပူးပေါင်းမိသွားတာမို့ မော် အတော် တုန်လှုပ်သွားပါတယ်။ ဒါကြောင့် တိန့်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ နေရာကနေ ပီကင်းမြို့စွန်တစ်နေရာဆီ ပြောင်းရွှေ့ထားပါတယ်။

တိန့်ကို အရင်ကလို ရက်ရက်စက်စက် အပစ်မပေးရဲတော့ပါဘူး။ ဒါက သူ့ကို ချစ်လို့မဟုတ်ပါ၊ စစ်တပ်နဲ့ ပါတီတွင်းမှာ သူ့ကို ထောက်ခံသူ အင်အားစု ကြီးလာနေတာကြောင့်ပါ။ ဇူလိုင် ၁၉ ရက်မှာ တိန့်ကို အိမ် ပြန်နေခွင့်ပြုလိုက်တယ်။ တိန့်ကို ထိန်းထားတာ ၃ လခန့်ကြာပြီး မိသားစုနဲ့ နေခွင့်ပေးခဲ့ပါတယ်။ တိန့်ကတော့ လွတ်လွတ်ချင်းပဲ တရုတ်ပြည်ကြီးအတွက် သူ့စိတ်ကူးအိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ပြင်းပြစိတ်တွေနဲ့အတူ စတင်လုပ်ဆောင်ပါပြီ။


မော်ရဲ့ နောက်ဆုံးနေ့ရက်များ

မော်ရဲ့ နေ၀င်ချိန်ကာလမှာ အရင် သူ့လုပ်ဖော်ကိုင်ဖက် ရဲဘော်ဟောင်းကြီးတွေ အားလုံးနီးပါး ကွယ်လွန်ကုန်ပါပြီ။ အများစုက သူ့လက်ချက်ကြောင့်ပါ။ တိန့်တစ်ယောက်ပဲ ဒေါင်ဒေါင်မြည် ကျန်းမာပြီး မီးမွှေးနေပါတယ်။ တိန့်ကို သူ့မိသားစုနဲ့အတူ သက်တောင့်သက်သာ ထားရတာကိုပဲ မော်မှာ စိတ်မချမ်းသာ ဖြစ်ရပါတယ်။ သူ အိပ်ယာထဲ လဲချိန်အထိ တိန့်ကို လက်စားချေ ရှင်းပစ်လိုစိတ်က ဆာလောင်ပြင်းပြနေပါတယ်။

အဲဒီကာလမှာ အလိုမပြည့်မှုတွေ မကျေနပ်စိတ်တွေက မော့်ကို လှိုက်စားနေတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဆူပါပါဝါ နိုင်ငံကြီး ဖြစ်ဖို့ ကြိုးစားတာ အထမမြောက်ဘူး။ အနုမြူဗုံး ရှိပေမဲ့ ငွေထပ်မလိုက်နိုင်ခဲ့ဘူး။ တိုင်းပြည်ရဲ့ စက်မှုလုပ်ငန်းပိုင်းက ပုံကျ သုံးမရ ဖြစ်နေပါတယ်။ လေတပ်လေယာဉ်တွေက ဝေဟင်မှာ အချိန်ကြာကြာ မပျံသန်းနိုင်ဘူး။ ရေတပ်ကလည်း ထပ်တိုးတက် မလာ။ ကိုရီးယားစစ်ပွဲမှာ အများကြီး အထိနာခဲ့ပါတယ်။

၁၉၇၄ ခုနှစ်တုန်းက သူ့ကိုသူ တတိယကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်လို့ ဆွဲတင်ပြောတာရှိပါတယ်။ အမွဲနိုင်ငံတွေရဲ့ ခေါင်းဆောင်ရာထူး သူ့ဟာသူ ဆွဲခန့်ထားပေမဲ့၊ အများလက်ခံအောင် ဆုပ်ဆုပ်ကိုင်ကိုင် ဦးဆောင်မှု မပြနိုင်ခဲ့ပါဘူး။

၁၉၇၅ မှာ ကမ္ဘောဒီးယားမှာ ခမာနီအစိုးရ အာဏာရအောင် အဓိက ကူညီပေးခဲ့တယ်။ ခမာနီခေါင်းဆောင် ပိုပေါ့ ဟာ မော်ဝါဒီ ဖြစ်ပြီး၊ သူ အာဏာရတဲ့ ၃ နှစ်မှာ ကမ္ဘောဒီးယားပြည်သူ ၄ ပုံ ၁ ပုံ သေစေခဲ့ပါတယ်။ လူဦးရေ ၆ သန်းရှိတဲ့ တိုင်းပြည်မှာ ၁.၅ သန်းကျော် စုပေါင်းလယ်ယာစခန်းတွေမှာ သေဆုံးခဲ့ရတဲ့အမှုက မော် ကိုပါ သွယ်ဝိုက်ရိုက်ခတ်ပြီး သိက္ခာကျဆင်းစေပါတယ်။

မော် အကြောက်ဆုံးက သူ့ကို အာဏာသိမ်းမှာကိုပါ။ ဒါကြောင့် တိန့်ရှောင်ပင်းရဲ့ လူတွေကို အမြဲ ထိန်းသိမ်း ခြောက်လှန့် ထားတာ ဖြစ်တယ်။ သူနေရာ ဆက်ခံမယ့်သူကိုလည်း တိတိပပ မထားပါဘူး။ အရင်က လင်ဗျောင်ကို အာဏာအများစု ပေးခဲ့သလိုမျိုး ထပ်အမှားမခံတော့ပါဘူး။ သူသေသွားရင် တရုတ်ပြည်အနာဂတ် ဘယ်လိုဖြစ်လာမလဲလို့ မေးရင် “ သွေးမိုးတွေ ရွာနိုင်တယ်၊ ကိစ္စအ၀၀တော့ ကောင်းကင်ဘုံသာ သိမှာပဲ” လို့ ပြင်ပ သတင်းစာဆရာတစ်ဦးကို ဖြေခဲ့ပါတယ်။

၁၉၇၆ ဇူလိုင်လထဲမှာ ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင်က ပီးကင်းနဲ့ အခြားမြို့ကြီးတွေမှာ လှုပ်ခတ်သွားပါတယ်။ လူ ၆ သိန်းကျော် သေဆုံးပြီး သန်းပေါင်းများစွာ အိုးအိမ်မဲ့ ဟာလာဟင်းလင်းအောက်မှာ အိပ်ကြရပါတယ်။ မော်က ထုံစံအတိုင်း ပြည်ပက ကမ်းလှမ်းတဲ့ အကူညီတွေကို ပယ်ချပြီး သေဆုံးသူစာရင်းကိုလည်း အများကြီး လျော့ချ ကြေငြာခဲ့တယ်။ ပိုဆိုးတာက အစိုးရမီဒီယာကနေ “အပျက်ဆီးပုံကြားကနေ တိန့်ရှောင်ပင်းကို ရှုတ်ချကြ” လို့ ၀ါဒဖြန့်လုပ်ဆောင်ခြင်းပါ။

စက်တင်ဘာ ၈ ရက်မှာတော့ “ငါ နေမကောင်းဘူး၊ ဆရာဝန်တွေ သွားခေါ်” လို့ အနီးကပ်ပြုစုတဲ့ နပ်စပ်မလေးကို ပြောပြီး မေ့မျောသွားပါတယ်။ ၁၉၇၆ စက်တင်ဘာ ၉ ရက် ညသန်းခေါင်ယံမှာ မော် ကွယ်လွန်သွားပါတယ်။ သွေးချောင်းစီးဖို့ ပြဿနာတွေ တစ်ပုံကြီး လက်စမသတ်ဘဲ ချန်ထားခဲ့ပါတယ်။

ဘယ်လိုပဲ ရှင်းစရာတွေ အခက်ခဲတွေရှိရှိ၊ တိန့်ရှောင်းပင်းအတွက်တော့ ခေတ်မီ တရုတ်ပြည်သစ်ကို စတင်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။      ။

ရည်ညွှန်း။ Unknown Mao and 58 last dayas of Mao

ရဲမြင့်ကျော်

အလင်းရနံဂျာနယ် အမှတ် (၄)၊ ၂၀၀၉ အောက်တိုဘာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...