Friday, March 1, 2013

ယဇ်ကောင် (သို့ ) နော်ခမ်း

by Bo Han on Friday, March 1, 2013 at 9:22am 
 
နော်ခမ်း
မင်းဟာ လော်စစ်ဟန် မဟုတ်ဘူး  နော်ခမ်း
မင်းဟာ ခွန်ဆာ မဟုတ်ဘူး  နော်ခမ်း
မင်းဟာ စတီဖင်လော မဟုတ်ဘူး နော်ခမ်း

မင်းကိုမင်း ဒီလောက်ကြီးကြီးကျယ်ကျယ် သေရလိမ့်မယ်လို့
မင်းထင်မထားဘူး မဟုတ်လား နော်ခမ်း
မင်းဟာ ခရိုနီနဲ့စစ်ဗိုလ်ချုပ်ကြီးတွေကို
မင်းဆရာတွေလိုပဲ ခါးပိုက်ထဲ ထည့်ထားနိုင်မယ်လို့
သွေးနားထင်ရောက်ခဲ့တယ် မဟုတ်လား နော်ခမ်း

နော်ခမ်း
မင်းဟာ ခုချိန်မှာ သာမာန်တော်လှန်ရေး ရဲဘော်လေးတစ်ယောက်
အရမ်းဖြစ်ချင်နေတယ် မဟုတ်လား နော်ခမ်း
မင်းဟာ ခုချိန်မှာ မင်းပိုင်တဲ့ ယွမ် သိန်း(၆၀) နဲ့
မင်းကိုမင်း လဲပစ်ချင်နေပြီ မဟုတ်လား နော်ခမ်း
မင်းသားသမီး (၁၀)ယောက်အတွက်
သာမာန်အဖေတစ်ယောက် ဖြစ်ချင်နေပြီ မဟုတ်လား နော်ခမ်း

နော်ခမ်း
မဲခေါင်မှာ မင်းမျောလိုက်တဲ့ တရုတ် ၁၃ ကောင်လည်း
မူးယစ်ရာဇာတွေဆိုတာ သူတို့သိတယ် နော်ခမ်း
မင်းကိုလွှဲလိုက်ရင် အားလုံးပေါ်ကုန်မယ်ဆိုတာ သူတို့သိတယ် နော်ခမ်း
နော်ခမ်း
မျှော်မနေနဲ့တော့ နော်ခမ်း
မင်းကိုမွေးထုတ်ခဲ့တဲ့ မင်းဆရာတွေလဲ မျှော်မနေနဲ့တော့
မင်းကို ခွန်ဆာခေတ်အလွန်မှာ မွေးထုတ်ဖို့ကြိုးစားခဲ့တဲ့
မင်းဗိုလ်ချုပ်ကြီးတွေကိုလည်း မျှော်မနေနဲ့တော့
မင်းတို့မျိုးနွယ် ဒုသမ္မတ မောက်ခမ်း ကိုလည်းမဆဲပါနဲ့တော့ နော်ခမ်း
မင်းဟာ ပြုပြင်ပြောင်းလဲရေးဟန်ဆောင်ထားတဲ့ခေတ်ဦးမှာ
တရုတ်အပေါ် နိုင်ငံရေးကျေးဇူးသိတတ်မှု
လက်ဆောင်ပဏ္ဍာသက်သက် ဖြစ်တယ် နော်ခမ်း

နော်ခမ်းရေ
မင်းဟာလူကောင်းတယောက် ၊ သူရဲကောင်းတယောက် မဟုတ်ပေမယ့်
မင်းကိုဆယ်ယူဖို့
ငါတို့ တိုင်းသူပြည်သားတွေ မေ့လျော့နေခဲ့ကြခြင်းဟာ
ငါတို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခါပါ သွေးအေးညင်သာစွာ
ဆေးထိုးအသတ်ခံရခြင်းဆိုတာ
မင်းနောက်ဆုံးအချိန်မှ သိလိုက်ရတယ် နော်ခမ်း ။

မင်း
     ဒူး
        ထောက်
ခဲ့ရသလိုပဲ ငါတို့လည်း ဒူးထောက်ခဲ့ရပါတယ် နော်ခမ်း ။

နော်ခမ်းရေ
မင်းနောက်ဆုံးအချိန်တွေမှာ
မြန်မာပြည်မှာ လူပြန်ဖြစ်ပါစေလို့ ဆုတောင်းသွားသေးသလား ?

နော်ခမ်းရေ
မင်းနောက်ဆုံးအချိန်တွေမှာ
မဲခေါင်ရေစီးနဲ့ပေါက်ဖော်ကြီးတို့ကို မျောပစ်ချင်သေးသလား ?

နော်ခမ်းရေ
မင်းနောက်ဆုံးအချိန်တွေမှာ
နောင်ဘ၀ တော်လှန်ရေး ရဲဘော်ကောင်းတစ်ယောက် ဖြစ်ပါစေလို့
မင်းအသေအချာ ဆုတောင်းလိုက်ပါ နော်ခမ်း ရာ ။

မင်း
       ပြုံး ခဲ့တယ်
မင်း
       ငို   ခဲ့တယ်
မင်း
       တည်ငြိမ်  ခဲ့တယ်

မင်းကို ထိုးစိုက်လာမယ့်
အပ်တွေ မင်းခန္ဓာကိုယ်ထဲ မ၀င်ခင်ထိ
ငါတို့ အားပေးနေခဲ့တယ် နော်ခမ်း ....... ။

Bo Han

ဤကဗျာနှင့်ပတ်၍ တချို့သော သူငယ်ချင်းများဖြင့် ခံစားချက်ချင်းမတူပါသဖြင့် tag လုပ်မထားခြင်းဖြစ်ပါသည်။















0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...