Tuesday, March 5, 2013

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကျောင်းပညာပေး သင်ခန်းစာ

by Aung Zaw Bo on Tuesday, March 5, 2013 at 12:03am ·

ကျနော့်သမီးက ထိုင်းနိုင်ငံမှာ မူလတန်းကျောင်းတက်နေတယ်။ နယ်မြို့ကလေးတမြို့မှာ။ တရက်တော့ ကျနော် တို့ ပွဲဈေး လျှောက်ကြတယ်။ ကျနော်က ဒီဗွီဒီတွေ၊ စီဒီတွေ ဆိုင်တွေ့တော့ ကြိုက်တဲ့ သီချင်းခွေတွေ ရှာနေ မိတယ်။ ကျနော်သမီး ကတော့ မ၀ယ်နဲ့၊ မ၀ယ်နဲ့လို့ မျက်ရိပ်မျက်ကဲလည်းပြ၊ အဖေ့လက်ကိုလည်း ဆွဲခေါ် နေတယ်။ ပြီးတော့မှ သူကပြော တယ်။ "ဒီခိုးကူးခွေ (Pirated CDs) တွေကို မ၀ယ်နဲ့တဲ့။ အဲဒါဥပဒေ ချိုးဖောက် ရာကျတယ်" လို့ ပြောလာတယ်။ ကျနော် ကတော့ ခပ်ပြုံးပြုံး ဖြစ်သွား မိသလို၊ သူတို့ကလေးတွေကို ပညာပေး ထားတဲ့နည်းကိုလည်း အထင်ကြီးမိသွားတယ်။ တခါ တက္ကသိုလ် တခုက ပါမောက္ခတယောက်က သူ့လုပ်ငန်းအကြောင်းတွေ ရှင်းပြတော့ သူတို့က အခု မူလတန်း ကျောင်း နဲ့ အလယ်တန်းကျောင်း သင်ခန်းစာတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စ သင်ရိုးညွှန်းတန်း ထဲမှာ ထည့်သွင်းပြီး ကလေးတွေကို ပညာပေးဖို့ စမ်းသပ်လုပ်ဆောင်နေတဲ့အကြောင်း ပြောပြတယ်။
ဒီကိစ္စ အတွက် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန (Bangkok Metropolitan Administration) က ရန်ပုံငွေ ထောက်ပံ့ပေးတယ်လို့ ပြောတယ်။ သူတို့က ပညာရှင်တွေနဲ့ တိုင်ပင် သင်ရိုးညွှန်းတမ်းရေးဆွဲကြတယ်။ အနုပညာရှင်တွေ၊ ပန်းချီပညာရှင်တွေ၊ ကာတွန်းဆရာတွေ၊ သီချင်းဆိုတဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့ ပေါင်းပြီး လူအား၊ ငွေအားသုံးလို့ ကလေးတွေကို မပျင်းရလေအောင် သေချာ အားထုတ်ကြတယ်။ အခုတချို့ ကျောင်းတွေမှာ စမ်းသပ်စီမံချက်တွေနဲ့ စတင်လုပ်ဆောင်နေကြပြီ ပြောတယ်။ သူတို့ ရည်ရွယ်ချက်ကတော့ ထိုင်းလူမှုအဖွဲ့အစည်းထဲမှာ လာဘ်ပေးလာဘ်ယူကိစ္စကို ကလေးငယ်ငယ်လေး ဘ၀ထဲက သွန်သင်ပြီး စတင် ပြုပြင်နိုင်အောင်လို့ ဆိုတယ်။ အဲသည်တော့ ဝေဖန်သူတချို့က မသေခင်လူတွေလည်း ပြုပြင်နိုင်အောင် ပညာ ပေးပါဦးလို့ နောက်ပြောင်ကြတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ၊ ကျနော်တို့ လူမှုအဖွဲ့အစည်းလိုပဲ အကျင့်ပျက်ခြစားမှု အတော်ကြီးကြီးမားမား ရှိတယ်။ မူလ က ဘုရင်စနစ်မှာ မြို့စား-နယ်စားစနစ်နဲ့ စတင်လာရတော့ ဒီကိစ္စက ရိုးရာစဉ်လာလို ဖြစ်နေခဲ့တယ်လို့ ဝေဖန်ကြတယ်။ မြို့စား-ရွာစားလုပ်သူက လူထုဆီက အခွန်ကောက်၊ နောက်တော့ ဘုရင်ကိုဆက်၊ သူ့အတွက် တဖို့ကိုလည်း အုပ်ချုပ်ထိန်း သိမ်းခ လစာအဖြစ်ယူတော့ ပိုပြီးယူထားတယ်-စားတယ်ဆိုတာ "ရှိမှာပေါ့" ဆိုတာမျိုး လူတွေက လက်ခံနေကြတယ်။ အခု လက်ရှိမှာတင် လွှတ်တော်အမတ် ၁၆ ဦးကို ခြစားမှုနဲ့ အရေးယူခဲ့ရပြီး၊ အမတ်တွေရဲ့ အမှု ၂၆-ခုက တို့လို့တန်းလန်း ကျန် နေသေးတယ်။ ဒီကိစ္စတွေမှာ ၀န်ကြီး ၆ ပါးပါတယ်။ ခရိုင်ဝန် ၂၀ ပါတယ်။ ဗဟိုဘဏ် အကြီးအကဲနဲ့ လက်ထောက် ၄ ဦး ပါသေးတယ်။ ABAC Poll လို့ခေါ်တဲ့ အေဘက်တက္ကသိုလ်က ကောက်ယူထုတ်ပြန်လေ့ရှိတဲ့ စစ်တမ်းမှာလည်း ထိုင်းလူမျိုး တွေရဲ့ သဘောထားကို ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလထဲမှာ မေးမြန်းကြည့်တော့ ၇၆। ၁% က တိုင်းပြည် ကြီးပွားနေသမျှ "အိုကေပါ"တဲ့။ သက်တောင့်သက်သာပဲ ခြစားမှုကို လက်ခံထားကြတယ်။ လူဦးရေ ၆၃ သန်းကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ဒီလိုအကျင့်ဆိုးတွေရှိနေ ရင် တိုင်းပြည်မကြီးပွားနိုင်ဘူးဆိုတာ လူ ၇၆. ၁% က မသိသေးတဲ့၊ သဘောမပေါက်သေးတဲ့ အနေအထား ရှိနေပါတယ်။

အဲသည်တော့ ဘန်ကောက်ပို့စ် နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ်သတင်းစာက "တည်ရှိနေတဲ့ ကြောက်မက်ဖွယ် အခြေ အနေ" ဆိုတဲ့ဆောင်းပါးမှာ ကြောက်စရာအခြေအနေကတော့ လူထုတွေက ဦးဏှောက်မရှိသလို ဖြစ်နေပြီ။ အများညီရင် "ဤကို ကျွဲဖတ်" အမှားကို လက်ခံနေကြပြီလို့ သုံးသပ်ဖော်ပြထားပါတယ်။ တကယ် ကတော့ လူအများလက်ခံနေပေမယ့် မှန်တယ်လို့ မဆိုနိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ အမှားပါ။ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထက်ပ်ထိုင်း ဆန်ပေါင် (Thepthai Senpong) ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ညွှန်ကြားလို့ ထိုင်းလူမှု အဖွဲ့အစည်းအတွက် "ယဉ်ကျေးမှု အသစ်တရပ်" ထူထောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ထိုင်း လူမှုအဖွဲ့အစည်းတခုလုံးကို အင်ဂျင်နီယာဆန်ဆန် ပြန် တည်ဆောက်ချင်တဲ့ သဘောပါ။ ဒါပေမယ့် ABAC Poll စစ်တမ်းကောက်ယူမှုက ခရိုင် ၁၇ ခုမှာ မေးမြန်းစစ်တမ်းကောက်ခဲ့ တဲ့အခါမှာ အခု အဖိချစ် ၀န်ကြီးချုပ်အစိုးရလက်ထက်မှာ အရင် တက်ဆင်ဝန်ကြီးချုပ်လုပ်တဲ့ ကာလထက် ခြစားမှု ပိုများ တယ်လို့ ဖြေကြားခဲ့ကြပါတယ်။ ကောင်းသေးရော။

ထိုင်းဝန်ကြီးချုပ် အဖိချစ် ၀ိချာချိဝ ကတော့ ခုခံကာကွယ်ပြောပါတယ်။ အခုအစိုးရ ဦးဆောင်မှုမှာ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ထိုင်းလုပ်ငန်းရှင် ကုမ္ပဏီကြီး ၂၇ ခုက ပူးပေါင်းပါဝင်ပါမယ်လို့ ကတိပေး လက်မှတ်ရေးထိုးထား ပြီလို့ ပြောပါတယ်။

အဲဒီတော့ ကျနော်က မြန်မာပြည်ဖက် ပြန်လှည့်ကြည့်ပါတယ်။ အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်ခြစားမှုနဲ့ အရေးယူပြီးတဲ့နောက် တက်လာတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း လက်ထက်မှာ Clean government လို့ခေါ်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး မူဝါဒတွေ ချမှတ်တာ ကြားခဲ့ရပါသေးတယ်။ မသမာမှု တွေကို တိုင်ကြားဖို့ ဖုန်း၊ ဖက်စ်နံပါတ်တွေကိုတောင် ထုတ်ပြန် ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီမူဝါဒ ကလည်း ဗိုလ်ချုပ်စိုးဝင်းကွယ်လွန်တဲ့အချိန်မှာ တခါတည်း ထည့်ပြီး မြှုပ်နှံလိုက်ပုံ ရပါတယ်။ မကြားရ တော့ပါဘူး။ တလောက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်အဖြစ်အရွေးခံရသူတွေ အစည်း အဝေးခေါ်ကြတဲ့အခါ အကျင့်ပျက် ခြစားတဲ့အမတ်ကို အရေးယူမယ်ဆိုတဲ့ စည်းမျဉ်းပြဌာန်းတာတွေ ကြားရတော့ အနည်းလေး အားတက်မိပါသေးတယ်။ အစိုးရသစ်အောက်မှာတော့ ဒီမူဝါဒကို ပြန်လည်ပြဌာန်းလာမလားလို့ မျှော်လင့်ရ ပါသေးတယ်။ ဒီလိုဆိုရင် အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး အတွက် ထိုင်းနိုင်ငံလို ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တွေဖြစ်တဲ့ ဦးတေဇတို့၊ မက်စ် ဇော်ဇော်တို့၊ ရွှေသံလွင် တို့၊ အေရှားဝေါတို့ကို ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ ကတိပြု လက်မှတ်တွေပဲ ထိုးခိုင်းလေမလားပေါ့။ ကျနော်စိတ်ကူးယဉ်ကြည့် မိပါသေးတယ်။ ဒါမှမဟုတ်ရင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီက အခု ဦးအောင်သိန်းလင်းတို့က အခု ဘန်ကောက်မှာ မြို့တော်အုပ်ချုပ်ရေးက ရန်ပုံငွေ ချပေးပြီး ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သင်စေအောင် စမ်းသပ် လုပ်ဆောင်တာမျိုးတွေ လုပ်နေသလို စီမံချက်တွေ ရှိလာလေမလားပေါ့... စဉ်းစားနေမိပါတယ်။ ကျနော်ပဲ အတော် စိတ်ကူးယဉ်တတ်တဲ့သူ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ အင်ဒိုနီးရှား၊ ဘူလ်ဂေးရီးယား၊ လစ်သူအားနီးယား စသဖြင့် အပါအ၀င် နိုင်ငံတော်တော် များများမှာ ကျောင်း သင်ရိုးညွှန်းတန်းတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ လာဘ်စားမှုကို အားမပေးတဲ့ ယဉ်ကျေးမှုတရပ် ဖြစ်ပေါ်လာ စေရေးအတွက် ကလေးဘ၀တွေထဲက စပြီး သင်ကြားပေးနေကြပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ထုတ် Living color မဂ္ဂဇင်းမှာဆောင်းပါး တပုဒ် ဖတ်ရတော့ အတော်လည်း စိတ်ဓာတ်ကျ ရပြန်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ချစ်ခင်တတ်ဖို့ ကလေးတွေကို သင်ရိုးညွှန်းတန်းထဲမှာ ထည့်သွင်း ပညာပေးရေးအတွက် မြန်မာနိုင်ငံ ပညာရေး ၀န်ကြီး ဌာနနဲ့ UNICEF တို့က ပူးတွဲဆောင်ရွက် လာတာ နှစ်အတော်ကြာပါပြီ။ မြန်မာပြည်မှာ နာဂစ်လို မုန်တိုင်းကြုံတာ၊ အင်းလေးကန်ကြီး ရေခမ်းသလို ဖြစ်တာ၊ မန္တလေးမြို့ကြီး ရေမြုပ်တာ၊ အခု မြန်မာပြည်မြောက်ပိုင်းမှာ နှင်းမုန်တိုင်း ကျတာတွေသာ ကြုံခဲ့ရတယ်။ အခုအချိန်အထိ ကျောင်းသင်ရိုးညွှန်းတန်းတွေထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ကိစ္စ ထည့်သွင်းပြဌာန်း နိုင်ခြင်း မရှိသေးဘူး ဆိုတာ အဲဒီဆောင်းပါးမှာ ဖတ်ခဲ့ရပါတယ်။ ကျနော် ဘယ်လိုဆက်ပြောလို့ ရတော့မှာလဲ ခင်ဗျား။

အောင်သူငြိမ်း
ဇန် ၂၀၊ ၂၀၁၁။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...