Saturday, March 16, 2013

စဉ်းစားမိသမျှ

ဒီနေ့ခေတ်လူတွေ ဂုဏ်သိက္ခာကိုဘာနဲ့တိုင်းတာကြပါသလဲ။ ပညာရှိသူတော်ကောင်းတွေကတော့ ကိုယ် ကျင့်သီလစင်ကြယ်မှုနဲ့ တိုင်းတာကြပေလိမ့်မယ်။ ကျွန်မငယ်ငယ်က ပညာတတ်ပုဂ္ဂိုလ်များကိုလေးစားအား ကျခဲ့တာကြောင့် ပညာတတ်ရင်ဂုဏ်ရှိတယ်လို့ထင်မှတ်ခဲ့ပါတယ်။ မြို့နယ်ဆရာဝန်ကြီးတို့၊ တက္ကသိုလ် ပါမောက္ခတို့ဆိုရင် ကျွန်မအင်မတန် အထင်ကြီးအားကျခဲ့ပါတယ်။ မျိုးဆက်သစ်တွေကို ပညာထူးချွန်စေချင် တဲ့ရွာကဆရာများဟာ ပညာတတ်တစ်ယောက်ဖြစ်ရခြင်းရဲ့ ဂုဏ်ပုဒ်တွေကိုအားကျအောင် ပြောပြပြီးသွန် သင်ဆုံးမခဲ့တာတွေက ကျွန်မအပေါ် အလွန်ပဲသြဇာသက်ရောက်ခဲ့ပါတယ်။ ကျုံပျော်အိမ်က အမေကတော့ ဂုဏ်သိက္ခာကို ပညာတတ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းတွေနဲ့မတိုင်းတာပါဘူး။

ကျွန်မကျုံပျော်မှာ အထက်တန်းကျောင်းတက်တုန်းက ကျွန်မတည်းနေတဲ့အိမ်က ကျွန်မကိုမိသားစုအရင်း လိုစောင့်ရှောက်ခဲ့ကြတာကြောင့် အိမ်သားအားလုံးဟာ ကျွန်မရဲ့မိဘညီအကိုမောင်နှမတွေလို ဖြစ်နေပါ တယ်။ အမေပြောဘူးတဲ့စကားတစ်ခွန်းကို ကျွန်မသတိရနေပါသေးတယ်။ ပညာတတ်ဖြစ်မ၊ှငွေကြေး ချမ်းသာမှ ဂုဏ်ရှိတာမဟုတ်ပါဘူး။ ဂုဏ်ရှိအောင်နေရင်ဂုဏ်ရှိပါတယ်တဲ့။ အဲဒီတုန်းက လောကအကြောင်း နားမလည်သေးတဲ့ ကိုးတန်းကျောင်းသူကျွန်မဟာ လူကြီးကပြောနေတာမို့ ငြိမ်ပြီးနားထောင်ခဲ့ပေမဲ့ အမေ့ စကားကို သဘောမတွေ့ခဲ့ပါဘူး။ ကျွန်မအသိထဲမှာစွဲနေတာက ပညာတတ်ရင်ဂုဏ်ရှိတယ်ပေါ့။
လောကထဲကို လက်တွေ့ရောက်လာတော့မှ လူနဲ့လူ့ပတ်ဝန်းကျင်အကြောင်း သိနားလည်လာပြီးအမေ့ စကားကိုသဘောကျ လက်ခံသွားပါတယ်။ မစင်ကြယ်တဲ့အသက်မွေးမှုနဲ့ ချမ်းသာကြွယ်ဝနေခြင်း၊ ပညာ တတ်ပြီးထောင်လွှား မောက်မာနေခြင်းများထက် ကိုက်ကျင့်သီလစင်ကြယ်စွာနဲ့ ရိုးသားဖြောင့်မတ်စွာ အသက်မွေးပြီးရပ်တည်ခြင်းကိုသာ ဂုဏ်သိက္ခာရှိတယ်လို့ မြင်တတ်လာပါတယ်။ အမေတို့မိသားစုဆိုရင် သားနှစ်ယောက်က သာမန်အစိုးရ၀န်ထမ်းတွေဖြစ်ပြီး၊ သမီးနှစ်ယောက်ကစက်ချုပ်ပြီး အသက်မွေးပါတယ်။ နေနိုင်စားနိုင်ရုံပဲရှိတဲ့အမေတို့မိသားစုဟာ ကိုယ်ကျင့်တရားနဲ့လူ့ကျင့်ဝတ်တွေကို စောင့်ထိန်းကြတာ ကြောင့်  ကျုံပျော်မြို့မှာဂုဏ်မငယ်ရတဲ့ သမားရိုးကျမိသားစုလေးပါ။ ဒီမိသားစုအရိပ်အောက်မှာ နှစ်နှစ်တာ ခိုလုံပြီး ပညာသင်ခဲ့ရတာ ကျွန်မကံကောင်းခဲ့ပါတယ်။
ရှစ်တန်းအောင်တဲ့အထိတော့ ကျွန်မရွာမှာပဲကျောင်းတက်ခဲ့ပါတယ်။ ကျွန်မတို့နေတာက အဖေ့ရွာမှာဖြစ်ပြီး၊ အမေ့ရွာဖြစ်တဲ့ ပန်းတနော်မြို. ဒေါဝါးရွာကို နွေရာသီကျောင်းပိတ်ရက်တိုင်း အလည်ပြန်ကြပါတယ်။ ကျွန်မ တို့ငယ်ငယ်က ကားလမ်းတွေမပေါက်သေးတော့ နွားလှည်းနဲ့သွားရတာကြောင့် တနေကုန်ခရီးနှင်ရပါတယ်။ ခရီးတ၀က်ရောက်ရင် အဖေ့အမျိုးရှိတဲ့ရွာမှာ တထောက်နားပြီးနေ့လည်စာ စားကြပါတယ်။ နေကပြင်း၊ ထမင်းကဆာနေတဲ့အချိန်မို့ အိမ်ရှင်ချက်ကျွေးသမျှကို ကျွန်မတို့မြိန်ယှက်စွာ စားခဲ့တဲ့အကြိမ်ပေါင်းမနည်း ပါဘူး။ အဖေနဲ့မောင်နှမ၀မ်းကွဲတော်တဲ့ အပျိုကြီးဒေါ်မယ်ရွှေက စေတနာကောင်းလွန်းတာကြောင့် သူချက် ကျွေးတဲ့ဟင်းမှန်သမျှ စားကောင်းပါတယ်။ ဒေါ်မယ်ရွှေကိုကျွန်မတို့က ကရင်လိုမွတ်ဝ(အဒေါ်)လို့ခေါ် ပါတယ်။ ဒေါ်မယ်ရွှေက သူ့မောင်ရဲ့မိသားစုနဲ့ အတူတူနေတာဖြစ်ပါတယ်။ စီးပွါးရေးတောင့်တင်းတဲ့မောင်က အစ်မကိုကြည်ဖြူသလို ဒေါ်မယ်ရွှေကလည်း ယောင်းမနဲ့တူ တူမများအပေါ် ကြင်နာတတ်တာကြောင့် သူတို့ မိသားစုဟာ ဥမကွဲသိုက်မပျက် ချစ်ချစ်ခင်ခင်ရှိကြပါတယ်။
ကရင်အမျိုးသမီးပီပီ ရိုးသားပြီးရောင့်ရဲတင်းတိမ်တတ်တဲ့ မွတ်ဝမယ်ရွှေဟာ ကျွန်မလေးစားအားကျရတဲ့လူ တွေထဲကတစ်ယောက်ပါ။ ဘာမှထူးခြားတဲ့ ဂုဏ်ဒြပ်တွေမရှိပေမဲ့ သူ့ရဲ့သီလနဲ့ သူ့နှလုံးသားထဲကဓမ္မတွေကို လေးစားမြတ်နိုးတာပါ။ အနေအေးတဲ့မွတ်ဝဟာ စိတ်ဆိုးဒေါသထွက်တတ်ခြင်း အလျှင်းမရှိပါဘူး။ စီးပွါးရေး၊ ကြီးပွါးရေးတွေ စဉ်းစားနေစရာမလိုပဲ တူ၊တူမတွေကိုထိန်းကျောင်းရင်း ငြိမ်းငြိမ်းချမ်းချမ်းနေတတ်တဲ့မွတ်ဝ ဟာ သာရေးနာရေး ကုသိုလ်ရေးကိစ္စတွေမှာတော့ လိုအပ်သမျှဝေယျာဝစ္စတွေကို အပင်ပန်းခံဆောင်ရွက် ပေးပါတယ်။
အမေ့ရွာမှာ ကျွန်မအစ်ကိုနဲ့မောင်တွေကို ရှင်ပြုရဟန်းခံအလှူလုပ်တုန်းက မွတ်ဝမယ်ရွှေတစ်ယောက် ခုနှစ် ရက်ခုနှစ်လီ မနားတမ်း ဘုန်းကြီးဆွမ်းပွဲနဲ့အချိုပွဲတွေကို ချက်ပြုတ်စီမံပေးခဲ့တာကို မှတ်မိနေပါသေးတယ်။ မွတ်ဝဟာစကားနဲပြီး အတင်းမပြောတတ်တာလည်း ချီးကျူးစရာပါ။ ရွာကအမျိုးသမီးတွေသဘာဝ အလှူပွဲ မှာဝိုင်းကူလုပ်ကြရင်း သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အတင်းအဖျင်းပြောကြတဲ့ အခါမှာ မွတ်ဝက ဘာတစ်ခွန်းမှဝင်မပြောပဲ သူလုပ်စရာရှိတာကိုပဲ လုပ်နေတတ်ပါတယ်။ ရယ်စရာပြောတတ်တဲ့ အမျိုးသမီးတွေ ဟာသ လုပ်ပြီဆိုရင်တော့ သူများတွေဝါးလုံးကွဲမတတ် ရယ်မောကြတဲ့အခါ မွတ်ဝကပြုံးရုံ ကလေးပြူံးနေတတ်ပါတယ်။
အနီးအနားရွာက အလှူပွဲမှန်သမျှကို မလွတ်တမ်းကူညီပေးခဲ့တဲ့ မွတ်ဝဟာ အသက်ရလာတဲ့အခါ ဥပုတ် သီလကိုအပတ်တိုင်းစောင့်ပြီး တရားစခန်းရက်ရှည် ၀င်လေ့ရှိလာပါတယ်။ ရွာမှာမနေဖြစ်တော့တဲ့ကျွန်မ လည်းသူတို့အိမ်ကို နှစ်စဉ်မရောက်နိုင်တော့သလို ရောက်ဖြစ်တဲ့အခါမှာလည်း မွတ်ဝရိပ်သာသွားတာနဲ့ ကြုံရင်မတွေ့ခဲ့ရပါဘူး။ ပညာလည်းမတတ်၊ စီးပွါးလည်းမရှာပေမဲ့ မွတ်ဝမယ်ရွှေရဲ့ ဘ၀နေထိုင်နည်းဟာ ဂုဏ်သိက္ခာရှိတယ်လို့ ဆိုရင်မမှားဘူးထင်ပါတယ်။ လူ့ဘ၀ကိုရနိုင်ခဲတယ်၊ သာသနာတော်ကို ကြည်ညိုမှီခိုခွင့်ကို ရနိုင်ခဲတယ်လို့ဆိုရင် မွတ်ဝမယ်ရွှေလို ပူပင်ကြောင့်ကြကင်းစွာ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်တဲ့ အခြေအနေ၊ အခွင့်အရေးမျိုးကိုလည်း ရနိုင်ခဲတယ်လို့ ကျွန်မတွေးမိပါတယ်။
လူ့ဘ၀သက်တမ်းတစ်ဝက်နီးပါးကို ဖြတ်သန်းပြီးခဲ့တဲ့ကျွန်မဟာ လောကဓံဆိုတာကို ကြောက်လန့်တတ် နေပြီမို့ မွတ်ဝမယ်ရွှေလို ဘ၀အခြေအနေမျိုးကို အားကျနေမိပါတယ်။ ရွေးချယ်ခွင့်ရမယ်ဆိုရင် ငွေရှာစရာ မလိုပဲ ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ လုပ်အားပေးလုပ်ရင်း စာရေးစာဖတ်အလုပ် ကုသိုလ်ဘာဝနာအလုပ် တွေနဲ့ မွေ့လျော်နေရတဲ့ ဘ၀မျိုးကိုသာလိုချင်မိပါတယ်။ ပကာသနတွေ၊ ရုပ်ဝတ္ထုအဆောင်အယောင် တွေထက် ကိုယ်ကျင့်သီလစင်ကြယ်စွာနဲ့ လိပ်ပြာသန့်သန့်ရပ်တည်နေနိုင်တဲ့ ဘ၀မျိုးကိုပိုပြီး မြတ်နိုးခုံမင် မိပါတယ်။
စာအုပ်စာပေတွေထဲ အာရုံရောက်သွားပြန်တော့ သာမန်ထက်ပိုပြီး အသုံးဝင်တဲ့လူတစ်ယောက်အဖြစ် ရပ် တည်ချင်သေးတာကြောင့် ဆက်ကြိုးစားဖို့အားတင်း ရပြန်တယ်။ သမိုင်းပေးတာဝန်ကို ရှောင်နေမဲ့အစား အုတ်တစ်ခဲစာလောက်ပဲဖြစ်ဖြစ် ကိုယ်စွမ်းသလောက်နဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ပြန်ပြီးအဖတ်ဆယ်ချင် စိတ်လည်းဖြစ်မိပါတယ်။ ဒီအတွက်တော့ အများကြီးပြင်ဆင်ရပါအုံးမယ်။ အသိပညာ၊ အတတ်ပညာတွေ။ စိတ်ဓါတ် ခိုင်မာမှုတွေ။ ချစ်တတ်တဲ့နှလုံးသားနဲ့၊ ကိုယ်ကျိုးမငှဲ့ပဲ အများအတွက်အနစ်နာခံရဲတဲ့ သတ္တိတွေ။
တခါတလေကျွန်မ စိတ်ကူးယဉ်စဉ်းစားမိပါတယ်။ ကုသိုလ်ပါရမီဓါတ်ခံကောင်းလို့ စွမ်းရည်သတ္တိထူး ရှိသူများက တိုင်းပြည်ခေါင်းဆောင်နေရာမှာ တာဝန်ယူလို့။ ခေါင်းဆောင်ကိုယ်တိုင်က ကိုယ်ကျင့်သီလ စောင့်ထိန်းပြီး၊ တိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားပမာ တရားနဲ့အညီအုပ်ချုပ်လို့။ အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း ခေါင်းဆောင်းကောင်းတွေရဲ့ ပါရမီဖြည့်ဖက်အဖြစ် ဆိုင်ရာတာဝန်များကို ကြီးမြတ်သောနှလုံးသားများနဲ့ ဖြောင့်မတ်စွာဆောင်ရွက်ကြလို့။ တိုင်းသူပြည်သားများကလည်း စည်းကမ်း သေ၀ပ်ကြပြီး၊ အချင်းချင်းသွေးစည်း ချစ်ခင်ကြလို့ဆိုရင် လောကကြီးဘယ်လောက် နေချင်စရာကောင်း လိုက်မလဲပေါ့။
ဒီလိုဆိုရင်ဖြင့် ခေါင်းဆောင်မှအစ တိုင်းသူပြည်သားတစ်ဦးချင်းစီတိုင်းဟာ ဂုဏ်သိက္ခာရှိရှိရပ်တည်ကြတာမို့ ဘ၀နေ၀င်ချိန်မှာ နောင်တ တဖန်ပူဆွေးရခြင်းတွေ ကင်းဝေစေမှာဖြစ်ပါတယ်။ မိမိစိတ်ကြိုက်ဘ၀ကို ရွေး ချယ်ပြီးရပ်တည်နိုင်သူပဲဖြစ်ဖြစ်၊ ကံစီမံအတိုင်းရှင်သန်နေရသူပဲဖြစ်ဖြစ် ရခဲလှတဲ့လူ့ဘ၀မှာ အသက်ရှင်ခွင့် ရတုန်း သိက္ခာရှိတဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် လူတန်းစားအလွှာအားလုံးအတွက် ဖြစ်နိုင်တယ်လို့ ထင်မြင်မိပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...
စံပယ်ဖြူ @ မြစ်တစ်စင်း၏ ရာဇ၀င်

အပြင်စီးမဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၁တွင် ဖော်ပြခဲ့သည်။

http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A817407&xgs=1&xg_source=msg_share_topic မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...