Google CEO Sundar Pichai ရဲ့ ပိုးဟပ်သီအိုရီ
မှတ်စုကြမ်း
ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ ပုခုံးပေါ်ကို ပိုးဟပ်တစ်ကောင် လာနားတယ်။ အမျိုးသမီး ဟာ သူ့ပုခုံးပေါ်က ပိုးဟပ်ကို မြင်တဲ့အခါ ကြောက်အားလန့်အားနဲ့ အော်ဟစ်ခုန်ပေါက်နေမိတာပေါ့။
အဲဒီတော့ ပိုးဟပ်လေးဟာ သူ့ပုခုံးပေါ်ကနေ ထပျံသွားပြီးတော့ ဘေးက အမျိုးသမီး
တစ်ယောက် ကျောပေါ်မှာ နားပြန်တယ်။ ဟိုအမျိုးသမီးကလည်း နတ်ပူးသလို
ဆွေ့ဆွေ့ကို ခုန်လို့။
အဲ့ဒီလို ဆိုင်တစ်ခုလုံး ပွက်လောရိုက်နေတဲ့အချိန်မှာ စားပွဲထိုးလေး တစ်ယောက် ရောက်လာတယ်။ သူဟာ အော်ဟစ် ခုန်ပေါက်နေတဲ့ အမျိုးသမီးကို ငြိမ်ငြိမ်နေခိုင်းလိုက်တယ်။
ပြီးတာနဲ့ ပိုးဟပ်ကို သေချာ လေ့လာ ကြည့်ပြီးတာနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ကိုင်ယူလို့ အပြင်မှာ သွားလွှင့်ပစ်လိုက်တယ်။
ဒီဖြစ်စဉ် တစ်ခုလုံးကို ကော်ဖီသောက်ရင်း စောင့်ကြည့်နေခဲ့တဲ့ ကျွန်တော့်အဖို့ စဉ်းစားစရာတွေ အတော်များများ ရရှိလာခဲ့ပါတယ်။ စောစောက ကမ္ဘာပျက်မတတ် အော်ဟစ်သံတွေဟာ ပိုးဟပ်ကြောင့်လား။ ပိုးဟပ်ကြောင့်ဆိုရင် စားပွဲထိုးကရော ဘာကြောင့် နည်းနည်းလေးမှ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိရတာလဲ။ ဘာကြောင့် အတည်ငြိမ်ဆုံးနဲ့ ယောက်ယက်မခတ်ပဲ ဖြေရှင်းသွားနိုင် ရတာလဲ။ သေချာစွာ ဆန်းစစ် ကြည့်တော့မှ တကယ့် အဓိက တရားခံက ပိုးဟပ်မဟုတ်။ ပိုးဟပ် ကြောင့် ဖြစ်ပေါ်လာတဲ့ ပူပန်သောကကို ကျင်လည်စွာ ကိုင်တွယ်တတ်မှု မရှိတဲ့ အမျိုးသမီးတွေက အဓိက တရားခံ ဖြစ်တယ်။
အဲဒီလိုပဲ ကိစ္စတစ်ခုနဲ့ ပတ်သက်လို့ အထက်အရာရှိက ဆူပူကြိမ်းမောင်းတာ ခံရတဲ့အခါ ကျွန်တော်တို့ တတွေ စိတ်ညစ်/ စိတ်ဆင်းရဲ ရပါတယ်။ ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်း တရားခံက ဆူပူကြိမ်းမောင်းတဲ့ အထက် အရာရှိ မဟုတ်။ ဆူပူကြိမ်းမောင်းခြင်းကြောင့် ပေါ်ပေါက်လာတဲ့ ပူပန်သောကကို ကျင်လည် စွာ ကိုင်တွယ်နိုင်ခြင်း မရှိတဲ့ ကျွန်တော်တို့ဟာ အဓိက တရားခံပါ။
နောက်တစ်ခါ ကားလမ်းပိတ်လို့ စိတ်တိုရတဲ့အခါလဲ ထို့အတူပါပဲ။ ကားလမ်းပိတ်လို့ ပေါ်ပေါက်လာ ရတဲ့ ပူပန်သောကကို အထိန်းအသိမ်း မတတ်ခြင်းပဲပေါ့။
ဖြစ်ရပ်ကို ခံစားချက်နဲ့ တုံ့ပြန်တာပေါ့။ ဖြစ်ရပ်ကို ဖြေရှင်းနည်းနဲ့ မတုံ့ပြန်ခဲ့မိ လို့ပေါ့။ ဒါ့ကြောင့် ပြဿနာ တစ်ခုကို ခံစားချက်နဲ့ တုံ့ပြန်မိခြင်း ဟာ ကျွန်တော်တို့ ဆောက်တည်ရာ မရ ဖြစ်ခြင်းရဲ့ အဓိက တရားခံပါပဲ။
ဒီကနေ့တော့ ပိုးဟပ်လေးက ကျွန်တော့် ဘဝအတွက် သင်ခဏ်းစာ တစ်ခု ကောင်းကောင်းကြီး ပေးသွားခဲ့ပါတယ်။ ပြဿနာတို့ကို ခံစားချက်နဲ့ မတုံ့ပြန် ရပါဘူး။ ဖြေရှင်းရင်းနဲ့သာ တုံ့ပြန်ရပါ့မယ်။ ဒါမှသာ သေချာ တိကျစွာ ပြဿနာကို အရင်းအမြစ်ကနေ ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge

0 comments:
Post a Comment