Saturday, August 13, 2016

ငရဲကြီးလိမ့်မယ် သားလေးရယ်

Khine Lay Shwe Taung

ကျွန်မ ထားမိတဲ့စေတနာတွေ အလကားဖြစ်ခဲ့ရပြီ ။ သူမကို အတော်လေး စိတ်ပျက်သွားမိပါတယ် ။ ကျွန်မကို ကျွန်မလည်း မချင့်မရဲဖြစ်မိပြန်တယ် ။ ဘာကိုနောင်တရ ရမှန်းမသိ နောင်တ ရနေမိတယ် ။ အဲဒီအတွေး အဲဒီခံစားချက်တွေနဲ့ပဲ တစ်ညလုံး ကောင်းကောင်းပင် အိပ်မပျော်နိုင်ခဲ့ပါဘူး ။ သူမအပေါ်ထားတဲ့ ကျွန်မ စေတနာကို စော်ကားလေခြင်းဆိုတဲ့ ကြိတ်မနိုင်ခဲမရ ဝေဒနာကြီးကို ပြင်းပြင်းထန်ထန် ခံစားနေရတယ် ။ တကယ်တော့ သားသမီးချင်းစာနာစိတ်နဲ့ နားလည်မှု့တစ်ခုကို အရယူကြည့်ဖို့ ကြိုးစားမိတာပါ ။
ဒီစေတနာဟာ ခုလိုစော်ကားခံရဖို့လား ။ ခေတ်ကြီးက လူတွေကို ရိုင်းစေခဲ့တာလား ။ လူတွေက ခေတ်ကြီးကို ရိုင်းစေခဲ့တာလား ဆိုတာမသိတော့ပါဘူး ။
ဘ၀ရဲ့ခါးသီးခြင်းနေ့ရက်တွေကို ရင်ဆိုင်ဖြတ်ကျော်ပြီး အနည်ထိုင်ဖို့ ကြိုးစားနေထိုင်ခဲ့ရတယ် ။ ရွေးချယ်မှု့ မှားယွင်းခြင်းအပေါ် အားနည်းချက် ချွတ်ယွင်းချက်တွေကို ပြင်ဆင်ဖို့မကြိုးစားဘဲ ဆိုးပြီးရင်း ဆိုးနေတဲ့ ခင်ပွန်းသည်နဲ့ တရားဝင်ကွာရှင်းလိုက်ချိန်မှာ ကျွန်မမှာ ရင်နှစ်သည်းခြာ သားလေးတစ်ယောက် ၊ သမီးလေးတစ်ယောက် ရှိနေပါပြီ ။ တာဝန်ယူခြင်းဆိုတဲ့ ဘာသာရပ်ကို မကျွမ်းကျင်သူ ကလေးတွေအဖေအတွက် အေးဆေးပျော်ပါးနေနိုင်ပေမဲ့ မိခင်ဖြစ်သူကျွန်မအနေနဲ့ တာဝန်ဆိုတာထက် မိခင်တစ်ယောက် မေတ္တာ ၊ ချစ်ခြင်းတရားတွေကြောင့် သားနဲ့သမီးတာဝန်ကို ရဲရဲဝံ့ဝံ့ တာဝန်ယူခဲ့ပါတယ် ။ ကွာရှင်းပြတ်ဆဲပြီးနောက်ပိုင်း မိဘအိမ်ကို ပြန်ရောက်ခဲ့တယ် ။ ကလေးနှစ်ယောက် နဲ့ ကျွန်မအတွက် ဆက်လက်ရုန်းကန်ရပြန်ပေါ့ ။ ကျွန်မအသွေးသားပေါင်းများစွာနဲ့ ဖွဲ့တည်ထားတဲ့ ကလေးတွေ အနာဂတ်လှပဖို့အတွက် ကျွန်မ ကြိုးပမ်းရပေအုံးမယ် ။ အမေ့စိတ် ၊ အမေ့စေတနာ ၊ အမေ့မေတ္တာ အားလုံးကို သားသမီးတွေ နားလည်သိရှိဖို့ဆိုတာ မလွယ်လှပါဘူး ။ မိမိတို့ကိုယ်တိုင် မိခင်နေရာ ဖခင်နေရာကို ရောက်မှသာ သိရှိနိုင်ကြတာမျိုးပါ ။ လူဆိုတာ မိမိကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြပေမဲ့ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက်ကတော့ သားနဲ့သမီးဟာ အချစ်ဆုံးလူသားတွေပါပဲ ။ ဘယ်လောက်ဆိုးဆိုး မပြစ်ရက်နိုင်သလို ၊ သူတို့လေးတွေကို အမြဲတမ်း တော်စေချင်တယ် ။ တတ်စေချင်တယ် ။ လိမ္မာစေချင်တယ် ။ သူတို့အတွက်ဆို ကျွန်မမှာစွမ်းအားရှိသမျှ ကြိုးစားပေးနေမိမှာပါ ။
ဒီလိုနဲ့ ကလေးတွေ နောင်ရေးတွေးလို့ မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်လာခဲ့ပါတယ် ။ ကလေးတွေကို မေမေတို့ဆီ အပ်ခဲ့ရတာပေါ့ ။ ကူညီပါတယ်လို့ အမည်ခံပြီး အကြိမ်ကြိမ် လူးပါးဝသူတွေ ၊ အလုပ်အတူတူ လုပ်သူ တချို့အမျိုးသမီးတို့၏ အနိုင်ကျင့်တဲ့ဒဏ်ကို အံ့ကြိတ်ခံရင်း အဆင်ပြေရေး ရှေးရှု့လို့ မလေးရှားနိုင်ငံမှာ နေထိုင်ခဲ့ရတယ် ။ မနက်ခုနှစ်နာရီကစလို့ ညနေစောင်းထိ အလုပ်ဆင်းရတယ် ။ လေးလွန်းလှတဲ့ လှည်းတွေကို တွန်းခဲ့ရတယ် ။ မောလို့ ၊ ပင်ပမ်းလို့ ငိုချင်တိုင်း သား သမီး ဆိုတဲ့အားတွေ ပြန်သွင်းလို့ သူများနိုင်ငံမှာ ပျော်အောင်ကြိုးစားနေထိုင်ခဲ့တယ် ။
အဝေးတစ်နေရာမှာ ရောက်နေတုန်း ကျွန်မသားလေး အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားတယ်လို့ သိလိုက်ရချိန်မှာ ရင်ကွဲမတတ် ခံစားနာကျင်ခဲ့ရတာပေါ့ ။ သားနဲ့ ပတ်သတ်သူ ၊ သားချစ်ခင်စုံမက်သူမို့ ကျွန်မလည်း ချစ်ခဲ့ရပြန်တယ် ။ ချွေးမဆိုပေမဲ့ သမီးတစ်ယောက် ထပ်ရတယ်လို့ သဘောမှာထား လိုအပ်တာတွေ ဖြည့်စီးပေးရပြန်ပေါ့ ။ သားလေးမိဘနေရာ ရောက်ရင်တော့ လိမ္မာတန်ကောင်းပါတယ်ဆိုတဲ့ အတွေးတွေနဲ့ မျှော်လင့်မိပြန်တယ် ။
အချိန်တွေက ရွေ့လျားလို့ သမီးငယ်လေးက ဆယ်တန်း ရောက်ခဲ့လေပြီ ။ သားလည်း ကလေးနှစ်ယောက် ရခဲ့ပါပြီ ။ ကလေးနှစ်ယောက် ရလာသော်လည်း အလုပ်မယ်မယ်ရရ မရှိ ။ ကလေးစိတ်မကုန်သေးတဲ့ သားအတွက် ပူပန်နေရတယ် ။ မြန်မာပြည်ကို ပြန်ပြီးသားသမီးတွေနဲ့ ရင်အုပ်မကွာနေဖို့ အတွေးကို အခါခါတွေးမိတယ် ။ လက်ရှိ တစ်လကို သုံးသိန်းနီးပါး အသားတင်ပိုတယ် ။ မြန်မာပြည်တဲ့အခါ တစ်လ တစ်သိန်းတောင် ရဖို့ လွယ်ပါ့မလားဆိုတဲ့ အတွေးတွေက ဟန့်တားလိုက်ချိန်မှာတော့ နောက်ထပ်နှစ်တွေတိုးရင်း မလေးရှားမှာ သောင်တင်နေလိုက်တာ ခုဆို ငါးနှစ်ပြည့်တော့မယ် ။ ဘယ်သူနေချင်မှာလဲ ။ ပြန်ချင်တာပေါ့ ။ ဒါပေမဲ့ သားသမီးတွေ လိုအပ်ချက်တွေကို မဖြည့်စီးပေးနိုင်မှာ ကျွန်မ အရမ်းဆိုးမိတယ် ။ ဒီစိတ်ဒီအတွေးနဲ့ မပျော်ပေမဲ့ ပျော်အောင်ကြိုးစားပြီး နေလာခဲ့တာပါ။
သားဖြစ်သူ အလုပ်မရှိတာနဲ့ ရန်ကုန်မှာရှိတဲ့ ကျွန်မမောင်လေးဆီ အလုပ်လုပ်ဖို့အတွက် လွှတ်လိုက်မိတယ် ။ သူအမျိုးသမီးလေးကတော့ ကလေးတွေနဲ့ သူ့မိဘတွေရှိတဲ့ ထောက်ကြံ့ကို ခဏပြန်နေကြတယ် ။ မောင်လေးဆီမှာဆိုတော့ စိတ်ချလက်ချလည်း ရှိတယ်လေ ။ အလုပ်ကလေး အဆင်ပြေပြန်တော့ နောက်တစ်မျိုး ဖောက်လာပြန်တယ် ။ ဇာတ်လမ်းအစကတော့ ကျွန်မအမှားလို့ ပြောရမလား ။ သမီးလေးကို ဖုန်းလေးတစ်လုံး ထည့်ပေးလိုက်တယ် ။ သမီးလေးက ဆယ်တန်းဆိုတော့ ဖုန်းကို မကိုင်နဲ့အုံး ဆိုပြီးသူ့အစ်ကို လုပ်သူက ယူသုံးသတဲ့လေ ။ ဇာတ်လမ်းက အဲဒီကနေ စတော့တာပါပဲ ။
ဖုန်းတစ်လုံး လက်ထဲရောက်ပြီဆိုတော့ facebook ကလေးက ဖွင့်လာတယ် ။ facebook သုံးပြီဆိုတော့ အကောင့်ထဲက ကောင်မလေးတွေနဲ့ စကားပြောတတ်လာတယ် ။ ဒီကနေ အစပြုပြီး ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးခင်မင်ကြသတဲ့ ။ အင်တာနက်ထဲကနေ တဆင့်တက်လို့ အပြင်မှာပါ တွေ့ကြခင်ကြတယ်ဆိုပဲ ။ နောက်ပိုင်းသံယောဇဉ်တွေ တိုးရာက ချစ်သူတွေအဆင့်ထိ ရောက်သွားကြတယ် ။ ကျွန်မမောင်လေးရဲ့ဇနီး ကျွန်မယောင်းမက ကျွန်မကို လှမ်းတိုင်မှ ကျွန်မသိခဲ့ရတယ် ။ တိုင်ပြီပေါ့ ။ ဖြစ်မှမဖြစ်သင့်တဲ့ ကိစ္စကြီးကို ။ ကိုယ်မှာ သားနဲ့မယားနဲ့လေ ။ လူပျိုလူလွှတ်မှ မဟုတ်တာပဲ ။
ဒီကိစ္စတွေ သိပြီးသားဖြစ်သူကို ချော့မေးတော့ ၀န်ခံတယ် ။
“သား မင်းကောင်မလေးတစ်ယောက် နဲ့ တွဲနေတယ်ဆို ”
“ဟုတ်တယ် မေမေ ”
“ဟုတ်စရာလား ။ နင့်မှာ မိန်းမနဲ့ ကလေးနှစ်ယောက်နဲ့ ။ အဲဒီမိန်းမဆိုတာလည်း နင့်ချစ်လှ ကြိုက်လှပါချည့်ဆိုပြီး ယူထားတာလေ ။ သူများ သားသမီးကို လက်ထပ်ထားပြီး ဒီလိုဖောက်ပြန်တာ ကောင်းရဲ့လား ။ အေးပြောလိုက်မယ်နော် ။ တခုခုဆို အမေက ချွေးမဘက်ကပဲ ရပ်တည်မှာနော် ။ မင်းပြောနေရက် နဲ့ ရှေ့ဆက်တိုးမယ်ဆို မင်းနဲ့ပတ်သတ်နေတဲ့ ကောင်မလေးကိုလည်း အမေ ကိုယ်တိုင် ဖုန်းဆက်တားရလိမ့်မယ် ”
သားဖြစ်သူကို ချော့ကာတစ်မျိုး ၊ ခြောက်ကာတစ်မျိုး ပြောပြီးသူကောင်မလေးရဲ့ ဖုန်းနံပတ်ကို ကျွန်မ တောင်းခဲ့တယ် ။ သားဖြစ်သူက မိန်းမဆီစိတ်လည်သွားပြီး ခုဖြစ်နေတဲ့ ကောင်မလေးဖုန်းနံပတ်ကို ပေးပါတယ် ။ မိန်းမနဲ့ပဲ ပြန်နေတော့မယ်အကြောင်းလည်း ပြောလာတယ် ။ ခုရက်ပိုင်းအတွင်းတော့ ကောင်မလေးကို သွားမပြောဖို့ တားရှာတယ် ။ သူ့ကောင်မလေးက တတိယနှစ်စာမေးပွဲ ဖြေရမှာမို့ပါတဲ့လေ ။ ဒီတော့ ကျွန်မလည်း အေးပါ မပြောသေးပါဘူးဆိုပြီး ပြန်ပြောလိုက်ရတယ် ။ ကောင်မလေး ဖုန်းနံပတ်ရပြီး နောက်နေ့ viber မှာ ရိုက်လိုက်တော့ ကောင်မလေးဖုန်းကို တွေ့ပါတယ် ။ တိုက်ဆိုင်စွာ အွန်လိုင်းဖြစ်နေတယ် ။ ဒါနဲ့ပဲ ကျွန်မပဲ စပြီးနှုတ်ဆက်လိုက်တယ် ။
“ ဟိုင်း ”
“ who are you ”
“ မင်းမင်း အမေပါ ”
“ အော် ။ ဟုတ်ကဲ့ အန်တီ”
“သမီး မအိပ်သေးဘူးလား ။ အတော်လေး ညဉ့်နက်နေပြီနော်”
“ ဟုတ်ကဲ့ အန်တီ အိပ်မပျော်သေးလို့ပါ ။ ”
“ အော် အေးအေး ။ အန်တီက အွန်လိုင်းဖြစ်နေလို့ နှုတ်ဆက်ကြည့်လိုက်တာ ။ ဒါပဲနော် သမီး ”
ဆိုပြီး ကျွန်မလည်း ဖုန်းပိတ်ပြီး အိပ်လိုက်ပါတော့တယ် ။ နောက်နေ့ နေ့လည် ထမင်းစားချိန်လောက်မှာ ကျွန်မviber ကိုစာတွေ တက်လာတယ် ။ သား ကောင်မလေးဆီကပါ ။
“အန်တီ အလုပ်ထဲမှာလား ။ သမီးဘေးမှာ မင်းမင်းလည်းရှိတယ်”
ကျွန်မအတော်လေး တုန်လှုပ်သွားမိတယ် ။ တစ်နေ့ညကပဲ အမေဖြစ်သူကို ကတိပေးထားတယ် ။ မိန်းမနဲ့ပဲ အတူတူနေတော့မယ်ဆိုပြီး ခု ကောင်မလေးနဲ့ အတူတူရှိနေတယ်ဆိုပါလား ။ ကျွန်မ တော်တော်လေး စိတ်ပူသွားမိတယ် ။ မင်းမင်းကို ဖုန်းပေးလိုက်ပါ သမီးလို့ ပြန်ရေးတော့ သားတော်မောင်က
“ အမေ ညကြမှ သားတက်လာမယ် “
ပြောပြီး ချသွားလေရဲ့ ။ ဒီမှာပဲ ကျွန်မဆုံးဖြတ်လိုက်တယ် ။ အခြေနေတွေ မလွန်ခင် သူတို့ကို ကျွန်မတားရမယ် ။ ကောင်မလေးက ကျွန်မသားကို လူပျိုလို့ ထင်နေတာနေမယ် ။ ကျွန်မတွေးထားတာက ကောင်မလေး စာမေးပွဲဖြေပြီးတဲ့ အချိန်လောက်ကြမှ အေးအေးဆေးဆေး ပြောပြမယ်ပေါ့ ။ သားဖြစ်သူကလည်း သူ့မိန်းမနဲ့ ပြန်ပေါင်းမယ်ဆိုတော့ အေးအေးဆေးဆေးမှပြောဖို့ စဉ်းစားထားတာ ။ ခုတော့ အေးဆေးနေလို့ မဖြစ်တော့ဘူး ။ စာမေးပွဲရှိတာတောင် သူတို့တွေ တွေ့နေကြတယ်ဆိုတော့ မတော်လို့ လွန်လွန်ကျူးကျူးတွေ နေမိရင် မိန်းကလေး နစ်နာမယ်ဆိုတဲ့ သမီးချင်းစာနာစိတ်က ခေါင်းထောင်လာတယ် ။ တကယ်ပါ ကျွန်မသမီးလေး အရွယ်မို့ သမီးလေးတာဆိုတဲ့အတွေးက စေတနာကအပြည့်ပါ ။ သားရှင်တစ်ယောက်အနေနဲ့ ဒီတိုင်းမသိသလိုနေလိုက်ရင်လည်း ရပေမယ့် ငါ့သမီးလေးအရွယ်ပါလားဆိုတဲ့ သမီးချင်းစာနာစိတ်ကြောင့် ကောင်မလေးကို ဒီညပဲ အဖြစ်မှန်တွေ ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ အလုပ်ကပြန်လို့ ရေမိုးချိုးပြီးတာနဲ့ ဖုန်းလေးကို ဖွင့်ကြည့်လိုက်ပါတယ် ။ အဆင်သင့်ပါပဲ ကောင်မလေးလည်း အွန်လိုင်းဖြစ်နေတယ် ။
“ သမီးရေ ”
“ ရှင် အန်တီ ”
“အန်တီ သမီးကို ပြောစရာလေးတွေ ရှိလို့ ”
“ဟုတ်ကဲ့ ပြောပါအန်တီ ”
“သမီး မင်းမင်းအကြောင်းကို ဘယ်လောက်သိထားလဲဟင်”
“သိသင့်သလောက်တော့ သိထားပါတယ် အန်တီ”
“ သိသင့်သလောက်ဆိုတဲ့ထဲမှာ မင်းမင်းမှာ မိန်းမရှိတာ ၊ ကလေးနှစ်ယောက်ရှိတာ ။ လူပျိုမဟုတ်တာတွေရော ပါလား သမီး”
“ရှင် ။ အန်တီ တော်တော် ရက်စက်တာပဲ နော် ။ သားသမီးချင်း ကိုယ်ချင်းမစာဘူး ။ ခု သမီးစာကျက်လို့ မရတော့ဘူး”
“ဟေ အန်တီက သားသမီးချင်းကိုယ်ချင်းမစာဘူး ဟုတ်လား ။ မှားနေပြီ ။ ကိုယ်ချင်းစာလို့ ခုလို အသိပေးတာပေါ့ ။ အမှန်ဆို သမီး စာမေးပွဲပြီးမှ ပြောပြဖို့ပါ ။ ခုလိုချက်ချင်း ပြောပြရတာက စားမေးပွဲရက်တောင် သမီးတို့ချင်းက တွေ့နေကြတယ်ဆိုတော့ မဖြစ်သင့်တဲ့ အခြေနေတွေကို ဖြစ်ပျက်သွားရင် သမီးနစ်နာမှာ ဆိုးလို့ ။ နောက်ပြီး သားတို့ မိသားစု ဘ၀လေးကိုလည်း မပြိုကွဲစေချင်ဘူး ။ နောက်ပြီးတော့ သမီး အခုစာကျက်မရရင် စာမေးပွဲကျချင် ကျနိုင်တယ် ။ အဲဒီစာမေးပွဲက ပြန်ဖြေလို့ရနိုင်တယ် ။ ဘ၀ စာမေးပွဲကြီး ကျသွားရင်တော့ ပြန်ဖြေလို့မရဘူးနော် ”
“အန်တီက သားရှင် ပီသပါပေတယ် ။ ရယ်ရတယ်နော် ။ သားသမီးတွေကို ထားခဲ့တုန်းက ထားခဲ့ပြီး ခုမှ မိခင်တာဝန်တွေ ကျေချင်နေလိုက်တာ ”
ကြားလိုက်ရတဲ့ စကားတွေကြောင့် သူမကို စိတ်အပျက်ကြီး ပျက်သွားမိတယ် ။ ရိုင်းစိုင်းလိုက်တဲ့ စကားလုံးတွေ ။ တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ယောက်တဲ့လား ။ ပညာတွေတတ်ပြီး အတွေးခေါ် အတော်ဆင်းရဲတဲ့ မိန်းကလေးပဲ ။ သူအတွက်ပြောမှန်းမသိ ကိုယ်အတွက်ပြောနေမှန်းမသိ ။ နောက်ပြီး သူတပါးမိသားစုအကြား ၀င်ပါရဲသေးတယ် ။ သူမှာ ၀င်ပါပြောဆိုခွင့်မရှိဘူးလေ ။ သားရဲ့ဇနီးလည်း မဟုတ်ဘူး ။ ဒီစကားတွေဟာ သားဆီကနေ ထွက်လာလို့သာ ကောင်မလေး နှုတ်ကဖွင့်ကြလာတာ ။ ရင်နာလိုက်တာ ။ နှစ်ပေါင်းများစွာ သူများနိုင်ငံမှာ ပင်ပမ်းဆင်းရဲ အလုပ်လုပ်နေတာ မင်းတို့အတွက်ဆိုတာကို မသိခဲ့လေသား မင်းမင်းရယ် ။ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ဒီလောက်တောင် ချနင်းစော်ကားရက်တယ်လား ။ မိန်းကလေးရယ် မင်းတော်တော် ရူးနှမ်းတာပဲ ။ ဒီလောက်တောင် ယောက်ျားရှားသလားလို့ မေးလိုက်ချင်တယ် ။ စိတ်ထဲက စကားလုံးတွေက လည်ချောင်းဝမှာတင် တစ်စို့နေတယ် ။ နောက်ဆုံး သိလိုက်ရတာက ဒီကလေးမဟာ မသိလို့မှားနေတာမဟုတ်ပဲ သိသိနဲ့အမှားဆိုတာကို ကြည်နူးသာယာနေသူဆိုတာပါပဲ ။ စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်ပါလားလို့ တွေးမိပြီးတဲ့နောက်
“အေး မင်းကိုနောက်ဆုံး ပြောလိုက်မယ် ။ နောက်ဆုတ်ချင်ဆုတ် မဆုတ်ချင်လဲနေ ။ ငါ့ချွေးမအဖြစ်တော့ လုံးဝ အသိမှတ်မပြုဘူး ။ အိမ်ထောင်ရှိနေတယ်ဆိုတာကို သိသိနဲ့ မိုက်တွင်းနက်နေတာ ။ ဒါ အချစ်မဟုတ်ဘူး ။ သာယာနေတာ ။ မိုက်လုံးကြီးနေတာ ။ ငါ့သားနဲ့သမီးအပေါ် ငါထားတဲ့စေတနာကို မင်းဘာမှ သေချာမသိဘဲ နောက်ကို မဝေဖန်ပါနဲ့ ။ဒါပဲ ”
“ ဆုတောင်းခဲ့ပါတယ် ။ အန်တီသမီးကြရင်လည်း ကျွန်မလို မဖြစ်ပါစေနဲ့”
“ အေး ဖြစ်တယ် မဖြစ်ဘူးဆိုတာထက် မင်းကြိမ်သလို ဖြစ်လာခဲ့ရင်တောင် ငါရအောင်ဆုံးမမယ် ။ ရအောင်ခွဲမယ် ။ ဘာလို့လည်းဆိုတော့ ငါ့သမီးကိုတော့ သူများမယားငယ်ဆိုတဲ့ အောက်တန်းကျတဲ့ ဘ၀မျိုး ဘယ်တော့မှ အရောက်မခံနိုင်လို့ပဲ ။ မိခင်တစ်ယောက် နေရာကို ရောက်လာတဲ့ တနေ့ကြရင် အခုငါ့ကိုစော်ကားခဲ့တဲ့ စကားလုံးတွေကို ပြန်သတိရပါစေ ။ ငါလို အဖြစ်မျိုး ရင်ဆိုင်ကြုံတွေ့ရရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ သိချင်ပါသေးတယ် ”
ပြောချင်တာ ပြောပြီးတာနဲ့ ဖုန်းကို တန်းချလိုက်တယ် ။ သူမဖုန်းနံပတ်ကိုလည်း တခါတည်း ဘလော့လုပ်လိုက် ပါတော့တယ် ။ မင်းမင်းဆီကို စာရိုက်ထားလိုက်တယ် ။
“ သား ဖခင်နေရာ ရောက်နေတာတောင် မိခင်တစ်ယောက် မေတ္တာကို မြင်အောင် မကြည့်တတ်သေးဘူးနော် ။ ခံစားနားမလည်တတ်သေးတဲ့ မင်းကိုမွေးမိတဲ့ အမေမှာပဲ အပြစ်ရှိပါတယ် ။ လောကကြီးမှာ သားသမီးတွေ ဘယ်လောက်ဆိုးဆိုး ပြန်မတိုက်ခိုက်တာ မိဘတွေပဲသား ။ သား သမီးဆိုတာ မိဘဆိုးမွေ ကောင်းမွေကို ခံစားကြရတယ်လို့ အမေ့သားက ခဏခဏ ပြောတတ်တယ်လေ ။ အေး ခု သားလုပ်သမျှကို အပြစ်မဲ့တဲ့ သားရဲ့ကလေးနှစ်ယောက် ခံစားဆက်ခံကြရတော့မယ် ။ တရားရဲ့လားလို့ သားကိုယ်သား ပြန်မေး ကြည့်ပါအုံးကွယ် ”
သားဆီကို စာလေးတွေပို့ပြီးချိန်မှာ ကျွန်မပါးပြင်ထက်မှာ မျက်ရည်မိုးတွေ ရွာသွန်းနေခဲ့ပါပြီ ။ သားရင်ထဲမှာ အမေဟာ သားကို ပစ်သွားတဲ့မိန်းမဆိုးကြီးလို့ ထင်နေခဲ့တာကို ။ ဒါပေမဲ့ သားရယ် အမေ့သားသမီးတွေအတွက် အမေ ကြိုးစားနေတာပါ ။ အမေ့လိုမေတ္တာမျိုး သားတို့ကို ဘယ်သူမှ မပေးနိုင်ဘူးဆိုတာ ယုံးမှားသံသယ မရှိပါနဲ့သားရယ် ။ မိဘကို ပြစ်မှား စော်ကားမိရင် အမေ့သားလေး ငရဲကြီးလိမ့်မယ် ။ ငရဲကြီးလိမ့်မယ် သားလေးရယ် ။
ခိုင်လေး ( ရွှေတောင် )
သြဂုတ်လ - ၂၀၁၆ ခုနှစ်
မဟေသီမဂ္ဂဇင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...