Monday, August 8, 2016

ဘွန္တောတို့ရေ

Tin Nyunt

အစိုးရသစ် ရင်ဆိုင်နေရတဲ့ အခက်အခဲ ဒုက္ခတွေကို အားလုံးသိပြီး ဖြစ်မယ်ထင်ပါတယ်။ နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခဲ့တဲ့ဒဏ် စုခံနေရတာ ကိုယ်ချင်းစာဖို့ လိုသဗျ။ အစိုးရဖြစ်လာတာနဲ့ ဥုံဖွဆိုပြီး မန်းမှုတ်လို့ ရသလားဗျာ။ ယခင်အစိုးရ နှစ်ပေါင်း ၅၀ ကျော် လုပ်သွားတာ တိုင်းပြည်ကြီး ဘယ်အခြေအနေရောက် နေပြီလဲဆိုတာ အားလုံးသိတော်မူကြတဲ့အတိုင်းပါ။
တစ်ခါတလေ အစိုးရဟောင်းအဖွဲ့ကလူတွေ ထထပြီးယောင်တာ အလွန်နားကြားပြင်းကပ်သဗျာ။ မနေ့ကလည်း ဘာတဲ့ ကိုဌေးဦးတစ်ယောက် ကယောင်ကတမ်းနဲ့
“ကျွန်တော်တို့ပြည်သူက ရွေးတဲ့ အစိုးရသည် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူရအောင် လုပ်ရမှာပဲ။ သူလုပ်နေတာတွေနဲ့ ပတ်သက်လို့ အံချော်နေတယ်ဆိုရင် ကျွန်တော်တို့က တည့်မတ်ပေးရမှာပေါ့” တဲ့။
ဟဲ … ဟဲ … အပြောလည်းကျတဲ့ ကိုဌေးဦးရေ သေချာတာ တစ်ခုက ဒီအစိုးရကို ရွေးချယ်ပေးတဲ့ အထဲမှာ ခင်ဗျားတို့ အုပ်စု မပါဘူးဆိုတာ ပထမ ပြောချင်သဗျ။
ဒုတိယတစ်ချက်ကတော့ ဒီအစိုးရ လုပ်နေတာတွေဟာ အံချော်နေတာတွေ မဟုတ်ဘူးဗျ။ ခင်ဗျားတို့ လုပ်ခဲ့တဲ့ အိုးအရွဲ့တွေကို စလောင်းအရွဲ့တွေနဲ့ လိုက်မဖုံးဘဲ အိုးတွေကို ပြန်ပြီးတော့ အတည့် ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေရတာနဲ့ ခရီးမရောက်နိုင်တာဗျ။ ကိုဌေးဦးရေ ဘာကိုသွားပြီး သတိရမိသလဲဆိုတော့ ရွာက တစ်ခုလပ် မငြိမ်း လင်ပြန်ယူတဲ့ညကိုပေါ့။ မငြိမ်းမှာ လင်ပါသား ၃ နှစ်သားလေးတစ်ယောက်ရှိ တယ်။ ကောင်လေးကလည်တယ်။ ပထွေးကို မကြည်ဖြူတော့ မငြိမ်းရဲ့ မင်္ဂလာဦးညမှ “အောင်မယ်လေး လုပ်ကြပါဦး ဗိုက်နာလိုက်တာ” လို့ ထထအော်တယ်။
ပထွေးနဲ့ အိပ်မယ်ကြံကာရှိသေး ထအော်တဲ့သားကို မငြိမ်းက ထထပြီး ဆေးတိုက်ရတယ်။ သားငြိမ်သွားတော့ “ကဲ … မငြိမ်းရေ ကဲကြရအောင်” ဆိုပြီး လင်အသစ်စက်စက်လေးက ပြောလို့ မကြာသေးဘူး ယောက္ခမက
“မငြိမ်းရေ … မငြိမ်း အမေ့ မီးခြစ်လေး ဘယ်နားမှာ သွားထားသလဲ” တဲ့။ မငြိမ်းတစ်ယောက် မီးခြစ်ထရှာ ပေးရပြန်တယ်။ အခြေအနေတွေ အေးပြီလို့ ထင်ထားပြီး မငြိမ်းက “ကဲ … ကိုရင်ရေ ကဲလို့ရပြီ” လို့ ပြော လိုက်ချိန်မှာ ရွာထဲက “သူခိုး … သူခိုး … လိုက်ဟ … မငြိမ်းတို့ အိမ်ထဲ ဝင်သွားတယ်” ဆိုလို့ တစ်အိမ်လုံး ထကြရပြန်ရော။
“ဒီတစ်ခါတော့ ကိုရင်ရေ ငြိမ်းချမ်းပြီထင်တယ်” လို့ ပြောရုံရှိသေးတယ်။
“ဆွမ်းချက်ရန် ထတော်မူကြပါ ဘွန္တော …” ဆိုတဲ့အသံကြောင့် မငြိမ်းအမေက
“မငြိမ်းရေ ထ … ထ … ဆွမ်းချက်ကြရအောင်” တဲ့။
ကဲ … တစ်ခုလပ် မငြိမ်းဘဝ ဘယ်မှာ လင့်အရသာ မြည်းခွင့်ရလိုက်လို့လဲ။
ကိုဌေးဦးရေ ခင်ဗျားကတော့ အစိုးရဖြစ်လာရင် တည်ငြိမ်အေးချမ်းအောင် လုပ်ရမယ်လို့ ပြောပြီး အသံကောင်း ဟစ်တော့တာပဲ။ အေးချမ်းပြီး ဇိမ်ခံချင်တာပေါ့ဗျာ။ ဒါပေမဲ့ သိတယ်မဟုတ်လား အဖျက်တွေက တယ်များ သဗျာ။ ဒါကြောင့် ဒီအတိုင်းပဲ မိုးလင်းခဲ့ရတာ။ ကျေးဇူးပြုပြီး ပါးစပ်လေးတွေ ပိတ်ထားရင် ပိုကောင်းမှာ။
၆.၈.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...