Wednesday, August 31, 2016

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစုပင်လုံညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ"

7Day News Journal

ဒီနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ ၊ကိုယ်စားလှယ်များနဲ့တကွ ယခုလိုအချိန်မှာ ကျွန်မတို့နဲ့အတူ စိတ်အားဖြင့်ရှိနေတဲ့ ပုဂိုလ်များအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ကောင်းကျိုးလိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ ကျွန်မစပါရစေ။

ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားတဲ့ ဧည်သည့်တော်များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံသာမက စိတ်ကောင်းစေတနာရဲ့ ကျွန်မတို့ရဲ့ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေများနဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက် အိမ်မက်တွေနဲ့လည်း လျံနေတာဖြစ်ပါတယ် ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဒီအိမ်မက်တွေ အကောင်အထည်ဖော်ပေးဖို့ဆိုတာ လွန်စွာမှ ကြီးမားတဲ့ တာဝန်ဖြစ်ပါတယ် ကြီးမားတယ်ဆိုလို့ ကြီးလေးတယ်လို့ ပြောလိုတာမဟုတ်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှိုင်းမဲ့စိတ်ချမ်းသာမှုကြီးကို မခံစားသွားရရှာတဲ့ ဒီလောကြီးက ထွက်ခွာသွားပြီဖြစ်တဲ့ နိုင်ငံရေးပုဂ္ဂိုလ်များအပေါ် သစ္စာစောင့်သိခြင်း ၊ လက်ရှိပစ္စုပ္ပန်မှာ ငြိမ်းချမ်းမှု မရှိတာကြောင့်မို့ ဒုက္ခအမျိုးမျိုးကို ခါးစည်းခံနေရတဲ့ ပြည်သူတွေပေါ်မှာထားတဲ့ ဂရုဏာကိုအတည်ပြုခြင်း ၊ ကျွန်မတို့ထားခဲ့မယ့် ကောင်းမွေဆိုးမွေမှန်သမျှကိုခံစားရမယ့် နောင်မျိုးဆက်သစ်တွေပေါ်မှာ မေတ္တာသက်သေထူခြင်းတို့အဖြစ် ထမ်းဆောင်ရတဲ့တာဝန်ဟာ ကြီးလေးတယ်လို့ ဘယ်တော့မှမရှိပါဘူး။ သမိုင်းမှတ်ကျောက်တင်လောက်တဲ့ လုပ်ငန်းကြီးတစ်ခု အောင်မြင်အောင်လုပ်နိုင်ဖို့ ဘာမှမတူတဲ့ ထူခြားတဲ့အခွင့်အရေးကြီးပဲဖြစ်ပါတယ်။ ဒီအခွင့်အရေးကြီးကို ကျွန်မတို့အားလုံးက ပညာသတ္တိ၊ လုံ့လဝီရိယတို့နဲ့ မိမိရရဆုပ်ကိုင်ဖို့ အလင်းရောင်သန်းတဲ့ အနာဂတ်တစ်ရပ် ဖော်ထုတ်ကြပါစို့။ မတူညီတဲ့အမြင်သဘောထားတွေကို ပြည်သူတွေကောင်းကျိုးအတွက် ညှိနှိုင်းဖြစ်စေတဲ့ ပညာ ၊လက်ခံသင့်တဲ့အပြုအမှု အတွေးအခေါ်သစ်တွေကို လက်ခံရဲတဲ့ သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်အထိ ရွက်ဆောင်နိုင်တဲ့ ဝီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မိမိတို့ရဲ့ ကဏ္ဍသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုရင် ကျွန်မတိုရဲ့ မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်စဉ်ကစပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့` နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ် ဆွေးနွေးပွဲဟာ တန်းတူရည်တူ အခွင့်အရေးတွေကို အာမခံခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားခြင်း ၊ အပြန်အလှန်ယုံကြည်မှုရယူခြင်းတို့နဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းတို့မှ အခြေခံမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရင်ကြားစေ့ရေးမူကိုအခြေခံတဲ့ အစိုးရကလည်း ဒီရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ NCA နဲ့ ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့အဖွဲ့တွေလည်းရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသားအားလုံးနဲ့ ဆိုင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအချင်းချင်းကြားက သင့်မြတ်ရေးလည်းပါဝင်ပါတယ်။ NCAလက်မှတ်ထိုးပြီးဖြစ်တဲ့အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့အဖွဲ့တွေကြားမှာ ဝိဝဒါကွဲပြားမှုတွေဖြစ်ပေါ်နေရင် ကျွန်မတို့ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ပါတယ်။ ကျွန်မတို့တိုင်းရင်းသားအချင်းချင်းကြားမှာ နားလည်မှုလွဲမှားတာတွေ စိတ်ဝမ်းကွဲမှုတွေမရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင် ကျွန်မတို့ကြိုးစားဆောင်ရွက်နေပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီးမှာ အစိုးရဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များ အပ်နှင်းလိုက်တဲ့ လုပ်ပိုင်အာဏာအရ နိုင်ငံသူနိုင်ငံသားတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တခဲ့ကြတဲ့ ရေရှည်တည်တံ့ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကိုရယူပေးဖို့ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားအားလုံးအပေါ် ယုံကြည်မှုအပြည့်အဝနဲ့ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့စတင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားညီညွှတ်ရေးမတည်ဆောက်နိုင်သမျှကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ အားလုံးညီညွှတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမယ် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမှ အခြားဒေသတွင်းနိုင်ငံတွေ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတွေနဲ့ရင်ဘောင်တန်းနိုင်မှာပါ အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ဆွေးနွေးရမယ် ညှိနှိုင်းရမယ် ဒီလိုမျိုးနိုင်ငံရေးစားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်းအဖြေရှာ ကြမယ်ဆိုရင် အားလုံးသဘောတူလက်ခံနိုင်တဲ့မူဘောင်တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ပြီးခဲ့တဲ့ ကာလမှာရေးဆွဲစဉ်ကတည်းက ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်နိုင်အောင်လုပ်ကြဖို့ ကျွန်မတို့တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေအရ ကျွန်မတို့ဒီလိုတိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်စဉ်ကစပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ပြန်လည်သုံးသပ်ရေးလုပ်ငန်းတွေကို NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ တချိန်တည်းမှာ လက်မှတ်မထိုးရသေးတဲ့ လက်ကျန်အဖွဲတွေလည်း မူဘောင်သုံးသပ်ရေးလုပ်ငန်းမှာ ပါဝင်လာနိုင်အောင်လို့ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေရဲ့မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသာနာတွေကိုဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန်နားလည်ဖို့ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းအဖြေရှာနိုင်ဖို့ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူထားပါတယ်။ ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေးအတွက်မျှော်လင့်ချက်ကို ညီညွှတ်ခြင်းပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ဟာဆိုရင် ကျွန်မတို့လက်ရှိ ရောက်ရှိနေတဲ့ ၂၁ ရာစုအတွက်လည်း မရှိမဖြစ်လိုအပ်ချက်ဖြစ်နေပါတယ်။ ကျွန်မတို့အားလုံးမျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူရည်တူ စုပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်စေမယ့် ၂၀ ရာစုပင်လုံညီလာခံနဲ့ တူညီတဲ့ ၂၁ ရာစုပင်လုံညီလာခံတစ်ခု ကျင်းပနိုင်ဖို့ အထူးပဲလိုအပ်ခဲ့ပါတယ်။ ဒါဟာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာစေတဲ့ နောက်ခံအတွေးအခေါ်တွေဖြစ်ပါတယ်။ ကျွန်မတို့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ကြီးတစ်ခုအနေနဲ့ ဒီညီလာခံစတင်ကျင်းပနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ် ၄ လ ၉ ရက်နေ့ကစတင်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ညီလာခံအကြို ပြင်ဆင်ရေးကော်မတီဖွဲ့စည်းပြီး တဖက်မှာလည်း Myanmar Peace Centre ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို တည်ထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက်ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ အရင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ် NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မကိုယ်တိုင်ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး UPDJC အစည်းအဝေးကို နှစ်ကြိမ် ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်နိုင်ရေးညှိနှိုင်း အစည်းအဝေးပွဲ (JICM) ကိုလည်း တစ်ကြိမ်ခေါ်ယူပြီး ကျင်းပနိုင်ခဲ့ပါတယ်။ NCA လက်မှတ်ထိုးပြီးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း နှစ်ကြိမ်တွေဆုံခဲ့ပါတယ်။ လက်မှတ် မထိုးရသေးတဲ့အဖွဲ့များနဲ့ ပတ်သက်၍ဆိုရင် UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး ဝအထူးဒေသနှစ်နဲ့ အထူးဒေသလေး မိုင်လားခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ် ညီလာခံကျင်းပတဲ့အခါမှာ ကျွန်မတို့အစိုးရသက်သက်ချည်းမဟုတ်ဘဲ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့စတဲ့ သုံးပွင့်ဆိုင်ပူးတွဲကျင်းပနေတဲ့ အနေအထားမျိုးဖြစ်အောင် ပူးတွဲကော်မတီတစ်ရပ်ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ မှာလည်း NCA ကို လက်မှတ်ထိုးပြီးသားရော မထိုးရသေးတဲ့ အဖွဲ့တွေရော ပါဝင်လာနိုင်အောင် အားလုံး ညှိနှိုင်းပြီးဆောင်ရွက်ခဲ့ပါတယ် လုပ်ရမယ့်အလုပ်တွေ များပြားလှတာကြောင့် ညီလာခံကျင်းပမယ့်အချိန်ကို ရွေ့ဆိုင်းပေးဖို့ တချို့ပြောကြလာတာတောင် ရှိခဲ့ပါတယ် ဒါပေမဲ့ ကျွန်မတို့အားလုံးစည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ အားကြိုးမာန်တက်ဆောင်ရွက်နိုင်ခဲ့ကြလို့ နှစ်ပေါင်းများစွာကတည်းက ကျင်းပသင့်ခဲ့တဲ့ ညီလာခံကြီးကို အောင်အောင်မြင်မြင်နဲ့ ဒီနေ့ကျင်းပနိုင်ပါပြီ။ ဒီအတွေ့အကြုံကြောင့် ပါဝင်ပတ်သက်သူတွေကြားယုံကြည်မှုတွေကို ပိုမိုပြီး ခိုင်မာလာစေခဲ့ပြီး ဖြစ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိခဲ့ပေးကြပေမယ့်လည်း ကျွန်မတို့အားလုံး ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရေးကို ဘုံရည်မှန်းချက်အဖြစ် ထားပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြတာဖြစ်ပါတယ် ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ ရာစုတဝက်ကျော် နှစ်ပေါင်း ၇၀ နီးပါး သက်တမ်းရှည်ကြာခဲ့ပြီးဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ပြည်တွင်း စစ်ချုပ်ငြိမ်းဖို့နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးပန်းတိုင်းနဲ့ အလှမ်းကွားဝေးခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ကျွန်မတို့သင်ခန်းစာယူပြီး ကျွန်မတို့ခေတ် ကျွန်မတို့အချိန်အခါမှာ ကျွန်မတို့ အားလုံးစုပေါင်းပြီး သမိုင်းသစ်ကို ရေးသားကြရမှာဖြစ်ပါတယ်။ အခုဆိုရင် တစ်နိုင်ငံမှာရှိကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါတယ် မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသမှာရှိနေကြတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ညီလာခံကြီးဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီးဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေထဲမှာ်အရွယ်အမျိုးမျိုး ပါနေကြပါတယ် သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာကြာခဲ့ပါပြီ။ ဒီတခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ် သူတို့ရဲ့ဒုက္ခတွေကို ကျွန်မတို့တွေ မေ့လို့မရပါဘူး ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့နိုင်ငံရေးပြသာနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ၂၁ ရာစုပင်လုံညီလာခံကြီးကနေတဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့တွေ စတင်လျှောက်လှမ်းလိုက်ပြီဖြစ်ပါတယ် ဘယ်အထိရောက်မလဲ ငြိမ်းချမ်းရေးကိုရအောင် လှမ်းနိုင်မလားဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေကြပါတယ် ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးပေါ်မှာမူတည်နေပါတယ် လူဘောင်အသိုင်းအဝိုင်းရဲ့ အစုအဝေးအဖွဲ့တွေ ပါဝင်ပတ်သက်မှုမရှိဘဲ ငြိမ်းချမ်းရေးကိုမရရှိနိုင်ပါဘူး လူထုအခြေပြုအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံအပြားမှာ အရေးကြီးပြီး တက်ကြွတဲ့အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာပါဝင်ခဲ့ကြပါတယ် ကျွန်မတို့ရဲ့ တိုင်းပြည်တလွှား ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေရရှိအောင် အားကြိုးမာန်တက်ဆောင်ရွက်ကြဖို့အားလုံးကို ဒီနေရာကနေ ချီးကျူးဂုဏ်ပြုလိုက်ပါတယ် အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွန်းအားရမိပါတယ် ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ လူငယ်တွေဟာ တိုင်းပြည်အနှံမှာ ၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုပွဲတွေပြုလုပ်ခဲ့ကြပါတယ် ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိဘဲ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ပါဘူး ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်တွေက အထက်က သက်သက်ချပေးလို့ရတဲ့အရာမဟုတ်ပါဘူး ငြိမ်းချမ်းရေးဆိုတာ ညီလာခံခန်းမတွေမှာ မွေးဖွားပေါ်ပေါက်လာတာ မဟုတ်ပါဘူး ငြိမ်းချမ်းရေးအတွက်ပြည်သူအားလုံးရဲ့ တက်ကြွတဲ့ပါဝင်လှုပ်ရှားမှု ထောက်ခံအားပေးမှုတွေ လိုအပ်ပါတယ် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့တိုင်းသူပြည်သားအားလုံးဟာ မဆုတ်မနစ်တဲ့ သတ္တိနဲ့သံထိပ်ဓာန်ကိုအကြိမ်ကြိမ်ပြခဲ့ပြီးဖြစ်ပါတယ် ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဘယ်လောက်ခက်ခဲပါစေ ကိုယ်ရဲ့ခေါင်းဆောင်တွေ ဥာဏ်အမြော်အမြင် ၊ သတ္တိ၊ စာနာမှုတွေနဲ့ ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ် ကျွန်မတို့ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ အကျိုးစီးပွားအတွက် အဓိက မဟုတ်ပါဘူး အနာဂတ်မျိုးဆက်သစ်တွေ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန်ကြီးပြင်းလာနိုင်ဖို့အတွက်ဖြစ်ပါတယ် ကျွန်မတို့ရဲ့နောက်လာမယ့်မျိုးဆက်တွေဟာ ပဋိပက္ခတွေ ဆုံးရှုံးမှုနစ်နာတွေကြောင့် စိတ်ခံစားအနာတရတွေ ဘယ်တော့မရသင့်တော့ပါဘူး ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည်ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ် ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွင်ဂုဏ်ယူဖွယ်ဖြစ်လာပါမယ် နောက်ဆုံးကျွန်မတိုရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ်နဲ့ မိမိတို့ရဲ့ ပင်ကိုယ်အရည်အချင်းတွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့်သွားနိုင်ကြမှာပါ နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ရဲ့ပြည်သူတွေနဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောပါရစေ မှန်ကန်တဲ့အဖြေကို အတူတကွ ရှာဖွေဖော်ထုတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာနိုင်မှာဖြစ်ပါတယ် ကိုယ်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့ တကယ့်အရှင်သခင်ဖြစ်တယ်ဆိုတဲ့ စကားရှိပါတယ် တတိုင်းပြည်လုံး အိပ်မက်တွေကို အမှန်တကယ်လက်တွေ အကောင်အထည်ပေါ်လာအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ်ကိုကိုယ်လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေဖြစ်ကြမှာပါ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ နိုင်ငံရဲ့ဖခင်ကြီးတွေဟာ ကိုယ်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ်ဘာသာဖန်တီးနိုင်တဲ့ အခွင့်အရေးကို မျှော်မှန်ခဲ့ပါတယ် ရရှိဖို့ကြိုးစားခဲ့ပါတယ် ရှင်းလင်းတိကျတဲ့ရေရှည်အမြင် ၊ ခိုင်မာတဲ့ သံန္နိဋ္ဌာန်တို့နဲ့ ညီညွှတ်ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ဝင့်ကြွားစွာကျင့်သုံကြပါစို့ အားလုံးကိုကျေးဇူးတင်ပါတယ် ။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...