Saturday, August 13, 2016

ရီပို့ကတ်လေးများမှ တစ်ဆင့်


မီးလင်းတာမြင်ရင် အက်ဒီဆင်ကို ကျေးဇူးတင်။ အက်ဒီဆင်ကို
ကျေးဇူးတင်ရင် အက်ဒီဆင်ရဲ့အမေကိုလည်း ကျေးဇူးတင်။
အဲဒီလို အစပြုပြီး လူကြီးနှင့် ကလေး တစ်စု စကားဝိုင်းဖွဲ့ကြ
ပါတယ်။
.
တစ်ခါက ကလေး တစ်ယောက် ကျောင်းက ပြန်လာ ဆရာမရဲ့
စာကို သူ့မေမေ လက်ထဲအပ် မေမေက ဖတ်ပြီးတော့ ပြုံးတယ်။


မင်း မဖတ်ရဘူး၊ ဒါ မင်း မေမေ တစ်ယောက် တည်းပဲ ဖတ်
ရမှာဆိုတဲ့ စာမှာ ဘာတွေ ပါပါလိမ့်။ မေမေက ပြန်ပြောပြ
တာပေါ့။ “သားဟာ တော်လွန်းတော့ သင်ပေးနိုင်မယ့် ဆရာမ
ကျောင်းမှာ မရှိဘူးတဲ့၊ မေမေပဲ သင်ပေးလိုက်ပါလို့ မှာလိုက်
တာ” တဲ့။
.
အဲဒီ ကလေးဟာ တစ်ချိန်မှာတော့ လျှပ်စစ်မီးသီးတွေ တီထွင်တဲ့
သောမတ်စ် အက်ဒီဆင် ဖြစ်လာတာပေါ့။ ပညာရှင်ကြီးပဲလို့
ကလေးတွေက ရေရွတ်ကြပါတယ်။ အေး ဟုတ်တယ် သူ့မေမေ
ဆုံးပြီး အတော်ကြာမှ အဲဒီ ပညာရှင်ကြီးဟာ မေမေ တစ်ယောက်ပဲ
ဖတ်ရမယ့် စာကို ကြည့်တဲ့အခါ “ရှင့်သားဟာ သင်ပေးလို့
မရလောက်အောင် ဥာဏ်မမီဘူး၊ ဒါကြောင့် ကျောင်းက လက်
မခံတော့ပါ”လို့ အဓိပ္ပာယ်ရတဲ့စာဖြစ်နေတာကို တွေ့တယ်တဲ့။
ကလေးတွေက “ဟာ”လို့ ရေရွတ်ကြပြီး အက်ဒီဆင်ရဲ့
မေမေကို စိတ်ကူးထဲ ပုံဖော် ကြည့်ကြပါတယ်။ ပြီးတော့မှ
“ဟုတ်တယ်၊ အက်ဒီဆင် မေမေကိုလည်း ကျေးဇူးတင်တယ်”လို့
တကယ် စိတ်ပါလက်ပါ အသိအမှတ် ပြုကြတာပါပဲ။
--------*--------*------------
တစ်ခါကလည်း မူလတန်းကလေးတစ်ယောက် ကျောင်းက
ပြန်လာ Report Card ခေါ်တဲ့ လစဉ် အစီရင်ခံစာကို အဖေ့
လက်ထဲ အပ်ပါ တယ်။ အဖေ ဖတ်ပြီးတဲ့အခါ သားကို ဆူ
ပါတယ်။ “ဟေ့...ဒီမှာ ဒါတော့ အဖေ လက်မခံနိုင်တော့
ဘူးကွာ၊ ဘယ်နှယ့် စာညံ့တယ် ဆိုရင် တော်သေးတယ်
စည်းကမ်းရိုသေမှု “သင့်”ဆိုတာတော့ မဟုတ်သေးဘူးတဲ့။
ကလေးဟာ တွေးရခက်သွားပါတယ်။ အတော်ကြာ စဉ်းစား
ပြီးမှ သားလည်း ကောင်းကောင်း နေတာပဲ”လို့ ဖြေပါသတဲ့။
“ကောင်းကောင်းနေရင် စည်းကမ်းရိုသေမှု “ကောင်း” ဖြစ်
ရမှာပေါ့။ သား ကျောင်းမှာ ဘာတွေ မှားသလဲ၊ အဆော့
သန်လား၊ စာသင် နေချိန်မှာ ဘာလုပ်နေလဲ” စသဖြင့် အဖေ့
အမေးတွေကို ကလေးက မှတ်မိသလောက် ပြန်စဉ်းစား
ပေမယ့် သူ ကောင်းကောင်း နေခဲ့တာကိုပဲ သိတယ်။
တခြား ဘာမှ ၀န်ခံစရာ လည်း မတွေ့ရှာပါဘူး။ အဖေက
မကျေမချမ်းနဲ့ လက်မှတ်သာ ထိုးပေးလိုက်ရတယ် နောက်လ
Report Card ထဲမှာ ဒီလို ပါလို့ကတော့ အဖေကိုယ်တိုင်
လိုက်လာပြီး ဆရာမ တိုင်တာကို နားထောင်မယ်လို့ သတိ
ပေးပါ သတဲ့။
.
ကျောင်းကို ပြန်ရောက်တော့ ကလေးဟာ နံဘေးက
သူငယ်ချင်းတွေရဲ့ ကတ်ပြားတွေ တောင်းယူကြည့်တော့
အားလုံးမှာ စည်းကမ်း ရိုသေမှု “သင့်” ဆိုတာတွေပဲ
တွေ့ရပါတယ်။ အတန်းထဲက ကျန်သူ အားလုံးနီးပါးကို
မေးကြည့်တော့လည်း သူ့လိုပဲ တူညီ မှတ်ချက် ပေးထား
ကြောင်း သိရပါတယ်။ ဒီကလေး ကြီးလာမှ စဉ်းစားမိ
တာတော့ ဆရာမဟာ ကလေးအားလုံးကို တစ်ဦးချင်း
မသုံးသပ်နိုင်တဲ့ အဆုံး ယေဘုယျ မှတ်ချက်ပဲ ပေးလိုက်
တယ်လို့ ယူဆလိုက်ပါတော့တယ်။ ကျောင်းသား ၅၀
ကျော်လောက် ရှိတဲ့ အတန်းထဲမှာ အားလုံးဟာ
စည်းကမ်းနဲ့ ပတ်သက်ရင် တစ်ပုံစံတည်းတော့ မဖြစ်နိုင်
ဘူးလို့ တွေးနေမိပါသတဲ့။
--------*--------*---------
ဗြိတိန်နိုင်ငံရှိ ပေါင်းကူးကျောင်းနှင့် အားကစား ကောလိပ်
တစ်ခုမှ ကျောင်းသားတစ်ဦးထံ ကျောင်းအုပ်ကြီး ရေးတဲ့
စာမှာ အခုလို ပါရှိပါတယ်။ ကလေးရေ တို့ကျောင်းက
စမ်းသပ်ချက်အရ မင်းရဲ့ ရလဒ် မကောင်းလှ တာကို
စိတ်မပျက်ပါနဲ့။ ဒီစမ်းသပ်တွေ့ရှိချက်ဟာ မင်းရဲ့ အရည်
အချင်းတွေ အားလုံးကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ မဆိုစလောက်
နည်းနည်းလေးပဲ စမ်းသပ် တွေ့ရှိချက်ပါ။
.
မင်းမှာ ရှိတဲ့ အနုပညာ ပါရမီတွေ၊ ကိုယ့်အားကိုယ်ကိုးလို
စိတ်တွေ၊ ကြင်နာ သနားတတ်တဲ့ စိတ်တွေကို ထည့်
မတိုင်းတာ နိုင်ခဲ့ပါဘူးလို့ ဆိုလိုရင်းနဲ့ အားပေးတဲ့စာ ဖြစ်
ပါတယ်။ အဲဒီကလေးရဲ့ အရည်အသွေးတွေ ထဲက
အသင်းအဖွဲ့နဲ့ စုပေါင်း လုပ်နိုင်စွမ်းတွေ၊ ကိုယ့်ထင်မြင်
ယူဆချက်ကို ပြန်ပြောနိုင်စွမ်း တွေ၊ အားကစား စွမ်းရည်တွေ၊
ပေါင်းသင်း ဆက်ဆံရေး အရည်အချင်းတွေ၊ ကိုယ့်
တိုးတက်မှုအတွက် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းတွေ၊ ပင်ကို
အရည်အချင်းကို ဖန်တီး တည်ဆောက် နိုင်စွမ်းတွေ၊ ဂီတ
စွမ်းရည်တွေ စသဖြင့် အရည်အချင်းတွေကိုလည်း
ဒီစမ်းသပ်မှုမှာ မစစ်ဆေးနိုင်ခဲ့ပါဘူး။ တကယ်တော့
ဒီကလေးဟာ မွေးချင်း သုံးယောက်ထဲမှာ ဉာဏ်ရည်ချို့
ကလေးပါ။ သူ့မိခင်ကိုယ်တိုင်က ကျောင်းအုပ်ကြီးရဲ့
အားပေးနှစ်သိမ့်စာကို ကြည်နူးစိတ်နဲ့ ကျေးဇူးတင်စွာ
အများသိအောင် Twitter ခေါ်တဲ့ လူမှု စာမျက်နှာမှာ
ပြန်ဝေမျှ ခဲ့တာပါ။
.
ကျွန်တော်တို့ဆီမှာ ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ
စတင်နေချိန် အတန်းကျောင်း များမှာ ကလေးတွေကို
အမှတ်စဉ် အတိအကျ ထုတ်မပေးပဲ Grade ခေါ် A, B, C.....
စသဖြင့် သတ်မှတ်ပြီးသာ ဖော်ပြမယ်လို့ ဆိုတဲ့အခါ ကလေး
မိဘ အများစုကြားမှာ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း
ထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ အသံစုံကိုလည်း ကြား
ရတာပါပဲ။ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ပေါ့လေ။ ကိုယ့်
သားသမီးဟာ အမြဲတမ်း အဆင့်တစ် ဖြစ်ရမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အားကုန်စိုက် လေ့ကျင့်ပေးလာခဲ့တဲ့ မိဘတွေ
ထံက ဘ၀င်မကျ လေသံ ဝေဖန်ချက်တွေ ကြားရသလို
သဘောတူသူတွေထံကလည်း ဒါဟာ ခွဲခြား ဆက်ဆံခံရမှုကို
ကျဉ်းမြောင်း သွားစေတယ်။
စာမေးပွဲအမှတ် အထူးသဖြင့် စာကျက်နိုင်စွမ်းကို တိုင်းတာတဲ့
အမှတ်ကလေး တစ်မှတ်၊ နှစ်မှတ်အပေါ် မူတည်ပြီး မဆိုစလောက်
လျော့နည်းခဲ့ရင် ကလေးတွေ ခံစားရမယ့် နာကျင်မှုကို
ကုစားနိုင်မယ်လို့ သဘောထားကြသူတွေလည်း ရှိပါတယ်။
စာကျက် ဂဏန်းတွက်နိုင်စွမ်းကသာ ပညာ အရည်အချင်းလို့
သတ်မှတ်ရ ခက်ကြောင်း၊ ကျောင်းသားကလေးတစ်ယောက်ရဲ့
အရည်အချင်းတွေကိုလည်း ထုတ်ဖော် အားပေးနေရမှာ ဖြစ်ကြောင်း
ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီးမို့ အထူး မဖော်ပြတော့ပါဘူး။
--------*--------*---------
ကလေးတစ်ယောက် တော်တယ် ညံ့တယ် ဆိုတာ ဘာနဲ့
တိုင်းတာခဲ့ကြပါသလဲ။ အရင် ပေတံဟောင်းကိုပဲ အမြဲ
ဆက်ကိုင်ထားမလား၊ နောက်ထပ် ပေတံ အသစ်တွေဆီက
ရတဲ့ ခွန်အားတွေနဲ့ ထူးချွန် ကျောင်းသားအသစ်တွေ၊ စိတ်
နှလုံးကောင်းမြတ်တဲ့ ကျောင်းသားသစ်တွေ ရှာဖွေကြည့်
ကြမယ် ဆိုရင်ကော။
.
သေချာတာကတော့ ပညာရေးကို အခြေခံပြီး ခေတ်ကြီးကို
ဦးဆောင်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေးတွေရဲ့
ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကို ရှာဖွေ အားပေးလေ့
ရှိတာပါပဲ။ “ဒီမှာ ကြည့်စမ်း၊ မင်းအိတ်ထဲက ထွက်လာတာ
အဖိုးတန် ကျောက်မျက်ရတနာလေး၊ မင်းကိုယ်တိုင်တောင်
မသိဘူး မဟုတ်လား၊ မင်းကတော့ တကယ့်ကို တန်ဖိုး
ကြီးတဲ့ ရတနာပိုင်ရှင်ပဲ” ဆိုတာမျိုး။ ငါတစ်နေရာမှာ ညံ့
နေပေမယ့် ငါစွမ်းနိုင်တဲ့ နေရာလည်း ရှိတာပဲ။ အားနည်းတဲ့
နေရာကို ပိုကြိုးစားပြီး၊ အားသာချက်တွေ ကိုလည်း
ပိုကောင်းစေရမယ်လို့ ကလေးတွေ ခံယူနိုင်အောင်ပါ။
ဘောလုံးကစားတယ်ဆိုရင် အများစုက ခြေတစ်ဖက်က
ပိုသန်ကြသလိုပေါ့။ ဥပမာ-ညာသန်ဟာ ဘယ်ခြေ
အားနည်းတတ် ကြတယ်။ ဒါပေမဲ့ အနည်းဆုံး ဘယ်ခြေ
နဲ့လည်း ကန်နိုင်အောင်တော့ အချိန်ယူ ကျင့်မယ်၊
သန်ပြီးသား ညာခြေနဲ့လည်း ပို့နိုင်ပေးနိုင် ဆွဲပြေးနိုင် ဂိုးသွင်း
နိုင်ရမယ် ဆိုတာမျိုးပေါ့။
.
တကယ်တော့ စာမေးပွဲအမှတ်စာရင်းနဲ့ ဆရာ၊ ဆရာမ
များရဲ့ မှတ်ချက် ဆိုတာ တူမယောင်နဲ့ ကွာခြားလှ
ပါလား။
အားနည်းချက်၊ အားသာချက် ကိုယ်စီ ရှိကြတဲ့ ကလေးတိုင်း
အပေါ် စာနာစိတ်၊ နှစ်သိမ့်ပေးလိုစိတ်များနဲ့ အားပေး
လိုက်တဲ့သတင်းစကားတွေဟာ ကလေးတွေရဲ့ ဘဝ
အချိုးအကွေ့တွေအတွက် အရေးကြီးလှတဲ့ ထိန်းကျောင်း
ကိုင်တွယ်မှု ပါလားလို့ တွေးမိပါတယ်။
.
‪#‎မင်းကိုနိုင်‬
ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၃ မင်းကိုနိုင် ဆောင်းပါး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...