အမှိုက်ကားနိယာမ
Aye Chan Mon
သိပ်မကြာခင်တုန်းက ကျွန်တော်လေဆိပ်သွားဖို့အတွက် တက္ကစီ တစ်စီးကို တားစီးခဲ့တယ်။ လမ်းမှာ အကွေ့လမ်းကနေ ကားတစ်စီးဟာ ကျွန်တော်တို့ တက္ကစီရှေ့ကို အရှိန်နဲ့ အတင်းထွက်လာတယ်။
တော်သေးတာပေါ့။ တက္ကစီသမားက ဘရိတ်ကို အမြန်ဆောင့်နင်းချလိုက်ပေလို့။
မဟုတ်ရင် ကျွန်တော်ရော တက္ကစီသမားပါ ပွဲချင်းပြီး သေနိုင်တယ်။ အဲဒီအချိန်မှာ
တဖက်ကားလူက ဆင်းလာ ပြီးတော့ တက္ကစီသမားကို ဆဲဆိုပါလေရော။
ဒါပေမယ့် တက္ကစီသမားကြီးဟာ ကားပေါ်က နည်းနည်းလေးမှမဆင်း၊ ပြုံးပြီးတော့ လက်ကာပြလို့ အသာငြိမ်နေတယ်။ ဒီတော့ တဖက်လူလည်း ဘာမှထပ်ရန်မရှာတော့ပဲ သူ့ကားပေါ်သူ ပြန်တက်လို့ ထွက်သွားခဲ့တယ်။
ကျွန်တော်ကမေးတယ်။ "ဦးလေး! ဒီလူက စမိုက်ရိုင်းတာလေဗျ။ သူ့ကွေ့ကြောက ဦးစားပေး မှမဟုတ် ပဲ အရှိန်နဲ့ တက်လာပြီးတော့.. တိုက်ကုန်ရင် ဦးလေးရော ကျွန်တော်ရော သေသွားနိုင်တယ်။ မသေတောင် ဆေးရုံတော့ အနည်းဆုံးရောက်မှာ။ အဲ့ဒါကိုတောင် မကျေမနပ်နိုင် သူကပဲ ဆင်းလာ ရန်ရှာ ရတယ်လို့။ အဲဒါကို ဦးလေးက ဘာလို့ ငြိမ်ခံရတာတုန်း!"
အဲဒီလို ကျွန်တော်က ပြောတော့ တက္ကစီသမားကြီးက အခု ကျွန်တော် ပို့စ်ရဲ့ အကြောင်းအရာ ဖြစ်တဲ့ "အမှိုက်ကားနိယာမ" ကို ရှင်းပြခဲ့ပါတယ်။
လူတွေ တော်တော်များများဟာ အမှိုက်ကားတွေလိုပါပဲကွာတဲ့။ အမှိုက်တွေ အပြည့်တင်ပြီးတော့ သူတို့ နိစ္စဓူဝ အလုပ်ကို လုပ်ကိုင်နေကြတတ်တယ်တဲ့။ ပူပန်ခြင်းတွေ ပြည့်နေတယ်။ ဒေါသတွေ ပြည့်နေတယ်။ စိတ်ပျက်ခြင်း စိတ်ကုန်ခြင်းတွေ ပြည့်နေတယ်တဲ့။
ဒီတော့ ဒီလို ပြည့်လာတဲ့ အမှိုက်တွေကို တစ်နေရာမှာ သွန်ချရတာ ဓမ္မတာပါပဲတဲ့။ ဒီတော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ဒီလိုလူတွေနဲ့ ကြုံဆုံလာရတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့ လာသွန်ချသွားတတ်ကြတယ်တဲ့။
ဒါ့ကြောင့် သူတို့ကို အပြစ်မမြင်သလို အမှိုက်ကိုလည်း လက်မခံတာ အကောင်းဆုံး။ လက်ခံမိခဲ့ရင် ကိုယ့်အမှိုက်ဖြစ်လာပြီးတော့ ကိုယ်က နောက်တစ်ယောက်အပေါ်ကို ပြန်ပစ်ရတော့မယ်။ ဒီအခါ မဆုံးတော့ဘူး။ ဒါ့ကြောင့် ပြုံးပြ နှုတ်ဆက်လို့ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်သွားပါတဲ့ဗျာ။ ကောင်းလိုက်တဲ့ ဆုံးမစကားလေး။
တကယ်အေးချမ်းတဲ့ဘဝပိုင်ရှင်တွေဟာ ဘယ်တော့မှ အမှိုက်ကားလို လူတွေရဲ့ အမှိုက်ပစ်တဲ့နေရာ အဖြစ်မခံကြဘူးဗျ။ ဘဝဆိုတာ တိုတောင်းလွန်းလှပါတယ်။ ဘယ်သူမှ အမှိုက်တွေနဲ့ နံစော်ပြီးတော့ နေ့စဉ် မနိုးထသင့်သလို အမှိုက်ကိစ္စတွေနဲ့ချည့်ပဲ အချိန်ကုန် မနေသင့်ဘူး။ တန်ဖိုးရှိတဲ့ နေ့ရက်တွေ ပိုင်ဆိုင်လာစေဖို့ အမှိုက်ကားနဲ့တူတဲ့ လူတွေကို ပြုံးပြပြီး နှုတ်ဆက်ထွက်ခွာ တတ်ကြပါစေဗျာ။
- မှတ်စုကြမ်း #kyawnge
မှတ်စုကြမ်း

0 comments:
Post a Comment