Wednesday, August 31, 2016

ပုံပြင်လေးများ


ပုံပြင် (၁)
ရွာတစ်ရွာက ကလေးမလေးတစ်ယောက်
ကျောင်းကို နေ့တိုင်းတစ်ယောက်ထဲ
အဝေးကြီးသွားသွားတက်ရတယ်...
တစ်နေ့ ညနေကျောင်းဆင်းချိန်မှာ
မိုးတွေရုတ်တရတ် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေလျှပ်လာတယ်
အမေဖြစ်သူက သမီးကို အရမ်းစိတ်ပူသွားပြီး
ကျောင်းကပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန်နင်းသွားရှာတာပေါ့...

သူ့သမီးကို လမ်းခုလတ်မှာတွေ့တဲ့အခါ အမေဖြစ်သူ ကြောင် သွားသည်။
သမီးဖြစ်သူက လျှပ်စီးတစ်ခါလျှပ်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင်ကိုခေါင်းမော့ကြည့်တယ်. ပြီးတော့ ရယ်ပြတယ်..
တော်တော်ကြာရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီးတွန်းသွားရင်း မေးလိုက်တယ်..
"သမီးလေး.. သမီး ဘာလုပ်နေတာလဲ.."
သမီးက ပြန်ဖြေတယ်.." မိုးပေါ်က နတ်မင်းကြီးက သမီးကို ဓာတ်ပုံရိုက်ပေးလို့ ပြုံးပြနေတာ မေမေ.. "
***( လူတွေ အများဆုံးလွယ်လွယ်နဲ့ မှားတဲ့ အမှားက
မိမိရဲ့ ဦးနှောက်ထဲက အတွေးနဲ့ သူတစ်ပါးကို သွားနားလည်တာပဲ.
အရာရာက သင့်အတွေးထဲက အတိုင်းပဲဖြစ်မယ် ထင်နေလို့လား
သင် အခု ဒီစာမဖတ်သေးခင်အထိ အရာဘယ်နှစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ်ဆုံးဖြတ်ပြီး
ဘယ်လောက်တောင်မှ လှပတဲ့ အတိတ်တွေကို လက်လွတ်ဆုံးရှုံးခဲ့သလဲ..
လူ့ဘဝကို အတွေးမလွန်ဘဲ ပေါ့ပေါ့ပါးပါးနေပြီး
ပျော်ပျော်ရွှင်ရွှင် ခံစား ဖြတ်သန်းကြည့်ပါ )***

ပုံပြင် (၂ )
အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အင်မတန်မှ အောင်မြင်ကျော်ဇောသော သူဌေးသားတစ်ယောက်သည် သူ့အဖေကိုခေါ်ပြီး အင်မတန်မှ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာခေါ်သွားစားသည်။
ညစာစားနေတုန်း နာမည်ကြီး စန္ဒယားဆရာတစ်ယောက်က စင်ပေါ်တက်လာပြီး ဖျော်ဖြေတင်ဆက်လေသည်။
သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွားအမှတ်ရသည်။
အဖေ့ဘက်ကို လှည့်ပြီးပြောသည်
" ကျနော်သာ ငယ်ငယ်က စန္ဒယားကို ကောင်းကောင်းသင်ခဲ့ရင်
အခုစင်ပေါ်မှာ စန္ဒယားတီးနေတဲ့သူက သားဖြစ်ချင် ဖြစ်နေမှာ"
"ဟုတ်တယ် သား.. " သူ့အဖေက ပြန်ဖြေတယ်..
" ဒါပေမယ့် အဲလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ သားဖြစ်ချင်မှဖြစ်နေမှာ "
***( တစ်ခါတစ်လေ ကျနော်တို့သည် လက်လွတ်သွားတဲ့ အခွင့်အရေးကို
တမြောတသဖြစ်ကာ သက်ပြင်းချမိနေတတ်ပြီး
မိမိရောက်ရှိနေတဲ့ နေရာရဲ့တန်ဖိုးကို သတိမထားမိတတ်ကြပေ။)***

ပုံပြင် (၃)
အမေနဲ့ သား ဈေးအတူတူသွားကြသည်။
ကုန်စုံဆိုင် ဆိုင်ရှင်က ကလေးလေးကိုတွေ့တာနဲ့
အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကိုနှိုက်ယူခိုင်းသည်။
ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။
အတန်တန်ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာ
သကြားလုံးတစ်ဆုပ်ယူပြီး အိပ်ကပ်ထဲထိုးထည့်ပေးလိုက်သည်။
ဈေးကပြန်လာတော့ အမေဖြစ်သူက သားကိုမေးသည်။
"သကြားလုံးကြိုက်တတ်ရက်သားနဲ့ ဒီလောက်ယူခိုင်းနေတာသားရယ် ဘာဖြစ်လို့မယူရတာလဲ"
သားက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကိုပြန်ဖြေသည်..
"ဘာဖြစ်လို့လဲဆိုတော့ သားလက်ကပိုသေးတယ်..
ဆိုင်ရှင်လက်က ပိုကြီးတယ်လေ.
သူထည့်ပေးရင် ကျနော်ယူတာထက် ကျိန်းသေပိုများမှာသားသိလို့.."
***( ဒီကလေးဟာ သူ့ရဲ့ limit ကို သူနားလည်တယ်
ဒါ့အပြင် သူများက သူ့ထက်သာမှန်း ပိုပြီးနားလည်တယ်။
တစ်ခါတစ်လေ ကျနော်တို့သည် အရာရာကို မိမိအားနဲ့မမျှရင်
အခြားကိုယ့်ထက် အားသာတဲ့ သူအပေါ် မနာလိုမဖြစ်သင့်ဘဲ အားကိုးသင့်ပါတယ်
ဒါဟာ အကျိုးပိုဖြစ်ထွန်းစေတဲ့ လူလည်ကျနည်းတစ်ခုပါ )***

ပုံပြင် (၄)
ကောင်ကလေးတစ်ယောက်ရဲ့
မွေးနေ့ ပါတီတစ်ခုမှာ အဘိုးဖြစ်သူက ကောင်လေးကို မေးသည်။
"မြေးလေးကြီးလာရင် ဘာဖြစ်ချင်သလဲ"
" ကျနော် လေယဉ်ပျံမောင်းတဲ့သူဖြစ်ချင်တယ်"
" ဒါဆို တစ်နေ့ ငါ့မြေးမောင်းတဲ့ လေယဉ်ပျံ ဆီကုန်သွားရင် ဘယ်လိုလုပ်မလဲ"
ကောင်လေးက တစ်ချက်စဉ်းစားတယ်။ ပြီးနောက်
"လေယဉ်ပေါ်က လူတွေအားလုံးကို ထိုင်ခုံ ခါးပတ်ပတ်ခိုင်းမယ်
ပြီးတော့ ကျနော် လေထီးနဲ့ အောက်ကို ခုန်ဆင်းမယ်"
တစ်ပါတီလုံးက လူတွေ သောက်သောက်လဲ ရယ်ကြလေသည်။
နောက် ကောင်လေးဖြစ်သူက
ငိုပြီး အကျယ်ကြီးအော်ပြောလိုက်သောအခါ အားလုံး အရယ်တိတ်ကုန်လေသည်။
"ကျနော် အောက်ခဏဆင်းပြီးဓာတ်ဆီသွားယူမယ်.. ပြီးရင် ပြန်လာခဲ့မယ်..
ကျိန်းသေကို ပြန်လာခဲ့မယ် ခင်ဗျားတို့စောင့်နေကြပါ"
***( သင် သူတပါးစကားနားထောင်နေတဲ့အချိန်မှာ
သူပြောချင်တဲ့ အဓိပါယ်ကို သင်သေချာသိရဲ့လား.. နားလည်သလား?
တကယ်လို့ နားမလည်သေးရင် သူ့ကိုဆုံးအောင်ပေးပြောလိုက်ပါ။
ဒါဟာ ယဉ်ကျေးမှု တစ်ခုပါ။
၁အချက် စကားကို တစ်ဝက်ပဲ နားမထောင်နဲ့
၂ အချက် ကိုယ့်ရဲ့အတွေးနဲ့ သူများရဲ့လျှာထိပ်ကို သွားမတွေးနဲ့)***

ပုံပြင် (၅)
နတ်မင်းကြီးက ကျနော့်ကို ခရုတစ်ကောင်ရဲ့ လက်ကိုဆွဲပြီး ခရီးထွက်ဖို့ တာဝန်ပေးသည်။
ကျနော် ဘယ်လောက် နှေးနှေးသွားသွား ခရု မလိုက်နိုင်ဘူး
အမြဲတမ်း နောက်မှာပဲ ကျန်နေတယ်..
ကျနော် ဆွဲတယ်.. တွန်းတယ်.. လောတယ်..
ခရုက ကျနော့်ကို မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကြည့်ပြီးပြောသည်
"သူများလည်းအတတ်နိုင်ဆုံးလျှောက်တာပဲလေ.." တဲ့
ကျနော် ခြောက်တယ်... ကန်တယ်... ဆောင့်တွန်းတယ်
ကျနော်ချွေးတွေထွက်လာတယ်.. ခရုလည်းဒဏ်ရာတွေရကုန်တယ်
ဒါပေမယ့် ထင်သလောက်ခရီးက မပေါက်ဘူ့း 
"နတ်မင်းကြီးရယ်.. ဘာဖြစ်လို့များ ကျနော့်ကို ခရုနဲ့တွဲလျှောက်ခိုင်းရတာလဲ"
ကောင်းကင်ကြီးက ငြိမ်သက်နေသည်။
ကောင်းပြီလေ.. အသင်နတ်မင်းကြီးတောင် ဂရုမစိုက်မှတော့ ကျနော်က ဘာကိစ္စလောတော့မှာလဲ
ဒါနဲ့ အရွဲ့တိုက်ပြီး ခရုကိုရှေ့ကလျှောက်ခိုင်းပြီး သူက ခရုနောက်က ပြန်လိုက်သည်။ ဒေါသထွက်ထွက်နဲ့ပေါ့။
အလို... ကျနော် ပန်းရနံ့ သိမ့်သိမ့်လေးရှုမိတယ်။
အော်.. လတ်စသတ်တော့ ငါ ပန်းခြံထဲရောက်နေပါကော..
ကျနော် လေရူးလေးတစ်ချက် ကျီစယ်သွားတာ ခံစားမိလိုက်တယ်..
လတ်စသတ်တော့ ညချမ်းအေးရဲ့ လေရူးလေးက ဒီလောက်တောင် ညင်သာ တာကိုး..
ခဏလေး..
ကျနော် ငှက်တွေတေးဆိုနေတဲ့အသံကြားမိသလိုပဲ...
ပုရစ်လေးတွေ တစ်ကောင်နဲ့တစ်ကောင် အသံနဲ့ ကျီစယ်နေကြတယ်...
ဝှား... ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ...လှလိုက်တာ...
ဟမ်..
အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာပါလိမ့်
***( အော်.. ကျနော်သိပြီ
ကျနော် မှားခဲ့တယ်..
နတ်မင်းကြီးက ကျနော်ကို ခရုနဲ့
လမ်းတူတူလျှောက်ခိုင်းတာပဲလေ
...
သင်ကော... သင့်ခရုလေးကို ရှာတွေ့ပြီးပြီလား
တစ်ခါတစ်လေ စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြည့်ပါ
ဘဝရဲ့ ခြေလှမ်း အလှမ်းတိုင်း အလှမ်းတိုင်းကို ဖြေးဖြေးချင်းပျော်ရွှင် ခံစားရင်းပေါ့
ပျော်ရွှင်မှုကို မသိမသာနဲ့ သတ်တဲ့ စကား၅လုံးရှိတယ်..
ငါ သာ... ဖြစ်လာရင် တဲ့
အဝေးကြီးကို တွေးတဲ့ အတွေးမျိုးပေါ့
ငါသာ တစ်နေ့ သူဌေးကြီးဖြစ်လာရင်
ငါသာ ကားရှိလာရင်...
တကယ်လို့ သင်အခုချိန်ကို မပျော်ပိုက်ဘူးဆိုရင်
နောက်နောင် ပိုက်ဆံ ဘယ်လောက်ရှာနိုင် ရှာနိုင် မပျော်ဘူးလို့
ကျနော် အာမခံတယ်
တစ်ရာရှိရင် နှစ်ရာရှာချင်တယ်ဆိုတာ အတောမသတ်နိုင်တဲ့
လူ့ရဲ့ လောဘစိတ်ပါ။
သင်မပျော်ဘူးဆိုရင် သင့် အိမ်ထောင်ဖက်လည်းမပျော်တော့ဘူး
သင့်အိမ်သူအိမ်သားလည်းမပျော်တော့ဘူး။
တကယ်လို့ သင်အခုထိ ဘဝကို ဘယ်လိုခံစားရမလဲ မသိရင်
နောက်လည်း လူ့ဘဝကို ဘယ်လိုခံစားရမလဲ သိမှာမဟုတ်ဘူး
ကောင်လေးနဲ့ကောင်မလေး မသေချာတဲ့ deadline တစ်ခု လုပ်ထားတယ်ဆိုပါစို့။
ဥပမာ- ငါ အသက် ၂၅ပြည့်ရင် လက်ထပ်မယ်
၂၆ မှာ ကလေးတစ်ယောက်မွေးမယ်
၃၀ မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိမယ်
၃၁ မှာ အိမ်တစ်လုံးပိုင်မယ်
ဆိုပြီး အကြမ်းဖျင်းချထားတယ်
ကျနော်တို့ တစ်ခါတစ်လေ လက်ထပ်လိုက်ရင်ပြီးပြီ
ဘာပြသနာမှ မရှိတော့ဘူးလို့ တွေးတောမိဘူးလိမ့်မည်။
အဲလိုဆို မြန်မြန် လက်ထပ်၊ ကလေးတစ်ယောက်ပြီး တစ်ယောက်မွေးကြည့်ပေါ့
တကယ်မှာ ပြသနာက မငြိမ်းသွားတဲ့အပြင်ပိုပိုကြီးလာမှာပါ။
ဒါ့ကြောင့် သင့်မှာ အနာဂတ်ရည်မှန်းချက်ဆိုတာရှိသင့်ပေမယ့်
လေထဲတိုက်အိမ်ဆောက်တဲ့ အတွေးမျိုးထားမယ့်အစား
သင်အခုလုပ်သင့်တဲ့ အရာများကို လုပ်ကြည့်ပါ။
လူ့ဖြစ်ရတာ အသက်ရှုရ ချောင်မယ့်အပြင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆိုတာ သင် ခံစားရမှာပါ။
တစ်ခါတစ်လေ ခရုဆိုတဲ့ အောင်မြင်မှုအနောက်က လိုက်ရင်း ဘေးကရှုခင်းတွေကို ပျော်ရွှင်စွာ ခံစားကြည့်ပါ။
ရည်မှန်းချက်နဲ့ မနက်ဖြန်ဟာ အရေးကြီးပေမယ့် ဒီနေ့မှာ အသက်ရှင်ပါ။ )***
@@စာပေ@@
Vampire 's

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...