Saturday, July 23, 2016

❝ Lazy Club Music Band ရဲ့ ဖြစ်တည် မှု့သမိုင်း ❞

Music Crazy Te Te Tar Tar

၁၉၈၅ -၈၆ မှာ ကျနော် စင်္ကာပူ မှ ၁၀ တန်း GCE O level အပြီး မှာ ရန်ကုန်တွင် တက္ကသိုလ် တက်နေကြပြီဖြစ်တဲ့
ကျနော့်ငယ် သူငယ်ချင်း ဂျင်ပိ (Lazy Club) ဆီ ခဏပြန်လာခဲ့ ပြီး။
ရန်ကုန် တက္ကသိုလ် ကျောင်းသားများကြား....RC-2 ခေါ် ဒေ သကော လိပ် အမှတ် (၂) လှိုင် နယ်မြေတွင်
အတူ ၀င် စီးမျော ရင်း...ပျော်ရွှင်စရာနေ့ ရက် ကလေးများနှင့် လူငယ်ဘ၀တစ်ခုရှိခဲ့ဘူးပါသည်။
ငယ်သူငယ်ချင်း ဂျင်ပိ ၊ မောင်မောင်(ခေါ်) ထွန်းအေးမောင်ဝင်း အပြင်၊ ကျောင်းတွင် စုံတွေ့ သိလာရသော မိုးနိုင် တို့ရှိ ရာဘူမိကျောင်းသား စာသင်ခန်းများဘက်ကို အကြိမ်ကြိမ် ခြေဦးလှည့်ဖြစ်လေသည်။

ဂျင်ပိကတော့ သူတက်နေရသော သမိုင်းအဓိက အတန်းသည်ဘယ်မှာရှိသည်ဟု သိပင်မသိပေ။
ထိုစဉ်က ပညာရေးစနစ် မှာအလုပ်မရ သော စနစ်ဖြစ်၍ အားလုံးတို့သည် တက်ညီလက်ညီ အဆောင် ကင်တင်း များ၌
သာ အချိန်ကုန်ကြသည်ကများလေသည်။ (အခုလဲ သိတ်မထူးပါဘူး)
ထိုကြောင့် အားရင် ဂစ်တာတီး သီချင်းဆိုကာ အချိန် ကုန် လေ့ ရှိလေ၏။
မောင်မောင်က Lead တီးသည်၊ ဂျင်ပိက Bass ၊ မိုးနိုင် ( ယခု ဂီတမိတ် ကျောင်းအုပ် ကြီး)
က Rhytm တီးခတ်ကာ The Soul Music Band ကို ကျနော် တို့ ၁၉၈၆ တွင် စတင် ခဲ့ ကြပါသည်။
ထိုစဉ်က ကျနော်တို့ ၏တစ်နေ့တာအလုပ်မှာ ကျောင်း ချိန်ပြီးသည်နှင့် အဆောင်ကင်တင်း လဘက်ရည်ဆိုင်
တွေမှာ ဖင်ပူအောင်ထိုင်ကာနေ့လည်တွင် ကုက္ကိုင်း ရိပ်သာ လမ်း မောင်မောင့် နေအိမ် ရှိ ရာ ကို ၁၆ ကား စီး
ကုက္ကိုင်းမီးပွိုင့် မှ တဆင့် ပြန် ပြီးအမှတ် ၅ ကားစီးကာ ဟာမစ်တစ်တွင် ဆင်း ၍ လမ်းလျှောက်သွား ကြပါသည်။
ထို့နောက်တွင် မောင်မောင် တို့ အိမ် ကားဂိုထောင် ထဲ (သို့မဟုတ်) အောက်ထပ် ရှိ ကလေး များ ကျူ ရှင် သင်သော
အခန်း လွတ်ထဲတွင် တစ်နေကုန် ညနေ မိုးချုပ် သည်အထိ သီချင်းများ တီးခတ်သီဆိုကြခြင်းဖြစ်သည်။
"ခိုင်ထူး" တေး သီချင်း များစီးရီး လိုက် နှင့် "အောင်နိုင်" ၏ "နွဲ့ဆိုးရယ်ကျေနပ် တယ်" အခွေကို ကန်ထရိုက်ဆွဲ သီဆိုကြ၏ ။
တစ်ခါတစ်ရံ မိုးနိုင်က "ဘိုထီး" အသံ ချွတ်စွတ် နှင့် ဘိုထီး သီချင်း များကို ၀င်ဆိုတတ်ပြန်သည်။
ကျနော်က တော့ တစ်ပုဒ်စ နှစ်ပုဒ်စ ၀င်ဆို သည့်ရောင် ၆၀ သမား ပင်ဖြစ်သည်။
အဓိက ကျနော့်အလုပ်က ဘယ်သွားသွား ဘာစားစား ၀င်ငွေ ရှိ သူ ဖြစ် ၍ ဒိုင်ခံ ရှင်းခဲ့သည်သာ..
ညနေ မိုးအချုပ်တွင် ရွှေဂုံတိုင် သို့ ဟာမစ်တစ် မှ လမ်းလျှောက်ကြ ပြီး လဘက်ရည်ဆိုင် ဆက် ထိုင်ကြသည်။
အိပ်ခါနီး အိမ်ပြန်လျင် ဂျင်ပိက အိမ် မှာ လိုက်အိပ်သည်က များလေသည်။
ရံဖန်ရံခါ ကုက္ကိုင်းထောင့် ပြည့်ဝရှေ့ ကိုကြီးငွေ အရက်ဆိုင်မှ အရက်ဖြူ သူ့ ကိုဝယ်တိုက်ရသည်။
သူတို့ ဆုံကြလေ တိုင်း ဂီတအကြောင်းတွေ အဓိက ဆွေးနွေးကြသည်ကများပါသည်။
ကျနော်က သူတို့ ၏အနာဂတ်ကို Musicians များအဖြစ်သာမြင်ခဲ့သူဖြစ်သည်။
ပါရမီ ဖြည့်ပေးရန်လည်း အတော်လေး စိတ်အားထက်သန်ခဲ့ပါသည်။
ဒီလိုနဲ့ ကျနော် ၁၉၈၈ တွင် တစ်ကြိမ် ၁၉၈၉ တွင် တစ်ကြိမ် ပြန်လာ ခဲ့ပြီး တီးဝိုင်းထူထောင်ရန် ငွေ စုနေပြီး
သူတို့ သုံးယောက်က တော့ဂီတပညာများကို ဆရာ မေလာ (ကိုပက်ထရစ်ရဲ့ ဦးလေး) ကိုဒဲရစ်ရဲ့ အဖေ ဖြစ်မည်ထင်ပါသည်၊
နှင့် ကိုဗစ်တာဇာလျန်းတို့ထံမှာဆက် လက်လေ့လာဆည်းပူး နေကြလေသည်။
ထိုအချိန်က Drum တီးသမား မြခိုင် (မရခိုင်) သည် မင်းသားကြီး ဦးအောင်လွင်၏ သားများဖွဲ့ထားသော
Victory တီးဝိုင်း (အရေးခင်းအပြီးပျက်သွား) မှာ တီးနေပြီ။
ကျနော်တို့ က တစ်ကျောင်းတည်း သားများဖြစ်၍ လည်းကောင်း ၊သူ နှင့် ဝေထွန်းတို့သည်
မြန်မာပြည်၏ အကောင်းဆုံး Drummer တစ်ဦးဟု ထိုစဉ်ကကျော်ကြားခဲ့သောဆရာအော်စကီး ခေါ်
အော်စကာ သန်းတင်၏ တပည့် များဖြစ်ကြလေသောကြောင့် လည်းကောင်း သူ့အား အပူကပ်ကြသည်။
မြခိုင် က အင်းမလုပ်အဲမလုပ် တစ်ခါတစ်ရံ စိတ်ပျက် ဖို့ကောင်းလောက်အောင် ဂျီးများသူဖြစ်သည်။
ချင်းကလေး ဂျင်ပိ ကလည်း The Aces မှ အကျော်ဒေးယျ (ကိုဗစ်)ခေါ် ဗစ်တာ ဇာလျန်း ၏ တပည့်ရင်းခြာတစ်ဦးဖြစ်လေရာ
တီးဝိုင်း၏ ကျောရိုးဖြစ်သော Backing အတွက် ကျနော် စိတ်ချ သွားရလေ၏။
မောင်မောင် က ၀ါသနာပါတာက Drums တီးရန် ဖြစ်ပေမဲ့ မိဘ က ၈တန်းနှစ်မှာ ဂစ်တာဝယ်ပေး၍ လိဒ်သမားဖြစ်လာကာ
Blues ဂီတ အတီးကောင်းသူဖြစ်ပါသည်။ကျနော် တို့ ၇၈၉ မှ ကို ကြည်ယု ကောင်းကောင်းသိပါသည်။
သူတို့တွေ ဘူမိ ကျောင်းမပြီးခင် The Aces နှင့် The Rays မှ ကို အော်စတင် ငယ်စဉ်က တီးသော
Electric Guitar လေးကို ၈၀၀၀ နှင့်ဝယ်လာခြင်းမှပင် ကျနော်တို့ Lazy Club တီးဝိုင်းစရန် ပုံပေါ်လာပါတော့သည်။
မိုးနိုင် တစ်ယောက်ကလည်း ၉၄ လမ်း ကန်တော်လေးတစ်ဝိုက်တွင်ညစဉ် Classical ဂစ်တာ လက်သံသာဖြင့် ပွဲဆက် နေခဲ့သူဖြစ်လေသည်။
မြခိုင် က တော့ မျိုးကျော့မြိုင်နှင့် Virus 3 လုပ်နေ၍၊ ဒရမ်တီးရန် တစ်ခါတစ်ရံ နံရံကျောင်း ရှေ့ မှ ဂျင်ပိတို့ အိမ်နီးချင်း
History Major King သန်းဌေးက လိုက်လာပြီး ဆေး သုတ် ဘုံးခွံများနှင့် မောင်မောင် ဆင်ထားသော
Drum set အတု ကြီး ကို တီးခတ် ကာစခန်း သွားကြရလေသည်။
High Hat မရှိ၍ မီးသွေးမီးပူကြီးအား တစ်ချပ်ချပ် တီးကာ ပါးစပ် ဖြင့် Shell တီးရလေသည်။
Keyboards သမားကတော့ထိုစဉ်က မရှိသေး (ဥက္ကာဦးသာ နှင့် မဆုံကြသေးပေ)
ဒီလိုနဲ့ပဲ၁၉၉၀ ခုနှစ် မှာ ကျနော် ရန်ကုန် ပြန်ရောက်ရင် နေထိုင် နေကြ ဖြစ်သော သော
သံလွင်လမ်း မှ အဒေါ့်နေအိမ် နှင့်ကပ်လျက်အိမ် ၊သင်္ချာဦးဦးသာ ၏သား
ဂျင်ပိ ၏ အသိ (ခက်ခက်ဦးသာ) ၏ မောင်လေး ဥက္ကာဦးသာ နှင့် ရင်းနှီးခဲ့ကြပါသည်။
စန္ဒရား သာတီးတတ်သော သူ့ကို Key Board တီးခိုင်းရသည်
တစ်ခါတစ်ရံ တော့ ကိုတင်ဦးသောင်း ကိုအတင်း အပူကပ်ရပါသည်။
သူက ထိုစဉ်က နန်ယန်ကျောင်းရှေ့မှာ အိမ်ငှားနေလေတော့ ကျနော်တို့ကသူ့အိမ်ကိုမကြာခဏ သွားတတ်၏။
ခက်ခက်ဦးသာ တို့မောင်နှမတွေက ငယ်စဉ်ကတည်းက စန္ဒယား ကို ဖခင် (သင်္ချာ ဦးဦးသာ)က
ပြိုင်ပွဲဝင်အထိလေ့ကျင့်ပေးထားခဲ့ရာ..
ယောက်ကျားလေး တစ်ဦးတည်း ဖြစ်နေသော ဥက္ကာကိုလဲ ညီငယ်လေးသဖွယ်ခင် သလို
သူ့အစ်မ များဖြစ်သော ခက်ခက် နှင့် သက်သက် တို့နှင့် လည်း ရင်းနှီးလိုသဖြင့်
သူတို့ မောင်လေး ဥက္ကာ နှင့် ကျနော် တို့ပေါင်းမိလေတော့သည်။
ထို့နောက် ၁၉၉၁-၉၂ ခုနှစ်များ၏ နေ့စွဲတစ်ခုတွင်
The Soul Music Band ကို Lazy Club ဟု အမည်ပြောင်းလဲ စတင်ဖွဲ.စီးခဲ့ပါသည်။
ထိုနေ့ က "စိန်လျှံ" လဘက်ရည်ဆိုင်တွင် ထိုင်နေကြရင်း ကိုဗစ်တို့က ယခင် က Lazy Boys ဟု
Play Boy ကို အံတု ရန် အဖွဲ့လေးဖွဲ့ဘူးကြောင်းစကားစပ်မိရာမှ...
အနုပညာမှလွဲရင် ကျန်တာ လုပ်ဖို.ပျင်းတဲ့ ကျနော့်သူငယ်ချင်းတွေအတွက် အားမရ ဖြစ်မိတဲ့
ကျနော်ကLazy Club လို.အမည် ပေး ထား ခဲ့လေသည်။
သူတို့ ၂ယောက် (မောင်မောင် နှင့် ဂျင်ပိ )က အတည်ပြုခဲ့ပြီး နောက် Lazy Club Music Band -Original ကို
ဂျင်ပိ(LAZY CLUB Bassist)၊
မောင်မောင်(ယခု UFL ဆရာ)ယခင် Lazy Club Lead Guitarist ( နိုင်ဇော် မတိုင်မီ)
မိုးနိုင်(ယခု ဂီတမိတ် ကျောင်းအုပ်ကြီး)၊ (ယခင် Lazy Club Rhytm and Classical Guitarist)
တစ်ကျောင်းထဲနေ သူငယ်ချင်း မရ ခိုင် (ကျနော့်အခေါ် မြခိုင်)(LAZY CLUB Drums and Percussionist)
အိမ်နီးချင်း ည်ီလေး ဥက္ကာဦးသာ(ယခု PLUS3) (ယခင် Lazy Club KeyBoards Player)
တို.နှင့်ပေါင်းစည်းပြီး
တေးရေး ကိုထွန်း နိုင် (နိုင်မိုးအောင်) ဆည် မြောင်း ဦးစီးဌာန Lazy Club ၏ ပင်တိုင် တေးရေးဆရာ
၏ မင်္ဂလာဆောင် နှင့် တစ်ခြား..ရင်းနှီး သော....သူငယ်ချင်းမွေးနေ့ ပွဲ များ၊
ခြံပွဲများစွာ တွေကို အလကားတီးခတ်ခဲ.ပေး ခဲ့ကြပါသည်။
သူငယ်ချင်းများ ပိုက်ဆံစုကာ ၀ါသနာပါသူများဖြင့်စုပေါင်းပြီး အမိုင်း စတူဒီယို တွင် တီဗွီသီချင်းများသွင်းခဲ့ကြသည်။
ထိုစဉ်က ဂျင်ပိ ၊မိုးနိုင် နှင့် ဥက္ကာတို့ က အဆိုကောင်းကြသည်။ကျနော်ကတော့ ပိုက်ဆံ ထုတ်သူ သက်သက်ပင်။
အဲဒီလိုနဲ့ အလုပ်လက်မဲ့ဖြစ်နေကြရင်း နဲ့ LEO အဖွဲ့သည် မြန်မာစတီရီယို သမိုင်းကြောင်းမှာ ရှိခဲ့ ဘူးတာ
အားကျပြီး ကိုယ်ပိုင်အဖွဲ. ဖွဲ့၊ ကိုယ်ပိုင် သီ ချင်းတွေ ကိုရေးပြီး ၊ အခွေ ကိုယ့်ဘာကို ထုတ် ကြ မည်ဟု ရည်ရွယ်မိကြပါသည်။
ကျနော် က ကိုယ်ပိုင် ထုတ် လုပ်ရေး၊ ကိုယ် ပိုင် တေးသံ သွင်း၊ နောက် ပိုင်း Studio အထိ ဖွင့် ဖို့ ဆန္ဒ ရှိခဲ့ပါသည်။
ဒါတွေ က ကျနော့်ရဲ့ အိမ်မက် နဲ့ ရူးသွပ်ခြင်းတစ်ချို့ သာဖြစ်ခဲ့ပါ သည်။
တေးရေး နိုင်မိုးအောင်၊ ကျနော်က ထိုစဉ်က ဖရူးဆိုး အမည် ခံ ကာ သီချင်းရေးသားပြီး
ကျနော်၊ဂျင်ပိ၊မိုးနိုင်နဲ.ဥက္ကာ တို.သီဆိုခဲ့ ကြတဲ. Lazy Club ရဲ. Lazy Club Album ကို
May Studio မှာ ၁၉၉၂ က သွင်း ယူခဲ.ပေ မဲ့မထုတ်ဖြစ်ခဲ့ပါဘူး Eagles Smokies CCR ကော်ပီသီချင်းတွေ ဖြစ်ပါသည်။
May က ကိုကျော်ကျော် က Lazy Club ၏ မြန်မာအမည် ကို "မျောက်လောင်းကလေးများ" အဖွဲ့ ဟု အမည်ပေးခဲ့သည်
ကမြင်းကျောအလွန်ထကြ၍ဖြစ်သည်။
ဂျင်ပိ၊ မရခိုင် တို့ သည် The Aces မှ ဦးစိုးအောင် ကောင်းမှုကြောင့် မင်္ဂလာပွဲဆက်များလာသည့်ကာလများတွင်
The Aces II အနေဖြင့် မကြာခဏ တီးခတ်ရ၍ ၀င်ငွေ စရနေကြလေပြီ။
၁၉၉၃ မတ် ၇ရက် ကျနော့် မင်္ဂလာဆောင် ပွဲမှာ အတည်ပြု ဖွဲ့စည်းပြီး မှ
သတင်းစာမှ Lazy Club အမည် ဖြင့်တရားဝင် ကြေငြာဖွဲ.စည်း ခဲ.ပါသည်၊
အဲဒီတုန်း က ကျနော် က ခေါင်းဆောင် မန်နေဂျာ ဖြစ်ခဲ့ ဘူးပါသည်။
ထို့နောက် Ramada Hotel ဖွင့် ပွဲ နဲ့ တစ်ခြားမင်္ဂလာဆောင် တွေ ကို စတင် တီးခတ်ရပါသည်။
အဲဒီ မတိုင်ခင်ကတည်းက Lazy Club အဖွဲ့ဝင်များသည် ACES II အဖြစ် နှင့် တီး ခတ် နေခဲ့ ပြီး
ကိုဝင်းမော် ACES က ရွှေသံစဉ် အဖွဲ့ ကို ဖွဲ့ ထားပြီး TV တွင် သီချင်း နောက်ခံ တီးဝိုင်းအဖြစ်ကျော်ကြားနေရာ တွင် လည်း
ဥက္ကာ က ၀င်တီးခတ်နေရာ ရွှေသံစဉ် မှာ Second Lead တီး သူ နိုင်ဇော် နှင့် လည်း ရင်းနှီးနေကြ ပြီ ဖြစ်၏ ။
ACES II တွင် မောင်မောင် နှင့်ဥက္ကာ တီးသလို
ရွှေသံစဉ် II တွင် နိုင်ဇော် နှင့် ဥက္ကာ တစ်တွဲ တီးဖြစ်ကြပါသည်။
ဥက္ကာ က ရွှေသံစဉ်တွင် အတီးစိတ်လာ၍ ကျနော် တို့ မှာ
Elvis ကိုကို (ကွယ်လွန်)ဘက် ကို ခြေဦးလှည့် ခဲ့ပါသေးသည်။
Lazy Club အဖွဲ့သားများသည် တောက်မဲ့ မီး ခဲတရဲရဲ ဖြစ်နေပါပြီ။
ထိုစဉ်က ခြေတိုအောင် လမ်းလျှောက်ကာ စည်းရုံးရေး သွားရသည်က ကျနော် နှင့် ဂျင်ပိ သည် အဓိကဖြစ်သည်။
နောက် ဆုံး ဥက္ကာနှင့် အပြီးသတ်ဆွေးနွေးကြတော့ သူက Lazy Club တွင် သာတီး မည် ဟုဆုံးဖြတ်၏။
Lead Guitar မောင်မောင် ( ရခိုင်လူမျိုး ဗုဓ္ဒဘာသာ )ဘူမိကျောင်းသားသည် အိမ်တွင် သာအနေများသည်။
ကျောင်းမပြီးခင် ကစပြီး အဘိဓမ္မာနှင့် ပိဍိကတ် ၃ပုံ ကို စတင်ဖတ်နေလေ သည်။
ထို့နောက် ၂၀၀၀ ပြည့်နှစ် မတိုင်မီ ၁၉၉၆လောက်တွင် ဘုန်းကြီးဝတ်သွားလေတော့၏။
ထို အခါ ရွှေသံစဉ် နှင့် ACES II တွင် Second Lead တီးနေသူ နိုင်ဇော် သည် ရေကျော် သားများ ဖြစ် သော
အောင်အောင် ၊ ဇော်နိုင် တို့ နှင့် Rock Hunter ၀ိုင်းဖွဲ့ထားပြီး
ရွှေ ရူခင်း မြန်မာ စားသောက်ဆိုင်ကြီး တွင် Key Boards တီးနေသေးသည်
( နိုင်ဇော့်) ကို ဥက္ကာ Recommendation ဖြင့်ခေါ် သွင်း ခဲ့ဖြစ်ပါသည်။
ကျနော် ကတော့ သင်္ဘောဆက်လိုက်သည်။ထို့နောက် ကျနော့် ရည် ရွယ် ချက် အတိုင်း
တေးသံသွင်း ဆိုင် ပဉ္စသိင်္ခ ကို လှည်းတန်း လမ်းစုံတွင် ဖွင့် နိုင် ခဲ့လေသည်။
ကျနော် သင်္ဘော လိုက်နေရ၍ မန်နေဂျာ အလုပ် မလုပ် နိုင် သဖြင့် မန်နေဂျာ မရှိ ဖြစ်နေပြီး
ALEX ဒုတိယ အခွေ မှ စပြီး Lazy Club နှင့် ပေါင်းမိသွားကာ သူ၏ သူငယ်ချင်းဖြစ်သူ စိုးနိုင်ထွန်း (ခေါ်)အီကြာကွေး
စံပယ်ဦးဦးသန်းလွင် ၏ တူဖြစ်သူ အား မန်နေဂျာခန့် ထားခဲ့ ကြပါသည်။
နောက်ပိုင်းတွင် မရခိုင်က တီးလိုက် မတီးလိုက် ဖြစ်လာသောကြောင့်
Emperor မှ အနားယူထားသောကိုဝေထွန်းကလဲ န၀ရတ် စတူဒီယို အတွက်
ကိုယ်ပိုင် Band အဖြစ် သူပါပါဝင်တီးခတ်ခြင်း တေးစီးရီးများဖန်တီးဆက်သွယ်ပေးခြင်း၊
ဥက္ကာ ၏ အသိုင်းဝိုင်းအပေါင်းသင်း ကောင်းခြင်း နိုင်ဇော်၏ အထူးကြိုးစားအားထုတ်ခြင်း၊
မန်နေဂျာ အီကြာကွေး၏ တစ်စိုက်မတ်မတ် ဆောင်ရွက်မှု တို့ ပေါင်းကာ..
ဒေါက်တာဆောင်းဦးလှိုင် စည်သူလွင် နှင့် Alex တို့၏ နာမည်ကြီး ဆန်းထ လေသော ကာလများတွင်
ခရီးသွား ၅ယောက် ၊ ဆုံနိုင်ခွင့်၊ ၁၉း၁၈ စသည်ဖြင့်Lazy Club တို့ Pop Music ကဏ္ဍ တွင် သမိုင်းသစ်တွေ ရေးဖြစ်ခဲ့လေသည်။
ကိုဝေထွန်း စကားနှင့်ပြောရလျင် I.C , Emperor Rock Music ဘယ်လိုကောင်းကောင်း
POP မှာတော့Lazy Club ကို မေ့ထားလို့မရ ဟု သူပြောလေ့ရှိသည်။
နောက် ပိုင်း ပေါက်ခွေများစွာ ရှိခဲ့သည် ထွန်းအိန္ဒြာဘို ၏ ၁၉၉၉ တို့ အပါဝင်
အခုခေတ်မှာ ဆိုတေး ၏ မီးအိမ်ရှင် အခွေတို့ သည် သာဓက ပင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...