ဘာသာရေးတင်းမာမှုနဲ့ မြန်မာ့နိုင်ငံရေး ရွှေ့ကွက်များ || ထွန်းအောင်ကျော် ( ၇၄ မျိုးဆက် ) ||
The Ladies News Journal
မြန်မာ့ခေတ်သစ် နိုင်ငံရေး ကစားဝိုင်းကြီးကို လေ့လာရင် အတော်စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ တပ်မတော်ဦးစီးတဲ့ စစ်အစိုးရကတစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားမျိုးဆက်များက တစ်ဖက် အားပြိုင်ရင်း လူထုထောက်ခံမှု ရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လူစုလူဝေးနဲ့ အကွက်ချ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုဖြစ်ခဲ့ပါတယ်။
ဒီနောက် စွမ်းအားရှင်ဆိုတဲ့ အကြမ်းဖက်သမားတွေ စစ်အစိုးရ အထောက်အပံ့တွေနဲ့ ပေါ်လာပြီး လူထုကို ခြိမ်းခြောက်မှု အကြမ်းဖက်မှုတွေ ပြုလုပ်လာခဲ့ရာက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို တာဝန်ဆိုတဲ့ စာတန်းနဲ့ လက်ပတ်နီဝတ် စွမ်းအားရှင်တွေကို သုံးပြီး အကြမ်းဖက်ဖြိုခွဲတဲ့အခါ ကျောင်းသူလေးကို ဆေးမင်ကြောင် ထိုးထားတဲ့သူက လည်ပင်းကို သိုင်းဖက်ပြီး ချုပ်ထားတဲ့ပုံ သတင်းမီဒီယာတွေမှာ တက်လာအပြီး လူထုတွင်း မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာခဲ့ပါတယ်။
အဲဒီလိုဖြစ်လာမှ ရန်ကုန်မြို့တော်ဝန်က ဒီစွမ်းအားရှင်တွေ အသုံးချမှုကို ဝန်ခံခဲ့ရပြီး စွမ်းအားရှင်သုံးစွဲမှုတွေ ငြိမ်သက်သွားခဲ့တာ တွေ့ကြရမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖဆပလအစိုးရ လက်ထက်မှာ မူဂျာဟစ်ဒင် မွတ်ဆလင်သူပုန်ထမှု ဖြစ်ပွားလာပြီး ရခိုင်ပြည်နယ်ကနေ မွတ်ဆလင်ပြည်နယ်ခွဲ ထွက်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ မူဂျာဟစ်သူပုန်တွေကို အစိုးရက နှိမ်နင်းခဲ့ပြီးနောက် သူပုန်အတော်များများကို ထောင်သွင်းချထားခဲ့ပြီး လွတ်ရက်စေ့တဲ့အခါ တိုင်းပြည်မဲ့များအဖြစ် လွတ်ရက်မရှိဘဲ ထားခဲ့ကြပါတယ်။ စာရေးသူ ၁၉၇၅ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ကျတဲ့အခါ မူဂျာဟစ် အဘိုးကြီးတွေကို ထောင်ထဲမှာ တွေ့ခဲ့ရပါသေးတယ်။ ဦးနုအစိုးရ လက်ထက်မှာ ရိုဟင်ဂျာကို အသိအမှတ်ပြုခဲ့ရာက နောက်ပိုင်း ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးစု ဖြစ်တယ်ဆိုတဲ့ တောင်းဆိုမှုအဖြစ် စစ်အစိုးရလက်ထက်မှာ ပြောင်းလာခဲ့ပါတယ်။ အမှန်တော့ ရခိုင်ပြည်ကို ဘင်္ဂါလီ အများအပြား ဝင်ရောက်လာခဲ့တာ ၁၉၇၂-၁၉၇၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂါလားဒေ့ရှ်အဖြစ် ခွဲထွက်တဲ့အခါ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို စစ်ပြေးဒုက္ခသည်တွေအဖြစ် ပြေးလာခဲ့ကြပါတယ်။ အများစု ဆယ်သန်းက အိန္ဒိယဘက်ကို ပြေးခဲ့တာဖြစ်ပြီး ရခိုင်ပြည်ထဲကို ငါးသိန်းကျော် ဖြတ်သန်း ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ရခိုင်ပြည်မှာ ရိုဟင်ဂျာပြသ၁နာဟာ အပြည်ပြည်ဆိုင်ရာကို ပျံ့နှံလို့ လာခဲ့ပါတယ်။ စစ်အစိုးရက ရခိုင်ပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား နယ်ခြားကို ကောင်းစွာလုံခြုံအောင် မလုပ်ခဲ့လို့ ဘင်္ဂါလီဦးရေ များလာတာကို လျစ်လျူရှုခဲ့တဲ့အပြင် တိုင်းမှူးတွေ၊ ဝန်ထမ်းတွေက လာဘ်စားပြီး ခိုးဝင်ဘင်္ဂါလီတွေကို ခွင့်ပြုခဲ့တာကြောင့် ရခိုင်လူမျိုးနဲ့ ဆတူနီးပါး လူဦးရေတိုးပွားလို့ လာခဲ့ပါတယ်။ ဒီကိစ္စမှာ အဓိက တရားခံက စစ်အာဏာရှင်စနစ်နဲ့ ဒီစနစ်ကို အကောင်အထည်ဖော်နေတဲ့ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဗိုလ်ချုပ်တွေ တည်ထောင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ဒီကိစ္စကို သူတို့နဲ့ မဆိုင်သလို သူတို့ကပဲ မျိုးချစ်စိတ်ရှိသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာတဲ့အခါ အသံကောင်းဟစ်ပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်တာ သူတို့ပါတီက ဖြစ်ကြောင်း ပြသလာခဲ့ပြန်ပါတယ်။
လူဦးရေ သန်း ၁၅၀ ကျော်လာတဲ့ ဘင်္ဂါလားဒေ့ရှ်နိုင်ငံတွင်းမှာ လူဦးရေတိုးပွား ပေါက်ကွဲလာနေတဲ့ ဘင်္ဂါလီများဟာ မြန်မာနိုင်ငံကနေ တစ်ဆင့် ထိုင်း၊ မလေးရှားတို့ကို အလုပ်ရှာထွက်လုပ်ကြတဲ့ မြန်မာတိုင်းရင်းသားတွေလို သူတို့လည်း ထွက်ချင်ကြတာ ဓမ္မတာပါပဲ။ သူတို့မှာ ထွက်ပေါက်အဖြစ် ပင်လယ်၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ပဲ ရှိတဲ့အတွက် အဲဒီအိမ်နီးချင်း နိုင်ငံတွေကို ထွက်ကြတာ မဆန်းပါဘူး။ သူတို့ရဲ့ အိမ်နီးချင်း အိန္ဒိယမှာ တရားမဝင် ခိုးဝင်နေထိုင်သူ ဘင်္ဂါလီလေးသန်းကျော် ရှိနေတာက သက်သေပြချက်တစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း ဘင်္ဂါလီတစ်သန်း ဝန်းကျင်လောက် ရှိနေပါပြီ။ စစ်အစိုးရက ခိုးဝင်မှုတွေကို တင်းတင်းကျပ်ကျပ်မပြုဘဲ ရခိုင်ပြည်နယ်ကနေ နယ်ကျော် မလာအောင်သာ တားထားတဲ့အတွက် ဒီအုပ်စုကြီးဟာ ရခိုင်ပြည်ထဲက မထွက်နိုင်တော့ဘဲ တိုးပွားလာနေတာ မဆန်းဘူးလို့ဆိုရမှာပါ။
ဘင်္ဂါလားပြည်ကနေ ပင်လယ်ထွက်ပေါက်ကို အသုံးပြုပြီး မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေကို လှေနဲ့ ထွက်ကြသူတွေလည်း အများအပြားရှိပြီး သူတို့ကို ဖမ်းမိရင် မြန်မာပြည်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုယူပြီး အနှိမ်ခံနေရတဲ့သူတွေအဖြစ် အနောက်ကမ္ဘာကနိုင်ငံတွေမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးစားကြတာကြောင့် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံ၊ လူနည်းစု မွတ်ဆလင်တွေကို နှိမ်ထားတဲ့ နိုင်ငံအဖြစ် နာမည်ပျက်ခဲ့ရပြန်ပါတယ်။ ဒါတွေအားလုံးဟာ စစ်အစိုးရလက်ထက် အမြင်တိမ်တိမ်ထားပြီး ပြသ၁နာကို ရေရှည်မကြည့်ဘဲ လက်တန်းဖြေရှင်း ခဲ့တာကြောင့်ဖြစ်တယ်။ နောက်တစ်ခုက ဘိုးဘွားဘီဘင် လက်ထက်ကစပြီး ရခိုင်ပြည်မှာနေလာတဲ့ ဘင်္ဂါလီတွေလည်း အများအပြားလည်းရှိပြီး သူတို့ကို ခိုးဝင်လာသူတွေနဲ့မရောဘဲ နိုင်ငံသားပေးဖို့ကိုလည်း တွန့်ဆုတ်နေလို့ မရပါဘူး။
ကချင်ပြည်နယ်၊ ကိုးကန့်၊ မူဆည်၊ နမ်းခမ်း၊ လားရှိုး ရှမ်းပြည်နယ်တို့မှာ ခိုးဝင်လာတဲ့ တရုတ်တွေက ကုလားဦးရေထက် ပိုများပြီး ဗမာစကားမတတ်ဘဲ မန္တလေးအထိ တက်နေကြသူတွေ ဒုနဲ့ဒေးရှိတယ်လို့ ပြောရမှာပါ။ ကဲ ဒါဖြင့်ဘာလို့ တရုတ်တွေကို ပစ်မှတ်မထားတာလဲ ဆိုတော့ တရုတ်တွေက စစ်အာဏာရှင်တွေကို တောက်လျှောက် ထောက်ခံလာပြီး အပြန်အလှန်အားဖြင့် မြန်မာ့ကျောက်စိမ်းတွေ၊ သစ်တောတွေ၊ သတ္တုမိုင်းတွေကို ဝါးစေ ဝေစားနေကြလို့ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုက ဗိုလ်နေဝင်းလက်ထက် ၁၉၆၇ ခုနှစ် စစ်တွေမှာငတ်လို့ ဆန်ပြသ၁နာဖြစ်တဲ့အခါ ငတ်လို့ဆန်လုတဲ့ ရခိုင်လူမျိုးတစ်ရာကျော်ကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီးနောက် တရုတ်ကျောင်းတွေမှာ စာသင်နေတဲ့ တရုတ်ကျောင်းသားတွေ မော်စီတုံးတံဆိပ်ရင်ထိုးတွေ ကျောင်းမှာ တပ်တာကို တားမြစ်ရင်းနဲ့ တရုတ်ဗမာ အရေးအခင်းကြီးကို ဖန်တီးခဲ့ကာ ငတ်နေတဲ့ လူထုဒေါသကို တရုတ်ဘက်လှည့် လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးပြီး လမ်းကြောင်းပြောင်းပေးခဲ့တဲ့ အကွက်ထဲကို ဘာမှသိနားလည်မှုမရှိတဲ့ လူအုပ်ကြီးက တရုတ်ကျောင်းသားတွေကိုသတ်၊ တရုတ်ဆိုင်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့အတွက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာသွားခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို တရုတ်အစိုးရက ညီနောင်ပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ပေးပို့ပြီး ကူညီထောက်ပံ့ပေးခဲ့တဲ့ အပြင် တရုတ်တပ်နီတော်က တပ်သားတွေကိုလည်း ဗကပတံဆိပ်တပ်ပြီး ဝင်တိုက်ခွင့်ပေးလို့ ဗကပနဲ့စစ်ဖြစ်တာမှာ လူလှိုင်းစစ်ဆင်ရေးကြောင့် မြန်မာဘက်က အကျအဆုံးများစွာရှိခဲ့ပြီး တချို့စစ်သားတွေ ရူးသွပ်သွားစေတဲ့အထိ ဖြစ်ခဲ့တာကြောင့် တရုတ်ကို စမ်းဖို့ လက်တွန့်သွားခဲ့တာကြောင့်လည်း ပါမယ်ထင်ပါတယ်။
ဒီလိုသဘောမျိုးနဲ့ ဒီနေ့အချိန်မှာ လူမျိုးရေးပြသ၁နာကို ဖန်တီးတဲ့အခါ မွတ်ဆလင်တွေက ပစ်မှတ်ဖြစ်လာနေပါတယ်။ အဓိက ဗျူဟာက တိုင်းပြည် မတည်ငြိမ်အောင်လုပ်ပြီး လက်ရှိအစိုးရကို သိက္ခာချ၊ အမျိုးဘာသာကို တစ်ဖက်သတ်မြှင့်တင်ပြီး လူအုပ်စု အကြမ်းဖက်နည်းနဲ့ စစ်တပ်ကို ဖိတ်ခေါ်ပြီး အာဏာရယူရေးပဲ ဖြစ်ပါတယ်။ ဒီဗျုဟာကို အကောင်အထည်ဖော်တဲ့ နေရာမှာ အသုံးချခံ နယ်ရုပ်လေးတွေကတော့ ဘာသာရေးအယောင်ပြ သံဃာတော်တွေပဲ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မဖြစ်ခင် မွတ်ဆလင် ဆန့်ကျင်ရေးကို အုပ်စုတစ်စုက နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားလို့ လာခဲ့ပါတယ်။ ရိုဟင်ဂျာအကြောင်းပြပြီး ဖြစ်လာတဲ့ လှုပ်ရှားမှုဟာ ရိုဟင်ဂျာ မဟုတ်တော့ဘဲ မွတ်ဆလင် ဆန့်ကျင်ရေးအဖြစ် ပြောင်းလဲရွေ့လျားလာပြီး မိတ္ထီလာ၊ လားရှိုးး၊ ဥက္ကံစတဲ့ နေရာတွေကို ပျံ့နှံသွားတယ်။ မွတ်ဆလင်ရွာတွေကို စနစ်တကျဖျက်စီးမှုတွေ လုပ်ခဲ့တာကိုကြည့်ရင် အကြမ်းဖက်သူတွေဟာ စနစ်တကျ လေ့ကျင့်ထားတယ်ဆိုတာ ပေါ်လွင်ခဲ့တယ်။ ဒီပဲယင်း အကြမ်းဖက်မှုလိုမျိုး မွတ်ဆလင်တွေကို အမည်မသိ ဘယ်ကရောက်လာမှန်း မသိတဲ့ လူအုပ်စုကြီးက အကြမ်းဖက်မှုတွေလုပ်ပြီး တရားခံမမိ အရေးယူမှုမရှိဘဲ ဖြစ်နေတာဟာ ငရဲခွေးကြီးလွတ်နေတယ်လို့ ပြောရမလိုပါပဲ။ ဒီလိုအကြမ်းဖက်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကောင်း ဆက်စပ်နေနိုင်ပါတယ်။ နောက် မဘသဆိုတာ ပေါ်လာတယ်။ မဘသက အမျိုးဘာသာ စောင့်ရှောက်ရေးဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ၊ နောက်တက်ကြွတဲ့ ရဟန်းပျိုတွေကို သိမ်းသွင်းလာခဲ့တယ်။ မဘသက အဓိကစည်းရုံးတဲ့ အကြောင်းအရာကတော့ မွတ်ဆလင်တွေကို ဆန့်ကျင်ပြီး အမုန်းမီးပွားစေရေးကို အားပေးအားမြှောက် ပြုသယောင်ဖြစ်နေတယ်။
စစ်အစိုးရဟာ ပြည်သူက သူတို့ကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တဲ့ အခြေအနေပြလာတဲ့အခါ လူ့အခွင့်အရေးသမားတွေ တက်ကြွသူတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေကို ရပ်ဆိုင်းပြီး ဗျူဟာပြောင်းလဲ လိုက်တယ်။ အဲဒါကတော့ လူမျိုးရေး ဘာသာရေး အစွန်းရောက် အတွေးအခေါ်တွေကို နောက်ကွယ်က ချမှတ်ပေးပြီး သူတို့မွေးထားတဲ့ ဒလန်တွေ၊ သံဃာအတုအယောင်တွေနဲ့ ပွဲထုတ်တာပါပဲ။ မြန်မာနိုင်ငံမှာ ကျောင်းသားနဲ့ ရဟန်းပျိုတွေဟာ စာတတ်ပေတတ်တွေဖြစ်တဲ့အပြင် အိမ်ထောင်မရှိတဲ့ တစ်ကိုယ်ရေတစ်ကာယ သမားတွေဖြစ်ကြတဲ့အတွက် နိုင်ငံရေးမှာ အလွန်တက်ကြွတဲ့ အုပ်စုနှစ်စုဖြစ်တယ်။ ဒီအုပ်စုနှစ်စုထဲက တက်ကြွတဲ့ ရဟန်းပျိုတွေအနေနဲ့ နိုင်ငံရေးလူမှုရေး ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားမှုကနေ ဆွဲထုတ်ပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောမျိုးနဲ့ သူတို့ယုံကြည်ကိုးကွယ်တဲ့ ဘာသာပျောက်ကွယ် တော့မယ်ဆိုတဲ့ ဘာသာရေး မှိုင်းတိုက်မှုတွေ၊ ခြောက်လှန့်မှုတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဆန့်ကျင်လာပြီး စစ်အုပ်စုထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီကသာ အမျိုးဘာသာသာသနာကို ထောက်ခံတဲ့ပါတီ ဖြစ်တယ်ဆိုတာမျိုး ဖြစ်လာအောင်ပြုလုပ်တဲ့ ဗျူဟာပဲဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်ရင် ချိုးဖောက်တာကို ဆန့်ကျင်ဝေဖန်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဒီမိုကရေစီ အင်အားစုတွေဟာ မဘသရဲ့ပစ်မှတ်ဖြစ်လာပြီး ဗုဒ္ဓဘာသာကို ကာကွယ်တဲ့သူတွေ မဟုတ်ဘူး၊ မွတ်ဆလင်တွေကို အားပေးကာကွယ်နေတဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ်တပ်ပြစ်တင်ပြီး ရန်တိုက်ပေးမှုတွေ လုပ်လာခဲ့ကြပါတယ်။
မဘသရဲ့ ဦးဆောင်ဘုန်းကြီးတစ်ပါးဖြစ်သူ ဦးဝီရသူက သူ့အနေနဲ့ ဒေါ်စုကိုမဲမပေးဘူး။ နိုင်ငံခြားသားနဲ့ ယူထားလို့။ ဒါကြောင့် ပြည်ခိုင်ဖြိုးက ဦးရွှေမန်းကိုပဲ မဲပေးမယ်ဆိုပြီး ပြောခဲ့တယ်၊ နိုင်ငံခြားသားနဲ့ ယူထားလို့ဆိုတဲ့ သူ့စကားက ဘာကိုညွှန်ပြသလဲဆိုတော့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ဗုဒ္ဓဘာသာ မပျောက်ကွယ်သွားရေး၊ ကမ္ဘာမှာ တည်တန့်ရေးဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ခေါင်းဆောင်ဦးဝီရသူရဲ့ အတွေးအခေါ်ဟာ ဆန့်ကျင်နေတယ်ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးခြား ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို ယူထားတာပါ။ အမျိုးဘာသာကို စောင့်ထိန်းပြီး သူ့သားတွေကလည်း ရဟန်းဘောင် ဝင်ခဲ့ကြသူတွေပါ။ အခု ဦးဝီရသူပြောပုံက ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် နိုင်ငံခြားသားဆိုရင် ဆန့်ကျင်ရမယ်ဆိုတဲ့ အမြင်ဖြစ်တာကို တွေ့ရမှာပါ။ နောက်ပိုင်း ၂၀၁၅ မဲပေးခါနီးမှာလည်း သူက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုံးဝနိုင်မှာမဟုတ်ဘူး။ မြေကြီးက အပ်တစ်စင်းနဲ့ ကောင်းကင်က အပ်တစ်စင်း ထိချင်ထိမယ်၊ ဒေါ်စုတို့ ပါတီနိုင်မှာမဟုတ်ဘူး” ဆိုပြီး ပြည်ခိုင်ဖြိုးဘက်ကနေ မဲဆွယ်ခဲ့ဖူးတယ်။ ဒီအချက်တွေက မဘသဦးဆောင်သူတွေရဲ့ လားရာဟာ ဒီမိုကရေစီအင်အားစုတွေကို အားပေးရေးထက် ဘာသာရေးလှုံ့ဆော်မှုနဲ့ အမုန်းပွားစေမှုတွေကို ဦးဆောင်ပြီး ပြည်ခိုင်ဖြိုးကို အားပေးရေးဆိုတာ တွေ့ရမှာပါ။ မွတ်ဆလင်ဆန့်ကျင်ရေးဆိုတာ အမှန်တော့ ပြည်ခိုင်ဖြိုးပါတီကို လူထုထောက်ခံလာရေးအတွက် မြင့်မြတ်တဲ့ ဗုဒ္ဓအယူဝါဒကို အောက်လမ်းနည်းနဲ့ လွဲမှားစွာ အသုံးပြုတဲ့ အသုံးချကိရိယာတစ်ခုပါပဲ။
ကျောင်းသားတွေကတော့ ဘာသာရေးအမြင်ထက် နိုင်ငံရေးအမြင်ရှိကြတဲ့အခါ သတိထားရှောင်နိုင်ကြပေမယ့် ရိုးစင်းတဲ့ ရဟန်းပျိုတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ အမျိုးဘာသာဆိုတဲ့ စည်းရုံးမှုအောက်မှာ ရိုးစင်းစွာ ထောက်ခံပါဝင်ခဲ့ကြပါတယ်။ သူတို့ကိုယ်သူတို့ အမျိုးဘာသာထွန်းကားရေး အတွက် လုပ်နေကြတယ်လို့ ထင်နေကြပေမယ့် သူတို့ဟာ အုပ်စုတစ်ခုရဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် တည်ကြက်အဖြစ်ထားတဲ့ အသုံးချခံ လူသားတွေ ဖြစ်နေတယ်ဆိုတာ လုံးဝမတွေးမိကြဘဲ တရားဟောတဲ့ ဘုန်းကြီးတွေရဲ့ မွတ်ဆလင် မုန်းတီးရေးလမ်းကြောင်း နောက်ကို လိုက်သွားနေခဲ့ကြပါတယ်။
ရခိုင်ပြည်က ရိုဟင်ဂျာကို အကြောင်းပြပြီး သံဃာတော်အမည်ခံတွေက မြန်မာပြည်တစ်ပြည်လုံးရှိ မွတ်ဆလင်ဗလီတွေ၊ ဘာသာဝင်တွေကို နှိမ်တာတွေ၊ ပိတ်ပင်တာတွေ လုပ်လာခဲ့တဲ့အခါ ဒီလိုကျူးလွန်သူတွေကို စစ်အစိုးရက အရေးယူမှုတွေ မပြုလုပ်ခဲ့တာဟာ အစိုးရကိုယ်၌က မီးစိမ်းပြထားတဲ့သဘော ရှိနေတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အကြမ်းဖက်မှုတွေကို အရေးယူမှုအားနည်းခဲ့ပြီး လက်ရှိ ဦးထင်ကျော် လက်ထက်မှာလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းရတဲ့ အကြောင်းအချက်တွေကတော့ မတူညီကြပါဘူး။ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန် လက်ထက်မှာ လူအုပ်စုလိုက် အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေဟာ အုပ်ချုပ်သူတွေနဲ့ ဆက်နွှယ်နေကြလို့ အရေးမယူခဲ့တာဖြစ်နိုင်ပါတယ်။ ဦးထင်ကျော် လက်ထက်မှာတော့ ဒီလိုအကြမ်းဖက်မှုတွေကို အရေးယူဖို့ အာဏာရှိသင့်သလောက် မရှိသေးတာကတစ်ကြောင်း၊ ရဲတပ်ဖွဲ့တွေကို ပြည်ထဲရေးက ကိုင်ထားတာကတစ်ကြောင်း တို့ကြောင့် အားနည်းတာလို့ ယူဆမိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်ဆလင်တစ်ယောက်မှ မရွေးထားခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး အကြောင်းပြ တိုက်ခိုက်မှုတွေကို ရှောင်ရှားချင်လို့ ဖြစ်တယ်လို့မြင်ပါတယ်။ အဖွဲချုပ်မှာ မွတ်ဆလင်တစ်ယောက် ပါလာရင် အဲဒါကို အကြောင်းပြပြီး ဖွတာတွေလုပ်၊ တိုင်းပြည်မှာ အရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ မလုပ်ရဘဲ ဖြေရှင်းအချိန်ကုန်မှာကို သတိရှိရှိ ကြိုတင်ကာထားတာလို့ မြင်ပါတယ်။ ဒီလိုထောင်ချောက်တွေကို အများကလည်း မြင်ဖို့လိုပါတယ်။ ဒါမှသာ အသုံးချခံသတ္တဝါတွေ မဖြစ်မှာပါ။
ဒီကနေ့ နိုင်ငံရေးကစားကွက်တွေဟာ ပေါ်ပေါ်ထင်ထင် ဖြစ်နေတာဖြစ်ပြီး မြုပ်နေတာတွေလည်း ရှိပါတယ်။ ပေါ်ပေါ်ထင်ထင် ဖြစ်နေတာကတော့ မဘသကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လက်သပ်မွေးပေးလိုက်တာပါ။ မဘသဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့နဲ့အပြိုင် ဖွဲ့စည်းခွင့်မရှိပါဘူး။ ၁၉၈၈ - ၁၉၉၀ ခုနှစ် ဆရာတော်ဦးရေဝတ ဦးဆောင်တဲ့ မန္တလေး လေးပြင်လေးရပ် ရဟန်းပျိုသမဂ္ဂတွေ၊ ရွှေဝါရောင် သံဃာတော်တွေရဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းတွေကို အကြမ်းဖက် သိမ်းပိုက်ဖြိုခွဲခဲ့ပေမယ့် မဘသအဖွဲ့ကြီး ပေါ်လာတာကိုတော့ ကြည့်နေတဲ့အပြင် မဘသက တင်တဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ကနေ အတည်ပြုပေးလိုက်တာကို ကြည့်ရင် အစိုးရ ထောက်ခံမှုကြောင့် မဘသက ရပ်တည်နေနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ အစိုးရက ခွင့်မပြုရင် မဘသဆိုတာ ပေါ်လာခွင့်ရမှာမဟုတ်ပါဘူး။
နမူနာယူသင့်တဲ့အချက်က ဂျာမနီမှာ အာဏာရှင်ဟစ်တလာ အာဏာမရခင် သူ့နာဇီပါတီက အလုပ်လက်မဲ့ လူငယ်တွေကို ရှပ်ညိုဝတ်တွေကို အတိုက်အခံ ဆိုရှယ်လစ်ပါတီဝင်တွေ၊ ကွန်မြူနစ်ပါတီဝင်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်။ အလုပ်သမား အဖွဲ့အစည်းရုံးတွေကို ဝင်သိမ်းပိုက်ခဲ့တယ်။ နောက်ဆုံး ပြည်သူကို ဂျူးဆန့်ကျင်ရေးတွေ ဟောပြီး ဒီဂျူးတွေကြောင့် ဂျာမနီနိုင်ငံ ဆင်းရဲနေရတယ်ဆိုပြီး လူမျိုးရေးမုန်းတီးမှုကို ဦးဆောင်ပြီး အာဏာယူခဲ့တဲ့ဖြစ်စဉ်ကို သတိထားလေ့လာသင့်တယ်။ မြန်မာပြည်မှာလည်း လူမျိုးရေးဘာသာရေး မုန်းတီးမှုတွေကို လှုံ့ဆော်မှုတွေ ပြင်းထန်လာနေတယ်။
မဘသမပေါ်ခင် ဗိုလ်နေဝင်းက ၁၉၈၀ ခုနှစ်မှာ သံဃာတော်တွေကို ထိန်းချုပ်နိုင်မယ့် သံဃာအဖွဲ့အစည်း ၉ ဖွဲ့ ပါဝင်တဲ့ သံဃာ့မဟာနာယက အဖွဲ့အစည်းကြီး ပေါ်ပေါက်လာအောင် အခြေခံဥပဒေကို ရေးဆွဲပြီး မဟနကို အောင်မြင်စွာ ဖွဲ့စည်းပေးခဲ့တယ်။ ဖွဲ့စည်းပေးတဲ့ မဆလပါတီရဲ့ ရည်ရွယ်ချက်က သိန်းနဲ့ချီပြီး နိုင်ငံရေးအရ တက်ကြွတဲ့သံဃာထုကြီးကို ထိန်းချုပ်နိုင်ဖို့ပဲ ဖြစ်တယ်။ သာသနာတော်ကို ပြန့်ပွားအောင် သန့်စင်အောင် အားပေးဖို့ မဟုတ်ဘူး။ ဒါကြောင့် မြန်မာပြည်မှာ သိန်းနဲ့ချီရှိနေတဲ့ သံဃာထုကြီးကို အစိုးရက ထိန်းချုပ်နိုင်ခွင့်ကို ရရှိသွားခဲ့တယ်။ အကျိုးဆက်က ဒီလိုဖွဲ့စည်း ပေးလိုက်တဲ့အတွက် သံဃာတော်တွေ အရင်ကလို ဘယ်နေရာကြွကြွ ဘာမှပြစရာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်တဲ့ ဘဝကနေ သံဃာ့မှတ်ပုံတင်အစိုးရ သာသနာရေးဌာနမှာ လုပ်ရ၊ ခရီးသွားရင် ပြရတဲ့ဘ ရောက်လာတဲ့အပြင် မိမိကျောင်းထိုင်ဆရာတော် ထောက်ခံချက်လည်း ပါရမယ်ဆိုတာတွေ ဖြစ်လာပြီး သွားရေးလာရေးတွေမှာ ထိန်းချုပ်မှုတွေ ဖြစ်လာခဲ့တယ်။ နောက်သံဃာ့မဟာနာယက အဖွဲ့ကြီးကို ဖွဲ့စည်းရာမှာလည်း ဦးဆောင် ဆရာတော်တွေနေရာမှာ ထေရ်ကြီးဝါကြီးတွေကိ ရုပ်ပြထားပြီး စီမံခန့်ခွဲတဲ့နေရာတွေမှာ အစိုးရသဘောကို လိုက်နာမယ့် ကိုယ်တော်တွေသာ ခန့်ထားမှုတွေကြောင့် မဟနဟာ အစိုးရအကျိုးအတွက် အသုံးချခံ အဖွဲ့အစည်းကြီး ဖြစ်ခဲ့ပါသည်။ သံဃာတော်တွေ ဗုဒ္ဓဝိနည်းတော်နဲ့မညီတဲ့ အလုပ်တွေလုပ်လည်း မလှုပ်ဘဲ တုံဏှိဘာဝေနေတဲ့ အမည်ခံ အဖွဲ့အစည်းဘဝ ရောက်လာခဲ့တာပါပဲ။
ဒီလိုဖြစ်နေတဲ့ အခြေအနေမှာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးက ဒီနှစ်ဇူလိုင်လမှာ ရုတ်တရက် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ မဟနက မဘသဟာ သံဃာ့လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ကြေညာလိုက်ခြင်းပါ။ ဦးထင်ကျော် သမ္မတဖြစ်လာတဲ့အခါ စစ်အာဏာ လွှမ်းမိုးမှုအောက်က အသုံးချခံနေရာကနေ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိလာတာကို ပထမဦးစွာတွေ့ရပြီး ဝမ်းသာစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
နိဂုံးအားဖြင့် ဘာသာရေး လှုံဆော်မှုတွေနဲ့ နိုင်ငံရေး အမြတ်ထုတ်မယ့် အကွက်ကို လူတိုင်းက မြင်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဒီအရှုပ်တွေကို တစ်နေ့ရှင်းရမှာဖြစ်ပြီး ဒီလိုရှင်းတဲ့အခါ ပြည်သူကို အသိပညာပေးဖို့ အထူးလိုအပ်ပါတယ်။ အာဏာလက်လွတ်လိုက်ရတဲ့ အဖွဲ့အစည်းဟာ နှစ်ပေါင်း ငါးဆယ်ကျော် အမြစ်တွယ်နေခဲ့တဲ့အတွက် အခြေခံအဆောက်အအုံ ခိုင်ခိုင်မာမာရှိနေပြီး သူတို့အာဏာ ပြန်လည်ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ ကစားကြမှာ ကျိန်းသေပါတယ်။
လက်ရှိအစိုးရအပါအဝင် ဘယ်အစိုးရကမှ ဗုဒ္ဓဘာသာ ဦးဆောင် အဖွဲ့အစည်းဖြစ်တဲ့ မဟနကိုလွှမ်းမိုးခိုင်းစေခြင်း၊ ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ သံဃာတော်များကို မဟနအဖွဲ့ကြီး ခွင့်ပြုချက်မရဘဲ အတင်းအဓမ္မ မင်းအာဏာသုံး သင်္ကန်းချွတ်ခြင်း မပြုလုပ်နိုင်ရေးနဲ့ မဟနအဖွဲ့အစည်းကြီးကို ဂိုဏ်းပေါင်းစုံ သံဃာတော်များက ဒီမိုကရေစီနည်းကျ ရွေးချယ်နိုင်ရေး၊ သံဃာကိစ္စကို သံဃာကသာ ဆုံးဖြတ်ပေးတဲ့ သံဃာ့ခုံရုံး ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများကို ကူညီဆောင်ရွက်ပေးပြီး ယိမ်းယိုင်နေသော ဘာသာရေး၊ သာသနာရေးကိစ္စကို အချိန်မီ တည့်မတ်ပေးဖို့လိုပါတယ်။ မဘသကိစ္စကို မဟနက ကိုင်တွယ်နိုင်ရန် အစိုးရက ထောက်ခံအားပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာ ဘာသာရေး လူမျိုးရေးအကြမ်းဖက်မှုများကို တားဆီးနိုင်မှာ ဖြစ်သလို ဗုဒ္ဓဘာသာကိုလည်း အကြမ်းဖက်ဘာသာအဖြစ် နာမည်ပျက်မယ့် လုပ်ဆောင်မှုများကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News

0 comments:
Post a Comment