အကြိမ်ကြိမ် ဖတ်သင့်တဲ့ 'ပလေးတိုး နိဒါန်း'
Open Mind Library
ဆရာဇော်ဂျီ ပြန်ဆိုတဲ့ ပလေးတိုးနိဒါန်း စာအုပ် အခု နှစ်ကြိမ်လောက် ပြန်ထွက်လာတယ်။ ပလေးတိုး ရဲ့ ဆောခရတ္တိနဲ့ ဆိုင်တဲ့ ကထာစာတမ်း ၁၃ ပုဒ်ကို ရွေးချယ်ပြန်ဆိုထားတယ်။ စကားလုံးအသုံးအနှုန်းကအစ ဂရုစိုက် ခန့်ခန့်ညားညား ပြန်ဆိုထားတာမို့၊ ဒီလို စာမျိုး ပြန်ဆိုသူ မြန်မာပြည်မှာ ဆရာဇော်ဂျီ တစ်ယောက်ပဲ ရှိတယ်လို့ ပြောရမလားပဲ..။ ဆော့ခရတ္တိရဲ့ အခြေအတင် မေးမြန်းဆွေးနွေးချက်တွေဟာ ပြန်ဖတ်လေ စဉ်းစားစရာတွေနဲ့ အပြည့်ပါ..။

ဆော့ခရတ္တိ သေဒဏ်ချမှတ်ခံရပြီးနောက် အဆုံးမစီရင်သေးခင် ပြောခဲ့တဲ့ စကားတွေထဲက အချို့ကို အောက်မှာ ထုတ်နှုတ် မျှဝေလိုက်ပါတယ်..
-အဆွေခင်ပွန်းထက် ငွေကိုပို၍ မက်လှချေ၏ဟု အထင်ခံရခြင်းထက် ရှက်ဖွယ်ကောင်းသောအရာသည် လောကမှာ မရှိပြီ။
-စေတနာကို အမှန်ဖက်သို့ ဦးတည်နိုင်ပါမှ ထိုစေတနာသည် အကျိုးပေးမည်။ အမှားဖက်သို့ ဦးတည်မိပါမူ စေတနာ ရဲရဲတောက်ဖြစ်လေ၊ အန္တရာယ်ကြီးလေလေ ဖြစ်မည်။
-အကောင်းအဆိုး အကျိုးအပြစ်ကို ပြတတ်သော သမ္ပဇဉ် အဆင်ခြင်ဉာဏ်ကိုသာ လက်ခံလိုသည်။ သမ္ပဇဉ် အဆင်ခြင်ဉာဏ်သာလျှင် လောကမှာ အမြတ်ဆုံးဟု ကျွန်ုပ် ယူဆသည်။
-အားကစားလေ့ကျင့်သူတစ်ဦးသည် လူတိုင်း၏ ချီးမွမ်းစကားတို့ကိုလည်းကောင်း၊ ကဲ့ရဲ့သော စကားတို့ကို လည်းကောင်း၊ နားထောင်လေ့ကျင့်မှုကို ပြုသလော၊ သို့တည်းမဟုတ် အားကစားဆရာသော်လည်းကောင်း၊ ဆေးဆရာသော်လည်းကောင်း ပုဂ္ဂိုလ်တဦးတည်း၏ စကားကိုနာယူ လေ့ကျင့်မှုကို ပြုသင့််သလော..။ ... စင်စစ်မှာ ကျွန်ုပ်တို့သည် အရပ်၏ ထင်မြင်ချက်ထက် တတ်သိလိမ္မာသူတစ်ဦး၏ ထင်မြင်ချက်ကို ပို၍ လေးစား ထိုက်ကြပေသည်။
-အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်းကောင်း အန္တရယ်ပြုခြင်းမှ ရှောင်ကြဉ်ထိုက်၏ဟု ဆိုလျှင် နိုင်ငံတော်ကို အန္တရာယ်ပြုခြင်းမှ ပို၍ရှောင်ကြဉ်ထိုက်ပေသည်။
-မှန်သောတရားကို အနှောင်းထား၍ မစဉ်းစားပါနှင့်၊ မှန်သောတရားကို အဦးထား၍ စဉ်းစားပါ၊ သို့မှသာ အသင်သည် တမလွန်ဘ၀မှာ မျက်နှာကောင်းရမည်။
-လူဖြစ်လာလျှင် လူတော်လူကောင်း ဂုဏ်သိက္ခာတရားတို့ကို ပြောဟောဆွေးနွေးရခြင်းသည် အမြတ်ဆုံးဖြစ်၏။ မိမိကိုယ်ကိုယ်သော်လည်းကောင်း သူတပါးကိုသော်လည်းကောင်း မေးမြန်းစိစစ်ခြင်းမရှိသော လူ့ဘ၀သည် နေရကျိုးမနပ်၊ အချည်းအနှီးသော ဘ၀သာဖြစ်သည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ် ရေငုံ၍ မနေလိုခြင်း ဖြစ်သည်။
-အချင်းတို့-- ကိုယ်ကျိုးစီးပွားအတွက် အားမထုတ်မီ ကိုယ့်ကိုယ်နှုတ်နှလုံးကို ကောင်းအောင် ပြုကြပါဦးလော့၊ လူတော်လူကောင်းဖြစ်အောင် ပြုပေးတတ်သော ဂုဏ်သိက္ခာတရားကို ရှာကြပါဦးလော့၊ နိုင်ငံ၏အကျိုးကို ရှေးဦးစွာ စဉ်းစားပြီးမှသာ နိုင်ငံအတွက် ပြုဖွယ်ကိစ္စတို့ကို စဉ်းစားကြပါလော့၊ နေရာတကာ ထိုသဘောအတိုင်း ကိုယ်နှုတ်နှလုံး သုံးကြပါလော့...။
-အကြင်သူသည် လောကတွင် လူဖြစ်ကျိုးနပ်လိုသူဖြစ်၏၊ ထိုသူသည် သေရေးရှင်ရေးကို ထည့်၍ မတွေးအပ်။ မိမိ၏ ကိုယ်နှုတ်နှလုံး အမူအယာသည် တရားနှင့်ယှဉ်သလော မယှဉ်သလော အချက်ကိုသာ တွေးအပ်သည်။
-အကြင်သူသည် တရားကိုစောင့်၍ တရားနှင့်အညီကျင့်၏။ ထိုသူသည် တရား၏ အစောင့်အရှောက်ကို ရအံ့ဟု မျှော်လင့်နိုင်၍ စိတ်သက်သာရာ ရနိုင်၏။ ဤသို့ဖြင့် မျှော်လင့်စရာ အာရုံသည် သူ၏ အိုမင်းမစွမ်း အရွယ်တွင် သူ့အဖို့ မိတ်ကောင်းဆွေကောင်း ဖြစ်သည်။ မစမည့်သူဖြစ်သည်။ ထိတ်လန့်တုန်လှုပ်ခြင်းမီးကို ငြိမ်းမည့်သူ ဖြစ်သည်။
-အချင်းတို့.. လူကောင်းပင်ဖြစ်လင့်ကစား ပစ္စည်းဥစ္စာမရှိလျှင် အိုခြင်း၏ ဒုက္ခကို ခံနိုင်ရည်ရှိရန် မလွယ်ဟု အသင်တို့က ဆိုသည်ရှိသော်၊ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝလင့်ကစား လူဆိုးလူညံ့ဖြစ်လျှင် စိတ်ချမ်းသာခြင်းကို မရနိုင်ဟု ကျွနု်ပ်က ပြန်ပြောလိုက်မည် ဖြစ်သည်။
-သမာဓိရှိ၍ ယောနိသော မနသိကာရ အသင့်အတင့် နှလုံးသွင်းတတ်ခြင်းရှိသော လူအိုတို့အဖို့မှာ အိုခြင်းသည် မခံမရပ်နိုင်သော၊ မသယ်မပိုးနိုင်သော ၀န်ထုတ်ဝန်ပိုး မဟုတ်ပါ။ သမာဓိမရှိဘိမူကား ၊ အသင့်အတင့် နှလုံးသွင်းတတ်ခြင်း မရှိဘိမူကား၊ အိုသည်ဖြစ်စေ ပျိုသည်ဖြစ်စေ ထိုထိုသော ဒုက္ခအပေါင်းတို့၏ အဖိအစီး အနှိပ်စက်ကို ခံကြရမည်သာဖြစ်သည်။
-မေတ္တာတရားသည်သာလျှင် လူ့လောကအတွက် ကိုးကွယ်ရာဖြစ်၏။ မေတ္တာတရားသည်သာလျှင် လူသားတို့၏ ပုထုဇဉ်သဘာဝ၊ ပုထုဇဉ်စရိုက်တို့အတွက် အသင့်အမြတ်ဆုံးဖြစ်၏။ မေတ္တာတရားကို လူတိုင်း လေးစားထိုက်၏။ ကျွန်ုပ်သည် မေတ္တာလမ်းစဉ်ကို အားထုတ်၏။ သူတပါး လေးစားအားထုတ်ကြအောင်လည်း ဟောပြောတိုက်တွန်းသည်။ မေတ္တာတရားကို အခုလည်းချီးကျူးမည် ၊ နောင်အခါလည်း ချီးကျူးပါ၏။
-ဂုဏ်သိက္ခာသည် လောကမှာ တန်ဖိုးအထားထိုက်ဆုံး အရာဖြစ်၏်။ ဂုဏ်သိက္ခာဟူသည် လောကမှာ အကောင်းဆုံးကိုရအောင် တရားသဖြင့် စွမ်းဆောင်နိုင်သော အရည်အချင်းဖြစ်၏။
-ကောင်းသူအချင်းချင်းသာ မိတ်ဆွေ ဖြစ်တတ်ကြ၏။ ဆိုးညစ်သူတို့သည် ကောင်းသူနှင့်လည်း မိတ်မဖြစ်နိုင်၊ ဆိုးညစ်သူနှင့်လည်း မိတ်မဖြစ်နိုင်။ ထို့ကြောင့် မည်ကဲ့သို့သော သူမျိုးကို မိတ်ဆွေဟု ဆိုရမည်နည်းဟူသော မေးခွန်းအတွက် အဖြေမှာ အခြားမဟုတ်။ ကိုယ်နှုတ်နှလုံး ကောင်းသူတိုင်းသည် မိတ်ဆွေဖြစ်၏။
-အများအကျိုးရှိအောင် အများကောင်းကျိုး ဆောင်ရွက်တတ်ခြင်း ရှိလာသောအခါ လူတိုင်းလူတိုင်းသည် အသင်၏ မိတ်ဆွေဖြစ်လာ၍ အသင့်ကို ချစ်ခင် ကိုးစားလာမည် မဟုတ်ပါလော။ အများအကျိုးရှိအောင်၊ အများကောင်းအောင် အသင့်ကိုယ်ကို အသင် အသုံးချတတ်ခြင်း မရှိလျှင်မူကား၊ အသင်၏ အဖသည်လည်း အသင်၏ မိတ်ဆွေ ဖြစ်လာမည်မဟုတ်၊ အသင်၏ အမိလည်း အသင်မိတ်ဆွေ ဖြစ်လာမည်မဟုတ်။
-အားလုံးစုံသော ၀ိဇ္ဇာပညာ သိပ္ပံပညာတို့ကို သိသော အသိအမျိုးမျိုးသည် ချမ်းသာသုခ အစစ်ကို မပေးနိုင်။ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင်သော အသိတမျိုးတည်းကသာ ချမ်းသာသုခအစစ်ကို ပေးနိုင်၏။
-မည်သူ့ထံက ကြားခဲ့သည် ဟူသောအချက်သည် ကျွန်ုပ်တို့ စဉ်းစားကြရမည့်အချက်မဟုတ်။ ကြားခဲ့သော စကား မှန်မမှန်သာ ကျွန်ုပ်တို့ စဉ်းစားကြရမည့် အချက်ဖြစ်သည်။
-သူရသတ္တိဟူသည် အဘယ်နည်း။ သူရသတ္တိရှိပါပေသည်ဟု ကျွန်ုပ်ဆိုချင်သော အမူအရာတို့ကား အခြားမဟုတ်။ အသိတရားနှင့်ယှဉ်သော ကိုယ်နှုတ်နှလုံး အမူအရာတို့သာ ဖြစ်သည်။
-ထက်မြက်သော ဉာဏ်လည်းရှိ၊ သိမ့်မွေ့သော စိတ်ထားလည်းရှိ၊ ရင်ဆိုင်ရဲသော သတ္တိလည်းရှိ၊ ထိုအင်္ဂါသုံးရပ်နှင့် ပြည့်စုံသော သူငယ်များကား ရှားပါး၏။
-မိမိကိုယ်ကိုမျှ မိမိ မသိသောသောအခါတွင်၊ ကိုယ့်အလုပ်မဟုတ်သော အလုပ်နောက်သို့ လိုက်နေသည်ဖြစ် လျှင် ရယ်စရာကြီးဖြစ်လိမ့်မည်။

0 comments:
Post a Comment