Saturday, July 23, 2016

အတူဆော့ကစားနိုင်တဲ့ လင်မယားမျိုးဆိုတာ ဘယ်လိုမျိုးလဲ…

Nine Nine Sanay @ နိုင်းနိုင်းစနေ

ကိုယ်ကာယလေ့ကျင့်တဲ့လင်မယားနှစ်ယောက်ရှိတယ်။ လင်မယားနှစ်ယောက်စလုံး ကိုယ်ကာယအတူလေ့ကျင့်သလို ဒီအလုပ်ကိုပဲ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်အဖြစ် တိုးချဲ့နိုင်ခဲ့တယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်အားကစားဝတ်စုံတွေ သူတို့တီထွင်ဖန်တီးနိုင်ခဲ့တယ်။
.
သူတို့ရဲ့ ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်က ဘာလဲလို့ တခြားသူမေးတဲ့အခါ သူတို့က သူတို့ဟာ လင်မယားဖြစ်သလို ဘဝတိုက်ပွဲအတူဝင်ကြတဲ့ ရဲဖော်ရဲဘက်တွေလည်းဖြစ်တယ်လို့ဆိုတယ်။ သူတို့ရဲ့ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်က အတူကျခဲ့တဲ့ ချွေးစက်တွေ၊ အတူမ,ခဲ့တဲ့ သံတွေ (အားကစားကရိယာ) လို့ဆိုတယ်။


.
အားလပ်ချိန်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ ဇနီးမောင်နှံတချို့ကို မြင်ယောင်ကြည့်ပါ။ သူတို့ဟာ ဘာမှမဟုတ်တဲ့ ကိစ္စအသေးအမွှားတွေနဲ့ ငြင်းခုန်ရန်ဖြစ်နေချိန်မှာ ဒီဇနီးမောင်နှံနှစ်ဦးကတော့ အားကစားရုံမှာ ကိုယ်ကာယအတူလေ့ကျင့်နေကြပြီ။ အချင်းချင်း ကူညီဖေးမလို့ ချွေးစက်တွေ အတူယိုစီးကြပြီ။
.
အတူပျော်ရွှင်စွာဆော့ကစားနိုင်တာဟာ ဘဝနေထိုင်မှုအရည်အသွေးကို မြင့်တင်နိုင်ရုံတင်မက ဘဝအခက်အခဲ၊ အနိမ့်ဆုံးအချိန်တွေကိုပါ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်။
.
အိုမင်းသွားတဲ့လူအိုမောင်နှံတွေ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာကို တွေ့မြင်ဖူးကြမှာပါ။ သူတို့ဟာ အတူနေလာတဲ့သက်တမ်းကြာမြင့်နေခဲ့ပြီး နှစ်ယောက်သားကြား ပြောစရာစကားတွေလည်း ကုန်နိုင်သလောက်ကုန်ခဲ့ပြီဆိုပေမယ့်၊ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်ကအမှတ်အသားကို တစ်ယောက်ကအလွတ်ရနိုင်လောက်ပြီဆိုပေမယ့်၊ မျက်နှာပေါ်က အရစ်အကြောင်းတစ်ကြောင်းချင်းစီကိုတောင် ရေတွက်ခဲ့ကြပြီဆိုပေမယ့် သူတို့ဟာ တစ်ဦးအပေါ်တစ်ဦး မငြီးမငွေ့ ပြောဆိုဆက်ဆံနေကြတာဟာ သူတို့နှစ်ယောက်မှာရှိတဲ့ ဝါသနာ၊ စိတ်ဝင်စားမှုတွေကြောင့်ဖြစ်တယ်။
.
သူတို့ဟာ အတူစာဖတ်တယ်၊ အတူခြံစိုက်တယ်၊ အတူရေကူးတယ်၊ အတူလမ်းလျှောက်တယ်၊ အတူဘုရားကျောင်းသွားတယ်၊ ဝါသနာပါတဲ့ စိတ်ဝင်စားတဲ့အလုပ်ကို နှစ်ယောက်အတူလုပ်တယ်။ ရိုးရှင်းသာမန်တဲ့နေ့ရက်ကို သူတို့အဓိပ္ပာယ်ရှိရှိဖြတ်သန်းတယ်။
.
--> ဒီလိုဆိုရင် ကိုယ်နဲ့အတူဆော့ကစားနိုင်မယ့်သူကို ဘယ်လိုရှာဖွေတွေ့ရှိနိုင်မလဲ…
.
ပထမဦးဆုံး သင့်ကိုယ်တိုင်မှာ စိတ်ဝင်စားမှုတွေရှိနေရတယ်။
မိန်းကလေးတော်တော်များများက သူတို့ကိုယ်တိုင်မှာ ဘာစိတ်ဝင်စားမှုမှမရှိတတ်ဘူး၊ ဘာဝါသနာမှ မပါတတ်ဘူး။ စိတ်ဝင်စားမှုမရှိရင် ဘဝအပေါ် စိတ်အားထက်သန်မှု၊ လိုက်လံဖမ်းဆုပ်လိုစိတ်တွေလည်း မရှိတော့ဘူး။ ဒီလိုဘဝမှာ တစ်အချက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ယောက်ျားလေးတစ်ယောက်ကို သင်ဆွဲဆောင်မိနိုင်မှာမဟုတ်ဘူး။ နှစ်အချက် ဘယ်လိုလူမျိုးကို ရှာဖွေရမယ်ဆိုတာကို သင်ကိုယ်တိုင်လည်းမသိဘူး။
.
မှတ်မိပါသေးတယ်.. အလယ်တန်းတုန်းက ဆရာမက အတန်းသားတိုင်းကို သင့်ဝါသနာပါရာကိုဖြည့်ပါလို့ ဖြေခိုင်းတယ်။ ကျောင်းသားအများက စစ်သားကြီး မဟုတ်ရင် ဆရာဝန်ဖြစ်ဖို့ဝါသနာပါတယ်လို့ ဖြည့်ကြတယ်။ ကျွန်မတို့ အဲဒီတစ်ခေတ်ကလူတွေ စိတ်ဝင်စားစိတ်ကင်းမဲ့ကြတာဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက ပျိုးခဲ့တဲ့ မျိုးစေ့တွေကြောင့်ဖြစ်တယ်။ အခုချိန်မှာ ကျွန်မတို့ဟာ အရွယ်ရောက်လာကြပြီဖြစ်တယ်။ အချိန်အနည်းငယ်နဲ့ ခွန်အားအနည်းငယ်သုံးပြီး ကျွန်မတို့ရဲ့ဝါသနာ၊ စိတ်ဝင်စားစိတ်ကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါပြီ။
.
ပိုက်ဆံရှာဖို့၊ ရာထူးတက်ဖို့လောက်ကိုပဲ စိတ်ဝင်စားတာမဟုတ်ဘဲ ကြိုက်နှစ်သက်လို့ကို ကြိုက်နှစ်သက်တာဆိုတဲ့ အရာမျိုးလည်း စိတ်ဝင်စားဖို့၊ ဝါသနာပါဖို့ လိုအပ်ပါတယ်။ သင့်မှာ ဝါသနာပါရာများလေ သင့်ပိုပြည့်ဝလေ သင်ပိုစိတ်ဝင်စားစရာကောင်းလေ တစ်ယောက်တည်း သင်ပိုနေတတ်လေဖြစ်တယ်။ သင်နဲ့အတူ ငေးမောနိုင်မယ့်လူကို သင်ရှာဖွေနိုင်လေဖြစ်တယ်။
.
--> ပထမဦးဆုံး သင်နဲ့အတူ ဆော့ကစားနိုင်မယ့်သူကို ရှာပါ။
.
ဒီလိုပြောရင် လူအများက ရယ်ကြလိမ့်မယ်။ ဒါ အပိုစကားပဲ.. ဘယ်သူမဆို ပျော်စရာကောင်းတဲ့လူကိုရှာယူမှာပဲလို့ ဆိုကြမယ်။ အင်း… အဲဒီလိုလည်းမဟုတ်သေးဘူး။ ကျွန်မတို့နိုင်ငံမှာ လူအများက ကိုယ်နဲ့ပြောဆိုဆက်ဆံမှု ပိုအဆင်ပြေတဲ့လူ၊ အတူဆော့ကစားနိုင်တဲ့လူကို ရှာယူတာထက် ပိုက်ဆံရှိ၊ အိမ်ရှိ၊ ကားရှိတဲ့လူကိုပဲ ပိုရှာယူချင်ကြတယ်။ ဒါဟာ မပျော်ရွှင်တဲ့ဘဝအစရဲ့ အုတ်မြစ်ဖြစ်တယ်။
.
ဖူးစာရှင်ကို သင်ရှာဖွေချိန်မှာ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေနိုင်မယ့်လူကို သင်မရှာဘူး။ သင်ရှာတာက သင့်ကိုလုံခြုံမှုပေးနိုင်တဲ့၊ သင့်ကို ပစ္စည်းဥစ္စာပေးနိုင်တဲ့အာမခံချက်ရှိတဲ့လူကို သင်ရှာယူတယ်။ မင်္ဂလာဆောင်ပြီးတဲ့နောက် သင့်အိမ်ထောင်ဖက်က အိမ်ဆိုတာ ပိုက်ဆံပြန်ယူတဲ့နေရာဆိုတာကလွဲပြီး တခြားဘာစိတ်ဝင်စားစိတ်မှမရှိဘူးဆိုရင် ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါ။ ဘာလဲ.. ဗူးစင်အောက်မှာ သင်ကသခွားသီးခူးချင်သေးလို့လား…
.
--> ဆော့ကစားနိုင်မယ့်စိတ်ကို သင်ထိန်းသိမ်းဖို့လိုသေးတယ်။
.
မိန်းကလေးတချို့က မင်္ဂလာမဆောင်ခင်မှာ ဝါသနာတွေ၊ စိတ်ဝင်စားစိတ်တွေရှိတဲ့လူတစ်ယောက်ပေါ့။ ဒါပေမယ့် မင်္ဂလာလည်းဆောင်ပြီးရော ချက်ချင်းပဲ မိန်းကလေးတစ်ယောက်ကနေ အဒေါ်ကြီးပုံစံပြောင်းသွားတယ်။ မျက်နှာပေါ်မှာတောင် အရစ်အကြောင်းက မပေါ်သေးဘူး.. သူ့စိတ်က အရစ်အကြောင်းအထပ်ထပ်နဲ့ အိုမင်းနေခဲ့တယ်။
.
အရင်တုန်းက သူနှစ်သက်လို့လုပ်ခဲ့တဲ့ အားကစားကိုလည်း မလုပ်တော့ဘူး။ ရင်းနှီးနဲ့သူငယ်ချင်းတွေနဲ့ မတွေ့ဆုံတော့ဘူး။ နှစ်သက်တဲ့စာဖတ်ခြင်းအလုပ်ကိုလည်း လက်လွှတ်လိုက်ပြီ။ နေ့တိုင်း ဘယ်နေရာမှာ ဒစ်စကောင့်ချမလဲ၊ ဘယ်နေရာမှာ အပိုလက်ဆောင်ပစ္စည်းတွေပေးမလဲဆိုတာမျိုးကိုပဲ လေ့လာတော့တယ်။ တခြားလူနဲ့စကားပြောရင် ကလေးအကြောင်းက မပါမဖြစ်ဘူး၊ ယောက်ျားဂိမ်းကစားနေကြောင်းကို နေ့တိုင်းမကျေမနပ်ညည်းတယ်။ အဲဒီလိုမျိုး လူမအိုခင် စိတ်အိုနေတဲ့ မိန်းကလေးမျိုးတွေ့ရင် … သူဂိမ်းကစားရင် နင်လည်းဝင်ကစားပေါ့… ဒါမှမဟုတ် ဒီထက်ပိုအဓိပ္ပာယ်ရှိတဲ့ကစားနည်းကို သင်နဲ့အတူကစားဖို့ သူ့ကိုခေါ်ပေါ့လို့ ကျွန်မပြောဖြစ်တယ်။
.
ရုံးပိတ်ရက်ရောက်တိုင်း မြင်းစီးကွင်းကို ကျွန်မသွားတယ်။ မြင်းစီးကွင်းမှာ ကလေးတော်တော်များများက မြင်းစီးလေ့ကျင့်ဖို့ရောက်နေတတ်တယ်။ ကလေးအမေတချို့က လှတပတ စကပ်တို၊ ဒေါက်မြင့်ဖိနပ်စီးပြီး ဘေးမှာထိုင်ကြည့်နေကြတယ်။ ကလေးတချို့က မျက်နှာရှုံ့မဲ့မဲ့နဲ့ မြင်းစီးနေကြတယ်။ တစ်နေ့က ကလေးလေးတစ်ယောက် ဘယ်လိုလုပ်လုပ် မြင်းပေါ်မတက်ချင်ခဲ့ဘူး။ သူ့အမေက ဘေးကနေ အော်လိုက်ငေါက်လိုက်လုပ်နေခဲ့တယ်။ သားဖြစ်သူ မြင်းပေါ်မတက်ရင်ရိုက်မယ်လို့ အမေက တကဲကဲရွယ်တယ်။
ကလေးအမေကို ကျွန်မက “ရှင်ကိုယ်တိုင် အရင်စီးပြလေ.. ရှင်စီးတာ ပျော်စရာကောင်းတယ်ဆို ရှင့်ကလေးလည်း အလိုလို မြင်းပေါ်ရောက်လာမှာပဲ” လို့ပြောတော့… “အမလေး… ကျွန်မမစီးရဲဘူးတော့၊ ဒီအသက်အရွယ်ရောက်မှတော့ ပင်ပန်းတာမခံနိုင်တော့ဘူး၊ မတော်မြင်းပေါ်ကလဲကျရင် ဘယ့်နှယ့်လုပ်မလဲ၊ အသားမည်းသွားရင် ဘယ့်နှယ့်လုပ်မလဲ” လို့ဆိုတယ်။
.
ကျွန်မရင်မောသွားတယ်… ကြည့်ရတာ သူ့ကလေးက ကျွန်မကလေးနဲ့ရွယ်တူလောက်ပဲ။ သူ့ကို ကျွန်မဘာမှပြောမနေဘဲ မြင်းတင်ပါးကို ခပ်ဆတ်ဆတ်တစ်ချက်ရိုက်ပြီး ကျွန်မထွက်လာခဲ့တော့တယ်။
.
ဒီလိုမိန်းမမျိုးက သားဖြစ်သူကမြင်းစီးကွင်းမှာ၊ ယောက်ျားဖြစ်သူကဂေါ့ဖ်ကွင်းမှာ သူကိုယ်တိုင်က အရိပ်အောက်မှာ ရပ်ကြည့်လို့။ တစ်နေ့နေ့မှာ သူ့သားအရွယ်ရောက်လို့ သူ့ဖာသာမြင်းစီးတတ်သွားပြီး အမေလုပ်သူ အဖော်ပြုစရာမလိုတော့တဲ့အချိန် သူဘယ်နားသွားရပ်ပြီး ဘယ်သူ့ပရိသတ်သွားလုပ်တော့မလဲ…
----------
ဆက်ပါဦးမည်..
‪#‎နိုင်းနိုင်းစနေ‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...