Sunday, October 11, 2015

စိတ်နဲ့မမီနိုင်သောအရပ်

 


တယ်လီဖုန်းမြည်သံတွေ…..အဆက်မပြတ်..
(လက်ခံမယ့်သူမရှိ)
စောင်းကြိုးပြတ်တဲ့အသံတွေလွင် …
တောင်စဉ်တွေအထပ်ထပ်ခြားခဲ့ပြီလား...


မေးထူးခေါ်ပြောတောင်လုပ်လို့မရတဲ့ကမ္ဘာ
အသံတွေကိုဆာလောင်မွတ်သိပ်လာတယ်
ဆက်သွယ်မှုဧရိယာရဲ့ပြင်ပမှာ
စာပို့သမားတွေလည်းမရှိကြဘူး။

စိတ်တွေကိုပို့လွှတ်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေပျောက်ဆုံးလာခဲ့
လမ်းခုလပ်က နတ်ဆိုးများရဲ့ပွဲသဘင်မှာ
ပျော်ရွှင်စွာပျောက်ဆုံးခဲ့ကြပြီလား
စိတ်ကိုစိတ်ကခြားနေတယ်။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
အိပ်မွေ့ချထားလိုက်စမ်းပါ ….မှော်ဆရာ
တစ်ခါတစ်ခါ ..သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့အပိုင်းအစတွေဂျွမ်းထိုးမှောက်ခုန်
မရဏဗုံသံတွေသာ မြည်ဟည်းကျန်ခဲ့
ကမ္ဘာအထပ်ထပ်ခြားသွားခဲ့ရပြီ။

တရားနဲ့သာဖြေလိုက်ကြပါတော့
တိမ်မီးခိုးတွေကတော့လွင့်ပါးသွားခဲ့ကြပြီ
စိတ်နဲ့ဖမ်းယူရှိုက်သွင်းပစ်လိုက်ရင်း
ငါ့ တစ်ကိုယ်စာလက်ယက်တွင်းထဲမှာ
အနက်ရောင်တွေရွာချလာခဲ့တယ်။
မနော်ဟရီ




ကဗျာနဲ့ထပ်တူခံစားထားတဲ့ comments များ

Zephyr said 

…အဆက်မပြတ်..
အသံတွေကိုဆာလောင်မွတ်သိပ်
တစာစာ အသံလေးကအစ တစွာစွာအသံလေးအဆုံး
ဆာလောင်မွတ်သိပ် ....
ဆက်သွယ်မှုဧရိယာရဲ့ပြင်ပ
မေး
ထူး
ခေါ်
ပြော
လုပ်လို့မရ
စာပို့သမားမဲ့ ကမ္ဘာ
ရှေ့မျက်နှာနောက်ထား
သဲရေကျရုံ ခဲနေရပြန် ....။ ။

စိတ်တွေကိုပို့လွှတ်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေပျောက်ဆုံးလာခဲ့
စိတ်နဲ့စိတ် အဆက်အသွယ်ပြတ်လာခဲ့ ...
... စိတ်ပျက်စရာ စိတ်ပြတ်မှု
ခါးအီမွှေးမြစွာသော ကျိန်စာဆိုးသွမ်းတစ်ခုလို။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
ကျောက်ရုပ်မန္တာန်နဲ့ ခဲပစ်လိုက်စမ်းပ….မှော်ဆရာ
သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့အပိုင်းအစတွေဂျွမ်းထိုးမှောက်ခုန်ဖြစ်လွန်းလို့...။
မရဏဗုံသံတွေနဲ့
ကမ္ဘာအထပ်ထပ်ခြားသွားခဲ့ရပြီ။
အထပ်ထပ်ခြားနေတဲ့ကမ္ဘာ တွေမှာနေထိုင်ရင်း
မရဏဗုံသံတွေနဲ့ စိတ်က ရိုင်းစိုင်းညွတ်နူးနေခဲ့တယ် ...။

တရားနဲ့သာဖြေလိုက်ကြပါတော့
စိတ်နဲ့ဖမ်းယူရှိုက်သွင်းပစ်လိုက်ရင်း
ငါ့ တစ်ကိုယ်စာလက်ယက်တွင်းထဲမှာ
မာရ်နတ်အိမ်မက်တွေနဲ့ သီတင်းသုံးနေမိတော့တယ်....။





အိန္ဒြာ said...

စိတ်တစ်ကမ်းမှာ....
စိတ်တမျှော်မှာ..
စိတ်ချည်းသက်သက်သွားပေမယ့်
စိတ်မရောက်နိုင်တဲ့..ခရီး ရှိနေတယ်...
ခဏလေး...ဖြစ်ဖြစ်...ပါကွယ်...
အဲဒီ့လို တောင့်တလွမ်းဆွတ်လာမှုက မီးတောက်မီးလျှံလိုပါပဲ.....
စိတ်ကို လာလာဟတ်နေတော့...
စိတ်ခမျာ..အညွန့်တလူလူမတက်နိုင်လောက်အောင်.
ညှိုးလျော်...နွမ်းယဲ့.......လို့


လင်းဒီပ said...

စိတ်ခြင်း အကွာအဝေးတူပါရက်
တစ်ယောက်ကိုတစ်ယောက် လှမ်းခေါ်မရတဲ့ နေ့စွဲတွေမှာ
ကိုယ့်အခန်းလေးထဲကိုယ်
အလွမ်းတွေပဲ တစ်ကြောင်းချင်း ချဆွဲနေဖြစ်ခဲ့တယ်။


Julian said...

စိတ်ကို စိတ်ကပြန်သတ်တယ်
စိတ်နဲ့အသက်ရှင်သလို စိတ်နဲ့ဘဲအသက်ရှင်ခွင့်ဆုံးရတယ်
စိတ်နဲ့ခရီးသွားသလို စိတ်နဲ့ရပ်တယ်
စိတ်ချည်းသက်သက်ကမ္ဘာမှာ စိတ်နဲ့စိတ် ညီညွတ်ကွဲကွာကြတယ်
........စိတ်နဲ့မမှီတဲ့အရပ်တစ်ခုမှာ ကိုယ်တို့ကွေးညွတ်ပျော့ပြောင်းအနားယူကြမယ်


Mogok Thar said...

စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားထားပေမဲ့
နှလုံးသားကို စီးပြီးသွားတဲ့အခါ
နှလုံးသားတံခါးတွေ ဖွင့်ထားတဲ့အခါ
ဖြူလင်းတဲ့ စိတ်ဂီတသံတွေ ကြားရမယ်။

တုန့်ပြန်မှုမဲ့ ခေါ်သံတွေကြား
အလုပ်များတဲ့ စာပို့သမားဟာ
စာလွှာတွေပျောက်တာလဲ ရှိရဲ့၊ လိပ်စာမှား ရောက်တာတွေလဲ ရှိအုံးမယ်။

မှော်ဆရာရေ
တစ်ခါတစ်လေမှ တီးခတ်ပြတဲ့
ဝိဥာဉ်ခေါ်သံ ဗုံတေးသွားမှာ
အသံတွေ အ ခဲ့ရ၊ ကကြိုးတွေ မှောက်မှားကြ။

ကြိုးပြန်ညှိမရတဲ့ ဂီတ တလွဲမှာ
စိတ်ကို အခါခါ လွှဲပစ်ရင်း
အလင်းတွေမျှားဖို့ ၊ အသံတွေကို မြုံးထောင်ဖို့
တိတ်ဆိတ်ခြင်း ခင်တန်းမှာ
ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။


အိုင်လွယ်ပန် said...

လက်ခံသူ မရှိတဲ့
တယ်လီဖုန်းခေါ်သံတွေ အဆက်မပြတ်
ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တဲ့
စောင်းကြိုးသံတွေ တစ်လွင်လွင်
တောင်စဉ်တွေ အထပ်ထပ် ခြားခဲ့ပြီလား ။

မေးမရ ထူးမရ ခေါ်မရ ပြောမရတဲ့ ကမ္ဘာထဲ
အသံတွေကို ရေ လို ငတ်မွတ် လာတယ်
ဆက်သွယ်မှုဧရိယာရဲ့ တစ်ခြားတစ်ဖက်ကမ်းမှာ
စာပို့သမားတွေကလည်း နတ္တိ ။

စိတ်တွေကို လွှတ်တင်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေဆီက ပဲ့တင်သံ ပြန်မရဘူး
လမ်းခုလပ်မှာ နတ်ဆိုးတွေ ပွဲတော်စနေပြီလား
စိတ် ကို စိတ်က စည်းတစ်ချောင်း တားထားရဲ့ ။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
တမေ့တမောစာ ညှို့ထားပေးပါ မှော်ဆရာ
တစ်ခါတစ်ခါ သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့ အပိုင်းအစတွေ ဟိုဒီပျံဝဲ
မရဏ ဗုံသံတွေ သည်းသည်းလာခဲ့
ကမ္ဘာ အထပ်ထပ်ခြားသွားခဲ့ရပြီ။

တရားနဲ့သာ ဖြေလိုက်ကြပါတော့
တိမ်တွေက မိးခိုးဖြစ်တမ်း ကစားသွားကြပေါ့
စိတ်နဲ့ လှမ်းကိုင် ဆုပ်ယူ လိုက်ရင်း
ငါ့တစ်ကိုယ်စာ လက်ယက်တွင်းလေးထဲ
အလင်းတစ်စက်စာမှာတောင် အဘိဓာန် မဲ့ခဲ့ရတယ် ။ ။


မယ်ကိုး said...
နှစ်ခုသော စိတ်ကလေး
မချိတ်ဆက်မိတဲ့အခါ
စိတ်ကိုစိတ်ကခြားနေတယ် တဲ့လား။

ဟင့်အင်း။
မယုံဘူး။
လက်မခံနိုင်ဘူး။

ဘာတွေက တားနေခဲ့တာလဲ...
မရဏဗုံသံတွေ မြည်ဟည်းလို့ သူ မကြားခဲ့တာလား...

ကမ္ဘာအထပ်ထပ်ခြားပြီးသားမို့
တရားနဲ့ ဖြေချင်ပေမယ့်......................

နားမစွင့်တော့တဲ့ ချစ်ရသူလေး ... ချစ်ရသူလေးရေ...

ရင်ကွဲအောင် အော်ခေါ်မိလည်း ...
ထူးသံလေး မကြားရဘူးပဲ။

အသေအချာပေါ့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
စိတ်က စိတ်ကို အခါခါသတ်တယ်။


ဖိုးစိန် said...

စိတ်တွေလွင့်မျောနေတယ်
တိမ်တွေလို ရောင်စဉ်အထပ်ထပ်
ပုံသဏ္ဍန်တွေ ကွဲလွဲ တဖြည်းဖြည်းနဲ့
ဝေးကွာမှေးမှိန်ပျောက်နေဆဲ…
စိတ်တွေကိုစုစည်းဖို့
ငါ့အတွေးလက်နှစ်ဖက်ကို ဆန့်
ဖမ်းဆုပ်ဖို့ကြိုးစားဆဲ….
စိတ်ရဲ့အတိတ်တွေက ဆန်းပြားပြီး
ပစ္စုပန်မှာရိုးသားနေပြန်တယ်…။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...