Friday, October 23, 2015

ဒီမိုလား ဒစ်တေတာလား

Tin Nyunt


ဗိုလ်ချုပ်စောမောင် စစ်အစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံတော်ကောင်စီက ၁၆.၉.၈၈ ရက်စွဲပါ ကြေညာချက် အမှတ် (၁၄/၈၈) နဲ့ ဝန်ထမ်းတွေကို ဘယ်နိုင်ငံပါတီ အဖွဲ့အစည်းကိုမှ မဝင်ရဘူးဆိုတဲ့ တားမြစ်ခဲ့တယ်။ ဝန်ထမ်းတွေကို
၁။ မည်သည့်ပါတီနိုင်ငံရေးကိုမျှ မလုပ်ရ၊ ပါတီနိုင်ငံရေး လှုပ်ရှားမှုအတွက် ငွေကြေးနဲ့ အခြားနည်း ထောက်ပံ့ ကူညီခြင်း မပြုလုပ်ရ
၂။ ပါတီနိုင်ငံရေး အဖွဲ့အစည်းများမှာ မပါဝင်ရ
၃။ မိမိအား မှီခိုနေသူများ၊ မိမိက အုပ်ထိန်း စောင့်ရှောက်ထားသူများဟာလည်း နိုင်ငံတော်အစိုးရအား ဆန့်ကျင် လှုပ်ရှား မှန်သမျှမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပါဝင်ဖို့ တားမြစ်ရမယ်
၎။ နိုင်ငံတော် အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ ဖွဲ့စည်းထားခြင်း မဟုတ်တဲ့ ဝန်ထမ်းဆိုင်ရာ အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့မှာ မပါဝင်ရ ဆိုပြီးတော့ ပြဋ္ဌာန်းထားခဲ့တာတွေ ရှိခဲ့တယ်။
ဒါဟာ ဒီမိုကရေစီလား။ ဒီမိုကရေစီ အစိုးရလက်ထက်တိုင်အောင် ဝန်ထမ်းဟူက နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး အကြောက်တရားတွေထဲမှာ နေရအောင်လုပ်ခဲ့တာပါ။
၂၀၁၅ အောက်တိုဘာ ၂၁ ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တစ်ခု ထွက်လာတယ်ဗျ။ “ပါတီနိုင်ငံရေးလှုပ်ရှားမှုများတွင် ပညာရေးဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိရန် အကြောင်းကြားခြင်း” လို့ ထုတ်ပြန်လိုက်တာပါ။
ပညာရေးဝန်ထမ်းတွေအနေနဲ့ ပါတီရေးရာ ကိစ္စများတွင် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်း ကောင်း ပါဝင်ဆောင်ရွက်ခြင်း မရှိစေရေးလို့ ထုတ်ပြန်လိုက်တာပါ။
ဟုတ်ပါပြီ ဒီမိုကရေစီနိုင်ငံလို့ ခင်ဗျားတို့ ကြွေးကြော်ထားတယ်နော်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပုဒ်မ (၃၄၅) မှာ
နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေမျးနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေး များကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် ဆိုပြီး
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိတယ်လို့ ပြောထားတယ်နော်။
ဟုတ်ပါပြီ။ ဒီမိုကရေစီနိုင်ငံတော်မှာ ခင်ဗျားတို့ ထုတ်ထားတဲ့ အမိန့်တွေနဲ့ ခင်ဗျားတို့ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လို ပဋိပက္ခတွေ ဖြစ်နေသလဲဆိုတာ ဆင်ခြင်ကြည့်ဖို့ပါ။
နောက်တစ်ခု ပုဒ်မ (၃၉၁) မှာ ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိတယ်လို့ ပါသေးတယ်။ မဲပေးတယ်ဆိုတာ ကိုယ်ကြိုက်တဲ့ ပါတီတစ်ခုခုကို ရွေးချယ်ပြီး မဲပေးတာဗျ။ ပညာရေးဝန်ထမ်းတွေ ပါတီကိစ္စတွေနဲ့ တိုက်ရိုက်သောာ်လည်းလည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မပတ်သက်ရဘူးဆိုတာ ဘယ်ပါတီကိုမှ မဲမပေးရဘူးလို့ ပြောသလိုများ ဖြစ်မနေဘူးလား။ ဒါဆိုရင်တော့ ဒီမိုကရေစီအရေးကိုရော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ပါ ဆန့်ကျင်ပြီး နိုင်ငံသားတစ်ယောက်ကို ခြိမ်းခြောက်နေတာပဲဗျ။
ငါ့နိုင်ငံမှာနေရင် ငါတို့ရဲ့ လိုတစ်မျိုး၊ မလိုတစ်မျိုး ဥပဒေအတိုင်း နေကိုနေရမယ်ဆိုတာ ဒီမိုကရေစီလား၊ အာဏာရှင်လား ပြန်စဉ်းစား သုံးသပ်ကြပေါ့ဗျာ။
၂၃.၁၀.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...