ဘာပြောင်းရမှန်းမသိသောသူများသို့
Tin Nyunt
“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲနှင့် နောက်ထပ်ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်ပဲ ရှိတော့ဟု သမ္မတ ဦးသိန်းစိန် ပြောကြား”

“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲနှင့် နောက်ထပ် ပြောင်းရန်
အခြားမရှိဘဲ ကွန်မြူနစ်သာ ရှိတော့ဟု သမ္မတ ဦးသိန်းစိန်က ငပုတောမြို့နယ်
ဥသျှစ်ကွင်း ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း
သိရသည်”
“သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောသို့ သွားရောက်ခဲ့ပြီး ဥသျှစ်ကွင်း ကျေးရွာသို့ ရောက်ရှိချိန်တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါ သည်”
အထက်က စကားတွေက သမ္မတဦးသိန်းစိန်ရဲ့ စကားကောက်နုတ်ချက်တွေ။ Eleven Media Group က Facebook ပေါ်တင်လိုက်တာ ဖတ်လိုက်ရပြီး ကွန်မြူနစ်တစ္ဆေ အခြောက်ခံနေရတဲ့ စစ်အစိုးရဟာ ခုထိ မရှိတော့တဲ့ ကွန်မြူနစ်နဲ့ ပြည်သူကို ဖြဲချောက်နေတုန်းပါလားဆိုပြီး အံ့အားသင့်သွားမိသဗျာ။
ခု ပြောင်းလဲချိန်တန်ပြီဆိုတာ ကွန်မြူနစ်စနစ်ပြောင်းဖို့ မဟုတ်ဘူးဗျ။ သမ္မတကြီး မသိချင်ယောင်ဆောင်ပြီး ပြောနေတာလား၊ အိပ်ပျော်နေတာလားတော့ မပြောတတ်ပါဘူး။ သမ္မတကြီးရဲ့ ကြံ့ဖွံ့ပါတီကလွဲပြီး ခု ပြည်သူတွေ က ပြောင်းလဲဖို့ အော်နေတာ ကွန်မြူနစ်စနစ်ကို မဟုတ်ပါဘူးခင်ဗျ။
သမ္မတကြီး … ထ .. ထ … ထတော့ဗျာ။ အိပ်မနေပါနဲ့။ အိပ်ချင်ယောင်လည်း မဆောင်ပါနဲ့။ ခု ပြောင်းလဲချိန် တန်ပြီလို့ ပြည်သူတွေ အော်နေကြတာ
သမ္မတကြီးနဲ့တကွ အပေါင်းအပါတွေ မြန်မာ့နိုင်ငံရေးက ဆင်းပေးပါတော့လို့ တည့်ပြောနေတာဗျ။ ကဲ … ဝေ့ပြောလို့ သဘောမပေါက်သေးတဲ့ သမ္မတနဲ့ အပေါင်းအပါတွေကို တည့်ပြောရတော့မှာပဲ ..
ပြောင်းလဲပါတော့ ဆိုတာ နှစ်ပေါင်း ၅၀ ကျော် စိုးမိုးလာတဲ့ လူတစ်စုကောင်းစားဖို့ လုပ်နေသူတွေ ပြောင်းပါ တော့။ မြန်မာနိုင်ငံကို ဒီလောက် ဒုက္ခပေးရရင်တော်ပါတော့။ မြန်မာ့နိုင်ငံရေးမှာ နှစ်ပေါင်း ၅၀ ကျော်လုပ်ခဲ့ပြီး ကျွေးတင် ကျွန်ဖြစ် နွံနစ်နေရတဲ့ဘဝရောက်အောင် လုပ်နေတဲ့ အစိုးရပြောင်းပါတော့၊ ဆင်းပါတော့လို့ ပြော နေကြ၊ အော်နေကြတာပါခင်ဗျ။
သမ္မတကြီး မသိသေးရင် ထပ်ပြောဦးမှာ။ ပြောင်းလဲချိန်တန်ပြီဆိုတာ သမ္မတကြီးနဲ့တကွ အားလုံးသော မြန်မာ နိုင်ငံကို ဒီလိုဖြစ်အောင်လုပ်နေတဲ့တစ်ဖွဲ့လုံးကို ပြောင်း လည်းပြောင်း၊ ဂျောင်းလဲ ဂျောင်းလို့ ပြောနေခြင်း ဖြစ်ပါတယ်။
ဟုတ်ကဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာလဲလို့ ပြည်သူက မဲခွဲပြီး တိတိကျကျ ပြောပါ့မယ်။ ဟုတ်ကဲ့ သမ္မတကြီးနဲ့ အဖွဲ့များ “ပြောင်းဖူး” စားပြီးတော့သာ ယတြာချေထားကြပေါ့ဗျာ။
၂၉.၁၀.၂၀၁၅

0 comments:
Post a Comment