Wednesday, October 28, 2015

“သံသရာရထား”

Soe Min

          သီတင်းကျွတ်မှာ ဘာကိုသတိအရဆုံးလဲ လို့မေးရင် ကိုယ့်ရဲ့ကလေးဘဝကိုသတိရသွားပြီး အဲသည်ကလေးဘဝတုန်းက နှစ်တိုင်း သွားသွားကန်တော့ခဲ့တဲ့ သက်ကြီးဝါကြီးတွေ အကုန်ပါပါတယ်။ လူမှန်းသိတတ်စကတည်းက အမျိုးထဲရှိရှိသမျှ သက်ကြီးဝါကြီးတွေနဲ့ အိမ်နီးနားချင်း လူကြီးသူမတွေကို ကိတ်မုန့်ကလေး၊ ဖယောင်းတိုင်ကလေးနဲ့ဖြစ်ဖြစ် တစ်အိမ်တက်ဆင်း လိုက်ကန်တော့ရတာ အလွန်ပျော်စရာကောင်းပါတယ်။ တစ်နှစ်နေနေ တစ်နွေဆန်းဆန်း မတွေ့ဖြစ် မဆုံဖြစ်တဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း သီတင်းကျွတ်ချိန်ခါကျမှ တကူးတက လာကန်တော့ သွားကန်တော့ရင်း ပြန်လည်ရင်းနှီး နွေးထွေးစေခဲ့တာလည်း အမှတ်ရမိတာပဲ။ မုန့်ဖိုးတွေလည်း အများကြီးရတာပေါ့။ ကိုယ့်မောင်နှမချည့်ပဲ ခြောက်ယောက်တောင်ရှိတာဆိုတော့ အမြဲလို ကိုယ်ကသာ ခေါင်သူကြီးလုပ်ပြီး မုန့်ဖိုးအများဆုံးရတယ်လေ။ ကိုယ့်အဖွားနဲ့ မတိမ်းတယိမ်း ဖိုးလေးဖွားလေး၊ ဒွေးလေးကြီးဒေါ်တွေကို လိုက်ကန်တော့တဲ့အခါ အိမ်တိုင်းအိမ်တိုင်းမှာ ကိုယ်တို့မောင်နှမတွေနဲ့ သက်မကွာရွယ်မကွာ ဝမ်းကွဲမောင်နှမ တူအရီးသားချင်းတွေနဲ့ ရင်းရင်းနှီးနှီး လက်ပံပင်ဆက်ရက်ကျတာ ထုံးစံပါပဲ။
နောက်ရက်ကျရင် သူတို့တွေလည်း ကိုယ့်အိမ်ကအဖွား လာကန်တော့ကြဦးမှာဆိုတော့ ဆက်ရန်ရှိသေးသည်ပေါ့။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လာနေကျဆိုတော့ လူကြီးတွေကလည်း ဖိုးချိုတို့မောင်နှမတွေ လာလိမ့်မယ်ဆို မျှော်နေကြသလို ကိုယ့်အိမ်ကအဖွားကလည်း ရောက်မလာတဲ့လူဆို ဘာဖြစ်လို့မလာနိုင်သလဲ အကျိုးအကြောင်း လိုက်စုံစမ်းခိုင်းတော့တာပဲ။ ကိုယ့်လာမကန်တော့တာ စိတ်ဆိုးလို့ မဟုတ်ပါဘူး။ မာကြောင်းသာကြောင်း မသိရလို့ တခုခုများ ဖြစ်နေလေရော့သလားဆို စိတ်ပူလို့။ ရန်ကုန်နေတဲ့သူအချင်းချင်း လာချင်လို့ပဲ ခရီးနီးနီး၊ မလာချင်လို့ပဲ ခရီးဝေးဝေး၊ သီတင်းဝါလကျွတ်တဲ့အခါမှာတော့ ကိုယ့်ဆွေထဲမျိုးထဲက လူကြီးသူမများကို ဝါကျွတ်ကန်တော့ပန်းဆင်ရင်း မိရိုးဖလာ ဂါရဝတရားလေး ရှေ့ထားတတ်ကြတယ်။ ဒါကိုပဲ သူတို့မှာ ရင်အုပ်မကွာ လို့ သဘောထားကြတယ်။

           အားလုံးထဲမှာ မျက်စိနောက်စရာအကောင်းဆုံး သတ္တဝါကတော့ ကိုယ်ကလွဲရင် တခြားသူ ရှိနိုင်ပါရိုးလား။ သီတင်းကျွတ်ရောက်ရင် ကိုယ့်မှာ ရောဂါတစ်ခု ထထလာတယ်။ အဲဒါ ပဲများချင်တဲ့ရောဂါ။ အဝတ်သစ်အစားသစ် မဟုတ်ပေမယ့် ခါတိုင်းဝတ်နေကျ အဝတ်အစားတွေကို မဝတ်ချင်တော့ဘူး။ ကိုယ့်ဘာသာကိုယ် သီတင်းကျွတ်ဖက်ရှင် ထွင်ချင်တယ်။ ကိုယ့်အိမ်အခြေအနေအရ မောင်နှမကလည်း များတဲ့အခါ သီတင်းကျွတ်တိုင်း အသစ်မဆင်နိုင်တာ အထူးအဆန်းမဟုတ်။ ဆင်လည်း ကိုယ်က မာနကြီးကြီးရယ်။ သီတင်းကျွတ်သုံးရက်မှာ သည်နေ့ဝတ်တဲ့အဝတ်အစား နောက်နေ့ပြန်ဝတ်ရရင် သေမလောက် အသည်းနာတယ်။ မနှစ်ကအဝတ်အစားများဆို လှည့်တောင် မကြည့်။ ဒီအခါ ဘာလုပ်သလဲဆိုတော့ သီတင်းကျွတ်ခါနီးရင် အဖွားတို့အဖေတို့ သေတ္တာကြီးတွေ သွားလှန်တာပဲ။ ဟိုးအောက်နားမှာ ခေါက်ရိုးကျနေတဲ့ အဝတ်ဟောင်းတွေကို ရှာဖွေလေတွေ့ရှိလေ လုပ်တယ်။ ကလေးပေမယ့်ကိုယ်မျက်စိထဲမှာ လွှတ်သဘောကျတာတွေကတော့ အဖေငယ်ငယ်က အဖိုးငယ်ငယ်က ဝတ်တာဆိုတဲ့ ဘန်ကောက်လုံချည်၊ ပိုးလုံချည်၊ မြောက်ပြင်လုံချည်၊ ကျေးတစ်ရာလုံချည်၊ တောက်တောက်ပြောင်ပြောင်တွေပေါ့။ ခေတ်မရှိတော့လို့ ဘယ်သူမှ မဝတ်တော့ဘူး။ ဒါပေသိ ကိုယ်ကတော့ အဲ့ဒါကြီးတွေကို သိပ်ကြိုက်တာပဲ။ လမ်းလျှောက်လိုက်လို့ ရွှမ်းရွမ်းရွှမ်းရွှမ်း မြည်သံကလေးကိုကို ကြိုက်တာ။ ကိုယ့်အရွယ်ကလေး ပိစိညှက်တက်နဲ့ဆိုတော့ အဲ့ဒါကြီးတွေကို ပြန်ဖျက်ချုပ်ပြီး ခေတ်ဟောင်းကားထဲက လူကြီးတွေလို ခါးပုံစကလေးထောင် ဝတ်တယ်။ အဟောင်းကြီးတွေဝတ်တယ်လို့ အပြောမခံဘူး။ ဒါမျိုးတွေ ဒီခေတ်မှာ ဘယ်လောက်ပိုက်ဆံပေးပေး ဝယ်ဝတ်လို့မရတော့ဘူး လို့ ပြန်ပြောတာ။ ကိုယ်ဝတ်ထားတဲ့အဝတ်အစားကို ခုံခုံမင်မင် နှစ်နှစ်ခြိုက်ခြိုက်ရှိတာ အဲသည်အရွယ်တုန်းကပဲ ရှိတယ်။ ဘယ်သူဘာပြောပြော ကိုယ့်ဘာသာကိုယ် မှန်ပေါက်မတတ်ကြည့်ပြီး သဘောကျတယ်။ အဲဒါ ရောဂါဆိုလည်း ရောဂါပေါ့။ အဲသည်အချိန်တုန်းက အဲသည်ရောဂါ ရှိခဲ့တယ်။ အရူး သူ့ဘာသူ စိတ်ချမ်းသာနေတော့ ကျန်တဲ့ကမ္ဘာကြီးလည်း အေးချမ်းတာပေါ့။ ဟုတ်ဘူးလား။

            လူကြီးတွေ လှည့်ပတ်ကန်တော့ပြီး ပြန်လာတဲ့အခါ မုန့်ဖိုးတွေနဲ့ အိပ်ကလေးဖောင်းလို့ ညဘက်ကျရင် ကိုယ့်အိမ်ရှေ့မှာရှိတဲ့ ရေကျော်ပွဲဈေးတန်း လည်ဖို့ အသင့်ဖြစ်နေပြီပေါ့။ မုန့်တွေလည်း ဝအောင်စားမယ်။ ခြားတွေရဟတ်တွေလည်း ဝအောင်စီးမယ်။ ပွဲတွေမှန်သမျှ အကုန်လိုက်ကြည့်ပစ်မယ်။ ဘယ်လောက် ပျော်စရာကောင်းလဲ။ လူကလည်း ရှိုးစမိုးတွေနဲ့ သူများတွေ ဘယ်လိုထင်ထင် ကိုယ့်ကိုယ်ကိုယ်တော့ အရမ်းလှနေတယ်လို့ ထင်ထားတာ ဘယ်သူမှ ဆေးထိုးစရာတောင် မလိုဘူး။ ပွဲဈေးတန်းကနေ အတွင်းဘက်ကို ဝင်သွားရင် ပန်းနံမယ်လှလှလေးတွေပေးထားတဲ့ လမ်းသွယ်လေးတွေ ရှိတယ်။ ခေါင်ရမ်းလမ်း၊ ဒေါနလမ်း၊ ဇီဇဝါလမ်း၊ ယုဇနလမ်း၊ အဲသည်ဟိုဘက်မှာ မီးရထားလမ်းကလေးတစ်လမ်း ဖြတ်သွားတယ်။ တချို့လမ်းတွေက ဦးဘဂျမ်းလမ်းလို ကာတွန်းပြပွဲလုပ်တယ်။ တချို့လမ်းတွေက တေးသရုပ်ဖော်စင်တွေ လုပ်တယ်။ ရထားလမ်းဘေးမှာ ဗာဒံရွက်ကလေးတွေ လေးခုဆိုင် မြေကြီးထဲစိုက်ပြီး အလယ်ခေါင်မှာ ဖယောင်းတိုင်ထွန်းလိုက်တော့ အစိမ်းရောင်မီးပုံးကလေးတွေ စီထားသလို လှနေတယ်။ အိမ်တိုင်းအိမ်တိုင်း မီးပုံးရောင်စုံကလေးတွေ အပြိုင်အဆိုင်ထွန်းကြတော့ ကိုယ့်အိမ်မှာလည်း အားကျမခံ မီးပုံးလှလှ ထွန်းချင်တယ်။ ကိုယ့်အိမ်က မီးကလေးတွေ ကြည့်လိုက်သူများအိမ်က မီးကလေးတွေ ကြည့်လိုက်နဲ့ လောကကြီးက သာယာလိုက်တာများ။ နှစ်တိုင်းနှစ်တိုင်း မဝယ်ရရင် မနေနိုင်ပဲ တစ်နေ့တစ်ရုပ် မှန်မှန်ဝယ်ဖြစ်တာကတော့ တစ်သျှူးစက္ကူ  အရောင်လှလှလေးတွေနဲ့ လုပ်ထားတဲ့ မင်းသမီး၊ မင်းသား၊ ဇော်ဂျီရုပ်ကလေးတွေပါ။ ကြိုက်လိုက်တာ။ အဝါလေးလည်းကြိုက်၊ အပြာလေးလည်းကြိုက်၊ ပန်းရောင်လေးလည်းကြိုက်၊ ဖြစ်နိုင်ရင် တစ်ဆိုင်လုံးသာ ဝယ်ထားလိုက်ချင်တော့တယ်။ ဆံမြိတ်ဖားဖား၊ ခါးတောင်ကားကားနဲ့ မင်းသမီးလေးဟာ အိပ်မက်ထဲကျရင် တကယ်အသက်ဝင်လာပြီး ကနေတယ် လို့ ထင်မိလောက်အောင်ကို ကြိုက်တယ်။ လူ့ဘဝမှာ အာရုံခြောက်ပါးစလုံး အစွမ်းကုန် ထက်မြက်တက်ကြွနေတာ အဲသည် အသက်အရွယ် ဖြစ်လိမ့်မယ် ထင်တယ်နော်။ စားသမျှလည်း အရသာရှိတယ်။ ကြားသမျှလည်း နားဝင်ချိုတယ်။ မြင်သမျှလည်း လှနေတယ်။

           သီတင်းကျွတ်မှာ ပျော်ပါတယ်ဆိုမှ အိမ်ကလည်း ကိုယ်တို့ကို လွတ်လပ်ရေး ပေးထားပြန်သေးတယ်။ သူတို့လည်း မျက်စိအောက် အမြင်မတော်လို့တောင်မှ မဆူနိုင် မပြောနိုင်သေးဘူး။ အိမ်မှာ ဧည့်သည်တွေ မပြတ်လို့။ ဆွေထဲမျိုးထဲ အဖွားက အသက်အကြီးဆုံးလောက်ရှိတော့ သူ့လာကန်တော့တဲ့ အမျိုးတွေတင် တစ်သုတ်ပြီးတစ်သုတ် တစ်အုပ်ပြီးတစ်အုပ်၊ အဆက်ပြတ်တယ် မရှိဘူး။ မုန့်ပဲသွားရေစာတွေဆိုတာ အိမ်မှာ အလျှံပယ်။ မုန့်ဖိုးပေးဖို့ကိုလည်း ဘဏ်အုပ်အသစ်ကလေး လဲထားတာ။ စားသောက်ပြီး ပွဲဈေးလည်ပြီးမှ ပြန်ကြ။ ဆိုင်တကာ့ဆိုင် မုန့်တကာမုန့်တွေ ဝယ်စားကြ၊ တကယ်ကို အလှူအိမ်ကြီးအတိုင်းပါပဲ။

           ကလေးအရွယ် နည်းနည်းလွန်လာတဲ့အခါ သီတင်းကျွတ်က ပုံစံပြောင်းမသွားပေမယ့် ကိုယ်တွေကတော့ အရင်ကနဲ့မတူတော့ဘူး။ လည်ပုံပတ်ပုံ ပြောင်းလဲလာတယ်။ စိန်ပေါကျောင်းက သူငယ်ချင်းတွေ အိမ်လာခေါ်ပြီး မီးထွန်းပွဲကို အုပ်စုလိုက် လည်ကြပတ်ကြတယ်။ အိမ်ကိုဝင်တဲ့ထွက်တဲ့ အသိုင်းအဝိုင်းထဲမှာ ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းဆိုတာလည်း ပါလာတယ်။ လူရာဝင်လာတယ် လို့ ခေါ်ရမှာပေါ့။ ကိုယ့်ဆီလာတဲ့ ဧည့်သည်ဆိုတာ သပ်သပ်ရှိလာလို့လေ။ အတုမြင်အတတ်သင်ဆိုတော့ ကိုယ်လည်းပဲ မောင်ဘချစ်စတိုင် မဖမ်းတော့ဘူး။ ဘောင်းဘီလိုက်ဝတ်တတ်လာပြီ။ ပဲကတော့ များတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း လှတယ်ထင်တုန်းပဲ။ ငယ်ငယ်က ကစားဖော်ကစားဖက် မိန်းကလေးသူငယ်ချင်းတွေနဲ့ အတူတူ ပွဲဈေးလည်တဲ့အခါ မျက်နှာလေးကိုချီပြီး ရုပ်တည်ကြီးနဲ့ မင်သေသေ နေတတ်လာပြီ။ တခါတခါမှာ ရွယ်တူအချင်းချင်း ရန်ဖြစ်တော့မလိုလို တည်မိလာရင်လည်း ကောင်မလေးတွေက အတင်းချော့မော့ဖြန်ဖြေလုပ်ပေးလိုက်ရင် “ငါနော်။ သူတို့ပါလို့ သည်းခံနေတာ။ လုပ်ထည့်လိုက်ရ။ နာဦးတော့မယ်။” ဆိုတဲ့ အိုက်တင်မျိုး လုပ်တတ်လာတယ်။ အတန်းထဲကကောင်တွေက သူငယ်ချင်းမိန်းကလေးတွေကို စိတ်ဝင်စားသလို ဘာလိုလို လုပ်လာရင်လည်း “ဟိတ်ကောင်တွေ။ မင်းတို့ ငါ မျက်နှာပျက်အောင်တော့ မလုပ်နဲ့နော်။” လို့ ဘလိုင်းကြီး အမှတ်ဝင်ယူတတ်တယ်။ အရွယ်လေး စကောစကရောက်လာတော့ ကလေးတုန်းကလို ရူးတူးပေါတောကလေး မဟုတ်တော့ပဲ အမြင်ကပ်ချင်စရာ ကောင်လေးတစ်ယောက် ဖြစ်လာတယ်လို့ ထင်တာပဲ။ သူငယ်ချင်းကောင်မလေးတွေနဲ့ လျှောက်လျှောက်သွားတယ်။ ရည်းစားလည်းမဟုတ်ဘူး။ (အဲသည်အချိန် ရည်းစား မထားတတ်သေး) သူများကောင်လေးတွေ လိုက်မနှောက်ယှက်နိုင်အောင် အဖော်လိုက်လိုက်ပေးတာ။ အမတွေ အဒေါ်တွေနဲ့ကျလည်း အဲသလိုပဲ ကောက်ရိုးပုံ လိုက်လိုက်စောင့်ရတယ်။ မအောင့်နိုင်တဲ့သူက ဇွတ်အတင်းကြီးလိုက်ပြောရင် အမတွေက မကြားချင်ယောင်ဆောင်၊ ကိုယ်တွေက ရန်ဖြစ်တာပေါ့။ ကိုယ်က ဘယ်သူ့မှ မကြိုက်ဖူးသေးတော့လည်း သူများတွေကို သည်ကောင်တွေ ရှက်လည်းမရှက်တတ်ဘူး ထင်တာပေါ့လေ။

            ဆေးကျောင်းရောက်သွားပြီးတဲ့အခါမှာလည်း ဆေးကျောင်းက သူငယ်ချင်းတွေ ရေကျော် သီတင်းကျွတ်မီးထွန်းပွဲကို လိုက်လည်ကြပါတယ်။ ကိုယ်က ငယ်ကျင့်မပျောက်သေးတော့ သီတင်းကျွတ်ဆိုရင် ပဲများရမယ်ပဲ တရားသေမှတ်ထားတုန်း။ ဒါပေမယ့်သီတင်းကျွတ် အရသာတွေကတော့ ငယ်ငယ်ကလို ချိုပြင်းပြင်း မနေတော့ဘူး။ ပေါ့တော့တော့ ဖြစ်လာပြီ။ ရဟတ်စီးလို့လည်း မကြောက်တတ်တော့ဘူး။ ပွဲဈေးတန်းက မုန့်တွေကို ဝူးဒီးဟောက်စ်က ဟမ်ဘာဂါလောက် မတပ်မက်တော့ဘူး။ ပုဆိုးဝတ်တာ ဝါသနာမပါတော့ဘူး။ ဂျင်းဘောင်းဘီ နဲ့ ဝေါကင်းရှူးကိုမှ လှတယ်ထင်နေပြီ။ တက္ကသိုလ်ကျောင်းသားတို့ တတ်အပ်သော အဋ္ဌာရသ ၁၈ ရပ်ကို လေ့ကျင့်သင်ကြား လိုက်စားနေခဲ့တော့ ငယ်ငယ်တုန်းက သီတင်းကျွတ်ညလေးတစ်ည ကို မေ့ကုန်ပြီပေါ့လေ။ အရက်ကလေး နည်းနည်းပါးပါး၊ ဆေးလိပ်ကလေး များတဲ့အခါများလိုက်၊ လက်ဘက်ရည်ဆိုင်ကလေး ဖင်ချွတ်တက်အောင်ထိုင်လိုက်။ မြန်မာဆိုတော့ မြန်မာလက်ဘက်ရည် ကြိုက်တာပေါ့လေ။ ရှမ်းမဟုတ်ပေမယ့်လည်း ရှမ်းကိုးမီး ကြိုက်တာပါပဲ။ သီတင်းကျွတ်လို့ အမျိုးတွေအိမ် သွားကန်တော့လို့ရှိရင် ဟိုးတုန်းက ချစ်စရာကောင်းတဲ့ ဖိုးချိုလေး မဟုတ်တော့ဘူး။ ကိုယ့်ထက် အငယ်တွေများများလာလို့ ကိုကိုဖိုးချို ဖြစ်သွားပြီ။ အဲ့အကိုကြီးက ဆေးကျောင်းသား၊ ပဲလည်း သိပ်များတာပဲ။ အိုက်တင်ကြီးကလည်း တခွဲသားနဲ့ပေါ့နော်။ လူကြီးတွေရှေ့မှာတော့ လိမ်မာသလိုလိုပဲ။ တကယ့်တကယ်တော့ ကုပ်ကမြင်း။

           သီတင်းကျွတ်ညတွေကို ကိုယ်လည်ခဲ့ဖူးတဲ့အချိန်တွေတုန်းကတော့ ရန်ကုန်မှာ ကလပ်တွေလည်း မပေါ်သေးဘူး။ ကာရာအိုကေ၊ မာဆပ်တွေလည်း မရှိသေးဘူး။ ဒါကြောင့် ကိုယ်ပြန်အလာကို မအိပ်ပဲစောင့်နေတဲ့ အဖွားဟာ အိမ်တံခါးထဖွင့်ပေးရုံအပြင် ထွေထွေထူးထူး စိတ်ပူစရာတော့ မရှိခဲ့ပါဘူး။ သူ့မြေး အိမ်ပြန်မရောက်သေးပေမယ့် ပွဲခင်းထဲမှာဘယ်သူနဲ့ဘယ်လိုတွေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေက သူ့ဆီအရင် ပြန်ရောက်ပြီးသား။ စိတ်မချရင် အငယ်တစ်ယောက်ယောက်လွှတ်ပြီး “သွား။ နင့်အကိုကြီး လိုက်ခေါ်ချေစမ်း။” ဆို ပြီးတယ်။ ကိုယ်နဲ့လည်တဲ့ သူငယ်ချင်းမိန်းကလေးတွေကလည်း ညဥ့်နက်သန်းခေါင် မနေပေါင်တွေမို့ ဒီဂျေဘားရှေ့ ခြေမစုပ်ခိုင်းမယ့်သူ တစ်ယောက်မှ မပါဘူး။  သူတို့ကို အိမ်ပြန်ပို့ပြီးရင် ကိုယ့်ဘာကိုယ် အေးအေးဆေးဆေး စတိတ်ရှိုးကြည့်ချင်ကြည့်။ လူရှင်းသွားတဲ့ လက်ဘက်ရည်ဆိုင် ဆက်ထိုင်ချင်ထိုင်။ ဘာဇယားမှ မကပ်ဘူး။ အဖွားက သူ့မြေးအကြောင်း သူသိသလို ယုံလည်းယုံတယ်။ အမေကမှ မိန်းကလေးသူငယ်ချင်းတွေ အိမ်လာလည်ရင် လူပျို့မေမေ ဆန်တစ်စိတ်နဲ့ မာန်တက်ချင်သေးတယ်။ အဖွားက ဖော်ဖော်ရွေရွေပဲ။

            သူ အရိပ်တကြည့်ကြည့် သင်တာကတော့ အမူအကျင့်တွေကို အသေးစိတ်သင်တယ်။ လက်ပြင်ကြီး မကုန်းနဲ့။ စကားပြောရင်း နှာခေါင်းမနှိုက်နဲ့။ လမ်းလျှောက်ရင် လျှပ်တိုက်မလျှောက်နဲ့။ သူများစကားပြောရင် မျက်နှာလွှဲပြီး နားမထောင်နဲ့။ သူများမျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ပြီးမှပြော။ အမြဲတမ်း ကိုယ့်မှာ တစ်ခုမဟုတ် တစ်ခု ပြောစရာ ရှိတယ်။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေနဲ့ ပတ်သက်ရင်တော့ သူတစ်ခွန်းမှ မပြောဘူး။ ပြောသာမပြောတာ ဘယ်သူ့သဘောက ဘယ်လိုဆိုတာကို တကယ်တမ်းပေါင်းနေတဲ့ ကိုယ့်ထက် သူက ပိုသိတယ်။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာတွေကိုလည်း ကိုယ်ကိုယ်တိုင်ထက် သူက ပိုသိတယ်။ အဖွားရဲ့ ဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိတယ်လေ။

           သူ့ဘဝမှာ သည်မြေးနဲ့ ကလေးပေါက်စနကလေးကတည်းက တူတူနေခဲ့တယ်။ ကိုယ်ငယ်ငယ်က ညဘက်ဗိုက်နာလို့ အိမ်သာမသွားရဲရင် အဖွားကိုနှိုးမှ အဖွားက အောက်ထပ်လိုက်ပို့ပြီး အိမ်သာမီးလိုက်ဖွင့်ပေး၊ အိမ်သာတက်တာ ထိုင်စောင့်ပေးတယ်။ အသက်ကြီးလာတဲ့အခါ သူက ညဘက် အိမ်သာဆင်းချင် ကိုယ့်ကိုနှိုးပြီး ကိုယ်က အိမ်သာလိုက်စောင့်ပေးရတဲ့အထိပဲ။ တရားပွဲသွားတော့လည်း သည်မြေးပဲ ခေါ်သွားတာ။ အငြိမ့်ပွဲသွားတော့လည်း သည်မြေးနဲ့။ ရုပ်ရှင်ကားကောင်းကောင်းကျတော့လည်း မြေးအဖွားနှစ်ယောက် သွားကြည့်ကြတာပဲ။ သူ့သူငယ်ချင်းတွေနဲ့ ပိုကာသွားဒေါင်းတော့လည်း သည်မြေးပါတယ်။ အပြန်ကျ ဆီချက်ခေါက်ဆွဲဝယ်ကျွေးရတာပေါ့။ အဖွားဆုံးတဲ့အခါ သည်မြေးကို အမွေတွေအများကြီး ပေးခဲ့မှာပဲ လို့ ပြောကြမှာ။ ဟုတ်တယ်။ အမွေတွေ အများကြီးကို ရလိုက်တယ်။ သည်ကနေ့သည်ရက် ကိုယ့်မှာရှိနေတဲ့အရာအားလုံးဟာ အဖွားပျိုးထောင်ပေးသွားတဲ့ အမွေတွေချည့်ပဲ။ ဘယ်တော့မှ ကုန်နိုင်ခမ်းနိုင်မှာ မဟုတ်ဘူး။ သူ့တစ်သက်မှာ ကလေးတစ်ယောက်ကို အရုပ်ကလေးတစ်ရုပ်လို ပြုပြင်သွားတယ်။ အဲ့ဒါ ကိုယ်ပေါ့။

           သည်နှစ်သီတင်းကျွတ်မှာ လူကြီးသူမတွေ ကန်တော့ဖို့ စဉ်းစားတဲ့အခါ ခေါင်းထဲမှာ ဘယ်လိုမှ ဖျောက်မရတာက အဖွားနဲ့အတူတူ သူနဲ့ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားကြသူတွေ အားလုံးပဲပေါ့။ လူ့ဘဝဆိုတာ သင်္ဘောကြီးတွေ၊ မီးရထားကြီးတွေလို တသုတ်ပြီးတသုတ်၊ အဖွဲ့လိုက် လာကြတာလား။ ပြန်ထွက်သွားကြတာလား။ အခု သူတို့တွေက သည်ဘက်မှာ မရှိကြတော့ပေမယ့် ဟိုဘက်မှာ အတူတူ ပြန်ဆုံနေကြပြီလား။ အဲ့ဒါလည်း ကောင်းပါတယ်။ အခုသည်မှာ ကျန်ခဲ့သူတချို့ရှိသေးတယ်လေ။ ကိုးဆယ်ကျော်တန်းတွေ ဖြစ်ကုန်ပြီ။ နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ရထားမမီလို့ ကျန်ရစ်ခဲ့သူတွေလို ခံစားရမှာပဲနော်။ သူတို့လည်း သတိရကြမှာပဲ။ ပြောလို့များရရင် “ဟဲ့ကောင်မ။ ညည်း ငါ့လည်း မစောင့်ဘူး။” လို့ အပြစ်တင်ဦးမှာလား။ "ငါလာမယ်။ ညည်းတို့ချည့် အကုန်စားမပစ်နဲ့။ ချန်ထားဦး။” လို့ လူကြုံရှိရင် မှာချင်သေးလား။ ဒီနှစ်သီတင်းကျွတ်မှာ ငယ်ငယ်တုန်းက တွေ့ဖူးတဲ့ စတစ်ကာတီရှပ်လေးတစ်ထည်လောက် ပြန်လိုချင်မိတယ်လေ။ “Lucky you, you are leaving. Poor us, we will miss you.” တဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...