Monday, October 26, 2015

နှလုံးသားဒဏ်ရာ

Tin Nyunt

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် အားကောင်းတဲ့ ဝက်လက်မဲဆန္ဒနယ်မှာ ကျောင်းအုပ်ဆရာကြီး တစ်ယောက်ရဲ့ ပြုမူဆောင်ရွက်လိုက်တဲ့ ကိစ္စဟာ စဉ်းစားစရာပဲဗျ။
ဝက်လက်မြို့နယ် သစ်စိမ့်ကြီးကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးက အောက်တိုဘာလ ၁၅ ရက်နေ့ NLD အောင်နိုင်ရေးအဖွဲ့ လှည့်လည်တာကို သွားကြိုဆိုတဲ့ ကျောင်းသား ၄၀ ကျော်ကို ကျောင်း အလံတိုင်ရှေ့မှာ တန်းစီခိုင်းပြီး ထန်းလက်တုတ်နဲ့ ရိုက်လို့ ပြင်းထန်စွာ ဒဏ်ရာရကြတယ်ဆိုတဲ့ သတင်းကို ဒီနေ့ထုတ် Daily Eleven သတင်းစာမှာ ဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ်မိသပေါ့။
ကလေးတွေက NLD ကို သွားကြိုတာ ကျောင်းချိန်အတွင်းဆိုရင်တော့ စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူ သင့်ပါတယ်။ ဒါပေမဲ့ အများမြင်သာတဲ့ ကျောင်းရှေ့မှာ ရိုက်နှက်အပြစ်ပေးတယ်ဆိုတာ ကတော့ ကျောင်းဆရာ စိတ်ဓာတ်မရှိတာပဲလို့ ဆိုချင်သဗျာ။

ကျောင်းသားတွေကို တန်းစီခိုင်းပြီးတော့ အမေစုကို ကြိုချင်ဦးဟ၊ ထွက်ကြည့်ချင်ဦးဟလို့ ပြောပြောပြီး ရိုက်တယ်ဆိုတာကတော့ ပါတီနဲ့ လူပုဂ္ဂိုလ်ကို မုန်းလို့ဆိုတာထက် ကျောင်းဆရာမဆန်တဲ့ လုပ်ရပ်နဲ့ ပြစ်မှု ကြီးတစ်ခုကို ကျူးလွန်လိုက်တာပဲလို့ ဆရာ ဦးထွန်းအေးကို ပြောချင်ပါတယ်။
ဒီနေရာမှာ သူရဦးအေးမြင့်လာလို့ ကျောင်းက ကျောင်းအုပ်အပါအဝင်၊ ဆရာတွေနဲ့ ကျောင်းသား ၁၀၀ လာပြီး အင်အားပြကြိုဆိုကြရမယ်လို့ အထက်ကအမိန့်လာရင် ဆရာကြီးက ပြတ်သားစွာ ငြင်းဆိုပြီး မလာနိုင်ဘူးလို့ ပြောမှာလား ကျွန်တော် သိချင်ပါတယ်။
ခေတ်အဆက်ဆက် အကြောက်တရားတွေနဲ့ လွှမ်းမိုးထားခဲ့တဲ့အပြင်၊ ကျောင်းဆရာဆိုတာ အလကားခိုင်းဖတ် တွေသက်သက်လို့သတ်မှတ်ပြီးထားရုံမက ခုတစ်ခါဆရာကြီးရဲ့ လုပ်ရပ်က ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကိုပါ ရိုက်ချိုးလိုက်သလို ဖြစ်နေပါပေါ့လား။
ဆုံးမတယ်ဆိုတာ လက်ခံနိုင်အောင်ပြောပြီး၊ လက်ခံနိုင်အောင် ဆုံးမတတ်မှ ဆရာပါဗျာ။ ကလေးတွေရဲ့ စိတ်ဓာတ်တွေကို တစ်သက်လုံး အညွန့်ကျိုးသွားအောင် ထန်းလက်တုတ်နဲ့ ရိုက်ပြီးဆုံးမလိုက်လို့ တကယ်တန်း သူတို့မှာ ဒဏ်ရာရသွားတာ တင်ပါးနဲ့ ပေါင်တွေမှာ မဟုတ်ဘူးဗျ။ ကလေးတွေရဲ့ အသည်းနှလုံးထဲမှာ တစ်သက်တာ ဒဏ်ရာတွေရအောင် ခင်ဗျားလုပ်ပေးလိုက်တယ်ဆိုတာ သတိထားမိရဲ့လား ဦးထွန်းအေးရာ။
၂၅.၁၀.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...