ကျွန်တော်ကြားသလို ပြောပါရစေ
Tin Nyunt
သတင်းတွေ ကြားနေရတယ်ဗျာ။ ဟုတ်မဟုတ်တော့ မသိဘူး။ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်တဲ့ အထိမ်း အမှတ်နဲ့ နိုင်ငံတော် သမ္မတကြီးက ဖမ်းဆီးခံထားရတဲ့ သူတွေကို လွှတ်ပေးဦးမတဲ့။

ဒီသတင်းကအကြားပါ။ ဟုတ်မဟုတ် မသိပါဘူး။
သမ္မတကြီးခင်ဗျား
ငြိမ်းချမ်းရေးအတွက် သမ္မတကြီး အလေးထားတယ်ဆိုရင် လက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေး ပြေလည်ရေး သက်သက် လုပ်နေရုံနဲ့ ပြည်သူတွေရဲ့ နှလုံး စိတ်ဝမ်း မငြိမ်းချမ်းနိုင်ပါဘူးခင်ဗျာ။
အမျိုးသားပညာရေးဥပဒေအတွက် ထောင်မကျ ကျအောင်ချဖို့ ဖမ်းဆီးစစ်ဆေးနေတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် သားသမီးတွေကိုလည်း အပြစ်မရှိကြောင်း ကြေညာပြီး လုံးဝ ကွင်းလုံးကျွတ်လွှတ်ပေးပါ လို့ မေတ္တာရပ်ခံချင်ပါ တယ်။
ကျွန်တော်တို့ ကလေးတွေ လက်နက်ကိုင်ပြီး နိုင်ငံတော်ကို ပုန်ကန်နေတာ မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ပွဲ ဝင်နေတဲ့သူတွေနဲ့တောင် သမ္မတကြီးက လက်ဆွဲနှုတ်ဆက်နိုင်သေးရင်၊ လက်နက်မကိုင်ဘဲ အကြမ်းဖက် ရိုက်နှက်ခံထားရပြီး ထောင်ထဲရောက်နေတဲ့ ကျွန်တော်တို့ ကလေးတွေကို ပိုပြီး လွှတ်ပေးသင့်တယ်လို့ ထင်ပါတယ်။
သမ္မတကြီးခင်ဗျား
ဆိုး ခိုး နှိုက် သတ်တွေကို ထောင်ထဲက လွှတ်ပေးမယ့်အစား ကျွန်တော်တို့ရဲ့ အနာဂတ်ရတနာများကို မိမိ ရင်ဝယ်သားကဲ့သို့ သဘောထားပြီး ချုပ်နှောင်ဖမ်းဆီးထားခြင်းက အမြန်ဆုံး လွှတ်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။
သမ္မတကြီးရဲ့ သဘောထားကြီးမှုကို ကျွန်တော်တို့ပြည်သူတွေ စောင့်ကြည့်နေပါ့မယ်။
၁၄.၁၀.၂၀၁၅

0 comments:
Post a Comment