Wednesday, October 28, 2015

အမေရိကန်ကျောင်းသားတွေအကြောင်း တစေ့တစောင်း

သားသမီးတွေကို ကျောင်းကောင်းတွေမှာထား၊ နိုင်ငံရပ်ခြားတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့အတွက် ရည်မှန်းချက်ကြီး မျှော်လင့်ချက်ကြီးမားနေတဲ့ မိဘတွေကို မကြာခဏတွေ့ရတယ်။ တချို့ကတော့ ခံစားရတာတွေ၊ အခက်အခဲတွေကို ပြောပြကြတယ်။
ကိုယ့်သားသမီးတွေကို ကောင်းစားစေချင်တာ မိဘတိုင်းဆန္ဒပါ။ ဒါပေမယ့် တဘက်မှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လူတန်းစားတရပ်လို ဖြစ်သွားစေမယ့် အနေအထားမျိုးတော့ မလုပ်စေချင်ဘူး။
အမေရိကန်ကျောင်းသားတွေအကြောင်း ဆက်ပြောပါရစေ။
ကျွန်တော် ကျောင်းစတက်တုံးက အတန်းထဲမှာ ဂရေဘယ် ဆိုတဲ့ကောင်လေးတယောက်ရှိတယ်။ သူက ကျွန်တော်တို့ နိုင်ငံတကာ ကျောင်းသားပွဲတော်ရှိတဲ့နေရာ ဆိုရောက်လာတတ်တယ်။ (၂၀၀၀ တန်ကားစုတ်လေးကို စီးပြီး (၃၅) မိနစ်လောက်ဝေးနဲ့နေရာမှာ နေတယ် လို့ ဆိုတယ်။

သူများနိုင်ငံက လာတဲ့ ဒုက္ခသည်တွေ ဘယ်လိုနေကြသလဲ။ ဘဝတွေ ဘယ်လိုရုန်းကန်ကြသလဲ-- ဆိုတာကို တော်တော်စိတ်ဝင်စားပုံရတယ်။ အသက်ကလည်း (၂၀) လောက်ပဲ ရှိသေးတာ။
ဒီလိုနဲ့ခင်သွားတယ် ဆိုပါတော့။ အင်္ဂါ၊ ကြာသာပတေး၊ သောကြာ ညတွေဆို ကျွန်တော်နဲ့သူ ဘားတခုမှာ အရက်စပ်တဲ့ (part-time) အလုပ်လုပ်ကြတယ်။ တကယ့်ကို ပင်ပမ်းပါတယ်။ ညနက်မှ ပြန်ရတာကိုး။ မနက်စောစောတန်းရှိပြီဆိုရင် နှစ်ယောက်လုံး ငိုက်နေတာ။ ဒါပေမယ့် သူက အမြဲတမ်း ဂရိတ် (အေ) ရတဲ့သူ။ နွေရာသီ တခုမှာတော့ ကျွန်တော့ကို သူက တောင်းဆိုမှုတခုလုပ်တယ်။ ကျောင်းပိတ်ရက်မှာ သူ့မိဘတွေ အိမ်ကို ပြန်မှာမို့လို့၊ အိမ်ကို လိုက်လည်ဖို့ ခေါ်တယ်။ ကျွန်တော်ကလည်း မြန်မာပြည်မှာကတည်းက အကျင့်ပါနေတာ။ ကျောင်းပိတ်ရက်တွေဆို မန္တလေးပြန်မသွားသေးခင်၊ သူငယ်ချင်းတွေ ရဲ့ နယ်တွေဆီပါသွားတတ်တယ်မို့လား။ ခုလည်း ဒီအတိုင်းပါပဲ။ သူ့ မိဘတွေ ဆီ အလည်လိုက်သွားဖြစ်တယ်။
သူနေတဲ့ နေရာကို ရောက်တဲ့အခါ ပထမတော့ ဒီကောင်နောက်နေတာလား လို့ ထင်မိတယ်။
သူ့မိဘတွေ အိမ်က သန်းချီတန်တဲ့ အိမ်တွေ၊ ကယ်လီဖိုးနီးယားက ဟောလိဝုဒ်မင်းသား မင်းသမီးတွေ နေတဲ့ ဗာဘလီ တောင်ကုန်းနားလေးမှာ။
သူ့မိဘတွေ နဲ့ တွေ့မှ ပိုပြီး အံ့သြရတော့တယ်။ မိဘ နှစ်ယောက်လုံးက အထူးကု ဆရာဝန်ကြီးတွေ။ နေတာထိုင်တာက ရှင်းသန့် ကျက်သရေရှိနေတာပဲ။ ဒါပေမယ့် သူတို့ကလည်း မြန်မာပြည်နိုင်ငံရေးအကြောင်းကို သိနေသလို၊ တခြားနိုင်ငံက ဒုက္ခသည်တွေ ရဲ့ ဘဝတွေကို စိတ်ဝင်တစားပြောပြတယ်။ အထူးသဖြင့် သူ့သားလုပ်နေတာတွေကို သူတို့ ဘယ်လို ဂုဏ်ယူကြောင်း။ သူ့သားက နယ်မြို့လေးတခုက တက္ကသိုလ်မှာ တခြားသူတွေရဲ့ ဘဝကို လေ့လာချင်တယ် ပြောကတည်းက ငါ့သား လူဖြစ်ပြီ ဆိုပြီး လင်မယား နှစ်ယောက် ဝမ်းသာခဲ့ကြတယ် လို့ ဆိုတယ်။
ကျွန်တော့စိတ်ထဲမှာ ဒီချာတိတ်လေးကို လေးစားသွားတယ်။ တကယ်ဆို မိဘ ဆီက လက်ဖြန့်တောင်းလို့ရတဲ့အနေအထား။ မိဘကို ပူဆာရင် ကားကောင်းကောင်းစီးနိုင်တယ်။ ကောင်းကောင်းသုံးနိုင်တယ်။ ဒါပေမယ့် သူက အသက် (၁၈) နှစ် ရှိပြီဖြစ်တဲ့အတွက် ကိုယ့်လုပ်အားနဲ့ပဲ ကိုယ့်ဘာသာ ရပ်တည်မယ် ဆိုတဲ့ မာနရှိသူ၊ ကြိုးစားသူလူငယ်တယောက်။
အာဖရိက ရဝမ်ဒါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို သွားရောက်တုံးက ဆိုရင် သူ့မျက်လုံးတွေ အရောင်လက်နေတယ်။
ပြောချင်တာက သိပ်ချမ်းသာတဲ့ အမေရိကန်မိသားစု တချို့ဟာ သူတို့သားသမီးတွေကို လူတန်းစားတရပ်ဖြစ်အောင် ရိုက်သွင်းမထားဘူး။ သူတို့ဘဝကို သူတို့ဘာသာ ရွေးချယ်စေတယ်။ သူတို့ ခြေထောက်ပေါ်မှာ သူတို့ရပ်တည်နိုင်ပြီး ကျန်တဲ့သူတွေ ရဲ့ ဘဝတွေကို လေ့လာခိုင်းတယ်။
ဒါကြောင့်လည်း အမေရိကန်ကျောင်းသူ၊ ကျောင်းသား တော်တော်များများဟာ ကျောင်းတက်နေတဲ့အချိန်မှာ၊ အချိန်ပိုင်းအလုပ်လုပ်ကြတယ်။ အောက်သက်ကြေ ကြတယ်။
ဘယ်အရာမှ အလကား မရဆိုတဲ့ အတွေးအခေါ်က စွဲဝင်နေတယ်။
မြန်မာပြည်က ကျောင်းလာတက်တဲ့ သူတော်တော်များများမှာ ရောဂါတခု စွဲကပ်နေတယ်။
အဲ့ဒါကတော့ အနောက်တိုင်းပညာတွေ သင်ပြီးသွားရင် ကိုယ့်ဘာသာ သိပ်သိ သိပ်တော်နေတယ် ထင်ပြီး လူတန်းစားတရပ်လို နေထိုင်နေတာကို တွေ့ရတယ်။
ထူးတော့ထူးဆန်းတယ်။ သိပ်ချမ်းသာတဲ့ အမေရိကန်နိုင်ငံက ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ဆင်းရဲတဲ့ နိုင်ငံတွေဆီသွားရောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြချိန်မှာ၊ မြန်မာပြည်က ကျောင်းသူ၊သားတချို့က သိပ်ဘိုဆန်ချင်လွန်းပြီး ညကပွဲတွေ မှာ အချိန်ကုန်နေတယ်။
လူအမျိုးမျိုးတော့ ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အမေရိကန်မိဘတွေ က သူတို့သားသမီးတွေအပေါ်မှာ စည်းကမ်းတကျချစ်သလိုမျိုး၊ မိမိရဲ့ သားသမီးဟာ အခွင့်ထူးခံလူတန်းစားတရပ် လို နေစေမယ့် ဖူးဖူးမှုတ်ချစ်ပြမှုတွေကို ရှောင်ဖို့လိုမယ် ထင်တယ်။
ဒီလို လူတန်းစားတရပ်လို ကိုယ့်ဘာသာ ဘဝင်မြင့်နေတဲ့ ကလေးတွေများလာရင် အနောက်တိုင်းပညာတွေ ဘယ်လောက်တတ်တတ်၊ မြန်မာပြည်အတွက် အကျိုးမရှိပါဘူး။

 အောင်မိုးဝင်း

  2 comments:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...