Sunday, October 11, 2015

ဆက်သွယ်ရေး ဆက်ဆံရေး စွမ်းရည်မြင့်စေမယ့် နည်းလမ်း(၅)သွယ် ခင်မောင်ညို (ဘောဂဗေဒ)



“ကျွန်တော်တို့ ဆက်သွယ်နိုင်၊ ဆက်ဆံနိုင်တဲ့ လူတွေ လိုအပ်နေပါတယ်” ဆိုတဲ့စကားကို အကြိမ်ပေါင်းထောင်သောင်းချီပြီး ကြားဖူးမှာပါ။ ခဏခဏကြားဖူးနေတော့ အထူးအဆန်ဲး့ လုပ်ပြောနေစရာ မလိုဘူး အဓိပ္ပါယ်မရှိဘူးလို့တောင်မှ ထင်လာနိုင်ပါတယ်။ တကယ်တော့ ဆက်သွယ်ရေး၊ ဆက်ဆံရေးဟာ အဖွဲ့အစည်းတွေကို ခိုင်မြဲစေအောင် လုပ်ပေးထားတဲ့ “ကော်” နဲ့တူပါတယ်။ ဆက်သွယ်ရေးကနေတဆင့် တစ်ယောက်နဲ့တစ်ယောက် အကြံဥာဏ်တွေ၊ စိတ်ကူးစိတ်သန်းတွေ ဖလှယ်ရတယ်။ တစ်ယောက်ဆီက တစ်ယောက်၊ အပြန်အလှန် လေ့လာသင်ယူကြရတယ်။ ပြီးတော့ အရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ကြ၊ ဆက်ဆံကြရတယ်။
အလုပ်ခန့်ထားတဲ့သူတွေကို စစ်တမ်းကောက်ကြည့်တော့ ဆက်သွယ်ရေးနဲ့ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး စွမ်းရည်ဟာ၊ အရေးကြီးတဲ့ စာရင်းမှာ ထိပ်ဆုံးက ရှိနေတယ်လို့ ဖြေကြပါတယ်။ ဆက်သွယ်ရေး၊ ဆက်ဆံရေးစွမ်းရည်ဟာ ဒီလောက်အရေးတကြီး ဖြစ်နေရလောက်အောင်၊ ဆက်သွယ်ရေးနှင့် အရေးပါမှုကို လျစ်လျူရှုထားခဲ့လေရော့သလား? ဖြစ်နိုင်တာတစ်ခုကတော့ ကိုယ်ဘာကိုဆိုလိုချင်တယ်ဆိုတာ၊ သေသေချာချာချပြီး တွက်မကြည့်လို့ ဖြစ်ပါလိမ့်မည်။
ပညာရှင်တစ်ယောက်က ထိထိမိမိ၊ ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ဆိုရင် အခြေခံအချက် ငါးချက်နဲ့ ကိုက်ညီရမည်။ အဲဒီနည်းနဲ့ ကိုယ့်ရဲ့ ဆက်သွယ်ရေး၊ ဆက်ဆံရေးစွမ်းရည် မြှင့်တင်ရမယ်လို့ ဆိုတယ်။
၁။ အခြေခံတွေကို နားလည်ပါ
ကိုယ့်ကိုယ်ကို စကားပြောတတ်ကြတယ်။ စာရေးတတ်ကြတယ်လို့ ထင်တတ်ကြတယ်။ ဘယ်စကား ဘယ်ဝေါဟာရက ဘာအဓိပ္ပါယ်ထွက်တယ်ဆိုတာ သေသေချာချာ သိဖို့လိုတယ်။ ဝေါဟာရတွေကို သေသေချာချာ နိုင်နိုင်နင်းနင်းရှိပြီး ပြောနိုင်ရေးနိုင်ရမယ်။ ကိုယ်ဘာလိုချင်တယ်။ ဘာဖြစ်ချင်တယ်ဆိုတာ တစ်ဘက်သူ ကောင်းကောင်းနားလည်ရမယ်။ ကိုယ်က သူနားလည်အောင် မပြောနိုင်၊ မရေးနိုင်ရင် တစ်ဘက်သားက ဘာလုပ်ရမှန်း၊ ဘယ်လိုတုံ့ပြန်ရမှန်း သိမှာမဟုတ်ဘူး။
၂။ အတွေးရှင်းမှ၊ အပြောရှင်း
အတွေးမရှင်းရင် အရေးမရှင်းဘူး။ တချို့ပုဂ္ဂိုလ်တွေက ကတ္တား၊ ကံ၊ ကြိယာမပါတဲ့ Power Point တွေဟာ အဓိပ္ပါယ် တိတိကျကျ မရှိဘူး၊ ကိုယ်ပြောချင်တာကို ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးလို့ တွက်ဆကြတယ်။ မန်နေဂျာအတော်များများက သူများကို ပြောပြဖို့ထက်၊ ကိုယ့်ဘာသာမှတ်သားဖို့ သတိမမေ့ဖို့ဆိုတဲ့ အနေမျိုး၊ တောင်ခြစ်မြောက်ခြစ် လုပ်တတ်ကြတယ်။ ကိုယ်ဘာပြောမယ်ဆိုတာ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း တွေးထားဖို့လိုတယ်။
၃။ အစည်းအဝေးအတွက် ကြိုတင်ပြင်ပါ
အစည်းအဝေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ကြိုတင် ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ရေးထားပြီး၊ ကြိုတင် ဝေငှထားပါ။ အချိန်အတိအကျလည်း စတင်ပါ။ ဒီလိုလုပ်နိုင်ဖို့က အားလုံး ကြိုတင်ပြင်ဆင်ထားရပါမယ်။ မန်နေဂျာတွေ၊ ၀န်ထမ်းတွေက သူတို့တစ်ခုခုမပြောခင်၊ အချိန်ယူပြီး မစဉ်းစားခဲ့ကြလေတော့ အစည်းအဝေးတွေဟာ လမ်းချော်ကုန်ကြတယ်။
၎။ အပြန်အလှန်ဆွေးနွေးပါစေ
လူတိုင်းရဲ့ရှုဒေါင့်ကို ထုတ်ဖော်ပြောကြားပါစေ။ အပြန်အလှန် ဆွေးနွေးပါစေ။ ဒီလို ဆွေးနွေးနိုင်အောင်လည်း တစ်ဘက်သတ် ပြောတာမျိုး မဟုတ်ဘဲ၊ မေးခွန်းခပ်များများ မေးပေးပါ။ အချိန်မရလို့လို့ အကြောင်းပြတဲ့အခါပြ၊ အမှုဆောင်အရာရှိတွေကပဲ သူများထက်သိသလို၊ တတ်သလိုလိုနဲ့ ကိုယ်ကချည်းပြောပြီး သူများပြောတာ နားမထောင်တတ်တဲ့သူတွေနဲ့ တွေ့ရပြီး၊ ဘယ်သူမျှ ၀င်ရောက် မဆွေးနွေးလိုက်ရပဲ၊ အားလုံးရဲ့ ဆုံးဖြတ်ချက်လိုလို ဖြစ်သွားတတ်ပါတယ်။
၅။ သူများပြောတာ နားထောင်ပါ
ဘယ်သူမျှ နားမထောင်ကြဘူး ဆိုရင်လည်း ဆွေးနွေးချက်တွေဟာ အလဟဿဖြစ်ကုန်တာပါပဲ။ အစည်းအဝေး လာတဲ့သူတွေက တစ်ချိန်လုံး ဖုန်းကို ငုံ့ကြည့်နေပြီး၊ ဆွေးနွေးတာကို စိတ်မ၀င်စားကြရင် အကျိုးမရှိဘူး။ အစည်းအဝေးလာ၊ သတင်းစာဖတ်နေတာလိုပဲ အာရုံမရောက်ဘူးဆိုတာ ပြသနေရာ ရောက်တယ်။ ရေးတာပြောတာတွေ ညံ့ရုံသာမက၊ နားထောင်တာက ပိုညံ့ကြတယ်။ ဒီတော့ မန်နေဂျာတွေဟာ ဘာတွေဖြစ်နေမှန်း ကောင်းကောင်းမသိလေတော့၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမှန်း မသိဘဲ ဖြစ်လာကြတယ်။ အချိန်ပေးပြီး နားထောင်မယ်ဆိုရင် အဲဒီလို ပြဿနာမျိုး မရှိနိုင်ဘူး။
လုပ်ခပေးကြ၊ ချီးမြှင့်ကြတဲ့အခါ၊ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေနဲ့ ချိတ်ဆက် အကောင်အထည် ဖော်နိုင်တဲ့သူတွေကို ဆုတွေ၊ လုပ်ခတွေ ချီးမြှင့်တဲ့ ထုံးစံတစ်ခု ရှိတယ်။ ကိုယ်တန်ဖိုးထားတာ ဘာလဲဆိုတာ တိုင်းတာပါ။ “Measure what you treasure” တဲ့။ ဆက်သွယ်ရေး စွမ်းရည်တွေကို တန်ဖိုးထားတယ်ဆိုရင်၊ ဆက်သွယ်ရေး စွမ်းရည်ရှိတဲ့သူတွေကို ခန့်မှန်း လေ့ကျင့်မှာ ဖြစ်ပါတယ်။ အနည်းဆုံး အပြောအဆို ရှင်းလင်းကောင်းမွန်ပြီး သတင်းအချက်အလက်တွေ မျှဝေဖို့၊ စည်းရုံးဖို့၊ သင်ကြားပေးဖို့၊ လုပ်ချင်ကိုင်ချင်စိတ်တွေ တက်ကြွလာဖို့၊ အဲဒီစွမ်းရည်တွေကို အသုံးချနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့က နှစ်ပေါင်းများစွာ လေ့ကျင့်ပေးဖို့ ရှေ့ကနေ စံပြလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ပြောသလို လိုက်လုပ်စေဖို့၊ ကိုယ်ပြောတဲ့အတိုင်း ကိုယ်ကလုပ်ပြဖို့ လိုပါတယ်။
(Five ways to sharpen your communication skills)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...