Monday, October 12, 2015

ဟိုဘက်အိမ်က ညှော်မယ်နော်


ကျွန်တော်ငယ်ငယ်တုန်းကပါ၊
ငါးကြော်ခါနီး အဘွားကအသံမြှင့်ပြီးအော်လိုက်ပါတယ်
ဟိုဘက်အိမ်ကညှော်မယ်နော်…တဲ့။အထူးအဆန်းပါ၊ အဘွားဘာတွေအော်နေတာလဲဆိုတော့ … မြေး၊ကိုယ့်အိမ်ကညှော်လုပ်ရင် တခြားအိမ်ကလူတွေသိအောင်ပြောတာလေ။ ညှော်ရှောင်ချင်တဲ့ လူတွေ ရှောင်နိုင်တာပေါ့…တဲ့။
သိပ်ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့လေးပါ၊ ကိုယ့်အိမ်မှာကိုယ်လုပ်ချင်တာလုပ်မယ်၊ တခြားသူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ထားမျိုး မရှိတဲ့ ကျွန်တော်တို့ရဲ့ချစ်စရာမြန်မာဓလေ့လေးပါ။ ကိုယ့်လွတ်လပ်ခွင့် အရ ပြုမူတဲ့အပြုအမူဟာ သူတစ်ပါးကို မထိခိုက်စေချင်တဲ့စိတ်ထားက နဂိုမူလကတည်းက မြန်မာ့ ဓလေ့မှာရှိပြီးသားပါ။
ကျွန်တော်၅နှစ်သားအရွယ်ကတည်းက အဘိုးရဲ့လယ်ကွင်းထဲမှာ နွေရာသီနဲ့ဆောင်းရာသီကျောင်း ပိတ်ရက်တွေဆို သွားရောက်နေထိုင်ခဲ့ပါတယ်။နွေရာသီစပါးတွေတလင်းထဲကထွက်ပြီဆိုရင်ရွာကနေ မြို့မှာရှိတဲ့ဆန်စက်တွေဆီ သွားပြီးကြိတ်ခွဲကြရပါတယ်။အဲ့ဒီအချိန်က ဒီခေတ်လို မဖွံ့ဖြိုးသေးတော့ လှည်းကိုပဲအားကိုးကြရပါတယ်၊မြို့ကိုတက်ဖို့လှည်းလမ်းကြောင်းဖောက်ကြတာစိတ်ဝင်စားစရာ ကောင်းပါတယ်၊ပထမဆုံး လှည်းသွားဖို့လမ်းကို ဖြတ်သွားကြမယ့် လယ်သမားတွေအားလုံးစုပေါင်း ရွေးချယ်ကြပါတယ်၊ပေါက်တူးကိုယ်စီနဲ့လယ်ကွက်တွေမပျက်စီးအောင် ဘယ်အာဏာပိုင်အဖွဲ့အစည်း မှမပါဘဲ စုပေါင်းရွေးချယ်ပြီး အတူတူဖောက်ကြပါတယ်၊မြို့ကိုတက်ဖို့လှည်းလမ်းကြောင်းကိုညီညီညာ ညာပျော်ရွှင်စွာဖော်ခဲ့ကြပါတယ်။လရောင်အောက်မှာစပါးလှည်းတွေတန်းစီပြီးမြို့ကိုတက်တဲ့အချိန်ဟာ ကျွန်တော့်ရင်ထဲမှာအငြိမ်းချမ်းအပျော်ရွှင်ဆုံးအချိန်ပါ၊လေ၇ာင်အောက်မှာအဘိုးကလှည်းမောင်းလို့ ကျွန်တော်က လှည်းပေါ်မှာပက်လက်လှန်လိုက်ရင်း လမင်းကြီးကိုကြည့်လို့…ပေါ့။
ကျွန်တော်တို့ရဲ့နယ်မြို့လေးမှာသာရေး၊နာရေး ကိစ္စတွေဆိုရင် စားပွဲ၊ကုလားထိုင်၊ဖျာ၊ပန်းကန်၊ဇွန်း တွေကိုငှားတဲ့နေရာမရီပါဘူး။ဘုန်းကြီးကျောင်းက ငှားရင်ငှား၊ဒါမှမဟုတ်ရင် အိမ်နီးနားချင်းတွေဆီက ငှားကြပါတယ်၊စားပွဲငှားတယ်ဆိုရင် စားပွဲအောက်မှာ ဦး…ဒေါ်…ဘယ်သူပေါ့မြေဖြူခဲနဲ့ရေးပေါ့၊နီးရာ အိမ်တွေကလည်းလာဝိုင်းကူလို့၊ပျော်စရာအလှုပေါ့။
ဆိုတော့…ပြောချင်တာကချစ်စရာမြန်မာ့ယဉ်ကျေးမှုဓလေ့လေးတွေကိုပါ။
ညှော်လုပ်ရင်တောင်…ညှော်မယ်နော်
လှည်းလမ်းဖောက်ရင်တောင်မှ…ဘယ်သူ့လယ်မှမပျက်စီးရအောင်
အလှုလုပ်ရင်လည်း…၀ိုင်းလို့ကူကြ
မြန်မာ့ဓလေ့ပါ။ခေတ်ကြီးက ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းဖို့အပြင်းအထန်ကျိုးစားနေကြပါတယ်၊အဲ့ဒီ အချိန်မှာ အဘက်ဘက်သော အခြားခြားသော နိုင်ငံတကာယဉ်ကျေးမှုတွေက ကျွန်တော်တို့ဆီဝင်ေ၇ာက်လာနေကြပါပြီ၊ကောင်းသောလာခြင်း၊ဆိုးသောလာခြင်းဆိုတာထက် ကျွန်တော်တို့ရဲ့မူလ ယဉ်ကျေးမှုဓလေ့တွေကို မပျောက်ပျက်အောင်ထိန်းသိမ်းဖို့က ကျွန်တော်တို့အားလုံးမှာတာဝန်ရှိ ပါတယ်လို့ပြောလိုက်ပါတယ်ဗျာ
(သော်ဇင်အုန်း)
၁၉၇၅ ခုနှစ်များနှင့်အဘိုးကို လွမ်း၊အမှတ်တရ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...