ပြည်သူတွေ အိပ်ပျက်တာ ဘာကြောင့်လဲ
ညက တစ်ညလုံး အိပ်မရဘူး။ ဘယ်အိပ်လို့ရမှာလဲ။ အသံမစဲ ကိုယ်တော်တွေက တစ်ပါးပြီးတစ်ပါးလဲသွား တယ်၊ လော်စပီကာကမှ မလဲတာ။ အိပ်မရတဲ့အတူတူ စာအုပ်တွေ ကောက်လှန်နေမိတော့ "စတုက္ကနိပါတ် ရာဇောဝါဒဇာတ်" မှာ ဘုရားလောင်း ရသေ့က ဗြဟ္မဒတ်မင်းကြီးကို ဆုံးမခန်း သွားဖတ်မိတယ်။
"မြစ်ကို ကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ကောက်စွာ အကယ်၍ သွားအံ့။ ရှေ့ဆောင် နွားလားသည် ကောက်စွာ သွားသည်ရှိသော်၊ ခပ်သိမ်းကုန်သော ထိုနွားမတို့သည် ကောက်စွာ သွားကုန်၏"
မြန်မာစကားပုံမှာ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ဆိုတဲ့ စကားဟာ ဘုရားဟောပါ။ တိုင်းပြည်ကို ရှေ့ဆောင်နေတဲ့သူတွေက ကောက်ကောက် ကွေ့ကွေ့ ကလိန်ဉာဏ်နဲ့ လျှောက်နေမှတော့ နောက်ကလူတွေလည်း ဖြောင့်ဖြောင့်လိုက်နိုင်ပါဦးမလား။
"လူတို့တွင် အကြင်မင်းကြီးသည် အမြတ်ဟူ၍ သမုတ်အပ်သည်ဖြစ်၏။ ထိုမင်းသည် အဓမ္မကို အကယ်၍ ကျင့်အံ့။ ဤမှ တပါးသော သတ္တဝါသည် အဘယ်ဆိုဖွယ်ရာဖြစ်အံ့နည်း။ မင်းသည် တရားမစောင့်သည် အကယ်၍ဖြစ်အံ့။ အလုံးစုံသောတိုင်းသည် ဆင်းရဲစွာ အိပ်ရ၏"
ကိုယ့်နိုင်ငံပြည်သူတွေ ငြိမ်းချမ်းစွာ မအိပ်ရတာ မင်းကြောင့်၊ အုပ်ချုပ်သူညံ့ဖျင်းတာကြောင့်၊ တရားမစောင့် တာကြောင့် ဆင်းရဲစွာ အိပ်စက်ကြရတယ်။ စစ်ပွဲတွေကြောင့် ထိတ်လန့်ပြီး မအိပ်ရဘူး။ မကျေနပ်မှုတွေကြောင့် ရင်ထဲတွေမှာ လှိုက်ဆူပြီး အိပ်လို့မရဘူး။ ဒေါသတွေကြောင့် သွေးဆူပူ အိပ်လို့မရဘူး။ မနက်ဖြန်မှာ ထမင်း တစ်လုပ်အရေး တွေးပူပြီး အိပ်လို့မရဘူး။ အဓမ္မအလုပ်တွေ နေရာအနှံ့ ပြုမူလုပ်ဆောင်နေကြလို့ ပြည်သူတွေ အိပ်မရဘူး။ ဒါတွေအားလုံးဟာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းမကောင်းလို့ဆိုတာ ဘုရားလက်ထက်ကတည်းက ဖွင့်ဆိုခဲ့ပါတယ်။
"မင်းသည် တရားစောင့်သည် အကယ်၍ဖြစ်အံ့ အလုံးစုံသောတိုင်းသည် ချမ်းသာစွာ အိပ်ရ၏"
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေ ချမ်းသာစွာ အိပ်စက်နေရပြီလား။ အုပ်ချုပ်သူတွေက လေအေးပေးစက်အခန်းထဲမှာ ငြိမ်းချမ်းစွာ အိပ်စက်နေချိန် စစ်ရှောင်ဒေသ ပြည်သူနဲ့ ကလေးတွေ၊ လျှိုမြောင်ချောက်တွေကြားမှာ ပုန်းအိပ် နေရတယ်။ ကျူးကျော်ဆိုပြီး အဖျက်ခံထားရသူတွေ မြောင်းဘေးမှာ အိပ်နေကြရတယ်။ ခံစားချက်တွေအပြည့် စိတ်ပျက်လို့ ဆန္ဒပြနေတဲ့ ကလေးတွေ မောပန်းစွာလမ်းလျှောက်၊ အနာဂတ်ပျောက်ကာ ဖြစ်သလို အိပ်စက် နေကြတယ်။
အုပ်စိုးသူတွေ တရားမစောင့်ခဲ့လို့ တိုင်းပြည်မှာ ချမ်းသာစွာ အိပ်စက်နိုင်တယ်ရယ်လို့ မရှိပါဘူး။ ဘယ်တော့မှ ပြည်သူတွေ ငြိမ်းချမ်းစွာ အိပ်စက်နိုင်မလဲ။ နှစ်ပေါင်း ၆၀ လောက် အိပ်ပျက်နေတဲ့ပြည်သူတွေကို ငြိမ်းချမ်းစွာ အိပ်စက်ခွင့်တွေ ပေးသင့်ပြီထင်ပါတယ်။
၈.၂.၂၀၁၅
0 comments:
Post a Comment