ပြည်တွင်းစစ်
ပတ်တီးလိပ်ကြ
ယတြာချေကြ
ထမင်း နေလှန်းကြ။
စစ်ပွဲအကြောင်းပြပြီး
ဖားချင်သူများ
ဂုဏ်ယူကြောင်း သ၀ဏ်လွှာပို့ကြ။
နာမည်ပျက် ခရိုနီများ
စေတနာရှိဟန် ငွေလှူပြကြ။
တိုက်ပွဲကြားက ပြည်သူတွေ ကယ်ဟန်ပြပြီး
တပ်မတော်ဂုဏ် မြှင့်တင်ကြ။
စစ်အသုံးစရိတ် အများဆုံးယူထားခဲ့တာ
ပစ်တာ ခတ်တာ- ဒဏ်ရာရတာတွေပြပြီး ဖုန်းကွယ်ကြ။
တရုတ်ကို မုန်းလေဟန်ပြပြီး
ခိုးဝှက် လုယက်ထားသူများမှ အမျိုးသားရေး အော်ဟစ်ကြ။
တိုက်ပွဲကျစစ်သားပြပြီး
မြေသိမ်းလို့နာမည်ပျက်နေတာ အဖတ်ဆည်ကြ။
လွှတ်တော်ထဲလာ အိပ်ငိုက်နေတဲ့
အလုပ်မရှိတဲ့ စစ်ဗိုလ်များ
အလုပ်များလေဟန် တိုင်းပြည်ချစ်လေဟန်ပြကြ။
ကျောင်းသားနဲ့ အတိုက်အခံ ပါတီတွေကို
အမျိုးဖျက်တွေ-ပြည်ဖျက်တွေ -အခွင့်အရေးသမားတွေလို့ ၀ါဒဖြန့်ကြ။
တိုးတက်အောင် မလုပ်နိုင်လို့ ဝေဖန်ခံ ခေါင်းဆောင်ကြီးများ-၀န်ကြီးများ
ဆေးရုံသွား လူယောင်ပြကြ-လူနာမေးကြ။
လူတိုင်း စစ်မှုထမ်းဥပဒေ မလာခင်
ကိုယ့်ရည်းစားကို လက်ထပ်ထားကြ။
ကျန်ရစ် မုဆိုးမများပုံ ပြပြီး
စစ်တပ်အတွက် မေတ္တာသက်ဝင်အောင်လုပ်ကြ။
တိုက်ပွဲကျ မုဆိုးမများ-ကျန်ရစ် မိဘဆွေမျိုးများ
ဖြေသော်မပြေ- မျက်ရည်လှိုင်းထန် ပူဆွေးကြ။
မုဆိုးမလောင်းများ
ဝမ်းနည်းကြောင်း သ၀ဏ်လွှာစောင့်ကြ။
0 comments:
Post a Comment