Tuesday, February 17, 2015

“ရထားဥသြသံလေးများကြားရင်”

          မြန်မာပြည်ကို အခုမှရောက်ဖူးတဲ့ ဂျပန်ဧည့်သည်ကြီးကို အလည်အပတ်လိုက်ပို့တဲ့အခါ မောင်မင်းကြီးသားက ရွှေတိဂုံဘုရားပြီးရင် ဘူတာရုံ နဲ့ သင်္ဘောဆိပ်ကို ကြည့်လိုပါတယ်တဲ့။ ဒါနဲ့ပဲ ကိုယ်လည်း ဂုဏ်ယူဝံ့ကြွားစွာ ရန်ကုန်ဘူတာကြီးကို လိုက်ပြမိတယ်။ ကိုလိုနီခေတ်မြန်မာပိသုကာလက်ရာစစ်စစ်၊ အခုထက်ထိ မူရင်းပုံစံမပျက် ထိန်းသိမ်းထားတာကို သေသေချာချာမြင်အောင် အဝေးကပြလိုက် အနီးကပြလိုက်၊ ဂုံးတံတားပေါ်ကတက်ပြလိုက် ပြပါတယ်။ သူ့ပြရင်းနဲ့မှ ကိုယ်လည်းပဲ မအိုသေးတဲ့သူ အပျိုကလေးနဲ့တူတဲ့ ရန်ကုန်ဘူတာကြီးကို ရင်သပ်ရှုမော အံ့သြမိတယ်။ ကလေးတုန်းက ရုပ်ရှင်ထဲမှာ ညွန့်ဝင်းက ဒေစီကျော်ဝင်းကိုလာကြိုတဲ့ ရန်ကုန်ဘူတာကြီးဟာ အခု ကိုယ်လက်ညှိုးညွှန်ပြနေတဲ့ ရန်ကုန်ဘူတာကြီးနဲ့ သုံးဘီးကားကလေးတွေ မရှိတော့တာကလွဲရင် တထေရာတည်း တူနေတုန်းပဲ။ အနှစ်တစ်ရာတိုင်စေ မပစ်ခွာနိုင်ပေဆိုတာ သူမှအစစ်။ “သားတို့မမွေးခင်တုန်းကတော့ အဲသည်ဘူတာကြီးရယ်၊ သူ့ရှေ့က အောင်ဆန်းအားကစားကွင်းရယ်၊ သူ့ဟိုဘက်က သမ္မတရုပ်ရှင်ရုံရယ်ဆိုတာ ခမ်းနားလွန်းလို့ အရှေ့တောင်အာရှမှာ သူ့ထက်ကောင်းတာ မရှိဘူးတဲ့ကွယ်” လို့ ရင်နာနာနဲ့ ကြွားမိတယ်။ သူကတော့ “ဘူတာကထွက်လိုက်ရင် ဘတ်စကား ဘယ်နားမှာ သွားစီးကြသလဲ”တဲ့။ သိပ်မဝေးပါဘူး။ ဂုံးတံတားကျော်အောင် လျှောက်လိုက်ရင်မြို့ထဲက ဘတ်စကားမှတ်တိုင်တွေဆီ တန်းရောက်ပါတယ်။ တက္ကစီတွေကတော့ ရထားဆိုက်တာနဲ့ ယင်ကောင်တွေအုံသလို အုံခဲလာတာ။ “ငါတို့ဆီမှာ အခု ဓါတ်ဆီဈေးတွေ ကျလာပြီ။ အောက်တိန်းတစ်လီတာထည့်ရင် ၅၄၀ ပဲ ကုန်မယ်။ ရေသန့်ဘူး ဝယ်သောက်ရင်တောင် ၄၀၀ လောက် ပေးရသေး။ ဆီကို ရေချိုးလို့ရပြီ။ ဘယ်လောက်မှ မကွာတော့ဘူး” လို့ လုံးကြီးတင်လိုက်မိတယ်။


         ဘူတာထဲကိုရောက်တော့ လက်မှတ်ကောင်တာနားက ရထားခရီးစဉ် အချိန်နဲ့ဈေးနှုန်းမှတ်တမ်းကြီးကို ဘာသာပြန်ပြရသေးတယ်။ ရန်ကုန်-နေပြည်တော် ရထားခက အရမ်းသက်သာနေလို့ သူက ဓါတ်ပုံတောင် ရိုက်ယူသွားတယ်။ ရန်ကုန်ကလွဲလို့ သူသိတာလည်း နေပြည်တော်ပဲ ရှိတာလေ။ ကားခက ပိုတောင် သက်သာတယ် လို့ ပြောပြလိုက်တယ်။ လေအိပ်ကား အကောင်းစားကြီးတွေနဲ့ မောင်းချိန်ကလည်း လေးငါးနာရီလောက်ဆိုရောက်တယ် လို့ ပြောတော့ မျက်လုံးကို ဝိုင်းနေတာပဲ။ သူတို့ဂျပန်မှာလိုအောင့်မေ့လို့ ၁၅ မိနစ်တစ်စီး ထွက်တာလား၊ နာရီဝက်တစ်စီး ထွက်တာလား၊ လို့ မေးတော့ ရယ်လိုက်ရတာ။ အဲ့လောက် မလိုဘူးလေ။ တစ်နေ့ နှစ်စီး သုံးစီးလောက် ထွက်နိုင်တော်ရောပေါ့ လို့ ပြောလိုက်တယ်။ ရထားနဲ့ဆို ကိုးနာရီလောက် ကြာတယ်။ ဒီက ကိုးလိုးကန့်လန့် အချိန်ကြီး ထွက်သွားရင် ဟိုကိုစကောစက အချိန်ကြီး ရောက်သွားတာမို့ ခရီးသည်တွေအတွက် အဆင်မပြေဘူး။ ဒီရထားကို ဝန်ထမ်းတွေ၊ ဝန်ကြီးဌာနနဲ့ ဆက်ဆံစရာရှိတဲ့သူတွေသာ စီးကြတာမို့ ရုံးဖွင့် ရုံးပိတ်၊ ရုံးတက်ရုံးဆင်းချိန်နဲ့ကိုက်ပြီး အဆင်ပြေအောင် လုပ်ထားတာ။ အဲ့ဒါကြောင့်မို့ ဈေးနှုန်းကိုလည်း အစိုးရက သက်သာအောင်လုပ်ပေးထားတဲ့အကြောင်း ရှင်းပြလိုက်တယ်။ သူတို့တတွေ လေယာဉ်နဲ့ သွားခဲ့လာခဲ့ကြတာ ကွင်းချိန်းကတစ်နာရီ၊ စီးချိန်က တစ်နာရီ၊ လေဆိပ် အကြိုအပို့က တစ်နာရီ၊ ဟိုစောင့်ဒီစောင့်တစ်နာရီနဲ့ ဆိုတော့ ပိုက်ဆံသာ ဆယ်ဆမက ပိုပေးရတာ။ ရန်ကုန်ရောက်တဲ့အချိန်ချင်းဖြင့် သိပ်တောင်မကွာဘူး။ ဒါပေမယ့်လည်း စီးတဲ့လူ သိပ်မရှိပါလားလို့ပြောတော့ သောကြာည တနင်္ဂနွေည ရထားတွေဖြင့် ကြိတ်ကြိတ်တိုးစီးယူရတဲ့အကြောင်း ရှင်းပြရပြန်တယ်။ ဝန်ထမ်းတွေဟာ ဟိုမှာ မိသားစုနဲ့အတူမနေပဲ ပိတ်ရက်ရောက်တိုင်း အကူးအသန်းလုပ်နေကြတာလည်းပဲ သူ့အတွက်တော့ ထူးဆန်းနေမှာပဲ။

          စင်္ကြန်ထဲဝင်ပြီး ရထားကြီးတွေ ဓါတ်ပုံရိုက်တော့ သူက သဘောတွေတောင်ကျနေသေးတယ်။ ပလက်ဖောင်းကလည်း သုံးခုပဲ ရှိတာလား တဲ့။ ဟုတ်တယ်။ အသွားတစ်လမ်း အပြန်တစ်လမ်း အားလုံးပေါင်း ခြောက်စီးရပ်နိုင်တယ်။ ဒါပေမယ့် တစ်ခါမှ ခြောက်စီးလုံးအပြည့် ရပ်ထားတယ်ဆိုတာ မရှိပါဘူး။ ဧည့်သည်လာပြပါတယ်ဆိုမှ ဘူတာကြီးကလည်း ခြောက်ကပ်ကပ်နိုင်လိုက်တာများလေ။ ရထားလေးပြစရာဆိုလို့ တစ်စီးပဲ ရှိတယ်။ ဒါ မြန်မာပြည်မှာ အကြီးဆုံး ဘူတာရုံကြီးလို့ ပြောထားကာမှပဲ သူတို့ဆီက တောဘူတာကလေးလို ခြောက်တီးခြောက်ချက် ဖြစ်နေပြီ။ သူတင်မဟုတ်ဘူး။ ကိုယ်လည်း အံသြသွားမိတယ်။ ကိုယ်ငယ်ငယ်ကတော့ ဘူတာကြီးဆိုတာ ပျားပန်းခပ်မျှ စည်ကားလှသော အရပ်တစ်ခု ဖြစ်တယ်လေ။ ရထားတွေဆိုတာလည်း ဟောတစ်စီး ဟောတစ်စီး ဆိုက်လာတာ၊ မှားစီးမိမှာစိုးလို့ စင်္ကြန်နံပတ်ကို သေသေချာချာ မှတ်ရတယ်။ ဘူတာရုံထဲမှာလည်း အိပ်ယာလိပ်ကလေးတွေခင်းအိပ်ပြီး ရထားစောင့်တဲ့သူ၊ အစားအသောက် ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ စားသောက်နေတဲ့သူ၊ လက်ပွေ့စာအုပ်ကလေးတွေ ရောင်းတဲ့သူ၊ ကုန်ထမ်းသမား၊ တောင်းရမ်းစားသောက်တဲ့သူတွေ၊ ရန်ကုန်မှာ သူ့ထက်စည်တဲ့နေရာ မရှိဘူး။ နေ့ရောညပါ ဘယ်ခါမလပ် လူမပြတ်အောင် စည်တာ။ အခု နေ့ချင်းကြောင်တောင်ကြီး ဘယ်လိုများဖြစ်ရတာပါလိမ့်။

           တကယ်ဆိုရင် လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းကမှ လူစည်ကားလှတဲ့ ဘူတာရုံကြီးဟာ အဆမတန် တိုးပွားများပြားလာတဲ့ လူဦးရေနဲ့ဆိုရင် နဂိုအဆောက်အဦအတိုင်း ရှိနေလို့တောင် မဆန့်ရတော့ဘူး။ ကိုယ်တွေ့ဥပမာပြရရင် ရန်ကုန်ဆေးရုံကြီးရဲ့ မူလအဆောက်အဦနဲ့ လက်ရှိလူနာအရေအတွက်ကို ကြည့်လိုက်။ အင်္ဂလိပ်ခေတ်က၂၄ ကုတင်ဆန့်တဲ့ လူနာဆောင်မှာ နေ့စဉ်လူနာအရေအတွက် ၁၂၀ လောက် တင်ထားရတယ်။ ဝရံတာတွေရော၊ အလယ်ခုံတွေရော မလောက်တော့လို့ တွန်းလှည်းပေါ် သည်အတိုင်းထားရတဲ့လူနာ၊ လူနာဆောင်အပြင်ဘက် လူသွားစင်္ကြန်ပေါ်မှာ အခင်းကလေးခင်းပြီး ဖြစ်သလိုအိပ်နေရတဲ့ လူနာစောင့်တွေ၊ ဆရာဝန်တွေဆေးကျောင်းသားတွေ ပေါင်းလိုက်တော့ ခြေချစရာတောင် နေရာ မရှိသလောက် ဖြစ်နေပြီ။ သူနဲ့ဖွားဘက်တော်ဘူတာကြီးကျမှ ဘယ့်နှယ့်ကြောင့် ချောင်ချောင်ချိချိ ဖြစ်နေတယ် မသိ။ တိုကျိုက ဘူတာတွေဆိုရင် တစ်ကွေ့လေးမှားကွေ့လိုက်တာနဲ့ လမ်းပျောက်သွားရော။ လူတွေဆိုတာများတော့ အုန်းအုန်းကိုထနေတာ။ ဆိုင်ခန်းတွေကို ထည့်မပြောသေးဘူး။ သူကလည်း မေးရှာတယ်။ နင်တို့ မြန်မာတွေ ရထားသိပ်မစီးကြတာ ဘာကြောင့်လဲတဲ့။ ဈေးလည်း သက်သာတယ်။ ရထားတွဲတွေကလည်း အဆိုးကြီး မဟုတ်ပါဘူးတဲ့။ ကိုယ်လည်းအဲ့ဒါပဲ စဉ်းစားနေတာလေ။ အချိန်မမှန်လို့ ဖြစ်လိမ့်မယ် ထင်တယ်။ တခါတခါ ရထားတွေက အစီးလိုက်ကြီး ပျောက်ပျောက်နေတတ်တယ် လို့ ကြားဖူးတယ်။ ဒေးဗစ်ကော်ပါဖီးနဲ့တွေ့လို့ မဟုတ်ဘူး။ ပုံမှန်လာရမယ့်ရထားက မလာနိုင်တာကို ရထားပျောက်တယ် လို့ ခေါ်တာ။ လက်မှတ်ဝယ်ရတာ ခက်လို့များလား။ ဟိုတုန်းကတော့ ရထားလက်မှတ် မှောင်ခိုဆိုတာတွေ ရှိတယ်လေ။ လက်မှတ်တစ်စောင်ရဖို့ ညမအိပ်ပဲ ထိုင်တန်းစီရတာ။ အဲ့လို ခက်ခက်ခဲခဲ ဝယ်ရလို့ လူတွေက ရထားစီးတာ စိတ်ကုန်သွားသလားမသိ။ ဒါပေမယ့် လက်မှတ်ရောင်းတဲ့ကောင်တာထိပ်မှာ ဆိုင်းဘုတ်အနီကြီးနဲ့ ပြူးးနေအောင် ရေးထားတာ လက်မှတ်မှောင်ခိုတွေ့တာနဲ့ ချက်ချင်းသတင်းပေးပါ။ ထောင်ချပလိုက်မယ်။ ဆိုပဲ။ လက်ညှိုးထိုးပြပြီး ဘာသာတော့ ပြန်ပြလိုက်ပါတယ်။သူမပြောနဲ့ ကိုယ့်ဘာသာတောင် မယုံဘူး။ ဒါမျိုးတွေ တီဗီမှာ ညတိုင်းလာနေကျ။

           နောက်ဆုံးတော့ ကွကိုပဲ သင့်တော်တဲ့ အဖြေတစ်ခုပေးစရာ ရသွားပါတယ်။ ကားလမ်းတွေက အရမ်းကောင်းလာပြီလေ။ မြန်လည်း ပိုမြန်လာပြီ။ အဲယားကွန်းနဲ့၊ ထိုင်ခုံအကောင်းစားကြီးတွေနဲ့၊ သက်တောင့်သက်သာရှိတယ်။ လမ်းခရီးမှာ ယာဉ်ရပ်နားစခန်းတွေကလည်း အဆင်ပြေပြေ ဆိုင်ကြီးကန္နားကြီးတွေနဲ့ ရှိလာပြီ။ ဈေးလည်း သိပ်ကွာတာ မဟုတ်တော့ လူတွေက ကားနဲ့ပဲ သွားကြတော့တယ် လို့ ပြောလိုက်တယ်။ ဒါပေမယ့်လေ။ ကိုယ့်ဘာသာကိုယ်ကျတော့ အဲဒါ အဖြေမဟုတ်ဘူးလို့ အလိုလို သိနေတယ်။ ကိုယ်ငယ်ငယ်က ရထားစီးဖူးပါသော်ကော။ သိပ်ပျော်စရာကောင်းတာ။ ရန်ကုန် - မန္တလေး က တစ်လမ်း၊ ရန်ကုန် - ပြည်က တစ်လမ်း ရှိတယ်။ အညာကိုပြန်ချင်ရင် တခါတခါ ရထားနဲ့ ပြန်တယ်။ ပြည်ရောက်ရင် တွဲချိန်းပြီး တောင်တွင်းကြီးအထိ စီးရတယ်။ တောင်တွင်းက အမျိုးအိမ်ဝင်တည်းပြီးမှ ဟိုဘက် တောင်တွင်းကြီးက ရေနံချောင်းဆို ဘယ်လောက်မှ မဝေးတော့ဘူး။ ရထားစီးရတာ ကားစီးရသလောက် မကြပ်ဘူး။ ခြေထောက်ကလေး ဆင်းထိုင်စီးလို့ရတယ်။ ကားစီးရင် ထိုင်ခုံအောက် ကုန်အိပ်တွေလာလာထားလို့ တစ်ညလုံး ဆောင့်ဆောင့်ကလေးထိုင်စီးရတာ ဟိုလည်းရောက်ရော ခြေဖမိုးလေးတွေဖောင်းပြီး ဘိနပ်စီးရတာ ကြပ်နေရော။ ကားနဲ့မတူတာက ရထားပေါ်မှာ တစ်ချိန်လုံး မုန့်သည်တွေ လာတယ်လေ။ ဘာသည်တွေ တက်လာသလဲကြည့်ပြီး ဘယ်နားကို ရောက်နေပလဲ ပြောနိုင်တယ်။ ပဲခူးဘူတာက ထမင်းသုပ် ငရုပ်သီးစပ်စပ်ကို ကြက်ကြော်ကလေးနဲ့၊ ငါးသလောက်ဥကြော်ကလေးနဲ့စားရတာ ဘယ်လိုအရသာရှိမှန်း မသိဘူး။ မီးရထားတွဲကြီးက ဘယ်ညာယိမ်းလို့ ဂျုံးဂျုံးဂျက်ဂျက်မြည်တာကို သဘောကျလို့ ကလေးတွေကစားတဲ့အခါ ရှေ့နောက်တန်းစီ၊ အင်္ကျီကလေးတွေ ဂုတ်ကဆွဲပြီး မီးရထားကြီး ဂျုံးဂျုံဂျက်ဂျက် ကစားရတာကို ကလေးတိုင်း သဘောကျတယ်။ ပါးစပ်က တော်တီးတော်လို့ ဥသြက ဆွဲလိုက်သေး။

          ဘူတာတွေရပ်တိုင်းရပ်တိုင်းလည်း ဈေးသည်တွေက ပြူတင်းပေါက်နား အပြေးလာလာရောင်းတယ်။ ကိုယ်နဲ့ရွယ်တူကလေးလေးတွေ ရေရမယ် ရေ လို့ လိုက်ရောင်းကြတာ။ အခုတော့ ရေသန့်ဗူးလေးတွေ ပါရင် ပစ်ချခဲ့ပါ လို့ လိုက်တောင်းတဲ့ကလေးတွေ ဖြစ်ကုန်ပြီ။ တချို့ဈေးသည်ကြီးတွေကျတော့ ပါဖောင့်မန့်ပါပါတယ်။ “မီးရထားနဲ့ခရီးသွားကြတဲ့ လုပ်သားပြည်သူများခင်ဗျား။” ဆို စလိုက်တာ “တော်တော်လေးများ စားတော့မော်တော်ကလေးများ သွားသလို ဖွတ်ဖွတ်ဖွတ်ဖွတ်နဲ့။” ဆိုတာလည်း ပါသေး။ အဆုံးသတ်တော့“လက်ဝါးပြရင် လျက်ဆားရမယ်။” ဆိုပြီး နမူနာလေးတွေ လိုက်ပေးရော။ တစ်ကျပ်ဖိုး သုံးထုပ်၊ ဇာတ်ထုပ်ပါခင်းပြမယ်ဆိုတဲ့ အခြောက်ကြီးတွေလည်း ရထားပေါ်မှာ ဈေးရောင်းတယ်။ အိမ်ကလူတွေကတော့ ခရီးသွားရင် ထမင်းချိုင့်ရော ရေဗူးပါ သယ်တယ်ဗျ။ ခရီးသွားမယ်ပြင်ကတည်းက ကြက်ကြော်၊ အမဲကြော်၊ငရုပ်သီးကြော်၊ သရက်ချဉ်၊ ကြက်ဥပြုတ် စုံလင်အောင် စီစဉ်တော့တယ်။ လမ်းရောက်တော့ ဝယ်မစားပဲနေနိုင်တာလည်း မဟုတ်။ ကိုယ်တို့တတွေ ပဲများသလိုပေါ့ကွယ်။ သူတို့ခေတ်ကတော့ ခေါင်းစည်းပုဝါကလေး၊ အနွေးထည်ကလေးလည်း ပါမှ။ ခရီးသွားရင်း ပျော်ပွဲစားကြတာကျလို့။ တောသားနဲ့မြို့သား ကွာတာရထားပေါ်မှာ တန်းသိသာတာပဲ။ မြို့ကလူတွေက ရထားပေါ်ကို ခြင်းတောင်းကြီးနဲ့ ပန်းကန်ခွက်ယောက်ပါ အစုံအလင် ပြင်လို့ဆင်လို့ ဟန်ပန်တခွဲသားနဲ့ တက်တယ်။ ကိုယ့်လူကိုယ့်ပစ္စည်း ကိုယ့်နေရာမပျောက်အောင်၊ အလစ်သုတ်တဲ့သူတွေနောက် ပါမသွားအောင် သတိဝီရိယနဲ့နေတယ်။ တောကလူတွေကတော့ ရထားလာရင် ဒိုင်ဗင်ပစ်ပြီး နေရာဦးတယ်။ အိုးတစ်လုံး ဖျာတစ်ချပ်နဲ့လည်း တစ်တွဲလုံး သူပိုင်သလိုဖြဲကားထိုင် လူးလှိမ့်အိပ်တယ်။ ပြီးရင် သူတို့ပဲ ပျောက်ကြရှကြတာ။

           ရထားပေါ်မှာ လက်မှတ်စစ်ကတော့ အကောင်ပဲ။ မော်လမြိုင်ရထားတွေကျတော့ သူ့ထက် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတာရှိတယ်။ ရှာဖွေရေးတဲ့။ မိန်းမပျိုကလေးတွေကိုတောင် နသားပါယား ချွတ်ခိုင်းလှန်ခိုင်းပြီး ရှာဖွေဖို့ အခွင့်အာဏာပေးထားတယ်။ ဦးနေဝင်းလက်ထက်မှာ ကောင်းရောင်းကောင်းဝယ်ဆိုတာ မရှိဘူး။ ကိုယ့်ရွာက ကိုယ့်ဆန်ကိုယ့်ဆီ သယ်တာတောင် မှောင်ခိုဆိုပြီး ပုဒ်မတပ်လိုက်ရင် ပေးရကမ်းရတယ်။ လေဆိပ်မှာ စီးကရက်အတောင့်လိုက် အရက် ပုလင်းလိုက်တွေ့ရင် ကာစတမ်က သိမ်းလို့ရတယ်။ သူ့အတွက်မပါရင် သိမ်းပြီသာမှတ်။ ရွှေပြည်အေးကြီး အဖမ်းခံရပြီးသေတာ သူ့မိန်းမလက်ထဲ ဒေါ်လာတစ်ရွက်မိလို့။ ရောင်းရင်းဝယ်ရင်း ရှာဖွေရေးကို အမ်းပြီး ဘဝပျက်သွားတဲ့ မိန်းကလေးတွေ ရထားပေါ်မှာဒုနဲ့ဒေး။ ဘယ်ကပဲ ရထားတွေဝင်လာလာ ပုဇွန်တောင်ဘူတာထိပ်ရောက်ရင် အရျိန်လျှော့ပေးရတယ်ဗျ။ အဲသည်အချိန်မှာ ရထားပေါ်က အထုပ်တွေကို ကန်ချတာ။ အောက်မှာ စောင့်ကောက်တဲ့သူတွေ ရှိတယ်။ သူ့အချိတ်အဆက်နဲ့သူ။ ဒါကြီးတွေ ဘူတာကြီးထဲပါသွားရင် အဖမ်းခံ အသိမ်းခံရမှာလေ။ ပုဇွန်တောင်ဘူတာနားက တဲကလေးတွေဟာ အဲသည်အထုပ်တွေကို လက်ခံသိမ်းထားပေးတယ်။ နောက်နေ့မှ လာရွေးပြီး စိန်ဂျွန်းဈေးကိုပို့။ ဘူတာကြီးရောက်ရင် ရဲတွေရှာဖွေရေးတွေက လာသမျှလူ သူခိုးကြည့်ကြည့်တော့တာပဲ။ အေးပေါ့လေ။ ကိုယ်တွေကလည်း သူတို့ပိုင်တဲ့ရထားကြီး တက်စီးမိလေတာကိုး။

            အဲသည်နောက်တော့ သူက Circular train ဆိုပြီး မြို့ပတ်ရထားကို စိတ်ဝင်စားလို့ ရထားပြေးတဲ့ ပတ်လမ်းမြေပုံကလေးကိုလိုက်ပြတယ်။ “ဒီနားကလေးက ငါတို့ရောက်နေတဲ့ဘူတာကြီး၊ လေဆိပ်က ဟောသမှာလေ။” ဆို ပြလိုက်တော့ လေဆိပ်ထက်နှစ်ဆလောက် ဝေးဝေး ပြေးတဲ့ ရထားတစ်ပတ်ခရီးကို သူ သိသွားတယ်။ သည်တစ်ခါတော့ ဘယ်နှစ်မိနစ်တစ်စီးလည်း သူမမေးတော့ဘူး။ ဘူတာမှာ ရထားစောင့်နေတဲ့သူတွေမှ မရှိတာ။ သဘောပေါက်သွားမှာပေါ့။ သူမမေးပဲ ကိုယ့်ဘာသာရှက်သွားတာကတော့ သည်တစ်လမ်းကလွဲရင် တခြား ပြစရာမရှိတဲ့ ရထားလမ်းများပါ။  ဂျပန်မှာဆိုရင် အဝိုင်းချင်းထပ်ရုံတင် မကဘူး။ ပင့်ကူအိမ်ကလေးလို ဖြာထွက်သွားတယ် မဟုတ်လား။ အစိုးရက ပြေးတဲ့လိုင်း၊ ပုဂ္ဂလိကက ပြေးတဲ့လိုင်း၊ မြေအောက်ကလိုင်း၊ မိုးပျံရထားလိုင်း၊ ရှုတ်ယှက်ကိုခတ်လို့။ ကျည်ဆန်ရထားတောင် ရှိသေး။ ရထားဆိုက်လာရင် လူတွေလူတွေဆိုတာ မည်းကနဲဆင်းလာ၊ လှစ်ကနဲ တက်သွား၊ ပြီးတာနဲ့ တန်းထွက်၊ အချိန်ကလည်း တစ်စက္ကန့်တောင် မစွန်းဘူး။ တစ်ယောက်ယောက်ကများ ရထားလမ်းပေါ် သေကြောင်းကြံလိုက်မိရင် မြို့လုံးပတ်လည် ရထားတွေအကုန်ပိတ်ဆို့ကုန်ရော။

             ဟိုးရှေးရှေးတုန်းကတော့ သူတို့နဲ့ကိုယ်နဲ့ သိပ်ကွာမယ် မထင်ပါဘူး။ စစ်အတွင်းက ချွေးတပ်ဆွဲပြီး သေမင်းတမန် ရထားလမ်းဖောက်တယ်ဆိုတာကိုယ်တို့ဆီမယ် ရှိပြီးသား ရထားလမ်းတွေနဲ့ ဘာကွာလို့လဲ။ ခက်တာက ကိုယ်တို့ရထားစံနစ်ကြီးက အဲသည် စစ်အတွင်းကအတိုင်း မပြောင်းမလဲ ရှိနေပြီး သူတို့ကသာ တဆင့်ပြီးတဆင့် မြင့်တက်သွားတာကိုး။ ခုဆိုရင် သူတို့ဟာတွေက ကိုယ့်အတွက် မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်၊ တူမျှခြင်းလည်းမရှိ၊ ဆိုတာမျိုး ဖြစ်နေပြီ။ ယုန်နဲ့လိပ်နဲ့ အပြေးပြိုင်တာ ကျနေတာပဲ။ ငါတို့ဆီက လိပ်ဘိုးဘိုးတွေအနှစ်တစ်ရာလောက် အိပ်ပျော်နေတာကိုး။ အင်း အိပ်ပျော်နေတယ်တောင် ပြောလို့မရပါဘူး။ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ အနှစ်တစ်ရာက အခြေအနေမှာ တန့်နေတာ မဟုတ်ဘူး။ ဆုတ်ယုတ်တောင် သွားပြီ။ ဘူတာကြီးမှာ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတာ သက်သေပဲ။ နန်းတော်ရှေ့ကြီး သီချင်းထဲမှာပါတဲ့ “ကွမ်းခြံဘူတာမှာလေ တိကက်တောင်ပင် ဝယ်လို့ထားပါသတဲ့။” ဆိုတဲ့ ကွမ်းခြံဘူတာဆိုတာ သည် ရန်ကုန်ဘူတာကြီးပဲ။“ဂျုံးဂျုံးဂျက် အော်သံပေး ရထားလေးသည် ခရီးဆက်ကာ ပြည်သူ့အရေး လုပ်အားပေးသည်။” ဆိုတဲ့ ရထားသီချင်းကလေးတုန်းကလည်း လူတွေ သဘောကျကြတယ်။ မန်းရာပြည့်ပွဲအတွက် အထူးရထားသစ်ကြီးတွေဆွဲပေးတော့ ရထားပေါ်မှာ ဆရာရွှေပြည်အေးရဲ့ “ရွှေမန်းမေ” သီချင်းကလေး ဖွင့်ခဲ့တယ်။ “ကလောအလွန်တစ်ဘူတာ”တို့၊ “သူဇာခင် နဲ့ ဘူတာစဉ်” တို့လို ရထားသီချင်းတွေ ခေတ်စားတယ်။ ဟိုတုန်းကတော့ ရထားဆိုတာပြည်သူ့အချစ်တော်နော်။

           ဧည့်သည်ကိုပြောမပြပဲ ကိုယ့်ရင်ထဲမှာ နာသွားတဲ့ အကြောင်းကလေးတစ်ခုလည်း ရှိပါတယ်။ ကိုယ်တို့ဆီမယ် ရထားဝန်ကြီးဆိုတဲ့သူတွေဟာ ရထားလေးတွေကို ဂရုမစိုက်ပဲ ရုပ်ရှင်ဝင်ရိုက်တဲ့သူက ရိုက်တယ်လေ။ မလုပ်သင့်ဘူး။ မကောင်းဘူး မဆိုလိုပါဘူး။ သူလုပ်ရမယ့် ရထားအလုပ်နဲ့ ဘယ်နေရာမှာ သက်ဆိုင်နေသလဲ။ မှားလို့ မှားလို့။ ဆိုင်ပါသော်ကော။ သီပေါမင်းစီးတဲ့ ဘီရိုရထားဆိုတာလည်း ရထားပဲဟာ။ မြစ်ငယ်က မီးရထားဝန်ထမ်းတွေတောင် ပုဆိုးခါးထောင်းကျိုက် ထမီရေသီနားနဲ့ ပါတော်မူခန်း ဝင်လျှောက်ပေးခဲ့ရတယ်။ ရထားအလုပ်နောက်မှလုပ်၊ ဓါးခုတ်လှံထိုး၊ နောက်ကျွမ်းလေးတစ်မျိုး ထိုးချေဦး။ အနုပညာကို ချစ်မြတ်နိုးသလိုလိုနဲ့ မကြာပါဘူး အနုပညာသည်ကလေးတွေကိုလည်း ချစ်မြတ်နိုးတတ်တဲ့အကြောင်း တလောကလုံး ဟိုးလေးတကျော် သိကုန်ကြတယ်။ (သူတို့ကတော့ ခုချိန်ထိ ဘူမှသိဘူး။ သည်းလေးနဲ့ ကိုယ်နဲ့ နျှောက်တည်းသိတာလို့ ထင်နေတုန်း) အဲ့လိုဂါတ်ဘိုကြီးတွေမောင်းတဲ့ သည်ရထားတွေမှ သည်ဘူတာမဆိုက်ရင် ဘယ်ဘူတာမှဆိုက်စရာ မရှိဘူး။

           ရန်ကုန်မှာ လမ်းတွေကြပ်ကုန်ပြီ။ ဂုံးကျော်တံတားတစ်ခု ဆောက်လိုက်ရင် သေချင်စော်ကို နံနေတာပဲ။ နှစ်လနဲ့ပြီးမလို သုံးလနဲ့ ပြီးမလို အသံပေးပြီး နှစ်ပေါက်အောင် ဆောက်ယူကြတာ။ မီးပွိုင့်တစ်ခါမိရင် ဆယ့်ငါးမိနစ်လောက်ကြာတာလည်း ရိုးနေပြီ။ ကျောင်းဆင်းချိန် မဝင်အပ်သော လမ်းကြောင်းများကလည်း ရှောင်လို့တောင် မလွတ်ချင်တော့။ စစ်ကြိုခေတ်က ရထားလမ်းကြီးကို သည်အတိုင်း ပစ်ထားရက်လေတယ်။ မိုးလည်းမပျံနိုင်ဘူး။ မြေလည်းမလျှိုးနိုင်ဘူး။ နေရာတော်တော်များများ ရထားလာရင် ကားလမ်းတွေကို ပိတ်ထားရတုန်း။ ရထားတွေ အဆက်မပြတ်မလာတာပဲ ကျေးဇူးတင်နေရသေး။ ခဏခဏ ရထားလာတိုင်း ခဏခဏ လမ်းပိတ်နေရရင် ကားတွေသွားလို့ရတော့မှာ မဟုတ်ဘူး။ အသစ်ပေါ်လာတာ နှစ်ခုတော့ ရှိတယ်။ ကမ်းနားလမ်းတလျှောက်ဆွဲတဲ့ ရထားလမ်းတစ်ခုရယ်၊ အဲယားကွန်းရထားဆိုတာရယ်။ ကိုယ်ကတော့ ငယ်ငယ်တုန်းကစီးခဲ့ဖူးတဲ့ ရထားလေးတွေကိုပဲ လွမ်းမိပါတယ်။ မီးလည်းမလင်းပါဘူး။ ပန်ကာလည်း မလည်ပါဘူး။ အိမ်သာတွေထဲမလည်း အထုပ်တွေအပြည့်နဲ့မို့ ဝင်လို့မရပါဘူး။ အလယ်စင်္ကြန်မှာလည်း ကုန်တွေအပြည့်။ ခရီးသည်ရော ဈေးသည်ရော သည်လိုပဲ ကျော်ခွသွားကြတယ်။ ရထားဆိုက်လာရင် တစ်ယောက်က တွဲထဲရောက်အောင် အရင်လုဝင်၊ တစ်ယောက်က ပါလာတဲ့ အထုပ်အပိုးတွေ ပြူတင်းပေါက်ကလှမ်းပေး၊ ကလေးတွေ ပွေ့တင်၊ ပြီးမှ ထွက်စပြုတဲ့ ရထားပေါ် အပြေးအလွှားလိုက်ခုန်တက်၊ မတက်နိုင်လို့ အဖွား နဲ့ ကိုယ်နဲ့ ရထားပေါ်မှာ တစ်ညလုံး လူချင်းကွဲသွားဖူးတယ်။ ငါတော့သူတောင်းစားလေး ဖြစ်ပါပြီဆို ငိုရင်းအိပ်ပျော်သွားတာ။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ မြန်မာပြည်မှာလည်း ဖြစ်ပေါ်ခဲ့ပါတယ်လေ။

“မီးရထားကြီးမောင်းခုတ်သလိုကိုယ့်ရင်ထဲ။ အချစ်ကလေ ချစ်စကားပြောတော့ သည်လိုပဲ။ အို အချစ်ရေ ဂျုံးဂျုံးဂျက်ဂျက်ရင်ခုန်ရင်း မီးရထားကြီး မောင်းသွားသလို ကိုယ့်အသည်းထဲ။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...