Friday, February 20, 2015

ဗုဒ္ဓ၏ အဆုံးအမတော်များ ၁၉၆



================================
ပစ္စုပ္ပန်ကို တန်ဖိုးထား အသုံးချတတ်ပါစေ
================================
လွန်လေပြီးသော အတိတ်ကိုလည်း တ သက်သက်တွေးပြီး လွမ်းဆွေးမနေ ရာ။ မရောက်သေးသည့် အနာဂတ်ကိုလည်း တတောင့်တတ ဖြစ် မနေရာ။ အဘယ်ကြောင့်ဆိုသော် အ တိတ်သည် ချုပ်ပျောက်ခဲ့ပြီးဖြစ်၍ အနာဂတ်မှာလည်း မဖြစ်သေးသော ကြောင့် ဖြစ်သည်။
ဥပရိပဏ္ဏာသပါဠိတော်၊
ဘဒ္ဒေကရတ္တာသုတ်
(ဗုဒ္ဓ၏ သြဝါဒအမြုတေ၊
ဒဂုန်ဦးထွန်းမြင့်၊ စာ-၂၂၅)
''သင်နှင့် ကျွန်ုပ်တို့ သည် ယခုအခါ ဘယ် နေရာ၌ တည်နေကြ ပါသလဲ။ ရှည်လျား လှသော သံသရာ ကာလကြီး၏ အ လယ်တွင် တည်နေ သည်ဟု ဆိုနိုင်ပေ သည်။ အဓွန့်ရှည်ကြာ သော အတိတ်ကာလ လဟာ ပြင်ကျယ်နှင့် အဆုံးအစမရှိ သော အနာဂတ်ကာလ အဏ္ဏဝါ ဘွေကြီးနှစ်ခုစပ်ကြား၌ ရှိသော ကျဉ်းမြောင်းလှသည့် ပစ္စုပ္ပန်ကာလ ကလေးတွင် တည်နေကြလေသည်။ ထိုသို့ တည်နေရာမှ တစ်ဖက်သော အတိတ်ကာလ လဟာ ပြင်ကျယ်ကြီးဘက်သို့ လှမ်းလိုက်ပါမူ စိတ်ရောကိုယ် ပါ ဒုက္ခရောက်၍ အကျိုးကင်းမဲ့ချေမည်။ အနာ ဂတ်အဏ္ဏဝါကြီးထဲသို့ ခြေစုံပစ်၍ ကူး လျှင်လည်း စုံးစုံးမြုပ်တော့မည့်ဧကန် ပင်တည်း။ သို့ဖြစ်သောကြောင့် ကျွန်ုပ် တို့နှင့် သက်ဆိုင်သော ပစ္စုပ္ပန်ကာလ ကလေးတွင် ခိုင်ခိုင်မာမာ ရပ်တည်နေ ကြရန် သင့်လှပေသည်''
ကမ္ဘာကျော်စာရေးဆရာကြီး ''ဒေးကာနေ ဂျီ''၏ အထက်ပါရေးသားချက်ကို ထူးထူးလည်လည် နှစ်သက်သဘောကျမိပါသည်။ အချိန်ဟူသော ကာလ ယန္တရားကြီးသည် ရပ်နားနေသည် မရှိမူလျက် အစဉ် ခရီးနှင်လျက် တရွေ့ရွေ့ ကုန်ဆုံးဖြတ်သန်းလျက်ရှိရာ ယင်းကိုပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟူ၍ ပညတ် တင် သုံးနှုန်းခဲ့ကြပါ၏။ ထိုကာလသုံးတန်တွင် 'အတိတ်' ဟူသည် ကုန်လွန်ခဲ့ပြီ၊ ကျန်ရစ်ခဲ့ပြီ၊ ကျော်ဖြတ်ခဲ့ပြီ။ အတိတ်၊ ပစ္စုပ္ပန်အနာဂတ်ဟူသည် ဆက်စပ်နေသော ကာလသုံးတန် ဖြစ်လင့်ကစားအတိတ်ကို တစ်ကျော့ တစ်ဖန်ပြန်၍ မရတော့။ အသစ်တစ်ဖန် ပြန်မဖြစ်တော့။
လူ့ဘဝခရီးကို ကာလရှည်ကြာ နှစ်ပရိစ္ဆေဒ များစွာ ဖြတ်သန်းခဲ့သူများ၌ ရှည်လျားသောအတိတ် များရှိခဲ့ကြပေသည်။ ထိုရှည်ကြာသော အတိတ်ကာလ ၌ အကောင်းအဆိုးရြော>ွပမ်းသော ဖြစ်ရပ်ပေါင်းစုံ ဖွဲ့ စည်းဖြစ်တည်ခဲ့ပေလိမ့်မည်။ ဝမ်းနည်းဝမ်းသာခံစားမှု မျိုးစုံ ပွင့်အန်ပေါက်ကွဲခဲ့ပေလိမ့်မည်။ ကောင်းဆိုးနှစ် တန် လောကဓံတရားမျိုးစုံတို့ ဖြစ်ပွားပေါ်ပေါက်ခဲ့ပေ လိမ့်မည်။ အတိတ်ကာလတွင် ကြည်နူးပျော်ရွှင်ဖွယ်တို့ ရှိခဲ့သလို ဝမ်းနည်းပူဆွေးစရာတွေနှင့်လည်း ကြုံဆုံခဲ့ ဖူးပေလိမ့်မည်။
တချို့သူတို့သည် အတိတ်ကို ပြန်ပြောင်း၍ သတိရနေလေ့ရှိသည်။
အတိတ်မြေပုံဟောင်းကို ကြိမ် ဖန်များစွာ ပြန်လည်တူးဆွဖော်ထုတ်ချင်သည်။ ရွှေထီး ဆောင်းခဲ့သော အတိတ်ကာလများကို တမ်းတရင်း လွမ်း လွမ်းဆွေးဆွေး ဖြစ်တတ်ကြသည်။ မိမိထက်ဦးစွာ ဆောလျင်၍ လူ့လောကမှထွက်ခွာသွားသော မိသားစု ဝင်၊ ဆွေမျိုးသားချင်း၊ ငယ်ပေါင်းရောင်းရင်းများကို မှတ်မှတ်ထင်ထင်၊ ဆွေးဆွေးမြည့်မြည့် သတိရနေလေ့ ရှိပါသည်။ အတိတ်ကာလက ဝမ်းနည်းဖွယ်ရာများကို ပြန်လည်ပုံဖော်ပြီး လွမ်းမောခြင်း၊ ယူကျုံးမရခြင်းတို့ ကို ခံစားလေ့ရှိသည်။ ဝေဒနာဟောင်းများကို ပြန်လည် အသက်သွင်းကာ ဝေဒနာအသစ်ပြုလုပ်ခြင်းသည် ဥာဏ် အမြော်အမြင် နည်းပါးခြင်းသာဖြစ်ပါ၏။ အကျိုးစီးပွား မဲ့မှုကိုသာ ပေးပါလိမ့်မည်။
တစ်ခါက စဂင်နောမြို့ငယ်တွင်နေသော မု ဆိုးမကြီး မစ္စစ်ရှီးလ်ဒ်သည် ယောက်ျားဖြစ်သူတိမ်းပါး သွားပြီးနောက် စားဝတ်နေရေး ကျပ်တည်းလွန်းသော ကြောင့် သူ့ကိုယ်သူ သတ်သေရန်ပင် ကြံစည်ခဲ့သည်။ တစ်နေ့၌ မဂ္ဂဇင်းတစ်စောင်တွင်ပါရှိသော ''လူလိမ္မာ တို့အဖို့ နေ့တိုင်းသည် ဘဝသစ်ဖြစ်သည်''ဟူသောဝါကျ ကိုဖတ်မိရာမှ သူမည်သို့ပြောင်းလဲသွားကြောင်း မုဆိုးမ ကြီးမစ္စစ်ရှီလ်ဒ်က ဤသို့ဖွင့်ဟပြောကြားခဲ့သည်။
''အဲဒီနေ့ကစပြီး ကျွန်မအရင်က ဖြစ်ခဲ့တာတွေလဲ မစဉ်းစားတော့ဘူး။ နောက်ဘာဖြစ်မယ်ဆိုတာကို လဲ တွေးပြီးမပူတော့ဘူး။ မနက်တိုင်း ငါဒီနေ့ ဘဝ သစ်ရောက်ပြီလို့ အသိတရားပွားများတော့တာပဲ။ အဲဒီနေ့ကတည်းက ကျွန်မဟာ ဘဝကိုမုန်းတဲ့စိတ် ပျောက်သွားပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်ကိုသာ အာရုံပြုပြီး လုပ်တော့တာပါပဲ''
'အတိတ်'ကို သမင်လည်ပြန် ကြိမ်ဖန်များ စွာ လှည့်ကြည့်လွန်းလျှင် တွေးတောငေးမောမှုများစွာ တွင် နစ်ဝင်လွန်းလျှင် ပစ္စုပ္ပန်တွင် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို သတိလက်လွတ် ဖြစ် တတ်ပါ၏။ မေ့မေ့လျော့လျော့ ဖြစ်တတ်ပါ၏။
'အတိတ်'ဆီသို့ ခရီးနှင်ခြင်းကြောင့် ပစ္စုပ္ပန်တွင် ဖော်ဆောင်ရရှိမည့် အကျိုးကျေး ဇူးများကို လက်လွှတ်ဆုံးရှုံးရတတ်ပါ၏။ ထို့ကြောင့် အတိတ်လွမ်းချင်းအကြား တွင် မျောနစ်မနေသင့်။ အတိတ်ဟူသည် 'မပိုင်တော့သော တံခါးချပ်'ကို ပြန်ဖွင့် ရန် အားထုတ်မှုမပြုသင့်။ အတိတ်ကို အတိတ်မှာပင် ယတိပြတ်ထားခဲ့၊ ချန်ခဲ့၊ စွန့်လွှတ်ခဲ့သင့်ပါ၏။
ကာလသုံးတန်တွင် အနာဂတ်ဟူသည် ရောက်မလာသေးသော အချိန် ဖြစ်ပါ၏။ မိမိ၏လက်ဝယ် မရောက်သေးသော အချိန်ဖြစ်ပါ၏။ မျက်မှောက်ထင် ထင် မရှိသေးသောအချိန်ဖြစ်ပါ၏။ အတိတ်ဟူသည် 'မပိုင်တော့သော တံခါး ချပ်'ဖြစ်လျှင် အနာဂတ်သည် 'မဆိုင်သေးသော တံခါးချပ်'ဟု ဆိုနိုင်ပါ၏။
တချို့သူတို့သည် ရောက်မလာသေးသော မိမိတို့၏အနာဂတ်ကို ကြိုတင် စိတ်စော စိတ်မောနေတတ်သည်။ အမျိုးမျိုးတွေးတောပူပန်နေတတ်သည်။ မသေ ချာ၊ မရေရာသောအနာဂတ်အတွက် ကြောင့်ကြနေတတ်သည်။ သူတို့၏ အနာ ဂတ်ဘဝ ရုပ်ပုံလွှာကို ကြိုတင်သိလိုဇောဖြင့် ဗေဒင်ဆရာ၊ ဘိုးတော်၊ နတ်ကတော် တို့ထံ ချဉ်းကပ်မေးမြန်းတတ်ကြ၏။
အမှန်တော့ ကြိုတင်မြင်နိုင်စွမ်းမရှိ သေးသော၊ မသေချာ၊ မရေရာသေးသော အနာဂတ်ကာလကို ကြိုတင်ပူပန်ကြောင့်ကြနေ ခြင်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်း၏သွင်ပြင်လက္ခဏာ ဖြစ်ပါ၏။ အမှန်စင် စစ် အနာဂတ်ကာလကို မျှော်ခေါ်ကြောင့်ကြပြီး ဗေဒင်မေးနေခြင်းထက် ပစ္စုပ္ပန် တိုင်း၊ ပစ္စုပ္ပန်တိုင်းကို အလေးအနက်တန်ဖိုးထားပြီး ကံကောင်းများကို ထူထောင် နေခြင်းက လက်တွေ့လည်းကျပြီး သာယာလှပသော အနာဂတ်ကို ဖြစ်ထွန်းစေပါ လိမ့်မည်။ ပစ္စုပ္ပန်တိုင်း၊ ပစ္စုပ္ပန်တိုင်းတွင် အချိန်ကို တန်ဖိုးရှိရှိ အသုံးချနေခြင်းသည် ပင်လျှင် အနာဂတ်ကာလအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှု ဖြစ်ပါ၏။
အမှန်တော့ ကုန်ဆုံးသွားခဲ့သော အတိတ်ကို မိမိမပိုင်တော့။ မရောက် သေးသော အနာဂတ်ဟူသည်ကိုလည်း မိမိမပိုင်ဆိုင်သေး။ မိမိ တကယ်တမ်း ပိုင်ဆိုင်သည်မှာ 'ယနေ့'ဟူသော ပစ္စုပ္ပန်သာဖြစ်လေရာ ယနေ့တိုင်း၊ ယနေ့တိုင်း ကို အကျိုးရှိရှိ ထိထိမိမိ အသုံးချနေထိုင်သွားရန်သာ လိုပါသည်။ အိန္ဒိယစာရေး ဆရာ 'ရှာရီဗားခန့်လားလ်ကေ'က
''အတိတ်က ပူဆွေးမှုသညာတွေထဲမှာ မင်းနေ နေရင် မင်းဟာ ဘဝကိုနေနေတာမဟုတ်ဘူး။ လက်ကလေးပိုက်ပြီး အနာဂတ် အတွက် ပျင်းပျင်းရိရိအိပ်မက်မက်နေရင် မင်းဟာ ဘဝကိုနေနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဟာ သတိရှိရှိနဲ့ပစ္စုပ္ပန်မှာထိုင်နေတာဆိုရင် မင်းဟာ ဘဝကိုနေနေ တာဖြစ်တယ်''ဟု 'ဘဝဆိုတာ နေပျော်စရာ'စာအုပ်မှာ ရေးသားခဲ့ပါသည်။
စင်စစ် ဘဝဟူသည် နှစ်ကာလများစွာတို့ဖြင့် ရက်လုပ်ထားသောအရာ ဖြစ်ပါသည်။ ထိုနှစ်ကာလများစွာကို 'ယနေ့'ဆိုသော ပစ္စုပ္ပန်အချိန်ကလေးများ ဖြင့်သာ ချိတ်ဆက်သွားခြင်း ဖြစ်ပါသည်။ တစ်နေ့ချင်း တစ်နေ့ချင်း ကုန်လွန် ဖြတ်သန်းပြီးမှ နှစ်ကာလတို့ဖြစ်တည်လာခြင်းဖြစ်ပါ၏။ လူတို့၏ဘဝသည် နှစ် ပရိစ္ဆေဒရှည်ကြာစွာ ဖြတ်တည်နေသော်လည်း တစ်နေ့ချင်း တစ်နေ့ချင်းသာ ဘဝ၌ နေထိုင်သွားရခြင်းဖြစ်ပါသည်။ တစ်နေ့ချင်းပြုသော ကံသုံးပါးကသာ ဘဝ ရုပ်ပုံလွှာကို အကောင်းအဆိုး ပုံဖော်ဖန်တီးသွားခြင်းဖြစ်ပါ၏။
ကမ္ဘာကျော်ဆရာဝန်ကြီး ''ဆာဝီလျံအော့စလား''ကလည်း အတိတ်နဲ့ အနာဂတ်ကို တံခါးပိတ်ပြီး ပစ္စုပ္ပန်တည်တည့် နေထိုင်သွားသင့်ကြောင်း ဤသို့ ပြောခဲ့ပါသည်။
''သေကျေပျက်စီး ရွေ့လျားသွားတယ်ဆိုတာ လူတိုင်းသိနေတဲ့ မနေ့... မနေ့ကပေါင်းများစွာတို့ရယ်၊ မပေါ်လာသေးဘူး၊ မမွေးဖွားသေးဘူးဆိုတာ လူ တိုင်းသိနေတဲ့ မနက်ဖြန်၊ မနက်ဖြန်ပေါင်းများစွာတို့ရယ်၊ အဲဒါတွေဟာ မောင်တို့၊ ကျုပ်တို့နဲ့ မဆိုင်ဘူး။ ပြီးတာလဲ ပြီးပါပြီ။ မပြီးပါနဲ့လို့ မတားနိုင်ဘူး။ မဖြစ် သေးတာကိုလဲ ဘာဖြစ်မှန်းမသိသေးတော့ ဘယ့်နှယ်လုပ်ပြီး စိတ်မောနေဖို့လိုမလဲ။
အဲဒီတော့ ကျုပ်တို့မှာ ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့ ဘာပဲကျန်ခဲ့သလဲ။ အဲဒါ တော့ တခြားမဟုတ်ပါဘူး။ သည်နေ့၊ ယနေ့၊ ယခုဆိုတာပဲပေါ့။ လူတွေနဲ့အသက် ဆိုင်ဆုံးက မျက်မှောက်ပစ္စက္ခပါပဲ။ နောင်ရေးကိုတွေးပြီးပူနေတဲ့သူဟာ အအိပ် ပျက်၊ အစားပျက်နဲ့ အားအင်လျော့ပါးပြီး အလကားသက်သက် ဒုက္ခရောက်ရ တယ်။ ပြီးခဲ့တဲ့အတိတ်ကာလအဖြစ်အပျက်ကို ပြန်ပြီးတွေးတော တမ်းတလွမ်းဆွတ် နေရင် ဘယ်မှာအကျိုးထူးဦးမှာလဲ။ ဒါကြောင့် အတိတ်နဲ့ အနာဂတ်တို့ကို အသာ ကလေးတံခါးပိတ်ပြီး တစ်ဘဝမှာ တစ်နေ့တာကလေး အကန့်လိုက်လုပ်ပြီး နေကြ စမ်းပါလို့ ဆရာတိုက်တွန်းချင်ပါတယ်''
ကျေးဇူးရှင် စွန်းလွန်းဆရာတော်ကြီးကလည်း ကာလသုံးတန်နှင့်စပ် လျဉ်း၍ ဤသို့ဆုံးမတော်မူခဲ့ပါ၏။ ''အတိတ်ကိုလည်း မပြန်နဲ့။ အနာဂတ်ကို လည်း မကြံနဲ့။ ပစ္စုပ္ပန်တည့်တည့်ထား။ အတိတ်ပြန်တော့ ဒေါသဖြစ်တယ်။ အနာ ဂတ်ကြံတော့ လောဘဖြစ်တယ်။ ဒါကြောင့် ပစ္စုပ္ပန်ကာလသည်သာ အရေးကြီး တာ။ ဝိပဿနာလုပ်တဲ့အခါမှာလဲ ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ ရောင့်ရဲတင်းတိမ် မယ်ဆိုရင် အမှန်ချမ်းသာတယ်''
နံနက် အိပ်ယာမှ နိုးထသည်နှင့် ''ငါဟာ ကံကောင်းထောက်မလို့ အသက်ရှင်နေရတာကိုက ဝမ်းသာစရာပဲ။ ဒီနေ့မှာ ကောင်းတာတွေ ကြံစည် တွေးတောမယ်။ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ လုပ်ကိုင်ဆောင်ရွက် မယ်။ အကုသိုလ်မှုတွေ လုံးဝမပြုလုပ်ဘဲ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုပြု မယ်'' ဟု နှလုံးသွင်းလျက် နေ့တိုင်းနေ့တိုင်းတွင် ကံကောင်းများကို ထူထောင်သွားရ မည် ဖြစ်ပါသည်။
နေ့စဉ်ပြုသောကံကောင်းများက တဖြည်းဖြည်းချင်း ငြိမ်းအေး ချမ်းမြေ့သော ဘဝကောင်း၊ ဘဝမွန်တစ်ခုကို ပုံဖော်ထုဆစ်သွားပါလိမ့်မည်။
- မင်းနန် (မော်ကျွန်း)

|───────────Yangon Media Group ──────────|
|───────────Yangon Media Group ──────────|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...