ပုံမှန်အတိုင်း ဆက်ဆံကြပါ
လက်တင်အမေရိက ရှိ ဟေတီကျွန်းနိုင်ငံတွင် ၂၀၁၀ ခုနှစ် ဂျန်န၀ါရီ ၁၂ ရက်က မြေငလျင်ကြီး လှုပ်ခဲ့မှုကြောင့် လူ ၂ သိန်း ခန့်သေဆုံးပြီး ၁.၅ သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ စဖြစ်သည့် အချိန်မှ နောက် ၃ နှစ်အတွင်း နိုင်ငံတကာရှိ အလှုရှင်နိုင်ငံများ၏ စုစုပေါင်း လှုဒါန်းငွေသည် အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ခန့်ရှိပြီး အမေရိကန်သမတဟောင်း ဘီလ်ကလင်တန် ကိုယ်တိုင် ဦးဆောင်၍ ကယ်ဆယ်နေရာ ချထားရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
မိမိတို့နိုင်ငံတွင်မူ ၂၀၀၈ ခုနှစ် မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြီးတွင် လူ ပေါင်း ၁၃၈,၀၀၀ ခန့် တရက်တည်းနှင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
နိုင်ငံတကာမှ အကူအညီပေးလိုသူများ အများအပြားပေါ်ထွက်ခဲ့ကြပြီး နိုင်ငံတကာ ရေပိုင်နက်တွင် ကယ်ဆယ်ရေး ပစ္စည်း တန်ထောင်ပေါင်းများစွာပါသော သင်္ဘောများ အဆင်သင့် စောင့်ဆိုင်းလျက်ရှိကြသော်လည်း စစ်ခေါင်းဆောင်များ၏ အမျှော်အမြင် နည်းပါးမှု၊ ရက်စက်စွာဖြင့် လူမဆန်မှုများကြောင့် နိုင်ငံတကာမှ အကူအညီများကို ကနဦးတွင် လက်ခံခဲ့ခြင်းမရှိ သဖြင့် မြစ်ဝကျွန်းပေါ်တွင် အလောင်းများ ဘလဗွ နှင့် အသက်မသေပဲ ကျန်ရစ်ခဲ့သော ပြည်သူအများအပြား လည်း ရောဂါပေါင်းစုံ ညိတွယ်ကာ အသက်ဆုံးရှုံးခဲ့ကြရပြန်သည်။
ခိုကိုးရာမဲ့ နေစရာမရှိ ဖြစ်ကြရသော ပြည်သူများအား ဒေသခံများမှ အတင်းဝင်ရောက်ကူညီရန် အားထုတ်မှုများကိုလည်း တပ်မတော်မှ နည်းအမျိုးမျိုးဖြင့် နိုင်ငံရေး အမြတ်ထုတ်လိုသူများ နောက်ကွယ်မှ ကြိုးကိုင်နေပြန်ပြီ ဆိုကာ ဟန့်တားခဲ့ကြပြန်သည်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း နှင့် အာဆီယံ အတွင်းရေးမှုးချုပ်တို့က စစ်အစိုးရအား နိုင်ငံတကာ အကူအညီပေးသူများကို ပြည်ဝင်ခွင့် ပြုရန် မနည်းနားချစည်းရုံးခဲ့ရသည့် အဖြစ်၊
ပြည်ပမှ ၀င်ရောက်လာမည့် အကူအညီပေးမည့်သူများကိုလည်း ဗီဇာကို နည်းအမျိုးမျိုးဖြင့် ကြန့်ကြာအောင် လုပ်ခဲ့ကြပြန်သည်။ အမေရိကန်သမတ ဂျော့ဘွတ်ရှ်မှပင် အဆိုပါ အစိုးရဟု ကိုယ်ကိုကိုယ် ခေါ်နေကြသော သူများအား တကမ္ဘာလုံးမှ ဒေါသတကြီး ရှုတ်ချသင့်သည်ဟု ပြောခဲ့ပေသည်။
နောက်ဆုံးတွင် မနေသာတော့ပဲ နှစ်ပါတ်အကြာမှပင် အေဆီယံမှတဆင့် အကူအညီ ပေးခြင်းကို လက်ခံခဲ့ပြီး အကူအညီများ လှိမ့်ဝင်လာသည့် အချိန်တွင်တော့ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် မှောင်ခိုဈေးကွက်သို့ တပ်မတော်အရာရှိကြီးများ ခြေသွက်လက်သွက်စွာဖြင့် ထုတ်ရောင်းခဲ့ကြပြန်ရာ အကူအညီများ ပေးခဲ့ကြသော နိုင်ငံများနှင့် အသင်းအဖွဲ့တံဆိပ်များ ပါရှိသည့် ပစ္စည်းများက ရန်ကုန်ရှိ မှောင်ခိုဈေးကွက်များတွင် ငြင်းမရအောင် လက်ပူးလက်ကြပ် အားလုံးကတွေ့ရှိခဲ့ကြပြန်သည်။ စားရမဲ့ သောက်ရမဲ့ အမိုးအကာမရှိသော သက်ကြီးရွယ်အို ကလေးသူငယ်များ ဘ၀က လွန်စွာမှပင် သနားစရာ ကောင်းလှပြီး နိုင်ငံတကာရှိ သတင်းစာများတွင် ပါလာသည်ကို တွေ့ရသည့် အဖြစ်က ရင်နင့်စရာကောင်းလှကာ အားလုံးက လက်ပိုက်ကြည့်နေခဲ့ကြရသည့် အဖြစ်။
ဟေတီလို နိုင်ငံငယ်ကလေးကိုပင် ပေးခဲ့သည့် အကူအညီက နဲနဲနောနော ပိုက်ဆံမဟုတ်၊ သို့သော် မိမိတို့ နိုင်ငံအတွက်မူ တပ်မတော် စစ်ခေါင်းဆောင်များက လက်ခံခြင်း မရှိခဲ့သဖြင့် အနည်းဆုံး တန်းတူ မရခဲ့သည့်တိုင် ၅ ဘီလီယံ ခန့်တော့ ရရှိနိုင်ပေသည်။
အဆိုပါ ငွေများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြန်နေအောင် လုပ်ဆောင်ပေးနိုင်သည့်အပြင် လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အချိန်မီ ကယ်တင်နိုင်ပါလျက်နှင့် အကူအညီပေးသူများ ခြေရှုပ်လာကာ၎င်းတို့၏ နိုင်ငံရေး ချုပ်ကိုင်မှု ကျဆုံးလာရမည့် အရေးက တပ်မတော်အတွက် ပို၍ အရေးကြီးနေခဲ့ပေသည်။ နိုင်ငံတကာသို့ အကူအညီများပေးကြပါရန် ပန်ကြားဘို့ဝေးစွ ပေးချင်လွန်း၍ ပင်လယ်ပြင်တွင် အသင့်စောင့်ဆိုင်းနေကြသော အမေရိကန်၊ ပြင်သစ် စစ်သင်္ဘောများကို ၎င်းတို့ အချုပ်အခြာအာဏာ ထိပါးသည်ဟု စွပ်စွဲကြပြန်ပေသည်။
ရောက်လာသည့် ပစ္စည်းများကိုလည်း လူထုထံ ပေးသည်က နဲနဲ အပြင်တွင် စွန့်လွှတ်စွန့်စား သော တပ်မတော်ကပင် အမြတ်များစွာဖြင့် ပြန်ရောင်းစားခဲ့ကြပြန်သည်။ မြစ်ဝကျွန်းပေါ်တွင် လူအများက ဒုက္ခအတိရောက်နေလင့်ကစား ၎င်းတို့အဖို့က ရန်ကုန်တွင် လဲကျနေသော သစ်ပင်များကို တပ်မတော်သားများက ၀ိုင်းဝန်းရှင်းလင်း၊နိုင်ငံရေး ပါတီဆိုသူများ တယောက်မှ ထွက်မလာကြဟု ၀ါဒဖြန့်ကြပြန်သည်၊ ထိုအချိန်တွင် ဇာဂနာ အပါအ၀င် အားလုံးက ရသည့်နည်းဖြင့် ကူညီရန် မြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်နိုင်ရန် လုံးပမ်းလျက်ရှိနေကြသည်။ အဘယ့်ကြောင့်ဆိုသော် အကူအညီပေးရန် လာမည်သူများအား ၀င်ခွင့်မပေးပဲ လမ်းများတလစပ် ပိတ်ထားကြသောကြောင့်ပင်)
ထိုအဖြစ်အပျက်များကို ဘယ်သောအခါမျှ မမေ့လျော့သင့်ကြပေ။ အနည်းဆုံးတော့ ပုံမှန်အတိုင်း ဆက်ဆံသင့်ပါသည်။
(မှတ်ချက်။။ ထိုစဉ်က သတင်းဝက်ဆိုဒ်ကို တာဝန်ယူနေသဖြင့် မြန်မာသတင်းကိုစောင့်ဆိုင်းနေသော ကျွန်တော်အဖို့ ပထမဆုံး စစ်အစိုးရ ထုတ်ပြန်သည့် သတင်းက မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြစ်အတွင်း သဗာန်များ တိမ်းမှောက်ကာ လူ (၂) ဦး ပျောက်ဆုံးနေဟူ၍ ဖြစ်လေသတည်း၊ နောက်ပိုင်းနေ့စဉ် သတင်းများကို update လုပ်နေရသော ကျွန်တော့်အဖို့ မည်မျှ နာကျည်း ခံစားရမည်ကို ကိုယ်ချင်းစာသာ ကြည့်ကြပါ၊ ခင်ဗျားတို့ လောက်ကိုင်မှာ တပ်မတော်သားတွေ ကျရှုံးလို စိတ်ထိခိုက်ရတယ်ဆိုတာကဗျာ... )
0 comments:
Post a Comment