Saturday, February 21, 2015

အမြင်

Kyaw Moe Aung


ရှူးဖိနပ်ကို မကြိုက်ပေမယ့် နေ့စဉ် တာဝန်အရ နှစ်ပေါင်းများစွာ စီးဖြစ်တော့ကြုံတွေ့လာရတဲ့ ဖနောင့်နာတဲ့ ဝေဒနာ သက်သာအောင်လို့ လွန်ခဲ့တဲ့ လေးလလောက်ကစလို့ ရှူးဖိနပ်အတွင်းမှာ ထည့်ထားရတဲ့ ရာဘာလို ခပ်ပျော့ပျော့အပေါ် ကတ္တီပါခင်းထားတဲ့ အလွှာတစ်ချပ် ထည့်စီးဖြစ် ပါ တယ်။ စ ထည့်ခါစက ဖိနပ်စီးရတာ ကြပ်သွားသလို ရှိပေမယ့် နောက်ပိုင်း အတော် အဆင်ပြေနေ ရာကနေ မနေ့က အဲဒီအလွှာကို ခဏပြန် ဖယ်ထားပြီး စီးတာ စီးလို့ အဆင်မပြေလောက်အောင် ဖိနပ်က ချောင်နေသလိုပဲ။


သိုးဆောင်းဘာသာစကားနဲ့ သုံးနှုန်းတဲ့ idiom တစ်ခုမှာ to put yourself in somebody’s shoesရယ်လို့ ပြောလေ့ ရှိပါတယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ သူများဖိနပ်ထဲ ကိုယ်တိုင် ဝင်ကြည့်ပါတဲ့။

ဒီ idiom ရဲ့ ဆိုလိုရင်းက သူ့နေရာကနေ ကိုယ် ဝင်ကြည့်ပြီး ကိုယ်ချင်းစာကြည့်ဖို့ ပြောတာပါ။

မှန်ပါတယ်။ ကိုယ့်ဖိနပ်ကိုယ်တောင် အခြေအနေပြောင်းသွားရင် စီးရတာ တစ်မျိုးတစ်မည် ဖြစ်တာဆိုတာ သူများဖိနပ်ဆို ဘယ် ထပ်တူ တူနိုင်ပါတော့မလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ဖိနပ် နံပတ်ချင်း တူနေပါစေဦးတော့ … ခြေထောက် အရွယ်အစား ထပ်တူ တူခဲပါတယ်။ ခြေဖဝါး ခြေဖမိုး အပိန်အဝ၊ ခြေချောင်း ကားတာ စုတာ စသည်ဖြင့် ကွဲပြားတဲ့ အချက်တွေ ရှိနေပါသေးတယ်။ ခြေညှပ်ဖိနပ်မှာ သိပ် မသိသာပေမယ့် ရှူးဖိနပ် ဆိုရင်တော့ ကိုယ် စီးနေကျ မဟုတ်တဲ့ ဖိနပ် စီးကြည့်ရင် ဖိနပ် အရွယ်အစား နံပတ် တူနေရင်တောင် ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တတ်တာ ကိုယ်တွေ့ ကြုံရတတ်ပါတယ်။ သူ့ဖိနပ်နေအထားကို သူသာလျင် အသိဆုံးပါ။ အပြင်ကနေ သုံးသပ်ရတာ သူနဲ့ ထပ်တူ ဘယ်လိုမှ မတူနိုင်ပါ။

သူ့နေရာက ဝင် ခံစားပေး ကြည့်ပေးကြည့်ပါ။

သူတပါးကို နားလည်ပေးနိုင်ဖို့အအတွက် အရေးအကြီးဆုံး လိုအပ်ချက်က “သူ့နေရာမှာ ငါဆိုရင်” ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ပေး မြင်ပေးတတ်ဖို့ပါ။

ဒါကလည်း အပြောသာ လွယ်တာ လက်တွေ့ အခက်သား။ လူတွေရဲ့ အမြင်ပြောင်းလဲတတ်ပုံကို ကိုယ်တွေ့ ဥပမာ ပေးချင်မိတယ်။

မန္တလေးသား ကျွန်တော် ငယ်ငယ်ကတည်းက စက်ဘီး စီးပါတယ်။ အရွယ်ရောက်လာချိန်ကစလို့ ခုချိန်ထိ ဆိုင်ကယ်ကို အဓိက စီးပြီး မိသားစုလိုက် သွားစရာရှိတဲ့ အခိုက်အတန့်ပဲ ကားမောင်းပါတယ်။

ငယ်ငယ်ကစလို့ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ထိ မိုးရွာပြီးစ စက်ဘီး ဆိုင်ကယ်စီးရင် ဘေးက ကားတစ်စီးစီး ဖြတ်သွားလိုက်လို့ ကိုယ့်ကို ရွှံ့ရေ စင်တိုင်း တွေးမိတဲ့အတွေးက ကားစီးနိုင်တဲ့ ပိုက်ဆံရှိလူတန်းစား မိုက်ရိုင်းတယ် … လမ်းပေါ်ကလူကို ရေမစင်အောင် နားလည်မှုရှိရှိ ကားမမောင်းတတ်ဘူး ဆိုတဲ့ အတွေးပါ။

ကားစ စီးနိုင်သူ ဖြစ်လာတော့ မိုးရွာပြီးစ ပုံမှန်အရှိန်နဲ့ ကားမောင်းရင်း ရေအိုင်တွေ့တော့ ကိုယ့်အထင် ပုံမှန်လေးပဲ မောင်းလိုက်တာ ဘေးကို ရေစင်ပါလေရော။ အဲဒီအချိန်မှာ တွေးမိတဲ့အတွေးက ဒီစက်ဘီးသမားက ရေအိုင် ဟိုဘက်ဘေးက ကပ်မမောင်းဘူး ဆိုတာပါ။ တစ်ချိန်ထဲမှာ သတိထားလိုက်မိတာက ကားသမားတွေအနေနဲ့ အတော်ကြီးကို အရှိန်ကို လျှော့ချလိုက်မှသာ ဘေးကို ရေမစင်စေမှာဖြစ်ပြီး သာမန် ခပ်နှေးနှေး မောင်းရင်တော့ ရေက ဘေးကို စင်တတ်တာ သဘာဝပါလားဆိုတဲ့ အသိပါ။ ကိုယ်တိုင် ကားစီးနိုင်တဲ့အချိန်ရောက်မှ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်လုံးလုံး သူများတွေကို တလွဲထင်ခဲ့တာ အဲလိုသက်သက်တော့ မဟုတ်ပါလား ဆိုတဲ့အမြင် ရတော့တယ်။

နောက်ထပ် ကိုယ်တွေ့ ဥပမာ ပေးလိုပါသေးတယ်။

တစ်မနက် ကျွန်တာ့်ကလေး နေမကောင်းလို့ ကလေးဆေးခန်းကို မနက်စောစော အလုပ်မသွားခင် ကားနဲ့အရင် ပို့ပေးရဖို့ အကြောင်းပေါ်လာပါတယ်။ ကားမောင်းရင်း လူကလည်း အလုပ်နောက်မကျဖို့ အလျင်လိုနေမိတာပေါ့။

ကျုံးဘေးတလျှောက် ရောက်တော့ ကိုယ့်ရှေ့က ဆိုင်ကယ်ကို ဒေါသထွက် ဟွန်းတီးမိတာပေါ့လေ။ ဒီလူ့နှယ် အတွင်းဆုံး ယာဉ်ကြောမှာ ဆိုင်ကယ် မမောင်းရတာ နားမလည်ဘူးလား … ယာဉ်စည်းကမ်း လမ်းစည်းကမ်း မသိဘူးလားပေါ့။

ဆေးခန်းကအပြီး ကားပြန်သိမ်း ဆိုင်ကယ်ထုတ် … အလုပ်ချိန် နီးနေပြီ … နည်းနည်း နောက်ကျနေပြီဆိုတော့ ကျုံးဘေးတလျှာက် ရှင်းနေတဲ့ ယာဉ်ကြောထဲဝင် ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းနေတုန်း နောက်ကကားက ဟွန်းတီးလာတယ်။ စိတ်ထဲ ဒေါသထွက်သွား  … ဘုကြည့် ပြန်ကြည့်မလို့ လုပ်တော့မှ ကိုယ့်ကိုကိုယ် သတိထားမိတယ်။ ကိုယ်က အတွင်းဆုံး ဆိုင်ကယ်မမောင်းရတဲ့ ယာဉ်ကြောထဲမှာလေ။

ဆိုလိုချင်တာက လူတစ်ယောက်ရဲ့ အမြင်သည် ကာလံဒေသံကိုလိုက်လို့ အချိန်နဲ့နေရာပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့ သဘော ရှိပါလားဆိုတာ ကိုယ်တွေ့ပါပဲ။

တစ်ယေက်တည်းတောင် ပြောင်းတတ်သေးရင် သူများနဲ့ အမြင်မတူတာ ဘာဆန်းသလဲ။





×××××××××× -------------------------------------------------------------××××××××××
ဖတ်ဖူးတဲ့အကြောင်းအရာလေး မှတ်မိသလောက် ပြန်ပြောပြချင်သေးတယ်။

မြန်မာပြည်မှာ ဘိုးတော် ဗဒုံမင်း အုပ်စိုးစဉ်က အိန္ဒိယနိုင်ငံ မဂိုလ်မင်းဆက်ရဲ့ တော်ဝင်မျိုးနွယ် မင်းသားတော်တစ်ပါး မြန်မာပြည်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ သူတော်စင် တစ်ပါးပါ။ ဘိုးတော်ဘုရားက သူ့ကို ဇော်ဂျီလေးလို့ ခေါ်ခဲ့ပါတယ်။ (သူ့ကို မြှုပ်နှံထားရာ အုတ်ဂူဗိမာန် အမရပူရ လင်းဇင်းကုန်းအရပ်မှာ ခုချိန်ထိ ရှိပါတယ်။)
တစ်ရက် အဲဒီ သူတော်စင်မင်းသားကို ဘိုးတော်ဘုရား “ဇော်ဂျီလေး … မောင်မင်း ယုံကြည်ကျင့်သုံးရာတရားအကြောင်း လျှောက်တင်စမ်း” ရယ်လို့ မိန့်တဲ့အခါ ထိုပုဂ္ဂိုလ်က ကြေးမုံပြင်တစ်ချပ်ကို ဘုရင်မင်းမြတ်ရှိရာ ယူလာစေပြီး ဘုရင့်နောက်ကြောမှာထားကာ “အရှင်ဘုရား မိမိရဲ့ ရုပ်သွင်ကို ကြေးမုံထက် ရှုစားတော်မူပါ” ရယ်လို့ လျှောက်လေသတဲ့။

ဘုရင်မင်းမြတ်က ကြေးမုံကို ကြောခိုင်းလျက် ဘယ်လို မြင်ရပါမလဲမိန့်တော့ ထိုပုဂ္ဂိုလ်က “အရှင်မင်းကြီး … ကြေးမုံရိပ်ကို တည့်တည့်ကြည့်မှ ပုံရိပ် မြင်သလို လမ်းစဉ်တစ်ရပ်အကြောင်း သိလိုလျင်လည်း ထိုဝါဒအပေါ် အဂတိတရားမပါ ဘက်မလိုက်ဘဲ တည့်တည့် ရှုမြင်မှသာ ထိုလမ်စဉ်အပေါ် အပြည့်အဝ နားလည်ပါလိမ့်မည်” ဆိုပြီး စတင် လျှောက်ထားပြီးမှသာ သူယုံကြည်ရာ လမ်းစဉ်ကို ရှင်းပြခဲ့လေသတဲ့။





ဒဏ္ဍာရီလာ ရာမယဏ ဇာတ်တော်မှာ ဒသဂီရိက ဗီလိန် ပါ။ လူဆိုးပါ။ ဒါကိုပဲ ဆရာ  ချစ်ဦးညိုက နောက် ရှုထောင့်ကနေ လင်္ကာဒီပချစ်သူ ဆိုပြီး ရေးပြတော့ အချစ် သူရဲကောင်းကြီး ဖြစ်ခဲ့တာပါပဲလေ။





မြန်မာတို့အတွက် အလောင်းမင်းတရားတို့၊ ဘုရင့်နောင်တို့ဟာ သူရဲကောင်းပါ ... နိုင်ငံတော် တည်ထောင်ဖို့ ယိုးဒယားကို စစ်ချီခဲ့ကြတာပေါ့။ ထိုင်းတို့အတွက်တော့ သူတို့ဟာ ကျူးကျာ်သူ အကြမ်းဖက် နယ်ချဲ့ ဖြစ်လေမပေါ့။

×××××××××× -------------------------------------------------------------××××××××××

နောက်ထပ် ကြားဖူးနားဝ အရှေ့အလယ်ပိုင်းဒေသက ပုံပြင်တစ်ပုဒ်လည်း ပြန်လည် မျှဝေချင်မိပါရဲ့။

မဂ်ျနူးန် (အချစ်ရူး) ဆိုတဲ့ အမျိုးသားတစ်ယောက် သူ့ချစ်သူ “လိုင်လာ” ရဲ့ အလှအပတွေအကြောင်း တမ်းတဖွဲ့ဆိုရင်း တစ်လမ်းဝင် တစ်လမ်းထွက် ချစ်သူပျောက် လိုက်ရှာလေသတဲ့။

ဘုရင်က ကြားတော့ ရှေ့တော်မှောက် ခေါ်သွင်းစေပြီး မေးမြန်းတော့ လိုင်လာလှပပုံကို အသေးစိတ် ကဗျာလင်္ကာ ဥပမာပုံဆောင်ချက်တွေနဲ့ မဂ်ျနူးန်က ပြောပြလိုက်တာ .. ဘုရင်ကိုယ်တိုင် စိတ်ဝင်စားသွားပြီး လူအင်အားနဲ့ လိုင်လာကို မတွေ့ တွေ့အောင် ရှာခိုင်းတော့တာပေါ့။

တွေ့လည်းတွေ့ရော သူတွက်ထားမိသလို မှုန်နေအောင် လှတဲ့အလှပိုင်ရှင် မဟုတ်လေတော့ မဂ်ျနူးန်အပေါ် ဒေါသထွက် … ခေါ်မေးတော့ မဂ်ျနူးန်ပြန်ဖြေတာက “လိုင်လာရဲ့အလှကို သူ့ချစ်သူ မဂ်ျနူးန်ရဲ့ မျက်လုံးနဲ့ ကြည့်မှ ပေါ်လွင်အောင် မြင်ရမှာပါ” ရယ်လို့ ပြန်လျှောက်လေသတဲ့။

အဓိက ပြောလိုတာက သူ့နေရာကနေ ဝင်ြကည့်မှပဲ သူ့လိုမြင်နိုင်မယ် … အမြင်ရှင်းရှင်းထားမှ သူမြင်သလို ကိုယ်မြင်မယ်ဆိုတဲ့ လူ့သဘာဝကိုပါ။



×××××××××× -------------------------------------------------------------××××××××××


တစ်ယောက်နဲ့တစ်ယောက် ကျင်လည်နေထိုင် ကြီးပြင်းရာ မတူတဲ့အလျောက် အမြင် မတူကြတာ သဘာဝပါ။
အမြင်မတူခြင်းက ပြသနာ မဟုတ်ပါ။ မတူရကောင်းလား ဆိုလာမှ ပြသနာပါ။

We must agree to disagree ပါတဲ့။


မတူသူအချင်းချင်း “မတဲ့ အတူနေ” လုပ်နေကြရတာ အန္တရယ် များလှပါတယ်။ “မတူလည်း တဲ့အောင် နေ” နိုင်ဖို့ ဝိုင်း ကြိုးစားကြသင့်ပါတယ်။

မတူတာကို ပြသနာအဖြစ် မမြင်ဘဲ မတူခြင်းကို အင်အားအဖြစ်ပြောင်းနိုင်ရင် နိုင်ငံအတွက် အလွန် အကျိုးရှိပါလိမ့်မယ်။

သူမြင်သလို ကိုယ် ထပ်တူ မြင်ရမယ် မဆိုလိုပါ။ ကွဲပြားနိုင်ပါတယ်။ သူ့ဘက်ကိုလည်း နည်းနည်း တွေးပေးကြဖို့သာပါ။ အဲဒီအခါ ကိုယ်ထင်ထားသလောက် ကိုယ်ထင်ထားသလို မဟုတ်ဘဲ သူတို့ဘက်မှာလည်း သူတို့ခံယူချက် အကြောင်းပြချက် အတွေ့အကြုံနဲ့သူတို့ ရှိနေပါလားဆိုတာ တွေ့မိလာနိုင်ပါမယ်။ မတူခြင်းသည် ပြသနာမဟုတ်မှန်း လက်ခံလာနိုင်ပါမယ်။

ဒီလိုသာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပေးတတ်ကြလာရင် သာယာတဲ့ လူ့ဘောင် ဖြစ်လာနိုင်မယ် ယုံကြည်မိပါတယ်။

သူတပါး နေရာကနေ ဝင် ခံစားပေး မြင်ပေးဖို့ ကြိုးစားကြည့်ကြရအောင်လား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...