Friday, February 27, 2015

မြင့်မြတ်သူနဲ့ ယုတ်နိမ့်သူ


ယောက်ျားဖြစ်ရုံ သက်သက်နဲ့လည်း မြင့်မြတ်သူတစ်ယောက် မဖြစ်သလို
မိန်းမဖြစ်ရုံသက်သက်နဲ့လည်း ယုတ်နိမ့်သူတစ်ယောက် ဖြစ်မသွားနိုင်ပါ။
ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်မြင့်မြတ်တဲ့ အလုပ်လုပ်ရင် မြင့်မြတ်သူဖြစ်ပြီး ယုတ်နိမ့်တဲ့ အလုပ်လုပ်ရင် ယုတ်နိမ့်သူဖြစ်မှာ သေချာပါတယ်။
တစ်ခါက ဘုရင့်သားတော်နှင့် ပညာရှိအမတ်ကြီးဟာ တိုင်းခန်းလှည့်လည်လာရင်း နဲ့ ချောင်းကမ်းနားတစ်ခုကိုရောက်တော့ အဝတ်ပုံတစ်ခုကိုတွေ့သတဲ့။ အဲဒီအဝတ်ပုံ မှာ အပေါ်ဝတ်အင်္ကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကို တွေ့ပါတယ်။ ဘုရင့်သား က စုတ်ပြတ်နေတဲ့ အဝတ်ပုံကိုကြည့်ပြီးတော့-

''အမတ်ကြီး...ကြည့်ပါဦး၊ ဒီအဝတ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အဝတ်ပုံဖြစ် ရမယ်။ ဒီနားမှာ အဝတ်တွေကိုထားသွားတာ ကြည့်ခြင်းအားဖြင့် သူရေချိုးနေပုံရတယ်။ အမတ်ကြီးကပြုံးပြီး နားထောင်ရင်း ဒါဆိုဘုရင့်သားကဘာလုပ်ချင်လို့လဲဟု မေးရာ-
ဘုရင့်သားက ''အမတ်ကြီး...ရေချိုးနေတဲ့ ဆင်းရဲသားရဲ့အဝတ်တွေကို ဝှက်ထား ပြီး တစ်နေရာကနေ ချောင်းကြည့်ရရင် မကောင်းဘူးလား။ သူတက်လာလို့ အဝတ်တွေ ပျောက်သွားတာကိုသိရင် သူ့ပုံက တော်တော်ရယ်စရာကောင်းမယ့်ပုံပဲ''ဆိုလေလျှင်-
အမတ်ကြီးက မင်းသားအား..''အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ဝမ်းနည်း ပူဆွေးနေမှုကိုကြည့်၍ ပျော်တယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး။ ဒီအပျော်မျိုးကလည်း အပျော်အစစ် မဟုတ်ပါဘူး။ တဒင်္ဂတော့ ဟုတ်သလိုလိုရှိပေမယ့် သူတစ်ပါးဝမ်းနည်း ကြေကွဲမှုနဲ့ရင်းပြီးမှ ရတာဖြစ်တဲ့အတွက် ရလဒ်ကလည်း ထပ်တူ ထပ်မျှပြန်ရမှာပါ။
မေတ္တာတရား ပြည့်ဝတဲ့သူဟာ သူတစ်ပါးဆင်းရဲဒုက္ခရောက်ကြောင်း သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းအလုပ်တွေကို ဘယ်တော့မှ မကြံစည်မပြောဆို မလုပ်ကိုင် ပါဘူး။ မေတ္တာတရားခေါင်းပါးတဲ့သူကတော့ သူတစ်ပါး ဒုက္ခရောက်ကြောင်း၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း အလုပ်တွေကို အမြဲကြံစည် ပြောဆိုလုပ်ကိုင်ပါတယ်။
''အရှင့်သားအနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်ပါဆိုပြီး ရွှေပြားနှစ်ပြား အား မင်းသားကိုထုတ်ပေးလေ၏။ မင်းသားသည် နားမလည်သောအကြည့်ဖြင့် အမတ် ကြီးအား ကြည့်နေစဉ် အမတ်ကြီးက-
''အရှင့်သား..ဒီရွှေနှစ်ပြားအား ထိုဆင်းရဲသားရဲ့ အဝတ်ပုံထဲက အိတ်ကပ်နှစ်ခု မှာ တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ''လို့ဆိုလိုက်ရာ မင်းသားလည်း သွားထည့်လိုက်၏။
ထို့နောက် သူတို့နှစ်ဦးသား သစ်ပင်အကွယ်မှစောင့်ကြည့်နေကြ၏။ မကြာမီ ဆင်းရဲ သားလည်း ရေထဲမှပြန်တက်လာသည်။ အရင်ဆုံး ပုဆိုးကိုရေလဲပြီး ဝတ်လိုက်သည်။ ထို့နောက် အင်္ကျီကိုကောက်ဝတ်လိုက်သည်။ ပြီးနောက် အင်္ကျီအိတ်ထဲ တစ်ခုခုရှိသလို ခံစားမိသဖြင့် လက်နှိုက်ကြည့်ပြန်ရာ ရွှေပြားတစ်ပြားတွေ့လေ၏။ သူအရမ်းအရမ်းကို ပျော်မြူးသွားသည်။ မယုံနိုင်သလိုဖြစ်ကာ ထိုရွှေပြားကို အကြိမ်ကြိမ်ပွတ်ကြည့်၏။ ကိုက် ကြည့်၏။ ထို့နောက် ကျန်အိတ်ကပ်တစ်ခုကိုလည်း နှိုက်ကြည့်ပြန်ရာ ရွှေပြားတစ်ပြား ထွက်လာပြန်၏။ ဒီအခါမှာတော့ ဆင်းရဲသားဟာ မြေကြီးပေါ်ဒူးထောက် ထိုင်ချလိုက်ပြီး လက်အုပ်ချီကာ ကောင်းကင်ကိုမော့၍''အို အကျွန်ုပ်အား ဖေးမကူညီကြသော နတ်ဒေဝါအပေါင်းနှင့် မည်သူမည်ဝါ မသိရသောသူအပေါင်းတို့...သင်တို့သည် အကျွန်ုပ်တစ်ဦးတည်းကို စောင့်ရှောက်ခဲ့သည့်မဟုတ်။ အကျွန်ုပ်အိမ်တွင် နေမကောင်း ဖြစ်နေသော အမေအိုကြီးနှင့် စားစရာမရှိ၍ အားအင်ပြတ်လပ်နေသော ညီမလေးအား လည်း အသင်တို့စောင့်ရှောက်ခဲ့လေပြီ။ အကျွန်ုပ်အား ကူညီခဲ့သောသင်တို့သည်လည်း အကျွန်ုပ်ဝမ်းသာရသလို ဝမ်းသာမှုရကြပါစေ။ အကျွန်ုပ်ပျော်ရွှင်ရသလို သင်တို့ပျော်ရွှင် ကြပါစေ။ အကျွန်ုပ်ဆင်းရဲဒုက္ခမှလွတ်သလို သင်တို့လည်းလွတ်ကင်းကြပါစေ။ သင်တို့အား အထူးပဲကျေးဇူးတင်မိပါ၏''ဟုဆိုကာ ရိုသေစွာဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာပြန်သွား လေ၏။
ထိုအဖြစ်အပျက်ကိုကြည့်ပြီး ဘုရင့်သားသည် ဝမ်းသာပီတိဖြစ်၍ မျက်ရည်များပင် ကျနေလေ၏။
''အမတ်ကြီး...သင်ဟာ ကျွန်တော့်ကို ဒီကနေ့မှာ ဘယ်တော့မှမမေ့နိုင်သော အကောင်းဆုံး ပျော်ရွှင်စရာသင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ''ဟုပြော၏။
အမတ်ကြီးကလည်း ''မှန်ပါတယ် အရှင်သား၊ လူတွေကို ဒုက္ခပေးပြီးမှပျော်ရတဲ့ အပျော်ထက်သုခပေးပြီး ပျော်ရတဲ့အပျော်ကမှ နောင်တကင်းစွာနဲ့ပျော်ရတဲ့ တကယ့် အပျော်ပါ။ အရှင့်သားလည်း တစ်ခဏတာသော ဘဝကလေးမှာ နောက်တကင်းတဲ့ ဒီလိုအပျော်မျိုး အမြဲပျော်နိုင်အောင် ကြိုးစားပါ''လို့လျှောက်တင်လိုက်လေ ၏။
ဤပုံပြင်ကလေး Facebook မှဖတ်မိသည်နှင့် သုခကိုသာပေးချင်စိတ်များ ဖြစ် ပေါ်မိပါသည်။ သူတစ်ပါးကို စိတ်ချမ်းသာအောင်လုပ်ပေးရတာလောက် ပီတိဖြစ်ရတဲ့ အရသာမျိုး ဘယ်မှာမှရှိမယ်မထင်ပါ။
ဒုက္ခပေးရတဲ့အရသာပျော်ရွှင်မှုထက် သုခပေး ရတဲ့ အရသာပျော်ရွှင်မှုက ပိုကောင်းတယ်ဆိုတာ သူတစ်ပါးစိတ်ချမ်းသာအောင် လုပ် ပေးနေကျလူမှ သိနိုင်ပါသည်။ ဒုက္ခပေးနေကျလူတွေ မသိနိုင်ပါ။
လူ ၁ဝဝမှာ ၉၉ ယောက်က စိတ်ဆင်းရဲပြီး ကျန်တစ်ယောက်သာလျှင် စိတ်ချမ်း သာ၏။ အဘယ်ကြောင့်နည်း။ လူ ၉၉ ယောက်သည် သူတစ်ပါးချမ်းသာတာကို မနာ လို၊ သူတစ်ပါးအဆင်ပြေသည်ကို မရှုစိမ့်နှင့်သူတစ်ပါးကို အပြစ်ပြော၊ အပြစ်မြင်၊ စိတ် ဆင်းရဲအောင် လုပ်ခဲ့သောကြောင့်တည်း။
ကျန်တစ်ယောက်သည် သူတစ်ပါးအပေါ် စိတ်ဆင်းရဲအောင်မလုပ်ဘဲ စိတ်ချမ်း သာခြင်းတည်းဟူသော သုခအလှူကိုလှူခဲ့သောကြောင့် ၁ဝဝ မှာတစ်ယောက်သာလျှင် စိတ်ချမ်းသာ၍ ကျန် ၉၉ယောက်သည် စိတ်ဆင်းရဲရသည်ကို ဥပမာယူ၍...
'မြင့်မြတ်သူ နှင့် ယုတ်နိမ့်သူ' မည်သူဖြစ်ချင်သနည်း။
မြင့်မြတ်သူဖြစ်ချင်လျှင် သူတစ်ပါးစိတ်ချမ်းသာအောင် လုပ်ပါ။
ယုတ်နိမ့်သူဖြစ်ချင်လျှင် သူတစ်ပါးကိုဒုက္ခပေးပါလို့ပဲ ပြောပါရစေ။

အရှင်ပညာသီရိ (မွန်ကျောင်းဆရာတော်)
Credit to: Yangon Media Group

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...