Saturday, February 14, 2015

“အနီးဆုံးဝေးကြသူများအကြောင်း”

၁။
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၄ရက်နေ့
ချစ်သူများနေ့
ရင်းနှီးနေကျ အသံတစ်ခုကြောင့် ဖျတ်ခနဲ နိုးလာချိန်တွင် ခင်ပွန်းသည်ကတော့ တယ်လီဖုန်းလေးကို ဆိုင်းလင့်လုပ်ရင်း ကုတင်ပေါ်မှ အသာဆင်းသွား၏။ ထား ပြုံးလိုက်မိလေသည်။
သိနေသော်လည်း သေချာချင်သည်မို့ အသာလိုက်ချောင်းမိတော့ ဖုန်းလေးကို ကိုင်ထားရင်း အိမ်သာထဲဝင်သွားသည့် ချစ်လင်တော်မောင်၏ ကျောပြင်ကို မြင်လိုက်ရ၏။

အိမ်သာနား ခြေဖျားထောက်သွားလိုက်ပြီး အသာလေး ချောင်းနားထောင်မိတော့ ပီပီသသကြီး ကြားလိုက်ရသည်က “ပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့လေးပါ ခေးလေးရေ” တဲ့။
နံနက်ခင်း ရောင်နီပင် မပျို့သေး။ ဝီရိယကောင်းသူတို့ကတော့ ကောင်းနေကြလေပြီ။
သည်လို အသံတွေ ကြားနေပါလျက် ထားတစ်ယောက် အသည်းမပူတော့။ ရင်မဆူတော့။ ဒေါသခိုးတွေ မဝေတော့။ အိမ်ထောင်သက် ကြာလာသော မိန်းမတိုင်းနီးပါး ရင်ဆိုင်ရသည့် ဒုက္ခတစ်ခုကို ထားကတော့ မချိပြုံး ပြုံးရင်း၊ မသိချင်ယောင် ဆောင်လာတတ်ခဲ့ပြီ။
သည်လို ပြဿနာတွေကို ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရစဉ်ကတော့ ထားတစ်ယောက် မီးမိုးလောင်မတတ် ဒေါသတွေထွက်ခဲ့ပြီး ပြဿနာတွေလည်း အကြီးအကျယ် တက်ခဲ့ကြသည်။ ဒီလို ပြဿနာဆိုတာ အကြမ်းကိုင်လို့ မရဘူးဆိုသော အသိမျိုး မရခင် ပြဿနာတွေ မကြာခဏ ဖြစ်ကြလွန်းသဖြင့် ကွဲမယ်၊ ကွာမယ်ဆိုတာလည်း မကြာမကြာ ပြောဖြစ်သော စကား။ တကယ်တမ်း လက်တွေ့တွင်တော့ မကွဲလည်း မကွဲဖြစ်၊ မကွာလည်း မကွာဖြစ်။ အခုတော့ သည်လို ကိစ္စတွေကို အိမ်ထောင်ရေးတစ်ခု၏ နောက်ဆက်တွဲများအဖြစ် လက်ခံတတ်လာခဲ့ပြီ။
ခင်ပွန်းသည်ကို တစ်ခုတော့ ပြတ်ပြတ်သားသား မှာထားလိုက်၏။ ပြဿနာရယ်၊ ရောဂါရယ်တော့ သယ်မလာပါနဲ့ ဟူ၍။ ပြဿနာ သယ်မသယ် သေချာပေါက် တပ်အပ် မပြောနိုင်သော်လည်း ရောဂါ သယ်မလာမည်ကတော့ သေချာသည်။ ခင်ပွန်းသည်လောက် ရွံတတ်၊ ရောဂါကူးမှာ ကြောက်တတ် သူမှာ နှစ်ယောက် မရှိ။ သူကသော ဇာတ် သူနိုင်ဖို့သာ လိုသည်။ အခုလို မျက်စိတစ်ဖက်မှိတ်ထားလိုက်တော့ သူလည်း ပျော်ရ၊ ကိုယ်လည်း စိတ်သိပ်မညစ်ရ။ နောက်ပြီး ကိုယ့်အိမ်တွင်းရေးလည်း လူမသိတော့။
ထားတစ်ယောက် သက်ပြင်းဖွဖွချရင်း အခန်းထဲ ပြန်ဝင်လာပြီး ကုတင်ပေါ် ပြန်လှဲချလိုက်သည်။ ဖုန်းနာရီကို ကြည့်လိုက်တော့ ၅နာရီထိုးကာစပဲ ရှိသေးသည်။ စောလွန်းသည်မို့ အသာမှေးနေလိုက်၏။ မှေးနေသော်လည်း အိပ်၍ကားမပျော်။ ၁၀မိနစ်လောက် ရှိတော့ သူ ပြန်ရောက်လာလေသည်။ ထား အိပ်နေသေးသည်အထင်ဖြင့် သူက ကုတင်ပေါ်ကို အသာလေး တက်လာသည်။ သူပြန်ရောက်လာပြီး ချက်ချင်းဆိုသလို ပြန်အိပ်ပျော်သွားတော့ ထားလည်း အိပ်ရာမှ ထလာခဲ့လေသည်။
နံနက်ခင်းကို အကြည်လင်ဆုံး စိတ်များဖြင့် ဖြတ်သန်းနိုင်ဖို့သည် သည်ကနေ့အတွက် ပထမဦးဆုံး ပြီးမြောက်ရမည့် ရည်ရွယ်ချက်ဟု စိတ်မှာထားရင်း မျက်နှာသစ်၊ ဖြီးလိမ်းပြီး နံနက်စာ ပြင်ဆင်ရသည်။ နံနက်စာ အဆင်သင့်ဖြစ်တော့ ဆွမ်းတော်ကပ်ရင်း ဘုရားရှိခိုးသည်။ အားလုံးပြီးစီးသွားတော့ ၆နာရီခွဲစပင် ရှိသေးသည်။
နံနက်စာ ခူးခပ်နေစဉ် သူ နိုးလာခဲ့ပြီး နံနက်စာကို လင်မယားနှစ်ယောက် အတူတူစားကြတော့ ထမင်းဝိုင်းလေးမှာ တိတ်ဆိတ်လို့နေသည်။ ဆည်းလည်းသံသာလေးတွေ ရှိရင် သိပ်ကောင်းမှာဟု တွေးမိတော့ ထား ဝမ်းနည်းမိသည်။ ထားကို မိခင်တစ်ယောက် ဖြစ်ခွင့် မပေးနိုင်သော ခင်ပွန်း၏ အားနည်ချက်ကို အပြစ်မတင်ခဲ့ဖူးသော်လည်း သည်အခွင့်အရေးကိုယူကာ အပြင်မှာ စိတ်တိုင်းကျ ပတ်ရှုတ်သည်ကိုတော့ စိတ်နာခဲ့ဖူးလေသည်။
အခုတော့ အသက်တွေပင် လေးဆယ်ကျော်စပြုလာပြီမို့ ငယ်ငယ်တုန်းကလို စိတ်ဆိုးစိတ်တိုတာတွေ လွယ်လွယ်မဖြစ်တော့။ သံယောဇဉ်ကြောင့် ချစ်သည်က ချစ်သည်။ သို့သော် တစ်ခုခုဆိုလျှင် ငါ့ယောက်ျားကဆိုသည့် အတွေးများဖြင့် ဒေါသတွေဖြစ်ကာ သူ့ကိုရော၊ ကိုယ့်ကိုယ်ကိုပါ မနှိပ်စက်တတ်ခဲ့တော့။
“ဟင်းက ဒါပဲလား။ ထား.. ဟင်းက ဒါပဲလားလို့”
ထားတစ်ယောက် အတွေးလွန်နေသဖြင့် သူ့စကားကို ချက်ချင်း မကြားလိုက်။
“ဟုတ်တယ်လေ။ ညတုန်းက ဟင်းမှ မကျန်ဘဲ။ ဒါကြောင့် ကြက်ဥကို ချဉ်စပ်မွှေကြော် လုပ်ပေးထားတာ။ ဒီမှာ ငါးခြောက်။ ဒီမှာ ခရမ်းချဉ်သီးထောင်း။”
“မင်း ဟင်းက မစွံဘူး။ စားရမှာ ဓါတ်ပျက်လိုက်တာ။”
“ဖြစ်ရလေ။ စောစောစီးစီး ပူပူနွေးနွေး စားရတာကိုပဲ ကျေးဇူးတင်စမ်းပါဦး။ ဖြစ်သလို ရှိတာလေး ချကျွေးလိုက်လည်း ရတာပဲ။ ကျွန်မက ရှင့်ကို ထမင်းလည်း အပူကျွေးတာ။ ကြက်ဥတောင် ရိုးရိုးကြော်ပေးထားတာ မဟုတ်ဘူး။ ချဉ်စပ်လေး လုပ်ပေးထားတာ။ ငါးခြောက်ကလည်း ငါးရံ့ခြောက်အစစ်။”
“အကြော်လေးဘာလေး ဝယ်ပါလား။ မဟုတ်လည်း မနက်စာကို မုန့်ဟင်းခါးလေး၊ ရှမ်းခေါက်ဆွဲလေး လုပ်ပါလား။”
“ပိုက်ဆံကုန်မှ ကောင်းတယ် ထင်နေတယ်။ ဒါဆိုလည်း အစကတည်းက ဝယ်စားမယ် ပြောပါလား။ အပင်ပန်းတောင် သက်သာသေး။ ပြီးကျမှ ငါ စားမကောင်းဘူး။ ဘာလေး လုပ်ပေးပါဦး လာမခိုင်းနဲ့”
ထားတစ်ယောက် စိတ်ရှိလက်ရှိ ပြောပစ်လိုက်တော့ သူက စပ်ဖြဲဖြလုပ်သည်။
“ ဒီလိုပဲ။ မင်းက နည်းနည်းလေးမှကို အပြောမခံဘူး။ ခုလည်း မင်း ချက်တာ မှန်သမျှ စားနေတာပဲဟာ”
“အံမလေး ကြိုက်မှစားပါ။ အပြောလည်း မခံနိုင်ပါဘူး။ ဒီလောက်ကြီး လုပ်ပေးထားတာကိုမှ အကောင်းမမြင်ရင် ကြိုက်ရာ သွားစား။”
သူက ဘာမှ ဆက်မပြောတော့ဘဲ စားလက်စကို လက်စသတ်ကာ ရေနွေးကြမ်းပူပူကို မှုတ်သောက်နေလေသည်။ ထားကတော့ ထမင်း၊ဟင်း ပန်းကန်တွေ သိမ်းဆည်းပြီး ခွေးတွေ၊ ကြောင်တွေကို ကျွေးမွေးဖို့ လုပ်ရ၏။
ထားတစ်ယောက် ပန်းပင်တွေ ရေလောင်းနေချိန်တွင် သူကတော့ ပက်လက်ကုလားထိုင်ပေါ် ထိုင်ကာ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေပြီ ဖြစ်သည်။ ဖေ့ဘွတ်သုံးတတ်ကတည်းက ဖုန်းကို လက်က မချတမ်း ကိုင်ကာ တစ်ယောက်တည်း တခွိခွိ၊ တခိခိ လုပ်နေတတ်တာလည်း ကြာခဲ့ပြီ။ အွန်လိုင်းပေါ်က ကောင်မလေးတွေနဲ့ ကြူကြူစိန်လုပ်နေသည်ကိုလည်း ထား သိသည်။ သိပေမယ့်လည်း .. ။
နှင်းဆီပင်တွေကို ရေလောင်းတော့ အပင်တော်တော်များများမှာ အဖူးတွေ ဖူးနေတာကို တွေ့ရ၏။ တစ်ပင်ချင်းက အဖူးတွေကို ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း ၁၁ဖူး။ သြော်.. ဟိုစဉ်တုန်းက ရင်ခုန်ခဲ့ဖူးသည့် နှင်းဆီ ၁၁ပွင့်တို့၊ ၁၀၁ပွင့်တို့၏ အဓိပ္ပာယ်ကိုတောင် မေ့တေ့တေ့ ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ဒီပန်းတွေ ပွင့်လာရင် အကုန်လုံးကို ဘုရားကပ်ရမည်။ ယခုတော့ ရေလောင်းပြီးလျှင် ပန်းပင်တွေထဲ ဘားပလက် ထည့်ရဦးမည်။
ဂမုန်းတွေလည်း ပွင့်နေကြသည်။ တစ်ပင်တည်းမှာကို ကိုင်း၃ကိုင်း၊ တစ်ကိုင်းကို ၇ဖူး၊ ၇ပွင့်စီ။ သည်လို ပွင့်ရင် ကံကောင်းသတဲ့၊ လာဘ်ပွင့်သတဲ့။ ဈေးသွားရင်း ထီ တစ်ခါတည်း ထိုးခဲ့ရဦးမည်။
ဈေး ဆိုမှ ဒီနေ့ ဘာဟင်းလေး ချက်ရင် ကောင်းမှာပါလိမ့်။ ရုံးပိတ်ရက်လေး ဟင်းကောင်းစားချင်တာဆိုသည့် သူ့အသံကြီး ထွက်လာဦးမှာ ထား ကြားယောင်မိသည်။ အစားအသောက်ဆို အကောင်းရွေးချည်း ကြိုက်တတ်တာကလည်း အလွန်။ ဟင်းချေးများလိုက်သည်မှာလည်း တအား။ တစ်ရက်တစ်ရက် သူ့အတွက် ဘာချက်ရင် ကောင်းမလဲ စဉ်းစားရတာနဲ့ပင် ထားခေါင်းတွေ ရှုပ်လှပြီ။
ထား စဉ်းစားခန်းဝင်နေစဉ် သူက ထိုင်ရာမထ လှမ်းအော်ခေါ်နေလေသည်။
“ထားရေ.. ထား.. ဒီနေ့ အမဲလျှာ ချက်ဟေ့”
“အေးပါ”
ထားက ပြန် ဖြေလိုက်သော်လည်း သူက ကြားပုံမရ။
“ထား.. ဒီနေ့ အမဲလျှာချက်ပါဆို”
သူက ထပ်အော်ပြောသည်။ ကျယ်လောင်လှသော သူ့အသံကို တစ်ရပ်ကွက်လုံး ကြားလောက်ပါသည်။ ထားလည်း ပြန်အော်ထူးမနေတော့ဘဲ သူ့အနား သွားလိုက်သည်။
“အေး ဆို။ ဘာလို့ ဒီလောက် အော်နေတာတုန်း”
“ကြားမှ မကြားဘဲ”
“ဘယ်ကြားမလဲ။ တစ်လံလောက်နေ အော်နေတာကိုး။ အော်ကြီးဟစ်ကျယ်တွေ မပြောချင် မဆိုချင်ဘူးဆိုတာလည်း သိရဲ့ သားနဲ့”
“မင်း ဒီနေ့ ဘာဖြစ်နေမှန်းကို မသိဘူး။ ပြောလို့ ဆိုလို့ကို မကောင်းဘူး။ ငါ့ အမဲလျှာလေးသာ သေချာ ပြောင်အောင် ခြစ်ပြီး နှပ်ပေးစမ်းပါ။ နူးအောင်လည်း လုပ်ဦး။”
ဘာမှပြန်ပြောမနေဘဲ ဈေးသွားရန် အဝတ်လဲဖို့ အိမ်ထဲ ဝင်လာခဲ့လိုက်၏။
သူ ပြောသလို တကယ်ပဲ ထား ဒီနေ့ တစ်ခုခု ဖြစ်နေသလား မသိ။ စိတ်မှာ ဘဝင်မကျတာတော့ သေချာသည်။ ဘာကို အလိုမကျ ဖြစ်နေမှန်း မသိ။ မကျေမနပ်စိတ်တွေ ဖြစ်နေတာတော့ အမှန်ပင်။
ဈေးကပြန်လာပြီး ဟင်းချက်တော့ သူက ခဏခဏ ရစ်သီ ရစ်သီ လာလုပ်နေသည်။
“ဘယ်လိုဖြစ်နေတာတုန်း။ ခုမှ ချက်နေတုန်း”
“ဆာလို့ပေါ့ဟ”
“မနက်စာဖြင့် ကောင်းကောင်း မစားဘဲ။ ခုမှ လာမျှော်မနေနဲ့။ ဟင်းအိုးကဖြင့် အခုမှ တည်တာ။ ဘယ်အချိန်ရှိသေးလို့တုန်း။ ၁၁တောင် မထိုးသေးဘူး။ ၁၂လောက်မှ ကျက်မှာ”
“ငါ အဲထိ မနေနိုင်ဘူးဟ”
“မနေနိုင်လည်း မတတ်နိုင်ဘူး။ ဟင်းကမှ မကျက်တာ”
“လက်ဖက်ရည်ဆိုင်သွားမယ်”
“ကြွ ကြွ”
“ဒီမိန်းမ ဒီနေ့ ပြောလို့ဆိုလို့ကို မကောင်းဘူး။ အထိမခံ ရွှေပန်းကန် ဖြစ်နေတယ်”
ထား မကြား ကြားအောင် ပွစိပွစိ လုပ်ရင်း ထွက်သွားသော သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိသည်။
ယခု သူ့အသံနှင့် မနက်တုန်းက ဖုန်းခိုးဆက်နေသည့် လေသံနှင့်တော့ လားလားမျှမဆိုင်။ မနက်တုန်းကတော့ သူ့အသံက ပျားရည်ပေါ် သကာထပ်လောင်းထားသည့် အသံမျိုး။ ချိုအီနေသည်။ တစ်ဖက် မိန်းကလေး ကြွေမယ်ဆိုလည်း ကြွေလောက်ပါ၏။ အသက်ချင်းတော့ ဘယ်လောက်ကွာသည် မသိ။ နားစွန်နားဖျား ကြားမိသလောက်တော့ ခေါ်ပုံကိုက ခေးလေးတဲ့။ သူ့ကိုယ်သူကျ ဦး တဲ့။ ထားက အော့နှလုံးမနာဘဲ ဟားတိုက်ပြီးသာ ရယ်ချင်မိတော့သည်။
၁၂ထိုးခါနီး သူ ပြန်ရောက်လာတော့ ဟင်းတွေလည်း ကျက်ပြီ။ အလိုက်တသိ ခူးခပ်ပေးလိုက်တော့ သူက ကြွစောင်းစောင်းဖြင့် ထမင်းဝိုင်းမှာ လာထိုင်၏။
“မင်း ဟင်းက နူးရဲ့လား”
“နူးမနူး စားသာကြည့်တော့ဟေး”
ထမင်းဝိုင်းမှာ မောမောနှင့် ဝင်ထိုင်လိုက်ရင်း ရေခဲရေ တစ်ခွက်ကို သောက်နေမိသည်။ သူကတော့ စားနှင့်ပြီ။ ထားကတော့ တစ်မနက်လုံး ဖတ်ဖတ်မောအောင် လုပ်ရလို့လား မသိ။ စားချင်စိတ်ပင် မရှိတော့။
“အသားကတော့ နူးပါရဲ့။ ဒါပေမယ့် ငန်တယ်”
“ငါ မသိဘူးလေ။ ငါမှ အမဲသား မစားတာ။ ကိုယ် မစားတော့ မြည်းလည်း မကြည့်နိုင်ဘူး။ အမြဲတမ်း စိတ်မှန်းနဲ့ ချက်ပေးထားတာပဲ။”
“အေးပါ။ အေးပါ။ မင်းလည်း ငါ့ကို ရွဲ့နေသလားပဲ။ ဟိုတစ်ခေါက်တုန်းကျတော့ အစပ်အဟပ် တည့်ပါရဲ့။ မနူးဘူး။ ခုကျတော့ နူးပါရဲ့။ ငန်နေတယ်။ဟာဟ ..”
“နည်းနည်းလေး ကိုယ်ချင်းစာပါ။ ငါ ငယ်ငယ်လေးထဲက လုံးဝ မစားတဲ့ အမဲသားကို မင်း ကြိုက်တယ်ဆိုလို့ အမြဲတမ်း ချက်ကျွေးလာတာ။ ချက်ပေးတာပဲ မင်း ကျေးဇူးတင်ဦး။ ဟိုဟာ သည်ဟာ လာလာ မပြောနဲ့။ နောက်ဆို ငါ ချက်နေတုန်း လာ မြည်းလေ။ ဟိုတစ်ခါ မနူးတာကလည်း “စားလို့ မရသေးဘူး။ ရေကျန်နေသေးတယ်” ပြောနေတာကို ငါ ဆာနေပြီ။ ငါ ဆာနေပြီ ပြောပြီး ဇွတ်ထည့်ခိုင်းတာ ဘယ်သူတုန်း”
“ထား.. မင်း ဒီနေ့ ဘာဖြစ်နေလဲ။ ဘာလို့ စကားကို နည်းနည်းလေးမှ အကြောမခံဖြစ်နေလဲ။ မနက်ကတည်းက တစ်ခွန်းမကျန် ပြန်ပက်နေတယ်။ ငါ့ကို နားငြီးအောင် လာမလုပ်နဲ့။ ရုံးပိတ်ရက်။ အေးအေးလူလူ စိတ်ရောကိုယ်ပါ နားချင်တယ်။ ကြားလား။ ပူညံ ပူညံ လုပ်မနေနဲ့။ မပြောချင်လို့ အသာငြိမ်နေတာကို ရောင့်တက်နေတာ။ မစားဘူးဟာ”
ထမင်းပန်းကန်ကို ဆောင့်တွန်းပြီး အိပ်ခန်းထဲ သူဝင်သွားတော့ ထား သက်ပြင်းချမိသည်။ သူကတော့ စိတ်တိုတာ အကြောင်းပြပြီး တနေကုန် အခန်းအောင်း ဇိမ်ယူဦးမည်ပေါ့။ အခန်းအောင်းရတာ အားရသွားလျှင် ထားကို ရွဲ့သလိုလို စိတ်ဆိုးမပြေသေးသလိုလို လုပ်ပြီး ဘီယာဆိုင်ဖက် ခြေဦးလှည့်ဦးမည်ပေါ့။ သူ့အကြောင်းတွေ ထား နောကြေနေပါပြီ။
သူ့လိုပင် တစ်ပတ်လုံးလုံး ရုံးတက်ရသည့် ထားအတွက်ကတော့ စနေ၊ တနင်္ဂနွေဆိုတာ စုပုံနေသော အိမ်အလုပ်တွေကို အကုန်ပြုံပြီး လုပ်ရသည့်နေ့။ အဝတ်ညစ်တွေ၊ အိပ်ရာခင်းတွေ လျှော်ဖွပ်၊ ပြီးရင် တစ်အိမ်လုံး လှည်းကျင်းပြီး ရေဝတ်တိုက်ရသည့်နေ့။ လျှော်ထားသည့် အဝတ်တွေခြောက်ရင် မီးပူတိုက်ပြီး သိမ်းဆည်းရသောနေ့။
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသည်မှာ ထား အတွေ့အကြုံအရ စာထဲမှာပင် ရှိသလိုလိုပါပဲလေ။
ယခုတော့ တိုးလိုးတန်းလန်းစားပြီး ထထွက်သွားသည့် ထမင်းဝိုင်းကို ပြန်သိမ်းရသည်။ ပြီးတော့ ဝမ်းမနာ သားတွေ၊ သမီးတွေကို ဟင်းအနှစ်တွေနှင့် နယ်ဖတ်ကျွေးမွေးဖို့ ပြင်ရသည်။ ထားကို စိတ်တိုသွားသည့် လင်တော်မောင်ကတော့ အခန်းထဲမှာ ဖေ့ဘွတ်သုံးပြီး ခေးလေးတွေနှင့် အကြည်ဆိုက်နေပြီဆိုတာ တစ်ယောက်ယောက်နှင့် ဆယ်ခါပြန် လောင်းလိုက်ချင်ပါသည်။
ဆယ်ငါးနှစ်ကျော် ပေါင်းသင်းခဲ့သည့် မိန်းမကို ချစ်သူများနေ့မို့ ဆုတောင်းတို့၊ လက်ဆောင်တို့ ဝေးစွ၊ စေတနာနှင့် လုပ်ကိုင်ပေးနေခဲ့တာတွေကိုပင် အပြစ်တွေ မလွတ်အောင် ပြောသွားခဲ့တော့၊ လေးဆယ်ကျော်မှ သူငယ်ပြန်တယ်ပဲဆိုဆို ထားစိတ်က ဟိုး လွန်ခဲ့တဲ့ ဆယ်ငါးနှစ်လောက်၊ ညားကာစ အချိန်တွေဆီ ပြန်ရောက်သွားပြီး ဝမ်းနည်းသလိုလို ဖြစ်မိလေသည်။
၂။
၂၀၀၀ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၄ရက်နေ့
ချစ်သူများနေ့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ သင်းကြိုင်လွန်းသည့် ပန်းရနံ့တွေကြောင့် အိပ်မက်လေလား၊ တကယ်လား ဝေခွဲမရစဉ်မှာပင် ထား နိုးလာခဲ့သည်။ ထားရဲ့ မောင်က ထားနှစ်သက်လွန်းရသည့် ရဲရဲနီစွေးနေသော အနီရောင် နှင်းဆီပန်းစည်းကြီး အကြီးကြီးကို ပွေ့ဖက်ထားပြီး ထားရဲ့ ဘေးမှာ တင်ပါးဆုံလွှဲ ဝင်ထိုင်နေ၏။
“အို.. ပန်းစည်းကြီး။ လှလိုက်တာ မောင်ရယ်”
“ပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့လေး ဖြစ်ပါစေ မောင့်ချစ်သက်ထားလေးရေ”
ပြောပြောဆိုဆိုဖြင့် ထားနဖူးလေးကို မောင်လာနမ်းတော့ လက်ဖဝါးလေးနှင့် ကာပြီး ငြင်းမိသည်။
“ဟင့်အင်း.. မောင်ကလည်းကွာ။ ထားက မျက်နှာလည်း မသစ်ရသေးဘူး။ ညစ်ပတ်နေတာကို”
“ဘာဖြစ်လဲကွာ။ ဘယ်လိုဖြစ်ဖြစ် ထားလေးကို မောင်က ချစ်ပြီးသား”
အမူပိုပြီး ချွဲတတ်သူ မောင့်ကို ထားကပဲ အလျော့ပေးလိုက်ရ၏။ မောင်က ထားနဖူးလေးကိုရော၊ ထားပါးပြင်လေးကိုပါ ခပ်ဖွဖွလေး လိုက်နမ်းသည်။
“ပန်းစည်းကြီးက လှလိုက်တာ မောင်ရာ”
“လှရာမှာပေါ့။ မရွှေထားလေး ကြိုက်ပါတယ်ဆိုတဲ့ ဟောသည် ပန်းအနီရောင်တွေချည်းရဖို့ မောင့်မှာ ပန်းသည်တွေကို တစ်လလောက်ကတည်းက ကြိုပြောထားရတာဗျ။ အကုန်လုံး ၁၀၁ပွင့်တောင် ရှိတယ်။ သိလား။”
“ဟွန်း.. မောင် တော်တော်တတ်။ ထားက နှင်းဆီပန်း ၁၀၁ပွင့်ချည်း သက်သက် လိုချင်တာ မဟုတ်ဘူးနော်။ အဲဒီပန်း ၁၀၁ပွင့်က ကိုယ်စားပြုတယ်ဆိုတဲ့ မောင်ရဲ့ တစ်ဦး တစ်ယောက်တည်း အချစ် ဖြစ်ချင်တာ။ သိရဲ့လား။ ထားကလေ မောင့်ရဲ့ နောက်ဆုံးအချစ် ဖြစ်ချင်တာ”
“ဖြစ်ရမှာပေါ့။ ထားဟာ မောင် အမြတ်တနိုး ချစ်ရတဲ့သူ။ မောင့်အချစ်ဆုံး။ တစ်ဦးတည်းသော၊ တစ်ယောက်တည်းသော အချစ်။ ဟုတ်ပြီလား။ ကဲ ထတော့ အပျင်းအိုးလေး။ ထားစားဖို့ ထားသိပ်ကြိုက်တဲ့ တို့ဟူးနွေးတွေ မောင် ဝယ်ထားသေးတယ်။ တော်ကြာ အေးပြီး တို့ဟူးတွေ ခဲသွားဦးမယ်”
ညားကာစ ထားတို့ လင်မယားနှစ်ယောက်၏ ချစ်သူများနေ့လေးသည် ထိုကဲ့သို့ လှလှပပလေး စတင်ခဲ့လေသည်။ မောင် ဝယ်ပေးထားသည့် နံနက်စာလေးကို စားနေရင်း ကြည်နူးအပြုံးတွေဖြင့် ထားမျက်နှာသည် ဝင်းပနေခဲ့၏။ မြင်မြင်သမျှ၊ ကြားကြားသမျှတွေသည်လည်း မင်္ဂလာတွေ ခညောင်းနေသည်သာ ဖြစ်သည်။
“စားလို့ကောင်းတယ် မဟုတ်လား။”
“ကောင်းပါသတဲ့ရှင်”
“ဒါဆိုရင် ဘယ်မလဲ မောင့်အတွက် လက်ဆောင်။ ထားနော်.. တာဝန်တွေ ပျက်ကွက်နေတယ်။ ဒဏ်ပေးခံထိတော့မယ်နော်။ ဟွင်းဟွင်း”
မောင်က မျက်စောင်းထိုးပြီး မူသလိုလို စနောက်တော့ ထား အသံထွက်ပြီး ရယ်လိုက်မိလေသည်။ ပြီးတော့မှ ဗီရိုထဲမှာ ထည့်သိမ်းထားသည့် မောင့်အတွက် လက်ဆောင်လေးကို ထုတ်ယူပေးမိသည်။
“သိုးမွေးဆွယ်တာလေးပါလား.. ဟယ်”
မောင်က တအံ့တသြ ဖြစ်သွားဟန်နှင့် ဆွယ်တာလေးကို လှမ်းယူလိုက်သည်။
“ဆောင်းကုန်ခါနီးမှ ဆွယ်တာ ပေးတယ်လို့ မပြောနဲ့နော် မောင်။ ချစ်သူများနေ့မှာ မောင့်ကို ပေးမယ် ရည်ရွယ်ထားပြီး ထား ကိုယ်တိုင် ထိုးထားရတာရှင့်။ မောင် တန်ဖိုးထားရမယ်နော်”
“တန်ဖိုးထားမှာပေါ့။ တန်ဖိုးထားတာပေါ့ ထားရယ်။ ထား ကိုယ်တိုင် ထိုးတယ်သာ ပြောတယ်။ မောင်ဖြင့် အိမ်မှာ သိုးမွေးချည်ကော၊ အပ်တွေကော မမြင်မိပါဘူး”
“အောင်မာ.. ဘာလဲ။ မောင်က မယုံတာလား။ အိမ်မှာ ချည်တွေ၊ အပ်တွေမြင်ရင် မောင်က မေးနေမှာပေါ့လို့။ ထား ရုံးမှာ ထမင်းစားချိန်တိုင်း အချိန်လုပြီး ထိုးထားရတာ။ ဒါ ထားဘဝမှာ ပထမဆုံး ထိုးဖူးတဲ့ ဆွယ်တာသိလား”
“ဟဲဟဲ.. အဲတာတော့ မောင်လည်း ထင်ပါတယ်”
“မောင်နော်. . ဘာလဲ။ ထားလက်ရာ မသေသပ်ဘူးလို့ ပြောချင်တာလား”
ထားက စိတ်ကောက်တော့မည့်ဟန်နှင့် မျက်စောင်းထိုးတော့ မောင်က ရယ်ကျဲကျဲဖြင့် ချော့သည်။
“ထားကလည်းကွာ။ ထား စိတ်ကောက်တာလေး မြင်ချင်လို့ မောင်က တမင်စတာ သိပြီလား။ ထား လက်ရာ ဆွယ်တာလေးကို မောင် ကြိုက်တာပေါ့။ အရောင်လေးကအစ မောင်အကြိုက်ဆုံး အရောင်လေး။ ဒီလောက် သိတတ်လွန်းတဲ့ ချစ်ဇနီးလေးကို မောင်က ဆုချရဦးမှာပေါ့။ ဒီနေ့ တစ်နေ့လုံး ထားက ငြိမ်ငြိမ်လေး နားနေ။ မောင် ကိုယ်တိုင် ဈေးလိုက်မယ်။ မောင် ကိုယ်တိုင် မီးဖိုချောင်ဝင်မယ်”
“ဟင်.. မောင်ကလည်း။ အတူတူ ဈေးသွားမယ်။ အတူတူ ဟင်းချက်မယ်လေ”
“နိုးနိုး.. မရဘူးနော် မမလေး။ ငြိမ်ငြိမ်လေး နားနေဆိုရင် နားနေပဲ”
“မောင် တစ်ယောက်တည်း ပင်ပန်းနေမှာ ထားမှ မကြည့်ရက်ဘဲ”
“မောင်ကလည်း ထားပင်ပန်းတာ မမြင်ချင်ပါဘူးဗျာ။ ဒါပဲနော်။ ငြိမ်ငြိမ်နေဆိုတာ မနေဘဲ ဟိုလုပ်သည်လုပ် လာကူလုပ်လို့ကတော့ ချက်တာပြုတ်တာထက် ပင်ပန်းအောင် မောင် လုပ်ပစ်လိုက်မှာ”
သည်တော့လည်း မောင် စေခိုင်းသလို ထားနေခဲ့သည်ပေါ့။ မီးဖိုချောင်ထဲမှာ မောင်က ချက်ပြုတ်နေချိန် ထားက ဧည့်ခန်းထဲက ကုလားထိုင်မှာ ထိုင်ပြီး ဝတ္ထုဖတ်နေလိုက်သည်။ ဟင်းချက်နေသော မောင့်ကိုလည်း ခဏခဏ သွားချောင်းကြည့်ရသည်။။
ချွေးတလုံးလုံးဖြင့် ဟင်းချက်နေသော မောင့်ပုံရိပ်လေးများသည် ထားရင်ထဲမှာ အချိန်တော်တော်ကြာအောင် စွဲငြိနေခဲ့သေးသည်။ ဖြူဥနေသော မျက်နှာပြင်ထက်မှာ ချွေးလေးတွေက စို့နေကြသည်။ မောင်လှုပ်ရှားမှုတစ်ခုခု ပြုလိုက်တိုင်း အဲသည် ချွေးဥလေးတွေ လက်ခနဲ ဖြစ်သွားပုံက ထားကို အသည်းယားစေခဲ့သည်။ ချွေးစလေးတွေကို အကျီင်္လက်လေးနှင့် ပင့်ပြီး သုတ်လိုက်သော မောင့်လှုပ်ရှားမှုလေးကိုလည်း ထားက မြတ်မြတ်နိုးနိုး ချစ်ခဲ့ဖူးပါသည်။ ဟင်းအိုးနှစ်လုံးကို တစ်ပြိုင်တည်း တည်ထားပြီး ချက်ပြုတ်နေသော မောင်က တကယ့် ဝါရင့်စားဖိုမှူးကြီး တစ်ယောက်လို။
မောင့်ကို အကြာကြီး ချောင်းကြည့်နေမိသည့် ထားကို မောင်က မြင်သွားခဲ့တော့ အရင်ဆုံး မျက်စောင်ထိုးခဲ့သည်။ ပြီးတော့မှ လက်ယက်ခေါ်လေသည်။ ဟင်းနံ့တွေထောင်းနေသည့် မီးဖိုခန်းထဲတွင် ချွေးတွေစိုရွဲနေသည့် မောင့်ကို ထားက အားရပါးရ ဖက်ပစ်လိုက်တော့ မောင်က တွန်းထုတ်သည်။
“ထားကလည်း.. မောင်ကဖြင့် နံစော်နေတာ”
“နံစော်ပါဘူး.. ဟဲဟဲ။ ဝက်သားနံ့လေး မွှေးနေတာ တစ်ခုပဲ”
ထားစကားကြောင့် မောင်က ရှက်ရယ်ရယ်ရင်း ထားခေါင်းကို လက်သီးဆုပ်လေးဖြင့် ဖွဖွလေး ထုသည်။
“ထား မြည်းကြည့်”
မောင်က ဝက်သားဖတ်လေးတစ်ဖတ်ကို မပူအောင် မှုတ်ပေးပြီး ခွံ့ကျွေး၏။ မောင့်လက်ရာက ဆွေမျိုးမေ့လောက်အောင် ကောင်းလေသည်။
မောင်က ဝက်သားနီချက်နှင့် ပဲနီလေးဟင်းချို ချက်သည်။ နောက်ပြီး သရက်ချဉ်လည်း သုပ်သည်။ အစပ်အဟပ်တည့်တည့် အရသာရှိရှိ ချက်ပြုတ်တတ်သူ မောင့်ကို ထား အချစ်တွေ ပိုမိပြန်လေသည်။
ထိုစဉ်တုန်းက မောင် ချက်ကျွေးသည့် နေ့လည်စာကို မြိန်ရေယှက်ရေ စားရင်း အဲသည်လို သာယာကြည်နူးဖွယ်ရာ အချစ်နေ့ရက်များကို ထာဝရပိုင်ဆိုင်ရလိမ့်မည်ဟု ထား ယုံကြည်ခဲ့မိသည်။
နံနက်ခင်း မျက်စိနှစ်လုံး ပွင့်ချိန်က စပြီး ညဖက် အိပ်ပျော်သွားချိန်အထိ ချစ်ခြင်းတွေ ထုံမွှမ်းနေသည့် ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း၊ သာယာခြင်းတွေ ခံစားပိုင်ဆိုင်ရသမျှသည် မြဲမြံနေမည့် အရာ မဟုတ်ဘူးဆိုတာ ထား သိနားမလည်တတ်ခဲ့ပါ။
၃။
ယခုတော့ အချိန်တရားက အချစ်ကို ယုံစားကိုးကွယ်တတ်သူ ထားကို ပြောင်းလဲ ရင့်ကျက်စေခဲ့လေပြီ။ စာတွေ့ထက် လက်တွေ့သိလာရသည့် ဘဝဆိုသောအရာ၊ ချစ်ခြင်းနှင့် အိမ်ထောင်ရေး၊ ဒါတွေကို ထား ကောင်းကောင်း နားလည်တတ်ခဲ့ပြီ။
လောကဓံ အထုအထောင်းတွေကို ခံရလွန်းသဖြင့် ထုသားပေသားကျနေသည့် ပေ တုံးတစ်တုံးဟာ ထား ဖြစ်သည်။ ခံစားချက်ကို ရှေ့တန်းမတင်တော့ဘူး ဆိုသည်ထက် တစ်ခုခုဆိုလျှင် သိပ်ပြီး ခံစားမနေတတ်တော့တာဆိုလျှင် ထားအတွက် ပိုမှန်မည်။
သည်လိုမျိုး နေတတ်လာလို့လည်း ဟိုတုန်းကလို တငိုငို၊ တရယ်ရယ်နှင့် ပူဆွေးသောကတွေ မရောက်ရတော့သည်ပေါ့။ ယခုလိုမျိုး ခါးသီးဖွယ်ရာ အဖြစ်ပျက်တွေနှင့် တွေ့ကြုံတိုင်းသာ ထား မျက်ရည် ကျမယ် ဆိုရင်လေ ..။
ဘယ်လိုပင်ဖြစ်ပါစေ ချစ်သူများနေ့ဆိုသည်မှာ ပျိုရွယ်သူတွေအဖို့၊ ချစ်စကြင်စတွေအဖို့ ရင်ခုန်ကြည်နူးဖွယ် ရက်တစ်ရက် ဖြစ်သော်လည်း ထားအတွက် မဟုတ်တော့တာ အသေအချာ။
တစ်ချိန်က ကိုယ့်ကို ပြောဆိုခဲ့ဖူးသည့် လေသံမျိုး၊ ကြည်ခဲ့ဖူးသည့် အကြည့်မျိုးတွေနှင့် ကိုယ်မဟုတ်သူ တခြားမိန်းမတစ်ယောက်ကို ပြောဆိုဆက်ဆံနေတာ သိနေသည့်တိုင် သည်းအူပျက်မတတ် မခံစားတတ်တော့သော မိန်းမတွေလည်း ထားအပြင် ဘယ်နှယောက်လောက်များ ရှိဦးမည် မသိ။
ပြီးတော့ အပျော်အပါး မက်တတ်သော ပုရိသတွေမှာ ရမယ်ရှာစရာ အကြောင်းပြချက်တွေ တစ်ခုထက်မက ရှိတတ်သည့်အကြောင်းကိုလည်း ထားလိုပင် နောကြေသွားခဲ့ကြတဲ့ အမျိုးသမီးတွေ ဘယ်လောက်များနေပါမည်လိမ့်။
သေချာသည်ကတော့ ချစ်သူများနေ့ဆိုသည်မှာ ချစ်တတ်သူတိုင်းအတွက် မဟုတ်။ မဟုတ်ခဲ့။ မဟုတ်တော့တာ အသေအချာ။
ထား ကို ယုံ ပါ။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...