Wednesday, February 18, 2015

" ငါးမူးစေ့ "

အခုဆိုရင် မြန်မာပြည်မှာ ယန်းငွေကို မြန်မာငွေနဲ့ တရားဝင်လဲလို့ရတဲ့ ငွေလဲဆိုင်လေးတွေ ဟိုဟိုဒီဒီ ရှိနေပြီဆိုတော့၊ အရင်လို တီးတိုးတီးတိုး သဖန်းပိုးစရာမလိုတော့ဘူးပေါ့။
" ကမ္ဘာ့ပေါက်ဈေးအတိုင်း လဲပေးတယ်။ စိတ်ချ မလွဲစေရဘူး အမ " တဲ့။
ဟုတ်ပါတယ် ဈေးကတော့ မလွဲပါဘူး၊ ဒါပေမယ့် လွဲနေတာလေးတော့ ရှိတယ်။
ဘာလဲဆိုတော့ ယန်းငွေစက္ကူအပေါ်မှာ ထားတဲ့ သဘောထားလို့ ပြောရမလား၊ လွဲမှားမှုလို့ ပြောရမလားပဲ။
ဒေါ်လာငွေစက္ကူတွေက စခဲ့တဲ့ ထုံးစံကြောင့်ပဲလား၊
ဘယ်သူက စထွင်လိုက်တာလဲ၊
ဘာကြောင့်လဲ.........တော့ မသိဘူး။
စိတ်ထဲမှာ ဟုတ်တော့ ဟုတ်သေးဘူးလို့ ထင်မိတယ်။
အဲ့ဒါနဲ့ ပါတ်သက်ပြီး မိတ်ဆွေဂျပန်များရဲ့ လက်တွေ့ဆန်ဆန် မေးခွန်းတွေကို ကိုယ်လည်းပဲ ပခုံးကို တွန့်၊ ခေါင်းကိုစောင်းပြီး ဝါခါးနိုင်း ပဲ ဖြေမိတယ်။
" ငါလည်း နင်တို့လဲသလိုပဲ လဲရတာပဲလေ၊ မြန်မာဆိုပြီး ဘာအခွင့်အရေးမှ ပိုမရဘူးလေ" လို့ပဲ ပြန်ပြောရတော့တယ်။
ဖြစ်ပုံက ဒီလို။
ကျွန်ုပ်တို့ ယန်းသွားလဲတော့ ယန်း တစ်ထောင်တန်ကို မြန်မာငွေနဲ့ လဲမှာလား၊ ယန်းတစ်သောင်းတန်ကို မြန်မာငွေနဲ့ လဲမှာလားတဲ့။
ဘာကွာလို့လဲ မေးတော့၊

ယန်းတစ်ထောင်တန်ဆိုရင် ဈေးက တမျိုး၊ ယန်းတစ်သောင်းတန်ဆိုရင် ဈေးက တမျိုးတဲ့။
တစ်ထောင်တန်က ဈေးနည်းနည်း လျော့တယ်တဲ့။
ဒီမှာတင်ပဲ ကိုရွှေဂျပန်တို့လည်း ရှူးရှူးရှားရှား ဖြစ်ကုန်တာပေါ့။
" ဘာဖြစ်လို့လဲ ၊ ဘာဖြစ်လို့လဲ နန္ဒာစံရယ်၊ တစ်ထောင်တန် (၁၀)ရွက်ဆိုလည်း တစ်သောင်းပဲလေ၊ တစ်သောင်းတန် တစ်ရွက်ကလည်း တစ်သောင်းပဲလေ၊ အတူတူပဲလေ၊ဘာဖြစ်လို့ အဲ့လိုကြီး ဖြစ်ရတာလဲ၊
ဂျပန်မှာဆိုရင်လေ..........ဘာကိုပဲဝယ်ဝယ်၊ ဘယ်လောက်ဖိုးပဲဝယ်ဝယ်၊ ငွေသားနဲ့ ပေးမယ်ဆို ဘာတန်နဲ့ပေးပေး၊ အကြွေနဲ့ပဲပေးပေး ဈေးနှုန်းကအတူတူပဲလေ။ အဲ့ဒါရှင်းပြလိုက်၊ နင်ရှင်းပြလိုက်လေ" လို့ လုပ်ပါလေရော။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။
ပေးလိုက်တဲ့ ယန်းတစ်သောင်းတန်က အစွန်နားလေးမှာ မဆိုစလောက်လေး ( ၃မီလီမီတာ) လောက်လေး ခေါက်ပြီးပြဲနေတယ်။
အဲ့ဒါကို မယူဘူးတဲ့။
" ဘာဖြစ်လို့လဲကွယ်၊ ဒီပိုက်ဆံက သုံးလို့ရပါတယ်၊ အင်တာနေရှင်နယ်မှာ သုံးလို့ရပါတယ်ကွယ်၊ ဂျပန်မှာလည်း စိုးစဉ်းမျှကို ပြဿနာမရှိဘဲ သုံးလို့ရပါတယ်ကွယ်" လို့ ဖြေရှင်းပေမယ့်လည်း မရဘူး။
မဖြစ်လို့ပါပဲ ပြောနေတယ်၊
ဘာကို မဖြစ်မှန်းလဲ မသိဘူး။
ဒါကို ဂျပန်တွေကို ပြန်ရှင်းပြတော့ ထုံးစံအတိုင်း သူတို့က ဆစ်ဆစ်ပေါက်ပေါက်တွေ လုပ်ရော။
ဘယ်နေရာက မဖြစ်တာလဲ၊ ဘယ်နေရာက ဒီပိုက်ဆံကို လက်မခံဘူးလို့ ပြောတာလဲ၊ အဲ့သည့်နေရာက တာဝန်ရှိတဲ့သူနဲ့ တွေ့လို့ရမလား၊ ငါတို့ ပိုက်ဆံက ငါတို့တိုင်းပြည်ကို ပြန်ဝင်ရင် ငါတို့ပိုက်ဆံအစစ်ဆိုရင် ဒီလိုမဆိုစလောက်လေးကိုမပြောနဲ့၊ ထက်ပိုင်းပြဲလုနီးပါးဖြစ်နေလည်း ပြန်ယူတယ်၊ ဒါဂျပန်ပိုက်ဆံ " လို့ အခိုင်အမာ ပြောဆိုပါလေရော။
နာရှိတ်ညစ်တဲ့အထဲမှာ အဲ့ဒါတွေ ပါတယ်။
ဒီပုံစံအတိုင်းဆိုရင်တော့ စေ့စပ်ဆွေးနွေးရေးက အလှမ်းဝေးနေဦးမှာပဲ။ ဒီတော့ကာ
" ငါပြောမယ်၊
ဒါက ဂျပန်ပိုက်ဆံဆိုတာ မှန်တယ်။ သို့သော်လည်း ဒါမြန်မာပြည်။
ဂျပန်ပိုက်ဆံက အင်တာနေရှင်နယ်မှာ ဒီလိုအခြေအနေမျိုးဆို သုံးလို့ရတာမှန်တယ်၊ သို့သော်လည်း မြန်မာပြည်ဟာ အင်တာနေရှင်နယ်ထဲမှာ မပါဘူးလို့ မှတ်၊
ဒီတော့ ကျေနပ်ရင် ပိုက်ဆံလဲ၊ မကျေနပ်ရင် လူလဲသေလိုက်ရုံကလွဲပြီး မရှိဘူး" ဆိုပြီးပဲ
ထုံးစံအတိုင်း မြန်မာပီပီ အာဏာသိမ်းလိုက် ပစ်လိုက်တယ်။
ဒီတော့မှ အခန်းကျဉ်းလေးထဲမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတဲ့ ဂျပန်တအုပ်လည်း ကုတ်ကုတ် ကုတ်ကုတ်နဲ့ စာအိတ်လေးတွေထဲက ပါတာလေးတွေကို ဂျပန်ပီပီ တန်းစီပြီး လဲကြတော့တယ်။ သူတို့ကို ကြည့်ပြီးလည်း သနားမိပါတယ်။ ကျေကလည်း မကျေနပ်၊ ပြန်ကလည်း ပြောလို့မတတ်၊ လဲမရတဲ့ ပိုက်ဆံကြောင့်လည်း အသုံးစရိတ်က လျော့သွားတော့ အခက်တွေ့ရနဲ့ ပေါ့။
ဒီမှာတင်ပဲ ဟိုအရင်တခါက ဂျပန်မှာ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးတခုကို စာရေးထားတာလေး ပြန်သတိရမိတယ်တော့တယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်တုန်းက အဖြစ်အပျက်လေးတခုပေါ့။
" ငါးမူးစေ့ " တဲ့။
မနေ့က အိမ်ကိ ဂျပန် ပြည်တွင်း ချောထတ်ပို့ဆောင်ရေးလုပ်ငန်းက ကျွန်ုပ်မှာထားတဲ့ ချောထုတ်တထုတ် လာပို့တယ်။ ချောထုတ်(ပစ္စည်း)ရဲ့ ပို့ခကိုတော့ ကျွန်ုပ်က ပေးပါ့မယ်ဆိုတဲ့ စနစ်နဲ့ ဂျပန်ပြည်တွင်းက မိတ်ဆွေတယောက်က ကျွန်ုပ်မှာလိုက်တဲ့ ပစ္စည်းကို ပို့ပေးလိုက်တာပါ။
ဂျပန်မှာ အဲဒီလို ပုဂ္ဂိလက door to door ချောထုတ်ပို့ပေးတဲ့ စနစ်ရှိတယ်။ ပစ္စည်းပို့လိုက်တဲ့သူနဲ့ ပစ္စည်းမှာတဲ့ ၂ဦးက အချိန်ကိုညှိပြီး ချောထုတ်ပို့တဲ့ ဘောင်ချာမှာ ကိုယ့်ကိုလာပို့စေချင်တဲ့ အချိန်ပိုင်းကို တခါတည်း ဖြည့်ပေးလို့ရတယ်။
ကိုယ်ရေးလိုက်တဲ့ အချိန်ပိုင်းအတောအတွင်းမှာ ကိုယ့်ဆီကို ချောထုတ်က အတိအကျရောက်လာတယ်။
အဲဒီလို အတိအကျ လုပ်ထားတဲ့အပြင် အဲသည့် ကုမ္မဏီက ဝန်ထမ်းတွေက အိမ်တအိမ်ကို ပစ္စည်းလာပို့တော့မယ်ဆိုရင်၊ အိမ်အောက်လောက်အရောက်မှာ ကျိန်းသေအောင် ဖုန်းထပ်ဆက်တယ်။
" ဒီအိမ်က ဘယ်သူဘယ်သူက ချောထုတ်မှာထားပါတယ်။ ပို့ခဘယ်လောက်ကျပါတယ်။ ကျနော်လာပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အခုကစပြီးလာရင် ရပါမလား " စသဖြင့် မေးပါတယ်။
တကယ်တော့ မေးတာချည်း သက်သက်မဟုတ်ဘဲ ဘယ်လောက်ကျတယ်၊ ပိုက်ဆံထုတ်ထားပါဆိုတဲ့ သဘောလည်း ပါတာပေါ့လေ။
ဂျပန်မှာ အချိန်က အင်မတန် တန်ဖိုးရှိပါတယ်။ အဲသည့် ချောထုတ်၊ ချောစာပို့တဲ့ ဝန်ထမ်းတွေဆို တအိမ်ကို အကြာဆုံး တစ်မိနစ်ကနေ စက္ကန့်(၂၀)လောက်ပဲ သုံးလေ့ရှိတယ်။
ပစ္စည်းလာပို့မှ ခဏစောင့်ပါဦး ပိုက်ဆံထုတ်လိုက်ဦးမယ် ဆိုတာမျိုး လုပ်လေ့မရှိပါဘူး။ အဲသည်လို လုပ်နေပြီဆို အဲ့ဒါ ဂျပန်ထုံးစံမဝသေးတဲ့ နိုင်ငံခြားသားပဲ။
အဲဒါနဲ့ပဲ ထုံးစံအတိုင်း ကျွန်ုပ်ဆီကို ပစ္စည်းလာပို့ဖို့ကို ဖုန်းဆက်လာပါတယ်။ ပို့ခ ဂျပန်ယန်း ၁၀၅၀ ကျတယ်ပြောပါတယ်။ ကျွန်ုပ်လည်း သူတို့အကြောင်း သိနေတော့ လက်မှတ်ထိုးယူဖို့ ဘောပင် (သူတို့မှာလည်း ပါပါတယ်)၊ နဲ့ ပိုက်ဆံ ယန်း၁၀၅၀ ကို ပြင်ဆင်ဖို့ လုပ်တော့၊ ထောင်တန်က ရှိနေပေမယ့် (၅၀) ယန်းစေ့က မရှိဘူးဖြစ်နေတယ်။
ဂျပန်က မြန်မာများ အခေါ်ဆို ငါးမူးစေ့ ပေါ့လေ။
အဲဒီ့ ငါးမူးစေ့က မရှိဘဲ (၁၀၀)စေ့ပဲ ရှိတာနဲ့ အားနာနာနဲ့ပဲ ထောင်တန်တရွက်နဲ့ တစ်ရာစေ့တစေ့ကို အဆင်သင့်ပြင်ပြီး စောင့်နေလိုက်ပါတယ်။
ဖုန်းချပြီး စက္ကန့်ပိုင်းအတွင်း ချောထုတ်ပို့ ဝန်ထမ်းရောက်လာပါတယ်။ ကျွန်ုပ်လည်း ချောထုတ်ကို လက်မှတ်ထိုးယူပြီး အားနာနာနဲ့ပဲ အတိအကျပိုက်ဆံ ထုတ်မထားနိုင်ကြောင်းပြောပြီး ထောင့်တစ်ရာပေးတော့ သူက " ငါလည်း ဒီနေ့မှ ဘယ်လိုဖြစ်တယ်မသိဘူး၊ ငါးမူးစေ့တွေ အတော်ထွက်တယ်။
ဒီတစေ့ကတော့ ဘဏ်ကို ပြန်အပ်မယ်ဆိုပြီး ဖယ်ထားတာ နဲနဲတော့ တွန့်လိမ်ပြီး အနားက စုတ်နေပြီလို့" ပြောပြောပြပြနဲ့ ကျွန်ုပ်ကို အဲသည့်ငါးမူးစေ့ကို ပြပါတယ်။ ကျွန်ုပ်လည်း ရပါတယ်ဆိုပြီး ယူထားလိုက်မိတယ်။
ဒီလိုနဲ့ ညနေပိုင်းရောက်တော့ ခင်ပွန်းသည်အတွက် ၈၈၈၈နေ့မှာ ဝတ်ဖို့ ကချင်ပုဆိုးကို စာတိုက်ဝင်ပြီး သွားပို့ပါတယ်။ ပို့ခက ယန်း(၁၁၅၀) ကျပါတယ်။
ကျွန်ုပ်လည်း ပိုက်ဆံအိတ်ထဲကနေ ထောင်တန်တရွက်နဲ့ (၁၀၀)စေ့ နှစ်စေ့ကို ကောင်တာပေါ်တင်ပေးလိုက်တယ်။ နောက်တော့မှ ငါးမူးစေ့ အစုတ်လေးကို သတိရတာနဲ့ တစ်ရာစေ့ တစေ့ကို ချက်ခြင်း ပြန်ကောက်ယူပြီး တစ်ရာစေ့အစား ငါးမူးစေ့ အစုတ်လေးကို ပေးလိုက်ပါတယ်။ ကောင်တာက စာတိုက်ဝန်ထမ်းက ဘာမှ မပြောပါဘူး။
လုပ်နေကျအတိုင်းပဲ ပစ္စည်းပို့မယ့် တိုင်းပြည်ရယ်၊ ပစ္စည်း အလေးချိန်နဲ့ အမျိုးအစားရယ်ကို နှိပ်လိုက်ရင် တဖက်က စက်ထဲမှာ ပို့ခတွက်ပြီးသားပေါ်လာတယ်။
ဒီတော့မှ ကျွန်ုပ်ပေးသမျှ ပိုက်ဆံတွေ ပိုက်ဆံတွက်စက်ထဲ ကောက်ယူပြီး ထည့်လိုက်ပါတော့တယ်။
အဲသည်မှာပဲ ငါးမူးစေ့အစုတ်လေးကို စက်က ပိုက်ဆံရယ်လို့ မဖတ်ပါဘူး။ စက်က ငါးမူးစေ့ကို ပြန်ထုတ်ပေးပြီး ငါးမူးလိုနေတယ်လို့ပဲ ပြနေပါတယ်။
စာတိုက်ဝန်ထမ်းကလည်း ၃ကြိမ် ၃ခါတိတိ ထပ်ခါထပ်ခါ ထည့်ပါတယ်။ စက်ကလည်း ပြန်ပြန်ထွက်ကျလာပါတယ်။ လိုအပ်တဲ့အချိန်ထက် ၂မိနစ်လောက် ပိုကြာလာတော့ နောက်က စောင့်နေသူတွေကိုရော ဝန်ထမ်းကိုရော ကျွန်ုပ်အားနာလာတယ်။
ဒီအချိန်မှာ နောက်လှည့်မကြည့်ပေမယ့်
" စက်နဲ့ဖြတ်မယ်ဆိုတာကို သိရက်သားနဲ့ ပိုက်ဆံစုတ်ပေးရလား၊ ဘယ်လိုလူလဲ။
ကိုယ့်ကြောင့် တခြားလူတွေ အချိန်တွေ ဖင့်ကုန်တာ အားမနာဘူးလား။
တကယ့်ကို တကိုယ်ကောင်းပါပဲ၊
ဧကန်ဒ နိုင်ငံခြားသားထင်တယ်" …စသဖြင့်တွေကို ပါးစပ်က ထုတ်မပြောပေမယ့်လည်း၊ ပြောနေသယောင် မျက်လုံးတွေနဲ့ ကျွန်ုပ်ကို နောက်ကနေ ကြည့်နေမယ်ဆိုတာ အတတ်သိနေလိုက်ပါပြီ။
အဲသည့်အချိန်မှာ စောစောက မလိုချင်လို့ ပေးလိုက်တဲ့ ငါးမူးစေ့လေးကို ပြန်လိုချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတယ်။
ကျွန်ုပ်လည်း မနေနိုင်တော့ဘဲ စာတိုက်ဝန်ထမ်းကို မရရင်လည်း ပိုက်ဆံ ငါပြန်လဲပေးမယ်လေ လို့ ပြောတော့ ဝန်ထမ်းက အခုလို တလုံးချင်း အေးအေးဆေးဆေးပဲ ပြောပါတယ်။
" ကိစ္စမရှိပါဘူး။ စက်ကနားမလည်ပေမယ့် ငါက နားလည်တယ်လေ၊ ဒီငါးမူးစေ့က စုတ်နေပေမယ့် ဒါဂျပန်ကထုတ်တဲ့ ပိုက်ဆံလေ။ ငါတို့ တိုင်းပြည်က ထုတ်တဲ့ ပိုက်ဆံကို ငါတို့အသိအမှတ် ပြုရမယ်လေ "တဲ့။
"နောက်ပြီး နင့်ကို ပြန်ပေးလိုက်ရင် တခြားတနေရာမှာလည်း အခုလိုပဲ နင်ရောတခြားသူတွေရော ကသိလင့်တ ဖြစ်နေဦးမယ်လေ။ ကိစ္စမရှိပါဘူး။ ငါက ဂျပန်လူမျိုးဆိုတော့ စက်ကမသိပေမယ့် ငါကသိတယ်။ ငါပဲ လဲယူထားလိုက်ပါ့မယ် " ဆိုပြီး ပြောပြောဆိုဆိုနဲ့ သူ့ပိုက်ဆံအိတ်ထဲက ငါးမူးစေ့အကောင်းတစေ့ကို စက်ထဲထည့်ပြီး ထွက်လာတဲ့ ဘောင်ချာကို ကျွန်ုပ်ကို ပေးပြီး နောက်တယောက် ရပါပြီခင်ဗျားလို့ အော်လိုက်ပါတော့တယ်။
ကောင်တာက လှည့်အထွက်မှာတော့ ထင်တဲ့အတိုင်းပဲ ကျွန်ုပ်နောက်မှာ တန်းစီနေတဲ့ စောစောက ကျွန်ုပ်တွေးထင်ထားတဲ့ မျက်လုံတွေကို မြင်လိုက်ရပါတယ်။
ငါးမူးစေ့ အစုတ်ကလေးက ပေးလိုက်တဲ့ သင်ခန်းစာကြောင့် ကျွန်ုပ်အတော်လေးကို ရှက်မိပါတယ်။
မကောင်းတဲ့ ပစ္စည်းတခုကို ကိုယ့်လက်ကလွတ်ရင် ပြီးရော၊ တခြားသူတွေအတွက် ထည့်မတွေးတတ်တဲ့ အကျင့်ဟာ အတော့်ဟာ တကိုယ်ကောင်းဆန်ပြီး အဆင့်အတန်းမရှိပါလားဆိုတာကို ကိုယ်တိုင်ခံစားသိရှိလိုက်ရတယ်။
ကျွန်ုပ်တို့ မြန်မာပြည်မှာတုန်းကဆိုရင်တော့ ပိုက်ဆံအစုတ်ရလာရင် ရလာစဉ်တုန်းကလည်း မလိုချင်တဲ့အကြောင်း ငြင်းဆန်မိသလို၊ ရလာပြန်ရင်လည်း ကိုယ့်လက်ကလွတ်ပြီးရောဆိုပြီး အကောင်းတွေကြားမှာ အစုတ်တွေ ညှပ်ပေးတာတို့၊ ဒါပဲရှိတယ်ဆိုပြီး ဗြောင်ပေးတာတို့၊ မသိချင်ယောင်ဆောင်ပေးလိုက်ပြီး
တဖက်က ပြန်ပြောမှ
" သြော်..ဟုတ်လား၊ အင်း အင်း ပြန်လဲပေးမယ်။ ကိုယ်ကလည်း အားနာတတ်တာတော့ အခုလိုပဲ အစုတ်တွေပဲ ကိုယ့်ဆီမှာစုနေတော့တာပဲ" ဘာညာဆိုပြီး ကိုယ်ကပဲ စိတ်ကောင်းတွေ သိပ်ရှိနေသလိုလိုမျိုးလည်း လုပ်တတ်ကြပါတယ်။
အဲလိုမှ မလုပ်ဘဲ ဘဏ်မှာသွားလဲရင်လည်း တနေကုန်အချိန်ကြာတတ်သလို၊ အစိုးရဌာနတွေမှာ လည်း ဝန်ထမ်းတွေက ကြည်ဖြူစွာ လက်ခံယူလေ့မရှိပါဘူး။
ကျိန်းသေတာတခုက ပိုက်ဆံအစုတ်ရလာရင် မြန်မာနိုင်ငံသား အယောက်တစ်ရာမှာ တစ်ရာ နီးပါးက စောစောက ဂျပန်တွေးသလို ငါတို့နိုင်ငံကထုတ်တဲ့ ပိုက်ဆံမို့ အသိအမှတ်ပြုရမယ်လို့ တွေးမိမှာ မဟုတ်ဘူး ထင်ပါတယ်။ တွေးနိုင်လောက်အောင်လည်း အခြေအနေက မပေးပါဘူး။ အခြေအနေ ပေးနိုင်လောက်အောင်လည်း အားလုံးက ဘယ်နေရာမှာမှ မညီညွတ်ကြပါဘူး။
နောက်တခုက စာတိုက်ဝန်ထမ်းက " နင့်ဆီမှာရှိနေရင် နောက်တနေရာမှာလည်း နင်ဒီလို လုပ်ဦးမှာပဲ" လို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားဟာ အတော်ကလေး ထိပါတယ်။
"နင့်အကျင့်ဟာ ဒီလိုမျိုးပဲ" လို့ ပြောလိုက်သလိုပါပဲ။
ဒါနဲ့ အလုပ်ရောက်တော့ အလုပ်ထဲက ဂျပန်ကို ဖြစ်ကြောင်း ကုန်စင်ပြောပြီး ငါ့နေရာမှာဆို နင်ဘာလုပ်မလဲလို့ မေးတော့ သူက " အဲသည့်ငါးမူးစေ့ကို သပ်သပ်ဖယ်ထားပြီး ဘဏ်ရောက်တော့မှ လဲလိုက်တာပေါ့။ ဒါဆို ဘယ်သူမှ မထိခိုက်တော့ဘူးလေ" တဲ့။
ကျွန်ုပ်လည်း လေပူတချက်မှုတ်ထုတ်ရင်း " အင်း...ငါ အများကြီး လိုပါသေးလား" လို့ တကိုယ်တည်း တွေးမိလိုက်ပါတော့တယ်။
နန္ဒာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...