Sunday, February 8, 2015

အောင်ဆန်းစိတ်ဓာတ်၊ အောင်ဆန်းအမွေ ဒီနေ့ခေတ် လူငယ်တွေမှာ ရှိသလား

ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်ပါတယ်။ ၁၉၁၅ မှာ မွေးဖွားခဲ့သူမို့ အခုနှစ် ၂၀၁၅ မှာ အသက် ၁၀၀ ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ် ၅ လ နဲ့ ၆ ရက်သာ အသက်ရှင် နေထိုင်သွားရပြီး ၁၉၄၇ ဇူလိုင် ၁၉ မှာ မသမာသူတွေရဲ့ လုပ်ကြံ သတ်ဖြတ်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။


စစ်အာဏာရှင်တွေလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းကနေ ပျောက်ကွယ်အောင် ဖုံးအုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖုံးကွယ်ကွယ် စစ်မှန်သူမို့ ပြည်သူတွေက သူ့ကို မမေ့ခဲ့ကြပါဘူး။ ဒီကနေ့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်အခမ်းအနားနဲ့ ဂုဏ်ပြုပွဲသဘင်တွေကို မြန်မာနိုင်ငံအနှံ့က မြို့ရွာတွေမှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြပါတယ်။ ဗိုလ်ချုပ်မွေးဖွားခဲ့ရာ နတ်မောက်မြို့မှာလည်း ဗိုလ်ချုပ်မွေးနေ့ရာပြည့် အခမ်းအနားကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

အောင်ဆန်းဟာ ဘယ်တော့မှ မသေခဲ့ပါဘူး။ အောင်ဆန်းစိတ်ဓာတ်၊ အောင်ဆန်းအမွေကို ဒီနေ့ခေတ် လူငယ်တွေဆီ ရောက်ရဲ့လား၊ ရရဲ့လား DVB ဒီဘိတ်ကို ဖေဖော်ဝါရီ ၇ က ရိုက်ကူးခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် စာရေးဆရာ လေးကိုတင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဖက် ဗိုလ်နေ၀င်း (ခ) ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းရဲ့ မြေး ကိုအေးနေ၀င်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင်နဲ့ စာရေးဆရာ ကောင်းသန့်တို့က ပါဝင်ဆွေးနွေးကြပါတယ်။

အောင်ဆန်းစိတ်ဓာတ်ဆိုတာ ဘာလဲ

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားနိုင်ငံရေးဘ၀မှာ ကျောင်းသားအရေးကို ဦးထိပ်ထားခဲ့တယ်။ သခင်ဘ၀မှာတော့ သခင်စိတ်ဓာတ်နဲ့ နိုင်ငံရေးကို ဦးဆောင်ပါဝင်ခဲ့တယ်။ ရဲဘော်သုံးကျိပ်ဘ၀မှာလည်း ဗိုလ်တေဇ စိတ်ဓာတ် ရှိခဲ့တယ်။ ချုပ်လိုက်ရင် ကျောင်းသားစိတ်၊ သခင်စိတ်၊ ရဲဘော်စိတ် ရှိတဲ့သူ၊ အဲဒါဟာ အောင်ဆန်းစိတ်ဓာတ်လို့ ဆရာလေးကိုတင်က ပြောပြတယ်။

တိုင်းပြည်ကောင်းစားမယ်၊ ပြည်သူတွေ အကျိုးရှိမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ်လက်ခံယုံကြည်ထားတဲ့ အယူအဆတွေကိုတောင် ပြောင်းလိုက်နိုင်သူမျိုးဖြစ်တယ်။ ဒါပေမဲ့ လွတ်လပ်ရေးကို အရယူမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ဘယ်တော့မှ မပြောင်းခဲ့ဘူး၊ အဲဒါအောင်ဆန်းစိတ်ဓာတ်ပဲလို့ ကိုအေးနေ၀င်းက ထောက်ပြပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သူ့အဖိုးဆီကရော ကျောင်းသင်ခန်းစာကနေ တဆင့်ပါ သိခဲ့ပါတယ်လို့ ပြောပြပါတယ်။

လွတ်လပ်ရေးယူစဉ်ကတည်းကနေ အခုထက်ထိ တိုင်းရင်းသားတွေ အယုံကြည်ခဲ့ဆုံး ခေါင်းဆောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါလို့ ချယ်ရီဇာဟောင်က ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြောတဲ့အတိုင်း လုပ်သူဖြစ်တယ်၊ ရိုးသားဖြောင့်မတ်တယ်၊ ချင်းတစ်ကျပ် ဗမာတစ်ကျပ်ဆိုတဲ့ တန်းတူညီမျှသူ ဖြစ်တယ်၊ ဘာသာရေးနဲ့ နိုင်ငံတော်ကို ခွဲထားတယ်၊ ဘာသာရေး ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်တာမျိုးကို ဗိုလ်ချုပ်အောင်ဆန်း မကြိုက်ပါဘူးလို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရိုးဖြောင့်တယ်၊ သူငယ်စဉ် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့နေတော့ ဘုန်းကြီးကို မအိပ်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့သူ ဖြစ်တယ်။ ဇွဲလုံ့လ ၀ီရိယ ရှိတယ်။ ဒေါ်ခင်ကြည်ရဲ့ ဒိုင်ယာရီစာအုပ်ကတဆင့် သိရတာက ရန်ကုန်တက္ကသိုလ်အဓိပတိရဲ့ ခွေးကျောင်းသူ အင်္ဂလိပ်လို ကောင်းစွာပြောနိုင်သူနဲ့ မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာ တိုးတက်ရေး လေ့ကျင့်ခဲ့သူ ဖြစ်တယ်လို့ စာရေးဆရာကောင်းသန့်က ပြောတယ်။

ဗိုလ်ချုပ်ဟာ သတ္တိရှိတယ်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်မောင့်ဘက်တန် ဂုဏ်ပြုပွဲမှာ အဲဒီလူက နိုင်ငံရေးဆိုတာ လူယုတ်မာတွေ ခိုအောင်းရာလို့ ပြောတော့ ခင်ဗျားတို့ အနောက်နိုင်ငံတွေမှာတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်၊ ကျုပ်တို့ အရှေ့တိုင်းမှာတော့ နိုင်ငံရေးဆိုတာ အများအကျိုး လုပ်ဆောင်တာမို့ အကျင့်သီလပြည့်စုံတဲ့သူမှ လုပ်နိုင်တဲ့ သူတော်စင်တွေသာ လုပ်နိုင်တဲ့ အလုပ်မျိုးလို့ သတ္တိရှိရှိနဲ့ လူပုံအလယ်မှာ မှန်တယ်ထင်တာကို ပြောရဲသူဖြစ်တယ်လို့ ဆရာကောင်းသန့်က ပြောပါတယ်။ စွန့်လွှတ် အနစ်နာခံတာလည်း ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်ပါပဲလို့ ဆရာက ဖြည့်စွက်ပါတယ်။

အောင်ဆန်းစိတ်ဓာတ် လူငယ်တွေမှာ ရှိသလား

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်တွေကိုတော့ ဒီနေ့ခေတ် လူငယ်တွေ လေ့လာ အတုယူနိုင်ပါတယ်လို့ ဆရာလေးကိုတင်က ပြောပါတယ်။ ဗိုလ်ချုပ်ကို အတုယူတဲ့ သူတွေ၊ ဗိုလ်ချုပ်လို စိတ်ဓာတ်မျိုး ရှိသူတွေကို နိုင်ငံရေးလောကမှာတော့ တွေ့နိုင်တယ်၊ တခြားနယ်ပယ်တွေမှာတော့ ရှိနိုင်မယ် မထင်ဘူးလို့ ဆရာက ပြောပါတယ်။

၁၉၄၈ ကနေ ၁၉၈၈ အထိ နိုင်ငံကို ဦးဆောင်ခဲ့သူတွေက ဗိုလ်ချုပ်နဲ့အတူ လက်တွဲ လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တွေ ဖြစ်လို့ အဲဒီကာလအပိုင်းအခြားအထိတော့ ဗိုလ်ချုပ်ကို လူငယ်တွေက သိကြတယ်လို့ ကိုအေးနေ၀င်းက ပြောပါတယ်။ ၁၉၈၈ အထိ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ဆွဲထားခဲ့တယ်လို့ သူက ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း အပြောင်းအလဲတွေမှာတော့ အကြောင်းအမျိုးမျိုးနဲ့ ဗိုလ်ချုပ်ကို သမိုင်းကနေ ဖျောက်ပစ်လိုက်ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဟာ လူငယ်တွေကြားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလူငယ်တွေထဲက ဗိုလ်ချုပ်အောင်ဆန်းလို အရည်အချင်းရှိတဲ့ လူငယ်တွေ ထွက်လာရင် မြန်မာတွေက လက်ခံကြပါ့မလားလို့ ချယ်ရီဇာဟောင်က မေးခွန်းထုတ်ပါတယ်။ ဗိုလ်ချုပ်လိုသာ အရည်အချင်း ရှိပါစေ၊ မေးစရာတောင် မလိုပါဘူးလို့ စာရေးဆရာကောင်းသန့်က ပြောပါတယ်။ ဒါပေမဲ့ ဆရာက တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ချင်းတောင်မှာ သူ သုံးနှစ်နေဖူးလို့ ကောင်းစွာ သိပါတယ်လို့ ပြောပါတယ်။

လူငယ်တွေမှာ အောင်ဆန်းစိတ်ဓာတ် ရှိသလားမေးတာထက် ဗိုလ်ချုပ်အောင်ဆန်းဆီကနေ ဒီနေ့ခေတ်လူငယ်တွေ အတုယူသင့်တာက ဗိုလ်ချုပ်ဟာ သူကျဆုံးစဉ်မှာ အသက်အားဖြင့် ၃၂ နှစ်သာ ရှိသေးပေမယ့် သူဟာ ဒီးဒုတ်ဦးဘချိုလို ဦးရာဇတ်လို လူကြီးတွေကို နေရာပေးခဲ့တယ်။ လူကြီးတွေ ပြောတာကို တန်ဖိုးထား အကြံဥာဏ်ယူ၊ ဆည်းကပ်ခဲ့တယ်လို့ ကိုအေးနေ၀င်းက ထောက်ပြပါတယ်။

ပရိသတ်တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှ ဖြစ်မယ်ဆိုတာကို အဲဒီခေတ်က လူကြီးတွေကလည်း သိခဲ့တယ်၊ ဒါ့ကြောင့် ဗိုလ်ချုပ်ကို နေရာပေးခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း လူငယ်တွေ နေရာပေးဖို့၊ မချုပ်ကိုင်ဖို့ လိုပါတယ်လို့ ပါဝင်ဆွေးနွေးပါတယ်။

ဗီဇနဲ့ ပတ်ဝန်းကျင် ရှိဖို့လိုတယ်

ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတစ်ခုမှာ ဘယ်သူမဆို၊ တပ်သားလေး ဖြစ်နေပါစေ၊ သူ့ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ လုပ်ရည်ကိုင်ရည်၊ အမြော်အမြင်နဲ့ နိုင်ငံချစ်စိတ် ပိုရှိတဲ့သူ ဖြစ်ရင် ခေါင်းဆောင်တင်ပြီး သူ နောက်လိုက်လုပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ကြော်ငြာထိုးတာမျိုး မဟုတ်ဘဲ တိုင်းပြည်နဲ့လူထုကို မျက်နှာမူတဲ့ ဖြောင့်မတ် ရိုးသားသူဖြစ်လို့ ဒီစကားမျိုး ပြောရဲတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိသူ မျိုးဗီဇမှန်ကန်တဲ့ လူဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းကိုလည်း မှီခဲ့ရသူ ဖြစ်ပါတယ်။ အဖိုးရဲ့ လွတ်လပ်လိုစိတ်၊ နိုင်ငံချစ်စိတ်၊ အမေရဲ့ ရဲရင့်ပြတ်သား မာကြောတဲ့ စိတ်၊ အစ်ကိုတွေရဲ့ ပညာလိုလားတဲ့ စိတ်တွေ ရခဲ့သလို ငယ်စဉ်ကတည်းက မမှန်တာကို မပြော၊ ကိုယ့်အတွက်ထက် အများအတွက်ကို ကြည့်ခဲ့ စွန့်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသားကျောင်းထွက်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက တက်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ်တိုင်လည်း ဗီဇကောင်းပြီး ကြိုးစားအားထုတ်သလို အဲဒီခေတ် ပတ်ဝန်းကျင်ကနေ ဗိုလ်ချုပ်ကို မွေးထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကလည်း တော်ကြတယ်၊ ဗိုလ်ချုပ်ကတော့ သူတို့တွေထက် ပိုကြီးကျယ်တဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ ဘာ့ကြောင့်လဲ။

ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးအကျင့်သီလနဲ့ သတ္တိကြောင့် ဖြစ်တယ်လို့ ပါဝင်ဆွေးနွေးသူ ကိုစစ်မော်က ပြောပါတယ်။ ဗိုလ်ချုပ်ရဲ့နိုင်ငံရေးအကျင့်သီလကို အာဏာရပါတီရော အတိုက်အခံပါတီကပါ လေ့လာအတုယူသင့်တယ်လို့ သူက ဆိုပါတယ်။ နောက်တစ်ခုကတော့ သတ္တိပါ။ ဗိုလ်ချုပ်ဟာ သတ္တိရှိရှိနဲ့ စစ်ယူနီဖောင်းကို ချွတ်တယ်၊ နိုင်ငံရေးလောကထဲကို ၀င်ခဲ့တယ်။ နောက်နောက်က ဗိုလ်ချုပ်ကို ဆက်ခံသူတွေလည်း ဗိုလ်ချုပ်လို သတ္တိရှိပါ၊ နိုင်ငံရေးမှာ ၀င်မရှုပ်ပါနဲ့လို့ ကိုစစ်မော်က ပြောပါတယ်။

ဘယ်တော့မှ မသေတဲ့ ဗိုလ်ချုပ်

ဗိုလ်ချုပ်အောင်ဆန်းကို နှောင်းခေတ်ကလေးတွေ သိပ်မသိကြတော့ဘူးလို့ ပါဝင်ဆွေးနွေးသူ စာရေးဆရာ သိန်းအေးက ပြောပါတယ်။ သမိုင်းကို သတ်တာဟာ တစ်နိုင်ငံလုံးကို သတ်တာ၊ မျိုးဆက်ကို သတ်တာပါလို့ သူက ဆိုပါတယ်။ သမိုင်းကို မသတ်ပါနဲ့၊ ရှင်သန်ခွင့်ပေးပါလို့ ဆရာသိန်းအေးက ပြောပါတယ်။

ဗိုလ်ချုပ်လို ထပ်တူထက်မျှ နောက်တစ်ယောက်တော့ မပေါ်လာနိုင်တော့ပေမယ့် ဗိုလ်ချုပ်စိတ်ဓာတ်ရှိသူတွေတော့ ရှိလာဦးမှာပါ။ ကိုလိုနီခေတ်မှာတောင် ဗိုလ်ချုပ်အောင်ဆန်း ထွက်ခဲ့သေးတာပဲ၊ ဒီနေ့ခေတ်မှာ ဗိုလ်ချုပ်လို တော်တဲ့ လူငယ်တွေ ဘာကြောင့် မထွက်နိုင်မှာလဲလို့ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်ဟာ မသေပါဘူး၊ ဘယ်တော့မှ မသေပါဘူး။ ဗိုလ်ချုပ်ကို တကယ်ချစ်ခင်တယ်ဆိုရင် သူ့လို ကျင့်ကြံသင့်တယ်၊ သူ့ ပြောစကားကို နားထောင်သင့်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်၊ ပညာ၊ သတ္တိတွေ ဒီနေ့ခေတ် လူငယ်တွေမှာ ရှိလာအောင် စနစ်ကျနတဲ့ အဖွဲ့အစည်းတွေ တည်ထောင်ရမယ်လို့ ဆရာလေးကိုတင်က ပြောပါတယ်။

အစိုးရက ဦးဆောင်ပံ့ပိုး ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းနိုင်မယ့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို မှန်မှန်ကန်ကန် ပြုစုရမယ်၊ လူငယ်တွေ ဗိုလ်ချုပ်ပြောတာတွေ ကိုယ်တိုင်ကြားနိုင်အောင် ရုပ်သံတွေ ရေဒီယိုတွေကနေ ဗိုလ်ချုပ်မိန့်ခွန်းတွေ လွှင့်ရမယ်၊ စွယ်စုံကျမ်းတွေမှာ ရေးရမယ်။ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ ကျောင်း၊ ရုံး၊ ခန်းမတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ ချိတ်ဆွဲပြီး လူငယ်တွေကို အတုယူစေရမယ်လို့ စာရေးဆရာကောင်းသန့်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းသီးသန့်အတွက် ဂူဗိမာန်ကြီးတစ်ခု ပြုလုပ်ပေးရမယ်။ တရုတ်မှာ မော်စီတုံး၊ ရုရှမှာ လီနင်၊ ဗီယက်နမ်မှာ ဟိုချီမင်း ရှိသလို မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဂူဗိမာန်ကို တခမ်းတနား ထားထားပေးရမယ်။ အာဇာနည်ကုန်းနဲ့ မရောဘဲ အိုဘားမားလို နိုင်ငံ့ခေါင်းဆောင်တွေလာရင် ဗိုလ်ချုပ်ကိုသာ အလေးပြုချင်မှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့အတွက် နိုင်ငံတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေကြေးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ရိုက်နှိပ်ထားရမယ်။ ဒါမှ ဗိုလ်ချုပ်အောင်ဆန်းကို လူတိုင်းက အမြဲတမ်းတွေ့နေရပြီး အထင်ကြီးမယ်၊ လေးစားမယ်၊ အတူယူမယ်လို့ ဆရာကောင်းသန့်က ပြောပါတယ်။

ဗိုလ်ချုပ်ဟာ ကိုယ်ကျိုးစွန့်ခဲ့တယ်၊ တိုင်းပြည်ကို ချစ်ခဲ့တယ်၊ အာဇာနည်ဖြစ်တယ်၊ ဒီလူကို တမ်းတရမယ်၊ အလေးအမြတ်ပြုရမယ်။ သူ့ကို တမ်းတတာဟာ အပြစ်လားလို့ စာရေးဆရာ ကောင်းသန့်က လွမ်းဆွတ် ကြေကွဲဟန်နဲ့ ဒီဘိတ်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ တကယ်တော့ နှစ် ၁၀၀ ပြည့်တဲ့အထိ ဗိုလ်ချုပ်ဟာ မသေခဲ့ပါဘူး။ DVB ဒီဘိတ်က ဗိုလ်ချုပ်ကို ဂုဏ်ပြု တင်ဆက်ခဲ့ပါတယ်။

ရန်ကုန်
ဖေဖော်ဝါရီ ၈၊ ၂၀၁၅။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...