Monday, August 31, 2015

ဆရာဝန်ကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတဲ့ သမီးထော်


သမီးတော်တွေ သမီးတော်တွေလို့ ဆောင်းပါးတွေ ရေးနေပေမဲ့ တကယ်ခွက်ခွက်လန်အောင် ဆိုးတဲ့သမီးတော်က နှစ်ပါးပဲရှိတာပါ။ ခွက်ခွက်လန်အောင် ဆိုးတယ်ဆိုတာက အောက်လက်ငယ်သားတွေကို နှိပ်စက်လွန်းလို့ပါ။ ဈေးဝယ်ကြမ်းတဲ့ နေရာမှာတော့ အားလုံးက လက်ညီပါပေတယ်။ သမီးတော်တွေ ဆိုးသမျှဒဏ်ကို ခါးစည်းခံရတာကလဲ မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြစ်ပါတယ်။
ဒီလိုခါးစည်းခံတဲ့ အတွက် မန္တလေး တိုင်းမှူးတွေ အားလုံးဟာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတက်တဲ့ သူတွေချည်းပါပဲ။ ပြောရရင် အာဏာရှင်ကြီးက ပြန်လည် စောင့်ရှောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်ခေတ်က မန္တလေးတိုင်းမှူးဖြစ်ရင် နောက်တစ်ဆင့် ရာထူးကို မှန်းလို့သေချာပေါက် ရပြီလို့ ပြောနိုင်တယ်။ ဒါကြောင့်လည်း တိုင်းမှူးတွေဟာ သမီးတော်တွေ သုံးသမျှ ဖြုန်းသမျှကို မြို့သစ်တွေ ဖော်ထုတ်ပြီး မန္တလေးမြို့ကြီးကို တရုတ်လက် ၀ကွက်အပ်လိုက်ရတာ ဖြစ်တယ်။ ပြောရရင် သူများတွေ ရေးနေတဲ့ မြန်မာ့ယဉ်ကျေးမှု ခံတပ်ကို တရုတ်လက်ထဲ အပ်လိုက်တာဟာ သမီးတော်တွေပဲဖြစ်တယ်။
သမီးတော်ရာဇ၀င် ဆောင်းပါးကို စီးရီးလိုက်ရေးတဲ့အခါမှာ ဂျာနယ်တိုက်ကို ဖိအားမျိုးစုံပေးတာ ခံရတယ်။ ဒါပေမဲ့ ကိုယ်ပြုသောကံ ပဲ့တင်သံကိုယ့်ထံ ပြန်လာမည်ဆိုတဲ့ စကားလို တစ်ချိန်တုန်းက ဒီလိုပြန်အရေးခံရမယ်လို့ စဉ်းစားခဲ့ရင် ဒီလိုဇာတ်လမ်းတွေ ဘယ်ဖြစ်လာမလဲဗျာ။ သိကြား သာသနာမှာ ၀ဋ်ဆိုတာ ဘ၀မကူးဘူးဆိုတဲ့ စာဆိုကလည်း ရှိတယ် မဟုတ်လား။ သမီးတော် ရာဇ၀င် ရပ်လိုက်တဲ့ အချိန်မှာ ဂျာနယ်တိုက်ကို ဒီဇာတ်လမ်း ဆက်ရေးပါလို့ တောင်းဆိုသူတွေ အများစု ဟာ တပ်မတော်ထဲက မိသားစုဝင်တွေ ဖြစ်နေတာကလဲ အံ့သြစရာ ကောင်းပါတယ်။ ဒုတိယ အများဆုံး တောင်းဆိုသူတွေကတော့ အမျိုးသမီး စာဖတ်ပရိသတ်ဖြစ်တယ်။ ဒါကြောင့် ဘယ်လို ဖိအားတွေရှိရှိ သမီးတော်ရာဇ၀င်ကတော့ ရှေ့ကိုဆက်လက် ရေးသားရတော့မှာ ဖြစ်တယ်။ တကယ်တော့ စာရေးဆရာဟာ သူ့ကိုယ်သူ မပိုင်ပါဘူး။ သူ့ရဲ့စာဖတ်ပရိသတ်ကပဲ ပိုင်တာပါ။ ရှားလော့ဟုမ်း ၀တ္တုတွေ ရေးတဲ့ စာရေးဆရာကြီး ဆာအာသာကိုဒင်နွိုင်းဟာ ရေးရတာ ပျင်းလာပြီး စုံထောက်ကြီး ရှားလော့ဟုမ်းကို ရေတံခွန်ထဲ ပြုတ်ကျသတ်ပစ်ခဲ့ပေမဲ့ ပရိသတ်ရဲ့အားကို မလွန်ဆန်သာပဲ ပြန်ရှင်တဲ့ ဇာတ်လမ်းကို ဖန်တီးပြီး ပြန်လည်အသက်သွင်း ပေးခဲ့ရဘူးပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး သည်းသည်းလှုပ် ကြိုက်နေတဲ့ သမီးတော် ရာဇ၀င်ကို ပြန်လည် အစပျိုးလိုက်ရပြီ ဖြစ်ပါကြောင်း။
ဒီတစ်ပတ် ဇာတ်လမ်းကို ပြောပြသူက မန္တလေးက အင်ဂျင်နီယာ တပ်မှူးတစ်ယောက် ဖြစ်ပါတယ်။ ထူးဆန်းတာက အဲဒီအချိန်မှာ တိုင်းမှူးကတော်ကအစ မန္တလေးက တပ်မှူးကတော်တွေဟာ ဆရာဝန်တွေ အများစု ဖြစ်နေကြတယ်။ ဒီတစ်ခါ ပြောပြတဲ့ တပ်မှူးကတော့ ဒီဇာတ်လမ်း ပြောပြချိန်မှာ သမီးတော်တွေ နှိပ်စက်တဲ့ဒဏ်ကို သူ့မိန်းမခံရတာကို သနားလွန်းလို့ တပ်မတော်က နှုတ်ထွက်စာ တင်ပြီး ထွက်လိုက်ချိန်လည်း ဖြစ်တယ်။ ဒီဇာတ်လမ်းဟာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် စာရေးဆရာဆီမှာ ရောက်ပြီးသား ဇာတ်လမ်းပါ။ ဒီမိုကရေစီစနစ်ကြောင့် ပြည်သူတွေ အခုအချိန်မှာ သိခွင့်ရတဲ့ ဇာတ်လမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။
ထုံးစံအတိုင်း သမီးတော်တွေထဲက ခပ်ဆိုးဆိုး တစ်ယောက်ရဲ့ အလုပ်အကျွေး အဖြစ် ဒီတပ်မှူးရဲ့ ဇနီးဆရာဝန်က တာဝန်ကျပါတယ်။ ညနေ ခြောက်နာရီလောက်မှာ အပြင်မှာ ဘယ်သူရှိသလဲ အော်သံကြောင့် ရှိပါတယ် သမီးတော်ဆိုပြီး အခန်းထဲဝင် လိုက်ရပါတယ်။ သမီးတော်က ထမီရင်လျားကြီးနဲ့ ရေချိုးဖို့ ပြင်နေတာပါ။ သူ့ခြေရင်းမှာတော့ သူဝတ်တဲ့ အတွင်းခံ ဘောင်းဘီ ရှိနေပါတယ်။ သမီးတော်က အဲဒီ အတွင်းခံ ဘောင်းဘီကို ခြေထောက်နဲ့ လှမ်းခတ်ပြီး ဆရာဝန်မရှေ့ကို ပို့လိုက်တယ်။ ပါးစပ်ကလည်း ဒီအတွင်းခံက ဒေါ်လာ၂၅၀၀ တန်တယ်။ မနက်ဖန် ငါပြန်ဝတ်မှာ။ ဒါကြောင့် ခုညတွင်းချင်း လျှော်ပြီး မီးပူ တိုက်ပြီးလာပို့။ တစ်ခြားသူကို မခိုင်းနဲ့နော်၊ နင်ကိုယ်တိုင်လျှော်၊ တစ်ခုခု ပျက်စီးလို့ကတော့ သေမယ်သာကြံဆိုတဲ့ အမိန့်တော်ချမှတ် လိုက်ပါတယ်။ တပ်မှူးကတော် ဆရာဝန်ဟာ အဲဒီအချိန်မှာ အသက် ၃၀ကျော် ရှိနေပါပြီ။ သူ့ရဲ့ ညီမအငယ်ဆုံး အရွယ်က နင်နဲ့ငါနဲ့ ပြောရုံမက အတွင်းခံ ဘောင်းဘီကို ခြေနဲ့ကန်ပေးတာကို ကောက်ပြီး စိတ်မကောင်းကြီးစွာနဲ့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တာနဲ့ သူ့ခင်ပွန်း မျက်နှာကို စေ့စေ့ကြည့်ပြီး ရှင့်လိုစစ်ဗိုလ်ကို ယူမိလို့ ကျွန်မ အစော်ကားခံလိုက်ရပြီလို့ တစ်ခွန်းခြင်း ပြောလိုက်ပါတယ်။ သမီးတော်တွေ ဇောင်းထတဲ့ ကာလမှာ ရှင့်လို စစ်ဗိုလ်ကို ယူမိလို့ အစော်ကားခံ လိုက်ရလေခြင်းလို့ ရန်အတွေ့ခံရတဲ့ တပ်မှူးတွေ အတော်များပါတယ်။
အရင်ရေးတဲ့ ဇာတ်လမ်း တစ်ခုထဲမှာလည်း တညလုံး အိပ်ခန်းထဲ မတ်တတ်ရပ် ဒဏ်ပေးခံရတဲ့ ဆရာဝန်မလေး အကြောင်းပါဘူးပါတယ်။ သူတို့ကတော့ အခုအချိန်မှာ တိုင်းမှူး ဖြစ်နေပါပြီ။ ဒီတစ်ခါ ဇနီးကို အတွင်းခံ ဘောင်းဘီ လျှော်ခိုင်းခြင်း ခံရတဲ့ တပ်မှူးကတော့ အဲဒီကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ထွက်စာတင်လိုက်ပါတယ်။ ဒီတပ်မှူးနဲ့ လက်စောင်းထက် အလွန်ခင်ပါတယ်။ အလွန်တည်တံ့ပြီး အလွန်သဘော ကောင်းတဲ့ တပ်မှူးပါ။ သူက ကျွန်တော်တတ်တဲ့ အင်ဂျင်နီယာ ပညာနဲ့ အပြင်မှာပဲ လုပ်စားတော့မယ်ဗျာ၊ ကိုယ့်ကြောင့် ကိုယ်မြတ်နိုးလို့ ယူထားတဲ့ ဇနီးကို သူများ အနိုင်ကျင့်တာ မခံနိုင်တော့ဘူးလို့ ရင်ဖွင့်သွားခဲ့ပါတယ်။ သမီးတော် ရာဇ၀င်ကို ဘာကြောင့် တပ်မတော်ထဲက မိသားစုတွေ ကြိုက်သလဲဆိုတာ ဒါကြောင့်ပါပဲ။ သမီးတော်တွေ နှိပ်စက်တဲ့ ဒဏ်ကို ပြည်သူတွေထက် တပ်မတော်ထဲက အရာရှိ စစ်သည်တွေတင်မက သူတို့ မိသားစုဝင်တွေပါ အများကြီး ခံခဲ့ရပါတယ်။ ကိုယ်အမူအရာနဲ့ နှုတ်အမူအရာနဲ့ စိတ်တိုင်းကျ စော်ကားတာကို ခံခဲ့ရတဲ့ အတွက် အခုအချိန်မှာ သမီးတော် ရာဇ၀င်ကို ဆက်ရေးပါ။ စာအုပ်ထုတ်ပါ။ ဘာလို့ရပ်လိုက် ရတာလဲ။ ခုထိ အဲဒီအာဏာရှင် မိသားစုက အာဏာရှိဆဲပဲလား ဆိုတဲ့ တယ်လီဖုန်းနဲ့ သတင်းမေးတာတွေ ပေးစာတွေဟာ ဂျာနယ်တိုက်မှာ ပလူပျံနေပါတယ်။ ဒါကြောင့် မီဒီယာရဲ့ တာဝန်ကို ထမ်းဆောင်တဲ့ အနေနဲ့ ဂျာနယ်တိုက်ကို ရောက်ရှိလာတဲ့ သမီးတော် ဇာတ်လမ်းတွေ၊ စာရေးသူ ကိုယ်တိုင် တွေ့ခဲ့ရ၊ ကြားခဲ့ရတဲ့ သမီးတော် ရာဇ၀င်တွေကိုတော့ အလျဉ်းသင့်သလို ဆက်လက် ရေးသားရတော့မယ် ဖြစ်ပါကြောင်း။
(လက်စောင်းထက် - Tomorrow)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...