Tuesday, August 18, 2015

"အမေ မသိပါစေနဲ့"


အမေ...သားကိုရင် ဆွမ်းခံကြွတဲ့အချိန်မှာ
ဆွမ်းခံအိမ်က ဒကာမကြီးတွေက
သူတို့သားသမီးတွေကို နွေးနွေးထွေးထွေး
ကြင်ကြင်နာနာနဲ့ မိဘရင်ခွင်ကြားမှာထားပြီး
လိုတာလေးတွေ ဝယ်ပေးနေတာမြင်တော့
သားကိုရင်လည်း...
အမေ့ရင်ခွင်ထဲမှာ နေပြီး သားကိုရင်....
ကစားချင်တဲ့ အရုပ်ကလေးတွေ ဝယ်ပေးဖို့
ပူဆာချင်တာပေါ့ အမေ။


အမေ....သားကိုရင်နဲ့ အရွယ်တူလေးတွေကို
သူ့မိဘတွေက စာသင်ကျောင်း အပေါက်ဝအထိ
ဂရုတစိုက်နဲ့ ကျောင်းလိုက်ပို့နေတာ
မြင်ရတော့...၊
သပိတ်ကို မနိုင်တနိုင်နဲ့ တစ်ပါးထဲ
ဆွမ်းခံသွားရတဲ့ သားဘဝကို အားငယ်မိတယ်
အမေ။
အမေ...သူများတွေ ဆိုင်ကယ်လေးတဝီဝီနဲ့
လိုရာခရီးကို အဆင်ပြေစွာ သွားလာနေတဲ့အခါ
သားတို့ကို ဘယ်လိုင်းကားမှ မတင်ချင်လို့
မှတ်တိုင်မှာ တစ်နာရီလောက်ထိုင်စောင့်နေရတဲ့
သားကိုရင်ရဲ့ အဖြစ်ကို အမေ မမြင်စေချင်ဘူး
အမေ..
သူများတွေ လက်ဖက်ရည်ဆိုင် ခေါက်ဆွဲဆိုင်
တွေမှာ အလုအယက်ဝယ်စားနေတဲ့ အချိန်မှာ
မနေ့က ၁၂နာရီကတည်းက ဘာမှ မစားထားရတဲ့ သားကိုရင်ရဲ့ အစာအိမ်က
ဟွန်းတီးနေတာကို အောင့်အီးပြီး
ဖိနပ်မပါ ခြေဗလာနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက်နေရဲ့ သားအဖြစ်ကို အမေ
မသိစေချင်ဘူး အမေ...
ဘဝပေး အခြေအနေကြောင့် မိသားစု ငါးယောက်စာ အတွက် ဝမ်းဝဖို့တောင်
အနိုင်နိုင် လုံးပမ်းနေရတဲ့ အဖေနဲ့ အမေ့ဆီကို
သားကိုရင်စာအုပ်ဖိုး လိုတဲ့အကြောင်း
ကတုန်ကရင် လက်နဲ့ မျက်ရည်တွေ
ရောသမမွှေပြီး ရေးပေးလိုက်ရတာကို
အမေ မမြင်စေချင်ဘူး အမေ...
ရတာမလို လိုတာမရတဲ့ ရဟန်းသာမဏ
ဘဝမှာ အအေးလိုတော့ အပူရတတ်သလို
အပူလိုတော့လည်း အအေးရတတ်တယ်
ဆိုတာ အမေ သိခဲ့မှာပါ။
ဒါတွေကို ...ကြိုသိနေတဲ့ အမေက
သူ့ရင်ဘတ်ကို အကွဲခံပြီး
သာသနာအင်အား မလျှော့ဖို့ မြတ်ဗုဒ္ဓ သာသနာ
ထွန်းလင်းတောက်ပဖို့အတွက် ရင်ကွဲခံပြီး
လှူဒါန်းခဲ့တာကို သားကိုရင်
သဘောပေါက်ပါတယ် အမေ..
ရဟန်းသာမဏေဘဝမှာ ဘယ်လို
ဒုက္ခမျိုးတွေပဲရရ ဘယ်လို အခက်အခဲတွေနဲ့ပဲ
ကြုံကြုံ ဘယ်လိုပင် ဆင်းရဲဆင်းရဲ
အမေ့ကိုတော့ မတွေ့ချင် မမြင်စေချင်ဘူး
အမေရယ်....။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...