Sunday, August 30, 2015

ဖေ့စ်ဘုတ်ကြောင့် လူငယ်တွေစက်ရုပ်ဖြစ်လာ

ကျွန်မ ရေးဖြစ်ခဲ့သော ဆောင်းပါးများ's photo.

နိုးနိုးချင်း အိပ်ရာဘေးမှာရှိတဲ့ ဖုန်းကိုယူ အင်တာနက်ကိုဖွင့် “ မောနင်း ” ဆိုတဲ့ စာတန်းလေးနဲ့ ဖေ့ဘုတ်ပေါ်ကနေ မနက်ခင်းတွေကို သူမ စတင်နုတ်ဆက်လေ့ရှိတယ်။ ပြီးရင် သူငယ်ချင်းတွေရေးထားတဲ့ စာတွေ ၊ သူမ ဖေ့ဘုတ်မှာရေးခဲ့တဲ့စာတွေ ၊ဓာတ်ပုံ တွေကိုပြန် ကြည့်လေ့ရှိတယ်။
တနင်္ဂနွေနေ့တွေ ဆိုရင်တော့ ရုံးပိတ်ရက်မို့ ဓာတ်ပုံတွေတင်ရင်း ၊ ဖေ့ဘုတ်မှာ ဖတ်မိတဲ့အကြောင်းအရာတွေကိုပြန်ဝေမျှရင်း နဲ့ တစ်နေကုန်မနက်မိုးလင်းကနေ မိုးချုပ်ထိအချိန်တွေကို သူမကုန်ဆုံးတယ်။
ယခုဆိုရင်သူမဖေ့ဘုတ်ကိုစွဲစွဲလမ်းသုံးတာတစ်နှစ်နဲ့သုံးလရှိပါပြီ။
“ ထမင်းစားတဲ့အချိန်နဲ့ ရေချိုးတဲ့အချိန်ပဲ မသုံးဖြစ်တာ ကျန်တဲ့ အချိန်ကဖေ့ဘုတ်သုံးတယ်”လို့ အသက် ၂၂ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်နွယ်ဦးကပြောပါတယ်။
သူမဟာ ဖေ့ဘုတ်သုံးချိန် တစ်နေ့ကို အနည်းဆုံး ၁၀ နာရီအထက်သုံးတဲ့ လူငယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။
“ ဖေ့ဘုတ်က ညီမအတွက် မရှိမဖြစ်ပဲ ၊ ဖေ့ဘုတ်မှာ ဓာတ်ပုံတင်ရင်တင် ၊ စိတ်ထဲမကျေနပ်တာရေးရင်ရေး ၊ သူငယ်ချင်းတွေနဲ့စကားပြောရင်ပြော တခါတလေ ဖုန်းဘေလ်မရှိလို့ ဖေ့ဘုတ် မသုံးဖြစ်တဲ့နေ့တွေဆို ဘယ်လိုနေရမှန်းမသိဘူး” လို့ သူမရယ်မောပြီးပြောပါတယ်။
ဝင်္ကဘာထဲမယ် တ၀ဲလည်လည်
အခုနောက်ပိုင်းမှာ ဖုန်းနဲ့ အင်တာနက်ဖွင့်ပြီိးအလွယ်တကူ သုံးစွဲလို့ ရတာကြောင့် လူငယ်တွေကြားမှာ ဖေ့စ်ဘုတ် ကို တွင်ကျယ်စွာ အသုံးပြုလာတယ်။ ဖေ့ဘုတ်ကို အချိန်ကြာမြင့်စွာသုံးစွဲမှုတွေရှိလာလို့ လူမူရေး ၊ ကျန်းမာရေး တွေမှာ သတိထား ဆင်ခြင်စရာ အကျိုးဆက်တွေရှိလာတယ်လို့ ဖေ့စ်ဘုတ်သုံးစွဲသူ တွေ နဲ့ လေ့လာသူတွေကဆိုပါတယ်။
အလုပ်လုပ်တဲ့သူတွေ ၊ ပညာသင်ကြားနေတဲ့လူငယ်တွေအနေနဲ့ ဖေ့စ်ဘုတ်ကို သာမန် အသုံးပြုရုံတင်မဟုတ်ပဲ အချိန်ပေးပြီးအသုံးပြုလာတဲ့အခါ လုပ်ငန်းခွင်မှာ ၊ ပညာရေးမှာပါ ထိခိုက်တာမျိုးတွေရှိလာတယ်လို့ ပြောဆိုကြတာတွေလည်း ရှိတယ်။ ဖေ့စ်ဘုတ်သုံးတဲ့လူအများစုက သူများတင်တဲ့ မှတ်ချက်တွေ ၊ ဓာတ်ပုံတွေကို like လုပ်မှတ်ချက်ပေးတာကိုယ်ကိုယ်တိုင်စာတင်တာ ၊ဓာတ်ပုံတင်တာ၊ ဖေ့ဘုတ်ကတဆင့်တစ်ဦိးနဲ့ တစ်ဦးစကားပြောတာတွေကို လုပ်တဲ့အတွက်အချိန်ကုန်ပါတယ်။
အလုပ်ပြုတ်လုလု သူ့ကောင်းမှု
ဆေးလိပ်ကုမ္ပဏီ တစ်ခုမှာ စာရင်းကိုင်အလုပ်လုပ်နေတဲ့ အသက်၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကဖေ့ဘုတ်ကြောင့် အလုပ်ခွင်မှာထိခိုက်တာနဲ့ပတ်သတ်ပြီး “အမြဲတမ်းလိုလိုသုံးဖြစ်နေတော့ အလုပ်ကိုစိတ်မ၀င်စားတော့ဘူး အလုပ်ရှင်က ခေါ်ပြီးအလုပ်ပါထုတ်ပစ်မယ်လို့သတိပေးထားလို့ အခုနောက်ပိုင်း ရုံးမှာမသုံးတော့ဘူး ။ဒါပေမယ့် ဖုန်းနဲ့တော့ အမြဲတမ်းသုံးဖြစ်တယ်လို့’’ ပြောပါတယ်။
တဖုန်းဖုန်းဖေ့စ်ဘုတ်
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုမှာနည်းပြလုပ်နေပြီးကိုယ်တိုင်လည်းဖေ့ဘုတ်ကို အသုံးပြုလေ့ရှိတဲ့အသက်၃၀နီးပါးအ၇ွယ်ကျောင်းဆရာတစ်ဦးကဖေ့ဘုတ်အသုးံပြုမှုကြောင့် စာသင်ခန်းတစ်ခုကကျောင်းသားပေါင်းသုံးရာကျော်မှာ၁၂ယောက်လောက်ပဲ စာမေးပွဲအောင်တဲ့ကြောင်းအရာနဲ့ပတ်သတ်ပြီးယခုလိုပြောပါတယ် ။
“ ဘာကြောင့်ကျလဲ အကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ စာကျက်ချိန်တွေမှာဖေ့ဘုတ်သုံးတယ် ၊ ချက်တင်ထိုင်တယ် ၊ ကောင်မလေးတွေနဲ့ကြူတယ် တညလုံး မအိပ်ပဲသုံးတာတွေရှိတယ် ။ စာကျက်ချိန်စာမကျက်နိုင်တော့ စာမေးပွဲကျ ကြတယ်’’
ဖေ့ဘုတ်ကိုလူငယ်တွေကြားမှာဖျော်ဖြေမှုတစ်ခု၊စိတ်ထွက်ပေါက် တစ်ခု ၊ သူငယ်ချင်းအချင်းချင်းဆက်သွယ်ဖို့ နဲ့ သတင်းတွေလေ့လာဖတ်ပြီးဖြန့်ဝေဖို့ အသုံးပြုကြတာများတယ်လို့ မေးမြန်းမှုတွေအရသိရပါတယ်။
မခိုင်နွယ်ဦးက“ဖေ့ဘုတ်ကိုစိတ်ထွက်ပေါက်တစ်ခုအနေနဲ့သုံးတယ်၊စိတ် မကျေနပ်တာ
တွေရှိရင်ဖေ့ဘုတ်မှာစာတင်တယ် ၊ ကိုယ်ရဲ့တစ်နေ့တာကို ဒိုင်ယာရီအနေနဲ့ ရေးပြီးတင်ဖြစ်တယ်” လို့ သူဖေ့ဘုတ်အသုံးပြုပုံကိုပြောပါတယ်။
လူငယ်တွေ ဖေ့ဘုတ်ကို အသုံးပြုတဲ့အခါမှာ တချို့တွေကကိုယ်အတွက်အကျိုးဖြစ်အောင် အသုံးပြုသလို တချို့ကတော့ အချိန်ကုန် ငွေကုန်ပြီး အကျိုးမရှိပဲ အသုံးပြုတာမျိုးတွေလည်းရှိပါတယ်။
အဆိုးတွေချည်းလည်းမဟုတ်ပါ
ဖေ့ဘုတ်ကိုအကျိုးရှိအောင်သုံးတတ်ရင်အသုံးတည့်ပါတယ်လို့ပြောတဲ့အသက်၂၈နှစ်အရွယ် ဆောက်လုပ်ရေးပစ္စည်းအေ၇ာင်းကိုယ်စားလှယ် ကိုအောင်ပြည့်ကတော့
“ တစ်နေ့ သုံးနာရီလောက် ဖေ့ဘုတ်သုံးဖြစ်တယ် ။ စာဖတ်တယ် ၊ စာတွေရေးတယ် ၊ ကမ္ဘာနဲ့ချီပြီး သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့ တပြေးညီ သိရတယ်။အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ လည်း ပြန်တွေ့တယ်။ သူငယ်ချင်း အသစ်တွေလည်းထပ်ရတယ် ။ အသုံးချတတ်ရင် ချတတ်သလို ဖေ့ဘုတ်က အသုံးတည့်ပါတယ်။” လို့ပြောပါတယ်။
အပျော်လိုက်တဲ့ဖေ့စ်ဘုတ်
လူငယ်ဘလော့ဂါများနဲ့စုစည်းထားပြီးအင်တာနက်ဆိုင်ရာအသိပညာများဖြန့်ဝေပေးနေတဲ့ MIDO (Myanmar ICT for Development Organization)မှအမှုဆောင်ဒါရိုက်တာဘလော့ဂါကိုနေဘုန်းလတ်ကတော့ သူ့အမြင်ကိုယခုလိုပြောတယ်။
“လူငယ်တွေကဖေ့ဘုတ်ကို အသုံးပြုပြီး ကိုယ်ရဲ့ကျွမ်းကျင်မှုတွေ ဥပမာ စာရေးတာပဲဖြစ်ဖြစ် ၊ သီချင်းဆိုတာပဲဖြစ်ဖြစ် သုံးပြိးတော့ မျှဝေတဲ့သူကတော်တော်လေးနည်းတယ် အများစုကတော့ အပျော်သက်သက်သုံးတာများနေသေးတယ်။”
သူကပဲဆက်ပြီး နိုင်ငံတကာက လူငယ်တွေကတော့ ကျောင်းတွေမှာနည်းပညာနဲ့ပတ်သတ်ပြီး ပညာပေးတာမျိုးတွေပြုလုပ်ပေးလို့ စပြီးအသုံးပြုကတည်းကအကျိုးရှိတဲ့ဘက်ကိုဦးတည်ပြီး
သုံးကြတာများတယ်လို့ ဆိုပါတယ်။
ကြူမယ် ၊ ဆဲမယ်
မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် မှာ အင်တာနက်ဆိုင်ဖွင့်ထားတဲ့ ကိုဇော်မင်းလတ်ကတော့ “ ဆိုင်မှာလာတဲ့ ဆယ်ကျော်သက်တွေက ဖေ့ဘုတ်သုံးတာများတယ်။ လူငယ်တွေဖေ့ဘုတ် ဘာကြောင့်သုံးလဲဆိုရင်ကြူဖို့ရယ် ၊ တစ်ဖက်ဖက်ကနေ ၀င်ဆဲဖို့ရယ်သုံးကြသလားလို့ပါ’’ လို့ သူမြင်တွေ့နေရတာကိုပြောပါတယ်။
ချက်နိုင်ငံအခြေစိုက်နိုင်ငံတကာဖေ့ဘုတ်လူမှုကွန်ယက်အသုံးပြုမှုနဲ့ပတ်သတ်တဲ့အချက် အလက်တွေကိုပြုစုထားတဲ့ socialbakers ၀က်ဆိုဒ်မှာတော့ ထိုင်းနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ်ကဖေ့ဘုတ်အသုံးပြုအများဆုံးဖြစ်ပြီး အသက် ၂၅ နှစ်ကနေ ၃၄ နှစ်က ဒုတိယအသုံးပြုတာအများဆုံးဖြစ်ပါတယ်။တရုတ်နိုင်ငံကတော့ ဖေ့ဘုတ်အသုံးပြုမှု အသက်အရွယ်အစားက ထိုင်းနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖေ့ဘုတ်အသုံးပြုမှု အသက်အရွယ်အလိုက်ကိုတော့အဲဒီ ကုမ္ပဏီက ဖော်ပြထားတာမျိုးမတွေ့ရပါဘူး ။ ပြန်ကြားရေးဝန်ကြီးဌာန ၊ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ မြန်မာနိုင်ငံမှာဖေ့ဘုတ်သုံးတဲ့ အရေအတွက် က ရှစ်သိန်း ရှိတယ်လို့ဆိုပါတယ်။
ချစ်၊ ကွဲ ၊ ညား ဖေ့စ်ဘုတ်
အမေရိကန်ပြည်ထောင်စုအခြေစိုက်လူမှုဝက်ဆိုဒ်တစ်ခုဖြစ်တဲ့Hubpagesမှာ တော့ဖေ့ဘုတ်အသုံးပြုခြင်းရဲ့ကောင်းကျိုးဆိုးကျိုးနဲ့ပတ်သတ်ပြီးဖော်ပြထားပါတယ်။ကောင်းကျိုးအနေနဲ့ဖေ့ဘုတ်ကမိသားစုတွေမိတ်ဆွေတွေနဲ့မပြတ်ထိတွေ့နိုင်စေတယ်။မိတ်ဆွေအသစ်တွေတိုးပွါးစေ
တယ်၊ကိုယ့်အကြောင်းတွေကိုရေးသားဖော်ပြနိုင်တယ်လို့ဆိုတယ်။ဆိုးကျိုးအနေနဲ့ ကတော့ဖေ့ဘုတ်ကတဆင့်အနိုင်ကျင့်ပြောဆိုတာ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာမျိုးကြုံတွေ့ရနိုင်တယ်။ ဇနီးခင်ပွန်း သို့မဟုတ်ချစ်သူအချင်းချင်းကြားမှာနားလည်မှုလွဲပြီးဆက်ဆံရေးပျက်ပြားနိုင်စေတယ် ၊ဖေ့ဘုတ်ကြောင့်အလုပ်တွေအာရုံမစိုက်နိုင်တော့ပဲအချိန်ကုန်တာမျိုးဖြစ်တာမျိုးနဲ့ စိတ်ထဲမှာမလုံခြုံမှုဖြစ်စေတယ်။ဖေ့ဘုတ်ကကိုယ့်အကြောင်းကိုသူများတွေကအလွယ်တ ကူထောက်လှမ်းလို့ရှာဖွေလို့ စုံစမ်းလို့ရနိုင်တဲ့နေရာတစ်ခုဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ယောယိမ်းလိုက် ၊ ဘသားယိမ်းလိုက်
ဖေ့ဘုတ်ကိုအသက်ငယ်ရွယ်တဲ့လူငယ်တွေသုံးစွဲတဲ့အခါအမှားအမှန်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းနည်းတဲ့အတွက် တဖက်ပြောတဲ့ဘက်ကိုအမှန်ထင်ပြီးပါသွားတာမျိုးတွေလည်း ရှိနေတယ်လို့ ကိုနေဘုန်းလတ်ကယခုလိုပြောပါတယ်။
“ဖေ့ဘုတ်မှာဆဲကြ ဆိုကြတယ်ဆိုရင် အင်နဲ့အားနဲ့ ဆွဲဆောင်ရင် ဝေါခနဲ အဲဘက်ကိုပါသွားတယ် ။ဖြစ်တာကိုသေချာမစဉ်းစားတော့ပဲ လတ်တလောတုန့်ပြန်လိုက်တာ ၊ဒေါသထွက်လာတယ် အဲဒေါသကိုချက်ခြင်းတုန့်ပြန်လိုက်တာ၊ တော်ရုံတန်ရုံ စဉ်းစားဥာဏ်ရှိတဲ့သူတောင်မှ တခါတလေ တုန့်ပြန်မိတာ ၊ ကလေးတွေဆိုစဉ်းစားကြည့်ပေတော့”
သူခိုးကိုသော့အပ်မိသူ
မိန်းကလေးတွေနဲ့ ဖေ့ဘုတ်အသုးံပြုတဲ့အခါမှာလည်း ဖေ့ဘုတ်ပေါ်ကနေ နစ်နာအောင်လုပ်တာ အနိုင်ကျင့်ခံရတာမျိုးတွေလည်းကြုံတွေ့ရနိုင်တယ်လို့သိရတယ်။
“မိန်းကလေးတွေဆိုရင်ဖေ့ဘုတ်မှာဓာတ်ပုံတွေတင်တယ် နောက်ပြီးကိုယ်ရဲ့ အင်ဖော်မေးရှင်းကို မလိုအပ်ပဲသွားပေးမိတာမျိုးပေါ့ တစ်ဖက်ကသိသွားရင် သူခိုးကို သော့ပေးမိသလိုမျိုးဖြစ်တာပေါ့။ ကိုယ်ဓာတ်ပုံတွေကို မတော်တရော်တင်ထားတဲ့ဆိုဒ်တွေမှာ သွားပြီးတင်တာမျိုး ၊ ဓာတ်ပုံတွေကိုအကြောင်ပြပြီးငွေညှစ်တာမျိုး၊ မလိုတမာလုပ်ချင်တဲ့သူတွေကဒီကနေ အများကြီးဆွဲဆောင်လို့ရတယ်” လို့ကိုနေဘုန်းလတ်ကဆိုပါတယ်။
မျက်လုံးထိခိုက်နိုင်
ဖေ့ဘုတ်ကိုအချိန်ကြာမြင့်စွာအသုံးပြုရင် ရုပ်ပိုင်းဆိုင်ရာအနေနဲမျက်လုံးကိုရေရှည်မှာထိခိုက်မှုရှိနိုင်တယ်လို့ လည်းသိရပါတယ်။
မျက်စိအထူးကုဆရာဝန်တစ်ဦးက“ဖုန်းတွေ၊ကွန်ပျူတာတွေကိုအရမ်းအာရုံစိုက်ပြီးအကြာကြီးကြည့်တဲ့အခါ မျက်လုံးမှာရှိတဲ့ကြွက်သားတွေကအလုပ်ပိုလုပ်ရတာပေါ့၊အလုပ်ပိုလုပ်တော့အဝေးလှမ်းကြည့်တဲ့အခါ ချက်ချင်းပြန်ဖြေလျှော့ဖို့မဖြစ်နိုင်တော့အဝေးမှုန်လာကြတယ်၊မျက်ရိုးကိုက်တာ၊ခေါင်းကိုက်တာ၊ မျက်မှန်တက်ရတဲ့အရေအတွက်များလာတယ်” လို့ ပြောပါတယ်။
ဖေ့ဘုတ်ကိုစွဲစွဲလမ်းလမ်းနဲ့အချိန်ပြည့်နီးပါးသုံးဖြစ်တဲ့ မခိုင်နွယ်ဦးကတော့ “အရင်က မျက်လုံးဘာမှမဖြစ်ဘူး၊ အခုနောက်ပိုင်းမှာ မျက်လုံးက၀ါးလာသလိုပဲ ခေါင်းလည်းအရမ်းမှုးတယ် ညဆိုအိပ်မပျော်တာမျိုးတွေရှိလာတယ်’’ လို့ ပြောပါတယ်။
ကျန်းမာရေးထိခိုက်လာတာမျိုးရှိပေမယ့် ဖေ့ဘုတ်သုံးစွဲမှုကိုစွန့်လွှတ်ဖို့မဖြစ်နိုင်လို့ ဆက်ပြိးတော့သုံးစွဲမယ်လို့ သူမကဆက်ဆိုပါတယ်။
အထီးကျန်တို့ ကမ္ဘာ
“မိသားစုနဲ့တောင်အပြင်မှာသိပ်စကားမပြောဖြစ်ဘူး။ အပြင်မှာမတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပဲဖေ့ဘုတ်မှာစကားပြောဖြစ်တယ်။သူငယ်ချင်းတွေထဲမှာလည်းမိသားစုနဲ့အဆင်မပြေတဲ့သူ၊ မိတ်ဆွေသူငယ်ချင်းနဲ့အဆင်မပြေတဲ့သူတွေတစ်ယောက်ထဲသီးသန့်နေတဲ့သူတွေဖေ့ဘုတ်သုံးတာများတယ်လို့သူမက ပြောပါတယ်။
လူတစ်ဦးက တစ်နေ့ကိုဖေ့ဘုတ်သုံးချိန်အနည်းဆုံး၃နာရီရှိမယ်ဆိုရင် တစ်လမှာဖေ့ဘုတ်အတွက်အသုံးပြုတဲ့အချိန်က နာရီပေါင်း ၉၀ ရှိမှာဖြစ်ပါတယ်။တစ်နှစ်ဆိုရင် နာရီပေါင်း ၁၀၉၅ နာရီ ဖြစ်တဲ့အတွက် ဖေ့ဘုတ်ရှေ့မှာ ရက်ပေါင်း ၄၅ ရက်ကျော်ကုန်ဆုံးတာ ဖြစ်ပါတယ်။
နည်းပညာတွေကကိုယ့်ဘ၀ကိုလိုတာထက်ပိုလွှမ်းမိုးလာရင်တော့ လူ့အဖွဲ့စည်းတစ်ခုလုံးကစက်ရုပ်ဆန်လာမယ်လို့ ဘလော့ဂါ ကိုနေဘုန်းလတ်က သူ့အမြင်ကိုယခုလိုပြောပါတယ်။
“သူငယ်ချင်းတွေတွေ့ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်စကားမပြောနိုင်တော့ဘူး။ခေါင်းလေးတွေငုံပြီးတော့ပဲ ဖုန်းစခရင်ကို နှိပ်နေကြတော့တယ်။ နည်းပညာပေါ်အရမ်းတိမ်းညွှတ်သွားပြိးတော့ လူတွေက နွေးထွေးမှုမရှိတော့ဘူး ၊ ရင်းနှီးမှုမ၇ှိတော့ဘူး ကြာလာရင်တော့ လူ့အဖွဲ့အစည်းတစ်ခုလုံးကစက်ရုပ်တွေနဲ့တူလာတော့မယ်”
သက်စုအောင်
ယခုဆောင်းပါးဟာ ကုမုဒြာဂျာနယ်တွင်၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွက် The Yangon Media Initiatives Training Programme မှပေးသော
The Best Human Interest Story Award ဆုရရှိခဲ့သောဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...