Monday, January 19, 2015

မောင်တီထွင်

Zaw Naung Ling

AEK အမှတ်တံဆိပ် EVD စက်တွေကိုဖွင့်လိုက်တာနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် Logo နဲ့အတူ မြန်မာကာတွန်းဇာတ်ကောင်ကလေးတစ်ကောင် TV ဖန်သားပြင်မှာ ပေါ်လာတာကို သတိထားမိ သူတွေ ရှိ ကြပါလိမ့်မယ်။ အီလက်ထရောနစ်ပစ္စည်းတွေထဲမှာ ရှားရှားပါးပါးနဲ့ မြန်မာကာတွန်း ဇာတ်ကောင်လေးကို အမှတ်အသားတစ်ခုအဖြစ်ထည့်သွင်း အသုံးပြုထားတာလည်း အဲဒီဇာတ်ကောင် တစ်ကောင်ပဲရှိလိမ့်မယ်လို့ ထင်ပါတယ်။
အဲဒီဇာတ်ကောင်ကတော့ မောင်တီထွင်ဆိုတဲ့ ကာတွန်းဇာတ်ကောင်လေးပါပဲ။

တကယ်တော့ အခေါ်အဝေါ်အရသာ မောင်တီထွင်လို့ ခေါ်ဝေါ်ပေမယ့် သူ့ကိုဖန်တီးခဲ့တဲ့သက္ကရာဇ်နဲ့ တွက်ကြည့်မယ်ဆိုရင် အခုဆိုရင် အသက်(၄၀)ကျော်လာပြီမို့ ဦးတီထွင်လို့ ခေါ်ဝေါ်ရမယ့်ပုံပါ။ ဒါပေမဲ့ မောင်တီထွင်ကတော့ ဒီနေ့အထိ မောင်တီထွင်အဖြစ်နဲ့ပဲ ကလေးတွေရဲ့ကမ္ဘာမှာ ရှင်သန်နေဆဲ။ နုပျိုနေဆဲ။ သွက်လက်နေဆဲပါ။

“ မူလတန်းကျောင်းသားဘ၀မှာ ၀ါသနာက နှစ်ခုရှိတယ်။ တစ်ခုက ပန်းချီ၊ ကာတွန်းနဲ့ စာပေပေါ့။ နောက်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ချင်တာ။ ကာတွန်းဇာတ်ကောင်ရွေးမယ်စဉ်းစားတော့ ငယ်ငယ်တုန်းက ရင်ထဲမှာရှိတဲ့ သိပ္ပံသမားတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒကို သိပ္ပံဇာတ်ကောင်အဖြစ်ဖန်တီးခဲ့တာ။ မောင်တီထွင် ဆိုပြီး ကိုယ်မဖြစ်ခဲ့တဲ့ နေရာကို ကာတွန်းဇာတ်ကောင်ထည့်ခဲ့တာ” လို့ မောင်တီထွင်ကို ဖန်တီးခဲ့တဲ့ ကာတွန်းဆရာ(ဦး)သစ်ထွဏ်းကပြောတယ်။

သိပံ္ပပညာကို စိတ်ဝင်စားခဲ့လွန်းလို့ ကလေးဘ၀မှာကတည်းက ရရာပစ္စည်းတွေနဲ့ တီထွင်ကြံဆပြီးဆော့ကစားစရာတွေဖန်တီးခဲ့သလို သိပ္ပံပညာရှင်တွေရဲ့အကြောင်းကိုလည်း အားကျစွာနဲ့ ဖတ်ရှုလေ့လာခဲ့တယ်လို့ကာတွန်းသစ်ထွဏ်းက ပြောပြ တယ်။ တဖက်ကလည်း ကာတွန်းဝါသနာပိုးကပါလာတဲ့အခါ အခြားကာတွန်းဆရာတွေရဲ့လက်ရာတွေကို အတုယူရေးဆွဲရင်း ၃ တန်းကျောင်းသားအရွယ်ကတည်းက ကျောင်းမှာ ပုံဆွဲကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။

လေးတန်းကျောင်းသားအရွယ်မှာတော့ ဝေါဒစ္စနေရဲ့ ကာတွန်းဇာတ်ကောင်တွေက သူ့ကိုဖမ်းစားလာခဲ့ပြီး အတုယူလေ့ကျင့်လာခဲ့တယ်။ အောင်ရှိန်၊ ရွှေမင်းသား၊ သော်က၊ သန်းကြွယ် စတဲ့ကာတွန်းဆရာကြီးတွေကလည်း သူရဲ့မြင်ဆရာတွေ ဖြစ်လာခဲ့တယ်။ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားအရွယ်မှာတော့ နံရံကပ်စာစောင်တွေမှာ နာမည်ကြီးတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီ။

ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် တက္ကသိုလ်မတက်ရောက်သေးခင် ဗိုလ်တစ်ထောင်သတင်းစာတိုက်မှာ  သုံး လကြာလုပ်အားပေးခွင့်ရခဲ့တာကတော့ သူရဲ့စိတ်ကူးအိပ်မက်တွေကို အပြင်လောကနဲ့ဆက်စပ်ဖို့ အခွင့်အရေးတစ်ရပ်ရခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီသတင်းစာတိုက်ကို ကာတွန်းလာပို့တဲ့ ကာတွန်းဆရာတွေနဲ့ သိကျွမ်းခင်မင်ပြီး ကာတွန်းလောကရဲ့ ၀င်ပေါက်တစ်ခုကို ခိုင်ခိုင်မာမာရခဲ့တယ်။ ဆယ်တန်းဖြေပြီးကာစ လွယ်အိတ်တစ်လုံး၊ ထီးတစ်ချောင်းနဲ့ တိုက်တကာလှည့်ပြီး ကာတွန်းပို့ရတဲ့အခြေအနေကနေ ပိုကောင်းတဲ့အခွင့်အလမ်းတွေရလာခဲ့တယ်။

သူက “ ကာတွန်းဆရာမောင်မောင်ကစီစဉ်ပြီး ဦးဦးပုံပြောမယ်ဆိုတဲ့ စာအုပ်ကို မင်းသားဝင်းဦးကထုတ်မယ်ဆိုတော့ ခြောက်မျက်နှာရေးခွင့်ရခဲ့တယ်။ နေရာတစ်ခုရသွားတာပေါ့” လို့ ခြေလှမ်းအစကို ပြောပြတယ်။

တက္ကသိုလ်ကျောင်းသားဘ၀တစ်လျောက်မှာတော့ ကာတွန်းရေးဆွဲခြင်းကနေရတဲ့ဝင်ငွေဟာ သူ့ရဲ့ ကျောင်းစရိတ်အတွက် ကောင်းကောင်းလုံလောက်ခဲ့တယ်။ တက္ကသိုလ်ကနေ B.Sc(Chemistry)   ဘွဲ့ရခဲ့ပြီးတဲ့နောက် မိဘတွေက၀န်ထမ်းလောကကို ရွေးချယ်ဖို့ တိုက်တွန်းမှုတွေရှိခဲ့ပေမယ့်လည်း သူကတော့ ကာတွန်းလောကကိုပဲ ရွေးချယ်ပြီး တစ်စိုက်မတ်မတ် လျှောက်လှမ်းလာခဲ့တယ်။

သူ့ထက် အသက်အရွယ်အရရော၊ ကာတွန်းရေးသက်ပါကြီးပေမယ့် ကာတွန်းလောကမှာ ခင်မင်သိကျွမ်းရင်း ခေတ်ပြိုင်တွေလိုအတူရေးဆွဲခဲ့ကြသူတွေကတော့ ကာတွန်းပိုးဇာ၊ ကာတွန်းမောင်မောင်၊ ကာတွန်းခင်ဆွေ၊ ကာတွန်း မောင်ဝဏ၊ ကာတွန်းသုတ၊ ကာတွန်းအောင်ကြီး၊ ကာတွန်းဌေးအောင်၊ ကာတွန်းမြေဇာ၊ ကာတွန်း တင်အောင်နီတို့ပါ။
မောင်တီထွင်ဇာတ်ကောင်ရဲ့နောက်မှာ ဆက်ပြီး ပျိုးထောင်ခဲ့တဲ့ ဇာတ်ကောင်တွေကတော့ ဇူးဇူးနဲ့ရွှေရိုး၊ တုံတုံ၊ သျောင်ပေစူးလေးမောင်လူမွှေး၊ စုံထောက်ကလေးဇော်ဇော်၊ ဂြိုဟ်သားကလေးမောင်ခခွေး ဆိုတဲ့ဇာတ်ကောင်လေးတွေဖြစ်ပါတယ်။

“ အဲဒီခေတ်က ဂျာနယ်တို့၊ လုံးချင်းကာတွန်းတို့ကထုတ်ဝေခွင့်ရဖို့ ခက်ခဲတယ်။ အဲဒီအခြေအနေမှာ ရတဲ့နေရာမှာ ကုတ်ကတ်ရေးပြီး ရတဲ့ဝင်ငွေနဲ့ လှုပ်ရှားရုန်းကန်ခဲ့ရတာ” လို့ သူကဆိုတယ်။
အဲဒီလိုအခက်အခဲတွေကြားထဲမှာပဲ ၁၉၇၀ ပြည့်နှစ်ကျော်ကာလတွေမှာ ဖြစ်ပေါ်လာခဲ့တဲ့ မှောင်ခိုကာတွန်းခေတ်မှာတော့ ရှင်သန်ရပ်တည်ရေးအတွက် ပိုပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြန်တယ်။ ၁၉၇၂ ခုနှစ်လောက်မှာ ကာတွန်းထုတ်ဝေခွင့်တားဆီးပိတ်ပင်မှုတွေကြောင့် ဖြစ်လာတဲ့ အဲဒီမှောင်ခိုကာတွန်းခေတ်မှာ အခြားသော ဘ၀တူကာတွန်းဆရာတွေလိုပဲ အခက်အခဲ အကျပ်အတည်းတွေကို နှစ်နဲ့ချီပြီးရင်ဆိုင်ခဲ့ရတယ်။

ကာတွန်း သစ်ထွဏ်းက “ စာအုပ်တွေကို ထုတ်ဝေသူက မပြေး၊ နောက်က ဖမ်းတဲ့သူက လိုက်ပေါ့။ ခေတ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာပေါ့။ ရေးကွက်ရှားသွားတာပေါ့။ နောက်တော့ ကာတွန်းပြပွဲတွေမှာ ထုတ်ဝေခွင့်ပေးပါဗျို့ဆိုတဲ့ခေါင်းစဉ်နဲ့ ကာတွန်းတွေဝိုင်းရေးကြတယ်။ သတင်းစာတွေကလည်း ၀ိုင်းပြီးဖော်ပြကြတယ်။ အဲဒီနောက်ပိုင်းမှာ ကာတွန်းဆရာတွေကို ကိုယ်တိုင်ရေးထုတ်ဝေခွင့်တွေ ပေးခဲ့တယ်” လို့ ပြန်ပြောပြတယ်။

ကာတွန်းလောကမှာ နာမည်တစ်လုံးကိုတည်ဆောက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ စိတ်တူကိုယ်တူကာတွန်းဆရာတွေ စုပေါင်းပြီး The Best Cartoonist Advertising Group ကို ၁၉၉၄ ခုနှစ်မှာ ထူထောင်ခဲ့တယ်။ အဲဒီအဖွဲ့မှာ ကာတွန်းမြင့်စိုးလေး၊ ကာတွန်းသစ်ထွဏ်း၊ ကာတွန်းငွေကြည်၊ ကာတွန်းတင်အောင်နီ၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းမောင်မောင်အောင်၊ ကာတွန်းမောင်ဝဏ၊ ကာတွန်းသော်ကတို့ ပါဝင်ခဲ့တယ်။

ကာတွန်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချရင်း ကာတွန်းပညာရှင်တွေကို စီးပွားရေးအရအောင်မြင်စွာ လုပ်ဆောင်နိုင်အောင် ရည်ရွယ်တည်ထောင်ခဲ့တဲ့ အဲဒီအဖွဲ့ကလေးဟာ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ တီဗီကြော်ငြာတွေမှာ ကာတွန်းဇာတ်ကောင်လေးတွေကို အတော်အသင့်နေရာရအောင်စွမ်းဆောင်နိုင်ခဲ့တယ်။

“ ခြေလှမ်းကျယ်ကျယ်နဲ့ စုပေါင်းအားကို ယူလိုက်တဲ့သဘောပါ။ ရည်မှန်းချက်အပြည့်တော့ မဖြစ်ခဲ့ဘူး။ စီးပွားရေးသမားတွေဆိုတာကလည်း မင်းသား၊ မင်းသမီးတွေနဲ့ပဲ ကြော်ငြာဖို့ ပိုစိတ်ဝင်စားကြတာကိုး” လို့ ကာတွန်းသစ်ထွဏ်းက ပြောတယ်။

ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်ခဲ့ပြီးတဲ့နောက်မှာတော့ အဖွဲ့ဝင်တချို့ကွယ်လွန်မှုတွေနဲ့အတူ The Best အဖွဲ့ကို ဖျက်သိမ်းခဲ့ရပြီး အခုအခြေအနေမှာတော့ တဖြည်းဖြည်းအသက်အရွယ်ရလာကြတဲ့ အဖွဲ့ဝင်ဟောင်းတွေဟာ အချင်းချင်း ဆုံတွေ့ဖြစ်ဖို့ တောင်ပိုမိုခက်ခဲလာတော့တယ်။

ကာတွန်းသစ်ထွဏ်းဟာ ၁၉၈၁ ခုနှစ်မှာ ဒေါ်လှဥမ္မာနဲ့ အိမ်ထောင်ပြုခဲ့ပြီး သားသမီးမဖွားမြင်ခဲ့ဘဲ နှစ်ယောက်အတူဘ၀ကို ဖြတ်သန်းခဲ့တယ်။ ဇနီးဖြစ်သူက ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တော့ ကာတွန်းဆရာတစ်ယောက်ရဲ့ဘ၀ကို နားလည်ပြီး ရသမျှနဲ့ရောင့်ရဲနိုင်ခဲ့တဲ့ ဇနီးတစ်ယောက်ဆုံးရှုံးမှုဟာ သူ့ဘ၀အတွက်တော့ အကြီးမားဆုံး စိတ်ထိခိုက်မှုဖြစ်ခဲ့ရတယ်။

အဲ့ဒီကာလတွေနဲ့ ပတ်သက်ပြီး “ ကိုယ့်ဘ၀က ရုတ်တရက်ကြီး ရပ်တန့်ပြီး အသစ်ကပြန်စသလိုဖြစ်သွားတာ။ အမှန်ပြောရရင် ဘ၀တစ်ခုမှာ စက်တစ်ခုက ရပ်တန့်သွားသလိုပဲ။ ဘယ်လိုလည်ပတ်ရမှန်းမသိတော့သလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်ခဲ့ရတယ်” လို့ သူက ဖွင့်ဟတယ်။

အဲဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ ကာလအတော်ကြာ အချိန်ယူခဲ့ရတာကိုလည်း ၀န်ခံရင်း ၀ိုင်းဝန်းအားပေးခဲ့တဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်စကားဆိုတယ်။

လက်ရှိအချိန်မှာတော့ သူက Perfect ၊ ကလျာ၊ ရတနာပန်းခင်း၊ Popular ၊ ပုတက်ကလေးဂျာနယ် နဲ့ ပလုတ်တုတ် ကလေးဂျာနယ်တို့မှာ ကာတွန်းတွေ ရေးဆွဲနေဆဲပါ။
သူဖန်တီးခဲ့သမျှဇာတ်ကောင်တွေအထဲမှာ မောင်တီထွင်ကို အားအရဆုံးဖြစ်ပြီး ပရိသတ်အကြိုက်နဲ့လည်း ထပ်တူကျခဲ့တယ်လို့ ကာတွန်းသစ်ထွဏ်းက ဆိုတယ်။

ဒီနေ့ခေတ်မှာ ကာတွန်းဆရာတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေများပြားလာသလို ဘ၀ရပ်တည်ဖို့လည်း ပိုပြီးလွယ်ကူလာပေမယ့် ရေရှည်ရပ်တည်မှုအတွက်ကတော့ ရင်းနှီးမြှပ်နှံမှုတွေ အများကြီးလိုအပ်တယ်လို့ သူက ဆိုတယ်။

“ ကာတွန်းဆရာဖြစ်ဖို့လိုတယ်။ လေး ငါး ဆယ် စောင်လောက်မှာ ပါရင် ကာတွန်းဆရာဖြစ်လာတာပဲ။ ဒါပေမဲ့ ဘ၀တစ်လျှောက် အောင်မြင်တဲ့ကာတွန်းဆရာဖြစ်ဖို့ကတော့ ခက်တယ်။ အများကြီး ရင်းရမယ်။ ကြိုးစားရမယ်” လို့ ကာတွန်းသစ်ထွဏ်းက အကြံပြုတယ်။

အခုအချိန်မှာ အသက်အရွယ်နဲ့ ဆက်သွယ်ရေးအခြေအနေတွေအရ အရင်ကလို တိုက်တကာလှည့်ပြီးစာမူတွေမပို့တော့ဘဲ အိမ်မှာပဲ နားနားနေနေကာတွန်းရေးပြီး ရက်ချိန်းတွေနဲ့ပဲ အလုပ်လုပ်ဖြစ်တော့တာကြောင့် ပိုပြီး သက်သောင့်သက်သာဖြစ်လာတယ်လို့ သူကဆိုတယ်။

အရင်ကလို ညဘက်တွေမှာ ညဥ့်နက်အောင်ကာတွန်းမရေးတော့ဘဲ နေ့ခင်းဘက်တွေမှာ ပိုဦးစားပေးလုပ်ရင်း ကျန်းမာရေးကို ဂရုစိုက်နေရတယ်လို့ လည်း ကာတွန်း သစ်ထွဏ်းက ပြောတယ်။

သူက “ အခုအသက်အရွယ်အရတော့ အနာဂတ်အတွက် လုပ်ငန်းကြီးတွေ၊ ဘာတွေ ခမ်းခမ်းနားနား မစဉ်းစားတော့ပါဘူး။ ကိုယ်တတ်တဲ့ပညာကို လူငယ်တွေကို လက်ဆင့်ကမ်းပေးဖို့လောက်ပဲ စိတ်ကူးရှိပါတယ်။ ဒီလောက်ပါပဲ” လို့ ဆိုပါတယ်။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...