Friday, January 30, 2015

ပြည်သူလူထုရဲ့  ပါးစပ်ပြော၊ စာအရေးဟာ ဖော့တုံးနဲ့ ပေါက်သလောက်သာ

အမှုသွားအမှုလာ ကြည့်ရပုံထောက်တော့ ကချင်တိုင်းရင်းသူ ဆရာမလေး ၂ ဦးကို
မုဒိမ်းကျင့် သတ်ဖြတ်သွားတဲ့ လူယုတ်မာ တရားခံတွေ ဘယ်သူလဲဆိုတာ
စစ်တပ်ဘက်က တိတိကျကျ မဟုတ်တောင် ရာခိုင်နှုန်းတ၀က်ကျော်လောက်ကို
ခြေရာခံမိပြီး ဖြစ်လိမ့်မယ်။ စစ်တပ်ပိုင် မြ၀တီ သတင်းဌာနကနေ "တပ်မတော်အပေါ်
ပုတ်ခတ်စွပ်စွဲမှုတွေကို မှတ်သားထားပြီး တကယ့်တရားခံအစစ်ဟာ တပ်ဘက်ကလူ
မဟုတ်ဘူးဆိုရင် အသရေဖျက်မှုနဲ့  တရားဥပဒေအရ အရေးယူပစ်မယ်"ဆိုပြီး
ဓားကြိမ်းကြိမ်း ထွက်လာတာကိုကြည့်ရင် မကြာခင် ပေါ်လာတော့မယ့်အဖြေကို
တစွန်းတစ လှစ်ဟပြလိုက်သလိုပါဘဲ။ ခက်တာက ဗမာပြည် ရဲတပ်ဖွဲ့ နဲ့  ဥပဒေဆိုင်ရာ
တရားရုံး၊ ကော်မတီ ကော်မရှင်တွေကို ပြည်သူတွေက မယုံရေးချမယုံ ဖြစ်နေခြင်းကို
အာဏာပိုင်တွေဘက်က ဘယ်လိုရှင်းမလဲဆိုတာ အရင်းခံပြဿနာတရပ်ဖြစ်တယ်။
သတင်းထောက် ကိုပါကြီး အသတ်ခံရတာက စစ်တပ်ကြောင့်၊ တောင်သူ ဒေါ်ခင်ဝင်း
အသတ်ခံရတာက ရဲလက်ချက်ကြောင့်ဆိုတာ ရှင်းတယ်။ ကချင် ဆရာမ ၂ ယောက်
အသတ်ခံရတာဟာ အဲဒီလူတွေလောက် သဲသဲကွဲကွဲ မရှိပေမယ့် ပြည်သူအများစု
ထင်မြင်နေကြသလို ဒီကိစ္စရဲ့ လက်သည်ဟာ စစ်သားတွေဘဲလို့  ၀ိုင်းဝန်းသမုတ်
ပြစ်တင်ကြတာကို စစ်တပ်ဘက်က တော်တော် မကျေမချမ်း ဖြစ်နေပုံရတယ်။

ဇောက်ထိုးကျဆင်းနေတဲ့ တပ်ရဲ့ သိက္ခာကို ဒီတချက်နဲ့  ဇတ်ခနဲ ဆွဲမချင်ပုံရတယ်။
တကယ်လည်း တရားခံအစစ်ဟာ တပ်မတော်ဘက်က မဟုတ်တာ သေချာရိုးမှန်ရင်
ဒီအမှုအခင်းပေါ်လာတာ စစ်တပ်အဖို့  သူခိုးရွှေရ တပြပြ ဖြစ်ပုံမျိုးလို့  ဆိုချင်တယ်။
တရက်နှစ်ရက်အတွင်း တက်လာတဲ့သတင်းတွေက ဒီအဆင်ကျလာဖို့ မြင်ရတယ်။
အခင်းဖြစ်ပွားတဲ့ ကောင်းခါးရွာကို ဇန်န၀ါရီ ၁၉ ရက်က ရောက်ရှိတပ်စွဲလာတဲ့
စစ်ကြောင်းကို အခုထိ တခြားနေရာဆီ မပို့ လွှတ်သေးဘဲ အဲဒီရွာမှာသာ ဆက်ပြီး
နေပေးဖို့  မုန်းပေါ်ဒေသ တာဝန်ခံ ဗျူဟာမှူးက ဒေသခံများကို ပြောဆိုခဲ့တယ်။
သေဆုံးသူတို့  အနီးအနားမှာတွေ့ ရတဲ့ ပြစ်မှုကျူးလွန်သူရဲ့  ဆံပင်နမူနာတွေနဲ့ 
တိုက်ဆိုင်စစ်ဆေးလို့ ရအောင် အဲဒီတပ်က စစ်သားတွေရဲ့  ဆံပင်တွေကိုတောင်
ဖြတ်ယူပြီး DNA စစ်ဆေးမှုတွေ လုပ်နေတယ်လို့  သတင်းထုတ်ပြန်ပါတယ်။
ဆိုလိုတာက ဒီအမှုကို သူတို့ ကျူးလွန်တာ လုံးဝမဟုတ်ဘူးလို့  မဏ္ဍပ်တိုင်ထိပ်
တက်ပြချင်စိတ် တဖွားဖွားပေါက်နေတယ်။ ဒါ့အပြင် 'သတ်ဖြတ်သူ ဘယ်သူလဲ'ကို
ခြုံငုံသုံးသပ် အဖြေထွက်ပြီးပုံရတယ်။ အမှုဖြစ်ပြီး ၁၀ ရက်အတွင်း တက်လာတဲ့
အကဲဖြတ် ခန့် မှန်းချက်တွေအပေါ်က မကျေနပ်မှုတွေကို စိတ်ရှည်ရှည်ထားပြီး
အချိန်ကာလတခုကို စောင့်နေပုံလည်းရတယ်။ ထောင့်စုံစောင့်ကြည့်ပြီး ဆောင်ရွက်မှု
အဖုံဖုံ ပြည်စုံပြီ ဆိုတာနဲ့  "ဒီမှာ မုဒိမ်းကောင်တွေ.. ဟောဒီမှာ လူသတ်ကောင်တွေ"
ဆိုပြီး ပြည်သူလူထုရှေ့ ကို ဒရွတ်တိုက် ဂုတ်ဆွဲခေါ်ပြလာတော့မယ်။
ဗမာစစ်တပ်ဟာ ရဲဘော်သုံးကျိပ် ထူထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ရည်မှန်းချက် ၄ ရပ်ကို
အကောင်အထည် မဖော်နိုင်ဘဲ လူတစု လက်တိုင်တုတ် လက်နက်ကိုင်အဖွဲ့ ကြီးဘဝ
ရောက်ရှိနေတာ ၁၉၆၂ ခုနှစ်ကတည်းကပါ။ တချို့ သုံးသပ်ချက်တွေအရဆိုရင်
လွတ်လပ်ရေးရပြီး ၁ နှစ် မပြည့်မီ တပ်မတော်ဟာ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတစုရဲ့ 
စိတ်အလိုကို တောက်လျှောက်ဖြည့်လာခဲ့ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့ 
ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့ရတယ်လို့ ဆိုကြတယ်။ ဘယ်လိုမှ မငြင်းနိုင်တာက
တပ်မတော်ခေါင်းဆောင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်း အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်နဲ့ 
နောက်ထပ် တပ်မတော်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်သန်းရွှေ အုပ်စိုးခဲ့တဲ့
၂၂ နှစ် စုစုပေါင်း ၄၈ အတွင်း ဗမာပြည်ဟာ အာရှတိုက်ရဲ့  ထိပ်တန်းကျကျ နိုင်ငံ
အဖြစ်ကနေ အရှေ့ တောင်အာရှ ၁၀ နိုင်ငံမှာ ဖိနပ်ချွတ်နေရာ ရောက်နေတာကို
ကြည့်ရင် တပ်မတော်ကို ပြည်သူတွေ ဘာကြောင့် ခါးခါးသီးသီး ဖြစ်ရသလဲဆိုတာ
လယ်ပြင်ဆင်သွားသလို ပေါ်လွင်နေတယ်။
လက်ရှိ တိုင်းပြည်ကို စီမံကွပ်ကဲ အုပ်ချုပ်နေတာလည်း ၂၀၀၈ ဖွဲ့ စည်းပုံအရဆိုရင်
'စစ်တပ်ဖြစ်တယ်'ဆိုတာ အရှင်းသတိချပ်စေချင်ပါတယ်။ အဓိကကတော့ စစ်တပ်ဟာ
ကိုယ်နဲ့ မအပ်စပ်တဲ့ နိုင်ငံရေးအာဏာကို လက်နက်အားကိုးနဲ့  ရယူသိမ်းပိုက်၊
လက်ဝယ် ရလာတဲ့ အာဏာအပေါ် ယစ်မူးစွဲလန်း မိန်းမောပြီး မူလပိုင်ရှင်ဖြစ်တဲ့
ပြည်သူ့ လက်ထဲကို နိုင်ငံရေးအာဏာ ပြန်မပေးလိုခြင်း ဆိုတဲ့ မတော်လောဘဟာ
တပ်မတော်ကို ဖျက်ဆီးပစ်တဲ့ အကြောင်းတရားဖြစ်တယ်။ စစ်တပ်ဟာ အမှားပေါ်
အမှားဆင့်၊ ညာပြီး ထပ်ညာနဲ့  အမှားအညာ ၀ဲဂယက်မှာ မျောပါပြီး နာမည်ကောင်း
တစက်မှမရှိတော့တဲ့ဘ၀ ရောက်သွားခဲ့တယ်။ "ကချင်ဆရာမလေး ၂ ယောက်
သတ်ဖြတ်မှုကို ကျူးလွန်သူဟာ စစ်တပ်ကလူတွေ"လို့  လက်ညှိုးငေါက်ငေါက်ထိုး
ပြောဆိုနေကြတဲ့ အကြောင်းရင်းက ဒီအရင်းအမြစ်က စီးဖျာကျတယ်လို့  မြင်တယ်။
ဒီတော့ ဝေဖန်အကဲဖြတ်တဲ့ ပြည်သူတွေအပေါ် "ငါတို့ တပ်မတော်က လုပ်တာ
မဟုတ်ရင် မင်းတို့ ကောင်တွေကို တရားခွင် ပို့ ပစ်မယ်" ဆိုတဲ့ ကြိမ်းဝါးခြင်းမျိုးဟာ
ပြဿနာတခုလုံးရဲ့  ဇစ်မြစ်ကို တူးဖော်မှုမလုပ်လိုဘဲ သွားလေသူ နားလေသူ အာဏာရှင်
စစ်ခေါင်းဆောင်ကြီးများရဲ့  ခြေဖ၀ါးကို ထပ်ကြပ်မကွာ လိုက်နင်းတဲ့၊ အာဏာသုံး
ခြိမ်းခြောက်တဲ့ လူမိုက်စရိုက်မျိုး ဖြစ်ပါတယ်။
အမှုမှန်ကို ဖော်ထုတ်နေတဲ့ကာလမှာ ဒီလိုပြောဆိုချက်တွေကို ရှောင်ကြဉ်ရပါမယ်။
စစ်တပ်ဘက်ကသာ လူကြီးလူကောင်းပီသတယ်ဆို လုပ်စရာရှိတာကို ဖြောင့်မှန်စွာ
လုပ်နေရပါမယ်။ စစ်တပ်က လုပ်ဆောင်နေတဲ့ တရားခံဖော်ထုတ်ရေးကိစ္စရပ်
ပြီးဆုံးအောင်မြင်လို့  တိုင်းပြည်ကို တင်ပြတဲ့အခါမှာ တိုင်းရင်းသားပြည်သူအားလုံး
ယုံကြည်လက်ခံနိုင်ဖို့ က နောက်ထပ် ပြဿနာတခု ဖြစ်လာပါဦးမယ်။ "လံကြုပ်ဇာတ်"လို့ 
ပြည်သူဘက်က မြင်လာသေးရင်တောင် ဒေါသမထွက်ဖို့  ပြင်ဆင်ထားရပါမယ်။
တိုက်ရိုက်တမျိုး သွယ်ဝိုက်၍တဖုံ စစ်တပ်နှိပ်စက်လို့  ခံခဲ့ရတာတွေနဲ့  နှိုင်းယှဉ်ရင်
ပြည်သူလူထုရဲ့  ပါးစပ်ပြော၊ စာအရေးဟာ ဖော့တုံးနဲ့ ပေါက်သလောက်သာ ရှိပါတယ်။
တပ်မတော် ပြန်မတ်ဖို့  လမ်းမှန်ပေါ်က သွားဖြစ်ရင်တောင်မှ အနည်းဆုံး ၁၀ နှစ်
ပြဲနေအောင် လုပ်ပြရပါဦးမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...