Saturday, November 15, 2014

ရွာပြင်၌ နေထိုင်ခြင်း

 
            ထောက်ကြန့် အလွန်မှာ ဂျီးတော်ကြီးနေထိုင်ရာ-ပိုက်ကြီးဝဲရွာရှိသည်။ ငယ်စဉ်က သူ့ရွာကို မကြာခဏ ရောက်ဖြစ်သည်။ သူ့မှာလယ်မြေဧက ၂၀လောက်အပြင်နို့စားကျွဲနွားအကောင် ၅၀ ခန့်လည်းတဘက်က မွေးမြူပြီး ရန်ကုန်ထဲကို နို့ပို့လုပ်ငန်းလုပ်ကိုင်သောကြောင့်ခေသူမဟုတ်ချေ။ သူ့အိမ်ကိုသွားလည်လျှင် သူရောသူ့ယောက်ျား ပါ သူရင်းငှါးများနှင့် အမြဲဆူညံအလုပ်ရှုပ်နေတတ်သည်။ဂျီးတော်ကြီး၏ကျွဲတဲ-နွားတဲကြီးများက ဟီးဟီးထနေပြီး ညနေမှောင်ရီပျိုးပြီဆိုသည်နှင့် သူ့တဲများကို ဂုံနီအိတ်တွေကာရံခြုံသိုင်း-ချထားလိုက်ပြီ။   ဆနွင်းမှိုင်းအပြတ်တိုက်လေပြီ။ထိုအခါ ကျွန်တော်လည်းလွတ်ရာသို့ပြေးရလေသည်။ သူ့ကျွဲခြံနွားခြံများနောက်မှာမြေသြဇာအလို့ငှါ-ကျွဲချေးနွားချေး-ကျွဲသေးနွားသေးများကို တနှစ်ပတ်လုံး မပြတ် ကျင်းဖွဲ့သိုလှောင်ထားသောကြောင့် အမြဲစွတ်စိုနေရကား ခြင်-မှက်များအကြိုက်ဖြစ်နေပုံရသည် ။ ခြင်မှက်အလွန်ထူသောကြောင့် သူ့ကျွဲနွားများခြင်အကိုက်သက်သာရလေအောင် ဆနွင်းမှိုင်းတိုက်ပေးရခြင်းဖြစ်သည်။
ကျွဲနွားတွေ ခြင်မှက်တညလုံးအကိုက်ခံရ၍ အိပ်ရေးပျက်ကြလျှင် နို့အထွက်လျော့သည်ဟု ဂျီးတော်ကြီးစကားနာယူမှတ်သားရဖူးပါသည်။
          ရွာပြင်သို့ထွက်ပြေးလာသောကျွန်တော်  ရွာနဲ့ လှမ်းလှမ်း က လယ်စောင့်တဲလေး ရောက်သော် နေသာသွားပြီ။ ထိုနေရာက သာယာအေးချမ်းလှပါဘိ။ လွတ်လပ်သန့်ရှင်းသောလေ စိမ်းလန်းကျယ်ပြန့်သောမြင်ကွင်းနှင့်ဆိတ်ငြိမ်သောသဘာဝအနေအထားကို ကျွန်တော်အလွန်သဘောကျ။ ဆူညံပူညံတွေမရှိရာ။ မကောင်းသောအနံ့အသက်တွေကင်းရာ။ တွေးခြင်ရာတွေးငေးခြင်ရာငေးပြီးလျှင် တရေးတမောအိပ်နိုင်ပါသေးသည်။ရွာပြင်က မဆိုးလှပါ။

ကျွန်တော်တို့တိုင်းပြည်ကို အမေရိကန်သမတအိုးဘားမားလာတာ ၂ခေါက်ရှိသွားပြီ။ အိမ်သာလို့ဧည့်လာတာလို့ အကောင်းဘက်ကတွေးသူတွေလည်းရှိပါမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တရင်းတနှီးဖက်လှဲတကင်းပြောဆိုဆွေးနွေးနေကြသည်ကိုမြင်ရသောအခါ ကျွန်တော်ကျေနပ်မိပါသည်။  ဒါ တိုင်းပြည်အတွက် မရပ်မနား ဒီမိုကရေစီရေး ကြိုးပမ်းနေသူတယောက်ကို အသိအမှတ်ပြုတာပဲဟုနားလည်။ မုဒိတာပွါးရပါသည်။ အင်္ဂလန်က ၀န်ကြီးချုပ်မစ္စတာဒေးဗစ်ကင်မရွန်းလာစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ခြံထဲ မြက်ခင်းပေါ်မှာအတူလမ်းလျှောက်စကားပြောဆိုနေကြပုံမှာ  ကွဲကွာနေသော အမကြီးကို မောင်ငယ်က လာတွေ့သလို- ပြန်ဆုံကြသောမောင်နှမနှစ်ယောက်နှင့်ပင် တူနေပါသေးသည်။
          တချိန်ထဲမှာ အိမ်နီးနားခြင်းတရုတ်က ခေါင်းဆောင်ပိုင်းတွေ တခါမှာလာလည်ခြင်း တွေ့ဆုံခြင်း မရှိတာကို သတိထားမိပါသည်။ တရုတ်သည် အနောက် ဒီမိုကရေစီနှင့် မယဉ်ပါးအကျွမ်းဝင်ခြင်ပုံမရဟု နားလည်ခံစားရပါသည်။ ဒေါ်အောင်ဆန်းစုကြည်  အနောက်နှင့် ရင်းနှီးလေလေ အရှေ့တရုတ်နှင့်ဝေးလေလေလားဟု ထင်လာမိပါသည်။ ဖွဲ့စည်းပုံပြင်ရန်အီလေးဆွဲခြင်း တုန့်ဆိုင်းနေခြင်းများသည် တရုတ်သြဇာတစိတ်တပိုင်းလွှမ်းမိုးနေခြင်းလားဟု ယိုးစွပ်ခြင်လာ မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက် ရင်းနှီးကျွမ်းဝင်ခြင်းကို အိမ်နီးချင်းတချို့မုဒိတာ ပွါးနိုင်ပါ့မလားဟု တွေးမိပါသည်။
               ကျွန်တော်သည်ယခုအခါသူတပါးကိုစော်ကားမော်ကားမဟုတ်ပဲ ကိုယ့်အထင်ကိုယ် လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်ရသော နေရာတခုအတွက် ငယ်စဉ်ရွာပြင်ထွက်သလို တချက်တချက် သဘောကျမိပါသည်။တစိမ်းတရံဆန်ဆန် မနေ့တနေ့ကမှရောက်လာသော ကျွန်တော်တယောက် သူများတိုင်းပြည်မှာ -ယခု အင်္ဂလန်အစိုးရ ဘာတွေလုပ်နေတယ်။ ဘာတွေဆက်လုပ်မယ်ဆိုတာ အကုန်သိနေပါသည်။ အတိုက်အခံကလည်း ဘာတွေအတိုက်အခံလုပ်နေတယ်။ သူအာဏာရရင် ဘာတွေပြင်မယ်ပြောင်းမယ် အတိအလင်းပြောတာကို နေ့စဉ်သိနေပါသည်။ စီးပွါးရေးကြပ်တည်းမှုကို ခံစားနေရသောသာမန်ပြည်သူထဲက ပြည်သူတယောက်ဖြစ်နေပြီး ဘာတွေဖြစ်လာရင်ကောင်းမှာပဲ ဆိုတာမျိုး လိုက်တွေးရင်း နေ့စဉ်အစိုးရအလုပ်- အတိုက်အခံအလုပ်တွေကို စိတ်ဝင်စားနေမိပါသည်။ ကိုယ်တိုင်းပြည်မှာ ကိုယ်နေခဲ့စဉ်တုန်းကတော့ ကိုယ့်အစိုးရ ဘာတွေလုပ်နေတယ်မသိ။  မနက်ဖြန်ဘာဖြစ်မယ်ဆိုတာလည်းမသိ။ သတင်းစာတွေလည်းမဖတ်။ အစိုးရရုပ်-သံ-တွေလည်းစိတ်ရှည်လက်ရှည် ထိုင်မကြည့်နိုင်ခဲ့။
  ဒေါ်အောင်ဆန်းစုကြည် တယောက် တရုတ်အစိုးရနှင့်  ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့်အတွက် တိုင်းပြည်ရှေ့တလှမ်းတက်ဘို့နောက်နှေးနေတာပဲ။တိုင်းပြည်တဖူနာတာပဲဟု တချို့ယိုးတိုး ယိတ်တိတ် ဝေဖန်သုံးသတ်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် တရုတ်နှင့်အကျွမ်းတ၀င်မရှိသည့်အတွက် မတိမ်းညွှတ်သည့်အတွက်ဟု ဆိုလျှင် သူမမှာအပြစ်မရှိပေ။ ဤသို့ကျွန်တော်ပြောဆိုသောကြောင့် သံခင်းတမန်ခင်းမရှိသူ။ ထင်ရာမြင်ရာလက်လွတ်စပယ်သမား-လွှတ်တော်မှာစကားပြောဘို့ မစပ်ဟပ်ဟု ဆိုလျှင်လည်းမတတ်နိုင်။ ရွာပြင်မှာသာ- နေသာသလို-နေရပါဦးမည်။  

                                                                     ခွန်ဆိုင်း  ( ၁၆-၁၁-၂၀၁၄ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...