Saturday, October 10, 2015

‪#‎အမေ‬ (သိန်းဖေမြင့်)

စာအုပ်လင့်ပေါင်းစုံ

အမေ့ကို အစောဆုံး မှတ်မိရသည်မှာ ကျွန်တော် နို့ဖြတ်တုန်းက ဖြစ်ပါသည်။
ကျွန်တော် ဘယ်အရွယ်ရောက်ပြီဟုတော့ မမှတ်မိ။ ကျွန်တော်တို့မှာ ညီအစ်ကိုနှစ်ယောက်သာရှိပြီး ကျွန်တော်က အငယ်ဖြစ်သဖြင့် တောက်တောက်ပြေးလွှားကစားသည့် အရွယ်တိုင် နို့စို့တုန်း ဖြစ်လေသည်။ ဘုတလင်မှာ မွေးသော်လည်း ကျွန်တော့်အဖေ မြေတိုင်းစာရေးကြီးသည် သားရိုးကုန်းအုပ်စုကို ကိုင်ရသဖြင့် သားရိုးကုန်းရွာသို့ ရွှေ့နေကြရသည်။
လထိန်ထိန်သာသော တစ်ညတွင် နို့စို့အပြီး အမေက ကျွန်တော့်အား နှမ်းလုံးကလေးများ ကျွေးပါသည်။ အတန်ကြာသော် ကျွန်တော့်ကို ပါးစပ်အဟ ခိုင်းပြီး နှမ်းလုံးကလေးတစ်လုံး ချောင်ကြိုချောင်ကြားက ဆွဲယူ၍ ကျွန်တော့်အား ပြပါသည်။
‘ကြည့်စမ်း၊ ငါ့သား၊ ခုအရွယ်ထိ နို့စို့တော့ သွားပိုးကလေးတွေ ကျနေပြီ။ နောက်မစို့နဲ့တော့နော်’
နှမ်းလုံးကလေးဖြစ်မှန်း သိပါသည်။ သို့သော် ကျွန်တော် အမေအား ဘာမျှ ပြန်မပြော။ သည့်နောက် နို့မစို့တော့ပါ။
ငယ်ကျင့်တစ်ခု အမှတ်ရသေး၏။ အမေ မနှိုးလျှင် ဘယ်သူနှိုး၍မှ မထ။ အမေ လာမခေါ်မချင်း ‘အမ ကျွန်တော် နိုးပြီ’ ဟု အော်မြည်နေလေ့ရှိသည်။
သားရိုးကုန်းရွာမှာ စာသင်ကျောင်း မရှိ။ ကျည်းပင်ချောင်ရွာ ဆရာကျင့်ကျောင်းသို့ သွားရသည်။ (ဆရာကျင်မှာ ယခု ဘုတလင် ဖဆပလ ခေါင်းဆောင်တစ်ဦး ဖြစ်၏။) ကျွန်တော့်အဖေမှာ ကျွန်တော်တို့ ညီအစ်ကိုအား စာသိပ်တတ်စေလိုသောကြောင့် ကျောင်းသားရွယ် မရောက်သေးသော ကျွန်တော့်အား အစ်ကိုကြီးနှင့် အတင်းကျောင်းထည့်၏။ ကျွန်တော်သည် ကျောင်းရောက်ရောက်ချင်း ငိုနေသောကြောင့် ဆရာကျင်က မတ်တတ်ထ ငုံ့ပြီးချော့ရာ ဆရာ့အိတ်ထဲမှ သင်္ဘောစေ့တွေ ကျလာသည်။ ကျွန်တော်သည် ငိုယင်းပင် သင်္ဘောစေ့တွေ ကောက်ပေးသောအခါ ဆရာကျင်က တဟားဟား ရယ်ရှာသည် ကျွန်တော့်ကို ချော့မရ၊ ဇွဲကောင်းကောင်းနှင့် ငိုလေရာ နောက်နေ့များတွင် ကျောင်းမလိုက်ရတော့ပါ။
အစ်ကိုကြီးကိုခွဲ၍ ဘုတလင်သို့ ကျောင်းပို့ထားသောအခါ သားရိုးကုန်းမှနေပြီး ကျွန်တော်လွမ်းနာကျမိ ပြန်ပါသည်။ ‘အစ်ကိုကြီးရေ..ပြန်ခဲ့ပါတော့ဟ၊ ဥသြကလေးတွေ မြည်နေပြီ’ ဟု ဟစ်ခေါ်နေပြန်ရာ အမေမှာ မနေတတ် မထိုင်တတ် ဖြစ်ရှာပါသည်။ နောက်ဆုံး မိသားတစ်စု ဘုတလင်သို့ ပြောင်းနေရပါတော့သည်။
ဘုတလင်တွင် ကျွန်တော့်အဖေသည် ကျွန်တော့်အား ကျောင်းထားရန် ကြိုးစားပြန်သည်။ တစ်ရက် နှစ်ရက် ကျောင်းလိုက်ပြီး သည်လို ဖြစ်လေ၏။ ကျောင်းကား မနက်ကျောင်း ဖြစ်သည်။ ကျွန်တော့်အမေ ကျွန်တော့်အား လားနှိုးသည်။ ကျွန်တော်က မနိုး ဟန်ဆောင်နေသည်။ အမေက လှုပ်နှိုးလည်း ဟန်မပျက်၊ အမေသည် ကျွန်တော့်ကို ပွေ့ပြီးလှုပ်၏။ ကျွန်တော်ကား ဇက်ချိုးချထားပြီး ငိုက်စိုက်လုပ်နေ၏။ အမေက ပျာပျာကလဲ နဖူးစမ်း လက်ဆုပ် ဖြစ်နေ၏။ အတန်ကြာလျှင် အမေသည် ‘အမယ်လေး ငါ့သားကလေး ဘာဖြစ်သွားမှန်း မသိပါဘူး၊ လုပ်ကြပါဦး’ ဟု အော်ဟစ်ကာ ချုံးချ၍ ငိုပါသည်။
သည်တွင်မှ ကျွန်တော်သည် ဟန်အလုပ်လွန်သွားပြီးဟု နားလည်ပြီး၊ သတိချပေးလိုက်ရသည်။ အမေကား ‘အမယ်လေး ငါ့သားကလေး သေရချည်ရဲ့၊ လုပ်ကြပါဦး’ ဟု ထပ်၍ ထပ်၍ အော်ပါသည်။ လမ်းဟိုဘက် ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်အိမ်မှ ကျွန်တော်တို့က ‘ကောင်းကောင်း’ ဟု ခေါ်သော ဆေးဆရာ ဦးကျောက်ကောင်း ပြေးလာလေ၏။ ကျွန်တော်ကား ‘အမ၊ အမ’ ဟု ခေါ်ပြီး အမေကို ဖက်ထားသည်။ အမေကို များစွာသနားသွားပါသည်။
ထိုနေ့မှစ၍ အမေ ကျွန်တော့်ကို မနှိုးရတော့ပါ။ ကျွန်တော့်ဘာသာ ကျွန်တော် ထပါသည်။ အမေကလည်း ကျွန်တော့်အား ကျောင်းမထည့်တော့ပါ။ သို့သော် ကျွန်တော်၏ ထိုဟန်ဆောင်မှုကို အမေကား သေသာသွားသည့်တိုင် အမှန်သိမသွားရှာပါ။ ကျွန်တော့်မှာ ဖွင့်ပြောမပြရက်သလို ဖြစ်နေခဲ့ပါသည်။
တော်တော့ကို အရွယ်လွန်မှ ကျောင်းနေသောအခါလည်း အတန်းကျောင်းမှာ မပျော်၊ ဘုန်းကြီးကျောင်းမှာသာ ပျော်၏။ သို့သော် အဖေကား အတန်းကျောင်းမှာသာ ထား၏။ တစ်ခါတစ်ခါ အတန်းကျောင်းက လစ်ပြီး အိမ်က ကိုးကွယ်သော ဆရာတော် ဦးဗိုလ်မောင်ကျောင်းသို့ ပြေး၏။ သို့သော် ဆရာတော် ဦးဗိုလ်မောင်ကား ဖခင်၏ ဘက်သား ဖြစ်သဖြင့် အတန်းကျောင်းသို့သာ ပြန်ပို့၏။ တစ်ခါသော် ကျွန်တော်သည် သူငယ်ချင်းတွေနှင့် အတန်းကျောင်းသို့ အတူသွားရင်း လမ်းခွဲနေရစ်ခဲ့၏။ ကျောက်သင်ပုန်းကို သိမ်ဟောင်းတစ်ခုထဲ ၀ှက်ထားခဲ့ပြီး ဦးတေဇ၀န္တဘွဲ့ခံ ဘုန်းတော်ကြီး ဦးရေအေးကျောင်းသို့ သွားနေ၏။ ဦးပဉ္စင်း ဦးနန္ဒိယနှင့်အတူ ရှမ်းတောရွာသို့ ဆွမ်းခံလိုက်၏။ နေ့လယ် မန်ကျည်းပင်ပေါ်တက်၊ လိုက်တမ်းပြေးတမ်း ကစားနေ၏။ စာအနည်းငယ် အံရ၏။ ညနေ အတန်းကျောင်းဆင်းချိန်တွင် လမ်းကကြိုပြီး သူငယ်ချင်းများနှင့် အိမ်ပြန်၏။ ဤကျောင်းပြေးနည်းကား ပိလှသဖြင့် ၃-၄ ရက် မမိပေ။ ဦးရေအေးမှာ အိမ်က ကိုးကွယ်သော ဆရာတော် မဟုတ်သဖြင့် မုန့်ဖိုးကလေးနှင့် လမုန့်ဝယ်ပြီး လှူခြင်းဖြင့် ဆရာဒကာ လုပ်ရသေးသည်။ ၃-၄ ရက်ကြာတော့ ကျွန်တော် ကျောင်းပြေးပုံကို အဖေသိသွားလေသည်။ အဖေသည် ပြင်းထန်စွာ ရိုက်ပါသည်။ ကျွန်တော့် ခြေနှစ်ချောင်းကိုင်ပြီး ခေါင်းနှင့် မြေကြီးတစ်ချက်ပင် ဆောင့်လိုက်ပါသည်။
အဖေ၏ အပြစ်ဒဏ်ခံပြီး အိမ်အနောက်ဘက်က မစိုးမယ်တို့ အိမ်သို့ သွားပြီး ငိုနေပါသည်။ ထိုအခါ အမေရောက်လာပါသည်။ အမေမှာလည်း မျက်ရည်တွေနှင့် ဖြစ်သည်။ မင့်အဖေက မင့်ကို အတန်းတွေ သိပ်အောင်စေချင်တယ်။ မင်းက ခုလိုပြေးတော့ ဒေါသသိပ်ကြီးတာပေါ့။ ငါ့သားရယ် လိမ်မာစမ်းပါကွယ်။ ကျောင်းမပြေးနှင့်နော်ဟု ချိုသာစွာ ချော့မော့၍ ပြောနေခဲ့ပါသည်။
ကျွန်တော့်အမေကား ရိုက်လေ့ ရိုက်ထ မရှိသည် မဟုတ်ပါ။ ခေါင်းရိတ်ရင်း ငိုတာကိုပင် ရိုက်ပါသည်။ တစ်ခါက ရွာမြောက်ဘက် ကန်တော်ကြီးမှ ခေါင်းရိတ်ရေချိုးအပြန် ကျွန်တော်သည် သင်ဓုန်းဓားကို ကိုင်လာသည်။ လမ်းနဘူးချုံတွင် နဘူးနွယ်တစ်ခုကို သင်ဓုန်းဓားဖြင့် ဖြတ်ရင်း သင်ဓုန်းလွတ်ကျပြီး ညာဘက်လက်ကောက်ဝတ်ကောက် ခုတိုင် အမာရွတ်ကြီး ထင်အောင် ရှိပါသည်။ အမေမြင်သောအခါ ‘ဆော့ဦး’ ဟု ဆိုပြီး ရိုက်ပါသည်။ ပြီးမှ ဆေးတွေ ဘာတွေ ထည့်ပေးပါသည်။ သို့သော် အမေကား ဘယ်တော့မဆို အော်ဟစ်ကြိမ်းမောင်း ဒေါသအမျက် တခြောင်းခြောင်းနှင့် မရိုက်ပါ။
ကျွန်တော့်အမေကား ပွဲအလွန်ကြိုက်သည်။ ကျွန်တော်သည် အမေ့ခြေရာနင်းပါသည်။
ထိုစဉ်က ကျွန်တော်တို့ ရွာနားမှ ထွက်သော ဦးဘုံးမိုကြီး၊ မန္တလေးတက်ငှားရသော ဦးဘလွန်း၊ စပယ်လှိုင်းတို့၏ ရုပ်သေးများ အလွန်ခေတ်စားသည်။ ကျွန်တော့်အမေနှင့် ကျွန်တော်တို့သည် ကိုဘလွန်းရုပ်သေးကို မိုးအလင်း ကြည့်ပါသည်။ အမေကား ပွဲအလင်းကြည့်ပြီး ဆက်၍ ထမင်းဟင်းချက်သည်။ ထမင်းဟင်းတစ်အုပ်ခပ်ပြီး ရုပ်သေးဆရာများ စားရန် သွားပို့သည်။ ပြန်လာလျှင် ‘ငါ့ထမင်းအုပ် ဘယ်သူစားသဟေ့’ ဟု ပြောပြီး စားရသည်မှာလည်း အမောပင်။
တစ်ခါတုန်းက (ကျွန်တော် ၉ နှစ်ထက် ပိုမကြီးသေးဟု ထင်သည်) ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ ကိုဘအေးနှင့် ကျွန်တော် နှစ်ယောက်တည်း အိမ်မှ မသိဘဲ ဘုတလင်မှ တစ်တိုင်ခွဲ ကျော်ကျော်ဝေးသော ကျည်းပင်ချောင်ရွာသို့ ညကြီးမင်းကြီး မိုးဖွဲကလေးက ကျနေတုန်း မုန့်သေတ္တာပုံးထဲ ဖယောင်းတိုင်စိုက်ထွန်းလျက် ခြေကျင် လျှောက်ကြပါသည်။ အကြောင်းကား ဦးဘုံးမိုကြီးရုပ်သေး ကြည့်ရန်ဖြစ်ပါသည်။ ဟိုကျတော့ ပွဲမကဖြစ်သည်ကို တွေ့ရပါသည်။ နောက်တစ်နေ့မနက် အစောကြီးပြန်ပြီး အိမ်နောက်ဖေး တိတ်တိတ်ဝင်အိပ်ရသည်။ သည်အကြောင်း အမေသိသော်လည်း မရိုက်ပါ၊ မကြိမ်းပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖေသည် အမေ့အား ရိုက်လေ့ရှိသည်။ အဖေသည် မူးလျှင် အင်မတန် ဆိုးပါသည်။
တစ်ခါတုန်းက အဖေ ကွင်းနင်းသွားရင်း ကျွန်တော်တို့ ကုက္ကိုစုရွာသို့ လိုက်လည်ကြသည်။ အမေ့ဘက်က ကျွန်တော်တို့အဘိုး လျှောက်လွှာစာရေးကြီး ဦးပေါက်ကျိုင်း၏ ရွာဖြစ်သည်။ အဖေသည် ချက်အရက်တွေသောက်ပြီး ဆူဆဲကာ ကျွန်တော့်အမေကို လိုက်ရိုက်ရန် ကြိုးစားသည်။ အမေနှင့် ကျွန်တော် ကျီတစ်ခုပေါ် တက်ပြီး ပုန်းနေရ၏။ အမေ့ကို ရှာမတွေ့သဖြင့် အဖေသည် ထမင်းဝင်စားသည်ကို ကျွန်တော်တို့ မြင်ကြရ၏။ ဗြုံးဆို ပဲဟင်းပူတွေ အဖေ့ကိုယ်ပေါ်သို့ လောင်းကျသည်။ ‘အားလေး အားလေး ပူလိုက်တာ’ ဟု အဖေ့အော်သံ ကြားရသည်။ ကျွန်တော်ကား ပျော်လှ၏။ တခစ်ခစ် ရယ်မိ၏။ အမေက မနည်းကြီးဆိတ်မှ ကျွန်တော်အရယ် ရပ်တော့၏။ မူးတာမကြိုက်၍လား၊ အမေ့ကို နှိပ်စက်တာ မကြိုက်၍လား။ ကျွန်တော်ကား ပဲဟင်းပူလောင်သော အဖေ့အတွက် အူမြူးနေခဲ့ပါ၏။
သားရိုးကုန်းတွင်နေစဉ်က အဖေသည် အိမ်အောက်ကွပ်ပျစ်ပေါ်၌ မူး၍ မှောက်လျက်လဲနေ၏။ ပါးစပ်က အမေ့ကို ဆဲနေ၏။ ကျွန်တော်သည် ထန်းပလပ်ပြားစောင်းကြီးနှင့် အဖေ့ခြေဖနှောင့် အထက်က အကြောကြီးကို လွှတိုက်သလို ဆွဲလိုက်၏။ ‘မူးဦးဗျား၊ အမေ့ကို နှိပ်စက်ဦးဗျား’ ဟု ပါးစပ်မှ တတွတ်တွတ် ဆိုသေး၏။ သွေးထွက်လာပြီး အဖေသည် ‘အလေးလေး မလုပ်ပါနှင့်ဟ’ ဟုသာ အော်နိုင်၍ မူးရာမှ ထကို မထနိုင်လေ။
အဖေက ရိုက်သဖြင့် အမေသည် ကျွန်တော့်အားခေါ်ပြီး အဝေးသို့ ပြေးရန်ကြံသည်မှာ ခဏ ခဏ ဖြစ်၏။ တစ်ခါက ပြည်မြို့တွင် အလုပ်လုပ်နေသော သူ့မောင် ကိုမောင်ကြီးဆီသို့ ပြေးရန် အထုပ်အပိုး ပြင်၏။ ကျွန်တော့်အတွက် ယူစရာလေးများလည်း ပြင်၏။ သို့သော် မပြေးဖြစ်ကြပေ။ အဖေ အမူးပြေတော့ ချော့လေရာ အမေလည်း စိတ်ပြေရှာတော့၏။ သားကြီးနှင့် ခွဲရမှာကလည် မလွယ်လှပါ။
ငယ်ငယ်က ကျွန်တော်သည် ပုစွန်ခြောက် အင်မတန် ကြိုက်၏။ အမေသည် ဆန်ထည့်သော စဥ့်အိုးထဲတွင် ပုစွန်ခြောက်ဘူးကို သိုသိပ်စွာ ထားလေ့ရှိ၏။ ကျွန်တော် ခဏ ခဏ ခိုးစား၏။
တစ်နေ့သော် ကျွန်တော် ကြို့ထိုးလျက် ရှိ၏။ အမေက ‘ဟဲ ကောင်ကလေး မှန်မှန်ပြောစမ်း၊ ဘာခိုးစားသလဲ’ ဟု မေးရာ ‘ဘာမှ မစားပါဘူး အမရဲ့’ ဟု ဖြေလိုက်၏။ ‘မှန်မှန်ပြော၊ ခိုးစားရင် ကြို့ထိုးတာပဲ’ ဟု အမေက ဖမ်းလေလျှင် ကျွန်တော်မှာ မိသွားသဖြင့် အားလုံး ဖွင့်ပြောရ၏။
‘နောက် ခိုးမစားနှင့်၊ စားချင်ရင် အမေ့ကို ပြောစား။ ကြို့မထိုးဘူး၊ ပြီးတော့ ဘာမှ လိမ်မပြောနှင့်။ လိမ်ရင် ကြို့ထိုးတတ်တယ် ကြားလား’
၎င်းနောက် ခိုးလည်း မစား၊ လိမ်လည်း မလိမ်။
ကျွန်တော့် အဖေမှာ မြေတိုင်းစာရေး ဖြစ်သည့်အတိုင်း တောင်သူလယ်သမား အများအပြား ကျွန်တော်တို့ အိမ်လာပါသည်။ ဦးပိုင် အပြောင်းအလွဲ၊ မြေပုံကူး၊ အခွန်တော်စည်းကြပ် စသည့် များမြောင်သော ကိစ္စတို့အတွက် လာကြခြင်း ဖြစ်၏။
ကျွန်တော်သည် လာသမျှသော ဧည့်သည်တို့အား အမေးထူလေ့ရှိ၏။ လူးဆပ် ဘာလုပ်စားရသလဲ။ နှမ်းဘယ်လို ကြဲသလဲ။ ဘယ်လောက်မျိုးချရင် ဘယ်လောက်ထွက်သလဲ။ သူတို့မှာ အခါလည်တော့ ဘယ်လောက်ရသလဲ။ ကူလီခ ပြောင်းဘယ်နှတောင်းရသလဲ။ ပွစာတက်အောင် မေး၏။ အမေကား တောက ဧည့်သည်များအား များစွာအားနာပြီး ‘ဟဲ့ကောင်လေး အမေးထူလိုက်တာ’ ဟု ကျွန်တော့်ကို ငေါက်ပါသည်။ သို့သော် ကျွန်တော် မေးတတ် စမ်းတတ်ခြင်းအတွက် သူဂုဏ်ယူကြောင်း ပြုံးပြုံးကြီး လုပ်နေပါ၏။ နောက် အမေကပင် တောင်သူလယ်လုပ်တွေ ကျပ်တည်းဆင်းရဲပုံ ပြောပြသည်။ စပါးပေး၊ ပဲပေး၊ ငွေချေးနည်းစနစ်များအကြောင်း ရှင်းပြသည်။ ‘စပါးပေး၊ ပဲပေးဆိုတာ သိပ်ဆိုးတာပဲနော်’ ဟု ကျွန်တော်က မှတ်ချက်ချလျှင် ‘ဆိုးတော့ ဆိုးတာပေါ့၊ ကြွေးပေးသူမှာတော့ စီးပွားသိပ်ဖြစ်တယ်။ တောက လူတွေမှာလည်း မယူဘဲ မနေနိုင်ဘူး။ စပါးပေး၊ ပဲပေးဟာ မကောင်းပေမဲ့ မတတ်နိုင်ဘူး။ ပေးသူက ပေး၊ ယူသူက ယူ၊ လူတိုင်းလုပ်နေကြတာပဲ’ ဟု ဖြေပါသည်။
တောက ဧည့်သည်များ ယူလာသဖြင့် လည်းကောင်း၊ အဖေ ကွင်းနင်း၍ အပြန်ယူလာသဖြင့် လည်းကောင်း ကျွန်တော်တို့ အိမ်မှာ ဗူးသီး၊ ခရမ်းသီး၊ ငရုတ်၊ နံနံစမြိတ် ဟင်းသီးဟင်းရွက် လှိုင်လေသည်။ ဟင်းသီးဟင်းရွက်တွေ လှိုင်ပြီလား ဆိုမှဖြင့် အမေသည် အပုံတွေခွဲပြီး အိမ်နီးနားချင်းများကို ကျွန်တော်တို့ ညီအစ်ကိုအား အဝေခိုင်းပါသည်။ ရွှေဘုံသာဆုတောင်းပြည့် ရွှေပေါ်ကျွန်းဘုရား ဆွမ်းကြီးလောင်းပွဲများတွင် မုန့်ဆီကြော်၊ ငါးပေါင်းကြော်၊ ကတိုးကွာများကို ကျွန်တော်တို့အား ရွာထဲ ရပ်ထဲလျှောက် အဝေခိုင်းသည်။ သို့ကလို ပေးရ၊ ကမ်းရ၊ ဝေရ၊ ခြမ်းရခြင်းတွင် ကျွန်တော်သည် အလွန်အကျူး ကြည်နူးပါသည်။ အမေသည် နှမြောသင့်သည့် နေရာ၌ အလွန်နှမြောစီစစ်ပြီး ဤလိုအခါ၌ကား စေတနာ ဗလ၀ ဖြစ်ပါသည်။ ကျွန်တော်တို့ ရှင်ပြုတုန်းက ‘ကျွေးရာ မွေးရာမှာ တွန့်တိုမိမှာစိုးတယ်’ ဟုဆိုပြီး အမေနှင့် အဖေ ဘုန်းကြီးကျောင်းသွားကာ မျက်နှာလွှဲ နေကြလေသည်။
အမေသည် ရက်ကန်းလည်း ရက်တတ်၏။ ငယ်ငယ်က အမေ့လက်ရက် လုံချည်ကလေးများ ၀တ်ရသည်သာ များ၏။
အမေကိုယ်တိုင် လက်ရက်လုံချည်ကို အခါများစွာတွင် ၀တ်လေ့ရှိ၏။ သို့သော် ဖျင်ပင်နီ အင်္ကျီကိုကား ဘယ်တော့မှ မ၀တ်။ ၀ံသာနုခေတ် ဘုတလင်တစ်ဝိုက်တွင် ၀ံသာနုဆရာတော် ဦးသက္ကံသတို့ ကြီးစိုးတုန်းကလည်း အမေသည် ဖျင်ပင်နီကို မ၀တ်။ နောက် တို့ဗမာအစည်းအရုံးခေတ် ကျွန်တော် သခင်ဖြစ်တော့လည်း အမေကား ဖျင်ပင်နီ အင်္ကျီ မ၀တ်၊ ပိတ်ပါးကိုသာ ၀တ်၏။
‘ဖျင်ပင်နီအင်္ကျီ ၀တ်ပါ အမေရယ်’
ဟု ကျွန်တော်က တိုက်တွန်းလေရာ ‘ငါ့သတ်ပစ်ဆိုဦး၊ ဖျင်ပင်နီအင်္ကျီ မ၀တ်ဘူး။ ထူလဗျစ်ကြီး၊ အိုက်ကလည်း အိုက်နှင့်၊ တွက်ချေလည်း မကိုက်ဘူး’ ဟု ပြန်ဖြေရာ ကျွန်တော် အရှုံးပေးရပါသည်။ အမေသည် ကျွန်တော် သခင်လက်သစ် ကလေးအား လက်လုပ်ငန်းသည် စက်လုပ်ငန်းကို မပြိုင်နိုင်။ ခေတ်ဟောင်းသည် ခေတ်သစ်ကို မပြိုင်နိုင်ဟူသော သဘောတရားကို လက်တွေ့ပြလိုက်ခြင်း ဖြစ်ပါ၏။
မုံရွာနှင့် ဘုတလင်မှာ (၂၁) မိုင်သာ ဝေးလျက် ငါးမူး ခရီးစရိတ်ကုန်လျှင် ရောက်ပါသည်။ သို့သော် ကျောင်းပြန်ဖွင့်၍ မုံရွာသွားတိုင်း ကျွန်တော့်အမေမှာ မျက်ရည်စကလေးများနှင့် ကျန်ရစ်ခဲ့သည်ကိုသာ တွေ့ရ၏။ ကျောင်းပိတ်၍ အချိန်တန်လို့ ပြန်မရောက်လျှင် ကျွန်တော့်အမေသည် တဖျစ်တောက်တောက်နှင့် စိတ်ကောက်လေ့ ရှိပါသည်။
တစ်ခါတုန်းက မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း ၉ တန်းတွင် သင်ကြားနေစဉ် ကျောင်းပိတ်သော်လည်း ကျွန်တော့်မှာ ချက်ချင်း မပြန်နိုင်ပါ။ ၈ တန်း ဆရာတစ်ယောက်က တာဝန်ပေးသဖြင့် သူ့အတန်းက အဖြေစာအုပ်များ ကူညီစစ်ဆေးနေရသောကြောင့် ဖြစ်ပါသည်။
ဦးချစ်ဖို့၏ ဘတ်စ်ကားကြီး စီးပြီး အိမ်ပြန်ရောက်တော့ ညနေစောင်းနေလေပြီ။ မန်ကျည်းပင်နှင့် အုန်းပင် ထိပ်ဖျားများဝယ် ပက်ဖျန်းနေသော နေခြည်များသည် တရွေ့ရွေ့ ထွက်ခွာရင်း အလွမ်းသယ်နေသည့်အလား တင့်ဆန်းသာယာခြင်းကို ဆောင်နေကြပါသည်။
အိမ်ရှေ့တွင် ဘက်စ်ကားရပ်ပြီး ဦးချစ်ဖို့က ‘ဟေ့ မယ်မြင့်၊ နင့်သား ပါလာသဟေ့’ ဟု ခေါ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ဘက်လှည့်၍ ‘မင်းအမေက နေ့စဉ် ထွက်မျှော်နေတယ်ကွ’ ဟု ပြောပါသည်။ အမေကား ခပ်သော့သော့ ထွက်လာသည်။ သူ့မျက်နှာကား မကြည်သာပါ။ အထုပ်များကို ဆွဲငင်ကာ ယူသွား၏။ ကျွန်တော့်ကိုမူ စကားလည်း မပြော။ ကြည့်လည်း မကြည့်ပါ။
အမေသည် အိမ်ထဲတွင် အထုပ်များထားခဲ့ပြီး မီးဖိုသို့ သွားသည်။ ကျွန်တော်ကား အမေ့ဖြစ်အင်ကို နားလည်ပြီး ဖြစ်သည်။ အမေသည် မီးဖိုနားထိုင်ပြီး အိုးတစ်အိုးကို တည်နေ၏။ ကျွန်တော်လည်း အမေနှင့် မျက်နှာချင်းဆိုင်၍ မီးဖိုနားမှာ ထိုင်လိုက်သည်။ အမေ့မျက်နှာကို ပြုံးကြည့်သောအခါဝယ် အမေက မျက်နှာလွှဲလိုက်သည်။ မီးဖိုပေါ်က အိုးမှာ နွားနို့အိုးဖြစ်၍ မွှေရန် အကြောင်းမရှိသော်လည်း ယောက်မကြီးနှင့် မွှေနေ၏။ အမေ့မျက်စိများတွင် မျက်ရည်စကလေးများ ဝေ့နေသည်။ ကျွန်တော်က ကျောင်းပိတ်ပိတ်ချင်း ပြန်မရောက်နိုင်ရသည့်အကြောင်း တတွတ်တွတ် ရှင်းပြ၏။ အမေက မကြားသလို လုပ်နေသည်။ ကျွန်တော် ဘယ်လောက်တော်ကြောင်း၊ တော်လို့သာ ဆရာတွေက ဒီလိုတာဝန်များ ပေးခြင်းဖြစ်ကြောင်း၊ ဆရာဥာဏ်၏ ဗမာစာသင်ကျောင်းတုန်းက ၄ တန်းရောက်တော့ ၃ တန်းဆရာ မလာသဖြင့် ၃ တန်းဆင်းပြရပုံပါ ပြန်လှန်၍ အမေ့အား နှစ်သိမ့်ကျေအေးစေပါသည်။ အမေက မကြားသလို လုပ်နေသည်။ နွားနို့ကျက်ပြီဖြစ်၍ ပန်းကန်တစ်ခုထဲ လောင်းထည့်သည်။ အမေ စိတ်ပြေပုံ မရသဖြင့် ကျွန်တော် အားပျော့သွားပါပြီ။
‘အမရယ် ကျွန်တော် ကျောင်းပြေးယင် စိတ်ကောက်နိုင်တယ်၊ အခု ဘာလို့ စိတ်ကောက်သလဲ’ ဟု ကြေကွဲသံနှင့် မေးလိုက်လေသည်။
အမေက ကျွန်တော့်ရှေ့ နွားနို့ပန်းကန် ချပေးပြီး
‘ရော့ သောက်’ ဟု ဆိုပါသည်။ ၎င်းနောက် အမေ့မျက်နှာမှာ စမ်းရေလို ကြည်လင်လာပါသည်။ ကျွန်တော့်အား လပြည့်ဝန်းကြီးလို ပြုံး၍ ကြည့်ပါသည်။ ကျွန်တော်သည် ငယ်ငယ်တုန်းကလို အမေ့အား ဖက်ချင်၏။ နမ်းချင်၏။ အမေ့ရင်ခွင်ဝယ် ရင်ငွေ့လှုံလို၏။
‘ကဲ ချွတ်စမ်း၊ အပေါ်အင်္ကျီနှင့် ဦးထုပ်၊ အိုက်ကလည်း အိုက်သနဲ့’
သို့ကလို အမေပြောမှ အပေါ်အင်္ကျီနှင့် ဦးထုပ်ကို ချွတ်ရန် သတိရပါတော့၏။ ဦးထုပ်ချွတ်လိုက်တော့ ဗိုလ်ကေ မရှိတော့သဖြင့် အစသော် အမေ အံ့အားသင့်သွားသည်။ နောက် တဟားဟား ရယ်နေပါသည်။
ထိုနှစ်က သာယာဝတီ အရေးတော်ပုံအပြီး တို့ဗမာသခင် အုံကြွမှုကြီး စတင်ပေါက်ပွားပါသည်။ ရန်ကုန်တက္ကသိုလ်တွင် သခင်ဗစိန်တို့ ခေါင်းတုံးရိတ်ခြင်း၊ စီးကရက်ဖြတ်ခြင်း၊ အမျိုးသားရေး လှုံဆော်ခြင်း ပြုကြလေရာ ကျွန်တော်တို့ကျောင်းသို့ ဂယက်ရိုက်လာပါသည်။ ကျွန်တော်တို့ကျောင်းတွင် ကျွန်တော်တို့ ကိုးတန်းသားတို့သည် နေရာတကာမှာ ထူးချွန်သည်။ ဘောလုံးအကောင်းဆုံး ချင်းမင်းကြီးသား မောင်ချင်ပေါမှာ ကျွန်တော်တို့ အတန်းသား ဖြစ်၏။ အင်္ဂလိပ်စာမှာ သိန်းတင် (ညိုမြ)နှင့် ကျွန်တော်သည် ဆယ်တန်းသားတွေထက် သာသည်ဟု အသိအမှတ်ပြုကြ၏။ အတွက်အချက် အက္ခရာသင်္ချာ စသည်တို့တွင် ၉ တန်းနှင့် ၁၀ တန်း ပေါင်း၍ မေးသော မေးခွန်းကို ၉ တန်းသား ကျွန်တော်က ပထမဆုံး အဖြေမှန် ပေးနိုင်၏။ ကျောင်း ကွန်ဆာ့တွင် ကျွန်တော်က ဇာတ်လမ်းရေး၍ သိန်းတင် (ညိုမြ)က မင်းသားရူး ဇာတ်ဦးစီးလုပ်၏။ ထိုအခါ ပေါ်ပေါက်လာသော တို့ဗမာသခင် အုံကြွမှုတွင်လည်း ကျွန်တော်တို့ ၉ တန်းကပင် ခေါင်းတုံးရိတ်ခြင်းဖြင့် စကြလေ၏။ အတန်းထဲမှာ ခေါင်းတုံး စတင်ရိတ်သူမှာ သိန်းတင် (ညိုမြ) ဖြစ်ပေ၏။
အမေကား ခေါင်းတုံးကို ဖျင်ပင်နီကဲ့သို့ပင် အားမပေးပါ။ ‘ခေါင်းတုံးကြီးနှင့် အရုပ်ဆိုးပါတယ်’ ဟု ပြောလေသည်။ ကျွန်တော့်အမေကား ခေတ်ပညာမတတ်သော်လည်း ခေတ်ကို မလွန်ဆန်၊ ခေတ်အကြိုက်လိုက်သူ ဖြစ်ပါသည်။ ခေါင်းတုံးရိတ်ခြင်းမှာ အမျိုးသားစိတ်၏ ဆန္ဒပြင်းပြခြင်းမှတစ်ပါး၊ အခြားအဓိပ္ပါယ် မရှိပါ။ ခေါင်းတုံးရိတ်ခြင်းမှာ လွတ်လပ်ရေးအတွက် ဟောင်းမြင်းလျက် မထိရောက်သော လက်နက်သာ ဖြစ်ပါသည်။ ထိုးကွင်းမင်ကြောင်နှင့် အတူတူပင် ဖြစ်ပါသည်။
သားနှင့် ခွဲရတိုင်း အမေ့မှာ မချိတင်ကဲ မနေတတ် မထိုင်တတ် ဖြစ်ရရှာသည်။ ရန်ကုန်ကျောင်းသွားတော့ အမေ မီးရထားလိုက်ပို့သည်ကို အမှတ်ရသေးသည်။ အမေ့မှာ တမာပင်ကလေးမှီလျက် ညှိုးငယ်သော မျက်နှာငယ်နှင့် ကျွန်တော့်ကို ကြည့်နေပါသည်။ ရထားလူကျပ်သဖြင့် ကျွန်တော်မှာ ပြတင်းပေါက်ဝ တည့်တည့်တွင် နေရာမရ ဖြစ်ပေရာ အမေ့အား မျက်နှာကို ပြည့်ဝစွာ မပြနိုင်လေပါ။ အမေကား အားမလို အားမရ ဖြစ်နေ၏။ တစ်ခါတစ်ခါ ပြတင်း ၂-ခုကြားက တိုင်ကွယ်နေသဖြင့် အမေသည် ခေါင်းငဲ့လိုက်၊ ကိုယ်ညွှတ်လိုက်နှင့် ကျွန်တော့်မျက်နှာကို ပြည့်ဝစွာ မြင်ရရန် အားထုတ်၍ ကြည့်ရှာပါသည်။
ကာလကတ္တားသို့ ကျောင်းသွားနေခြင်းကို စစချင်း အိမ်က မသိ။ ကျွန်တော့်ဘာသာ ကျွန်တော် စရိတ်ရှာပြီး ဇွတ်သွားနေခြင်း ဖြစ်၏။ ကာလကတ္တားမှ နေပြီး စာရေးအကြောင်းကြားလိုက်တော့ အမေ့မှာ သည်လောက်ဝေးတဲ့နေရာ သွားနေရပါမည်လားဟု လွမ်းဆွေးခြင်း ကြီးစွာဖြစ်ပြီး မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင် ဖြစ်နေဟု သိရပါသည်။ ‘အတင်းပြန်ခေါ်ရမယ်’ ဟု ဆိုလျက် လွမ်းဖျားပင် ဖျားသေးရာ အဖေ့မှာ အတော် တရားချယူရသည်ဟု သိရပါသည်။ ကာလကတ္တားက ကျောင်းပိတ်လို့ ခဏပြန်လာရာ အမေ့မှာ ပျော်၍မဆုံး၊ ချစ်၍မဆုံး ဖြစ်နေရှာသည်။ ထိုအချိန်က အဖေနှင့် အမေမှာ ဆားလင်းကြီးသို့ ပြောင်းနေကြရပါသည်။ ကာလကတ္တားပြန်ရန် ဆားလင်းကြီးမှ ထွက်သောအခါ ဘတ်စ်ကားသို့ အမေလိုက်ပို့သည်။ ကားပေါ်က ကျွန်တော့်အား ကားအောက်က အမေက မျက်ရည်တွေနှင့် စိုက်ကြည့်နေစဉ် ကားစက်နှိုး၍ ထွက်ပါသည်။ ထိုအခါ အမေမှာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကားနောက်က အပြေးကလေးလိုက်၍ ကျွန်တော့်မျက်နှာကိုပင် စိုက်လျက် ကြည့်မြဲ ကြည့်နေပါသေးသည်။ သို့သော် ဘက်စ်ကားသည် အမေ မမီအောင် ပြေးလေပြီ။
သည်လို အမေ ကားနောက်က အပြေးကလေးလိုက်ကြည့်ပုံကို ကာလကတ္တား တက္ကသိုလ်မှ ကျွန်တော့်ဆရာ ဒေါက်တာဘရူးဝါးအား ပြောပြလေရာ ‘မင်းကကော မျက်ရည်ကျသေးသလား’ လို့ မေး၏။ ‘ကျွန်တော်ကတော့ မကျဘူး’ ဟု ဆိုရာ ဟက်ဟက်ပက်ပက် ရယ်ပြီး ‘မင်းလိုကောင်မျိုး သည်လို ချစ်မြတ်နိုးတဲ့ အမေနဲ့ မထိုက်တန်ဘူး’ ဟု မှတ်ချက်ချပါသည်။
ဟိုတုန်းက မျိုးချစ်စိတ်ရှိ၍ နိုင်ငံရေးလုပ်ချင်ရင် အဖေ၊ အမေ မချစ်နိုင်ဟူသော ကြမ်းတမ်းသော အယူအဆများ ရှိခဲ့ပါသည်။ တစ်ခါတစ်ခါ အမေသေသွားရင် အေးမယ်၊ သံယောဇဉ်ကင်းပြီး ကျွတ်ကျွတ်လွတ်လွတ် ထင်ရာလုပ်နိုင်မယ် စသည်ဖြင့် မိုက်မဲစွာပင် တွေးမိခဲ့သေးသည်။ ခုတော့ အမေ သေပြီးပါပြီ။ အလာကောင်းသော်လည်း အခါနှောင်းနေပြီဆိုသလို ဖြစ်ရပါပြီ။ ခုတော့ အမေ့ကို အချစ်မပျက်ဘဲ အမျိုးကို ချစ်နိုင်သည်။ သားကောင်းတစ်ယောက် ဖြစ်ရင်၊ ပြည်သူပြည်သားကောင်း တစ်ယောက် ဖြစ်နိုင်သည်။ ပြည်သူပြည်သားကောင်း တစ်ယောက်ဖြစ်ခြင်းဖြင့် အကောင်းဆုံး သားတစ်ယောက် ဖြစ်နိုင်သည်ဟူသော အသိဥာဏ်များ ၀င်လျက်ရှိပါပြီ။ ချစ်စရာ အမေကား မရှိတော့ပါ။
အဖေမှာ မြေတိုင်းစာရေးဖြစ်၍ လယ်ဝန်ဗျူရိုကရက်၏ မာန်မဲခြင်းခံရပါသည်။ လယ်ဝန်မင်းများအား ကျွေးရမွေးရ ဧည့်ခံရရုံမက ရှိလည်းခိုး ဘုရားလည်း ထူးရပါသည်။ အဖေမှာ ထိုသို့သော အောက်ကျမှုများကို အတော် မခံမရပ်နိုင် ဖြစ်၏။ တစ်ခါတုန်းက ‘ဒီတစ်ခါ လယ်ဝန် ငါ့ကို ကြိမ်းမောင်းရင် ဖြစ်ချင်ရာဖြစ် ဆော်မယ်’ ဆိုပြီး သံတုတ်ကြီးတစ်ခု အဆင်သင့် လုပ်ထားပါသေးသည်။ ကျွန်တော်တို့မှာ လယ်ဝန်ကို အထင်ကြီးပြီး အရွယ်ရောက်လာသူများ ဖြစ်၏။ တစ်ခါက သားရိုးကုန်းရွာတွင်နေစဉ် အင်္ဂလိပ် လယ်ဝန်တစ်ယောက် လာပါသည်။ ကျွန်တော်ကား ကျောင်းမနေရရန် ငိုကောင်းတုန်းအရွယ် ဖြစ်၏။ လယ်ဝန်မှာ အင်္ဂလိပ်ဖြစ်သဖြင့် ကျွန်တော့်အဖို့ အရာရာ ဆန်းကြယ်နေ၏။ သူ ဖိနပ်တဒေါက်ဒေါက်နှင့် လျှောက်ရန် ဘုန်းကြီးကျောင်းက ကော်ဇောငှား၍ ခင်းပေးရ၏။ အိပ်သာသတ်သတ် လုပ်ပေးရ၏။ ကျွန်တော်သည် လယ်ဝန်များ၏ ချေးမှာ တစ်မျိုးဖြစ်ရမည်ဟု ယူဆပြီး၊ သူယိုသွားသောချေးကို သွားကြည့်မိသေး၏။ ဤမျှ ကျွန်တော့်အဖေ၏ ဘ၀ အောက်ကျပါသည်။ သို့သော် အဖေ့မှာ ထွက်ပေါက်မရှိ။ ထွက်ပေါက်အနေနှင့် ကုန်ကူးသည်။ ကုန်မမြတ်သည့်အပြင် ချစ်တီးကြွေးတင်ပြီး ချစ်တီးအား နေအိမ်ကို အပ်ရပါသည်။ ရှိသော မြေကလေးများကိုလည်း ရောင်းပစ်ရပါသေးသည်။ အခြားထွက်ပေါက်တစ်ခုကား ကျွန်တော် ဖြစ်ပါသည်။ အဖေသည် သူတို့ကိုယ်တိုင် မစားရက် မသောက်ရက် စီးပွားရှာပြီး ကျွန်တော့်အား ကျောင်းထားခြင်းမှာ လယ်ဝန်ဖြစ်စေရန် ဖြစ်၏။ ဘီအေအောင်ပြီးသောအခါ လယ်ဝန်ထက်ကြီးစေရန် အိုင်စီအက်(စ်) ၀င်စေချင်၏။ ကာလကတ္တား၌ အမ်-အေ-ဘီအယ်လ် တက်သောအခါ ၀တ်လုံဖြစ်စေလို၏။
ဘီအေအောင်ပြီး သခင်ဗစိန်၊ သခင်ဗသောင်းနှင့် တွဲမိပြီး တို့ဗမာအစည်းအရုံး ပထမအကြိမ် (ရေနံချောင်း) ညီလာခံ ကျင်းပသောအခါ ကျွန်တော် တွဲဖက်အတွင်းရေးမှူး အဖြစ်တွင် ကျွန်တော့်အဖေမှာ ယောကျာ်းတန်မဲ့ ချ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...