Thursday, October 8, 2015

မူလတန်း ပညာရေးအတွေးအခေါ် နှင့် အယူအဆများ ( ၃၂ )

မင်းခက်ရဲ (Min Khet Ye)

တာဝန်ခံမှု ( accountability )
သိပ်မကြာသေးခင်က အများပြည်သူဆိုင်ရာ ကျောင်းတစ်ကျောင်းရဲ့ ဆုပေးပွဲမှာ ကလေးတွေကို အက တွေနဲ့ ဖြေဖျော်စေပါတယ်။ ဆုပေးပွဲတွေမှာ ကိုယ့်ကျောင်းရဲ့ ကလေးတွေကို က ခိုင်းတာမျိုးကို မြန်မာပြည်က ငွေကြေးတတ် နိုင်တဲ့ ကျောင်းတော်တော်များများလုပ်ကြတဲ့ အလေ့အကျင့်ပါပဲ ။ ဒါပေမယ့် ထူးခြားချက်တစ်ခုက ကတဲ့ ကလေးတွေရဲ့ ကုန် ကျစရိတ်နဲ့ ပတ်သတ်လို ဘာတစ်ခုမှ ဖြေရှင်းပေးဖို့ မကြိုးစားတာပဲ ။ ဒါကလည်း တာဝန်မခံချင်တဲ့ အစိုးရ ၊ ပညာရေး ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျတ်ကို လုံလုံလောက်လောက်မသုံးစွဲချင်တဲ့ အစိုးရမျိုးကို ဒေါက်လျောက်ပိုင်ဆိုင်ခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် သိပ်ပြီး မထူးဆန်းတော့တာအမှန်ပါပဲ။ စာသင်ခန်းထဲမှာ သုံးတဲ့ တံမြက်စည်းဖိုးက အစ သောက်ရေအိုး အဆုံး ၊ နောက်ဆုံး ကလေးတွေကို ရိုက်ဖို့ကြိမ်လုံးကို ကလေးတွေကို ပြန်ဝယ်ခိုင်းတဲ့ အထိ လုပ်နေတဲ့ ပညာရေးမျိုးကို ကျွန်တော်တို့ကြုံတွေ့ခဲ့ရပြီးပြီ။
ဒါကြောင့် အက အတွက် ကလေးမိဘတွေ ကုန်ကျစရိတ်တွေ ကိုယ့်ဘာ သာကိုယ် စိုက်ရတာ ထူးဆန်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် ကလေးတွေ အက က ကြတဲ့ အခါမှာ သက်ဆိုင်ရာ ပညာရေးမှူးက ဆုချတာ ၊ ကလေးမိဘတွေက ဆုချတာမျိုးက ကလေးတွေ မရပဲ ၊ပျောက်ချင်း မလှ ပျောက်သွား တာ မျိုးကတော့ အတော်ကလေး ဆိုးဝါးတယ် လို့ ဆိုရမယ်။ အဲဒီ ဆုကြေးငွေတွေ ဘယ်ရောက်သွားသလဲ လို့ စူးစမ်းကြည့်တဲ့ အခါ အက ကတဲ့ ကလေးတွေနဲ့ ကလေးမိဘတွေက လည်း စမ်းတ၀ါးဝါးနဲ့ ကျောင်းရံပုံငွေထဲ ထည့်လိုက်မယ်ထင် တယ် ဆိုတဲ့ အဖြေမျိုးကို သာ ပြန်ပြော ကြတာကိုတွေ့ရမယ်။ ဒါဟာ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ အခြေအနေ တစ်ရပ်ပဲ။ ကျောင်းအာဏာပိုင်တွေနဲ့ ဆရာဆရာမတွေရဲ့ တာဝန်ခံမှုကင်းမဲ့နေခြင်းရဲ့သာဓက တစ်ရပ်ဆိုလည်း မမှားဘူး။ တကယ်က ကောင်းမွန်းတဲ့ အစိုးရ တစ်ရပ် အုပ်ချုပ်တဲ့အခါမှာ ပညာရေးအသုံးစရိတ်နဲ့ ကျောင်းတွေ သုံးစွဲ ဖို့အတွက် ရံပုံငွေဆိုတာကို ကျောင်းတွေအတွက်ပေးအပ်ထားပြီးသားပဲ။ အင်္ဂလန်မှာ ဆိုရင် ပညာရေးအသုံးစရိတ် အပြင် ၁၉၈၈ ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ အက်ဥပဒေကို ပြဌာန်းပြီး ကျောင်းတွေအတွက် အထူးသီးသန့် အသုံးစရိတ် ကို ထုတ်ပေးတာမျိုးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးအနေနဲ့ ပညာရေး အသုံးစရိတ်ကိုတော့ဖြင့် သက်ဆိုင်ရာ အများပြည်သူဆိုင်ရာကျောင်းတွေအတွက် အထိုက်အလျောက်ပေးရမှာဖြစ်တယ်။ ပညာရေးအသုံးစရိတ်ကို မတိုးချင်တဲ့ အစိုးရမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာ ကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေအပေါ်တာဝန်ခံချင်စိတ်ကင်းမဲ့ လာတယ်။ ကျောင်းသားကျောင်းသူတွေအတွက် ဘာမှ မဖြည့်ဆည်းတော့ပဲ ၊ အရာအားလုံးနီးပါးကို သူတို့ အိပ်ကပ် ထဲက ပြန်ယူနေတဲ့ အပြင် သူတို့လေးတွေ ရသင့်ရထိုက်တဲ့ အရာတွေကိုတောင်မှ ကျောင်းရံပုံငွေထဲ ထည့်ရတဲ့ အခြေအနေ ကို စိုက်ရောက်နေတာတွေ့ရမယ်။ အစိုးရကောင်းတစ်ခုအနေနဲ့သာတွေ့ရင် အစိုးရဟာ အများပြည်သူဆိုင်ရာကျောင်းတွေအတွက် လုံလောက်တဲ့ အသုံးစရိတ်ကို အတိုင်းအတာတစ်ခုအထိသာ တာဝန်ခံမယ်ဆိုရင် ဒီလို တာဝန်ခံလိုစိတ်ကင်းမဲ့တဲ့အခြေအနေတွေဖြစ် လာမှာ မဟုတ်ဘူး ။ အစိုးရက ပေးအပ်တဲ့ ကျောင်းရံပုံငွေ ၊ အသုံးစရိတ်ဆိုတာ တကယ်တော့ ပြည်သူတွေရဲ့ အခွန်က နေလာတာဖြစ်တယ်။ ဒါကြောင့် ကျောင်းအုပ်ချုပ်ရေး ဘုတ်အဖွဲ့နဲ့ ဆရာဆရာမတွေမှာ ပြည်သူလူထုအပေါ်ကို တာဝန်ခံ ရမှာဖြစ်တယ်။ အများပြည်သူဆိုင်ရာ ပိုက်ဆံတွေကို ကျောင်းတွေက သုံးနေတာ ဆိုတဲ့ အသိနဲ့အတူ ကိုယ့်လူမှု အသိုင်း အ၀ိုင်းအတွင်းက ပြည်သူတွေရဲ့ တိုးတက်မြင့်မားမှုကို ကျောင်းနဲ့ ဆရာတွေက လိုလာစိတ်ဟာ လည်း မရှိ မဖြစ်တဲ့ တာဝန်ခံ မှုဖြစ်တယ်။
တာဝန်ခံမှု အပိုင်းနှစ်ပိုင်း
ပညာရေးသမားတွေကတော့ ဆရာဆရာမဆိုတာ သူတို့ဘာကိုသင်ကြားမယ် ၊ ဘယ်လို သင်ကြားမယ်ဆိုတာနဲ့ ပတ်သတ်ပြီးသူတို့ရဲ့ ပရော်ဖက်ရှင်နယ် ရွေးချယ်မှုကို လွတ်လွတ်လပ်လပ် ရွေးချယ်လုပ်ကိုင်သူတွေဖြစ်ပေမယ့် တခြားသော ပရော်ဖက်ရှင်တွေနဲ့ မတူတဲ့ တစ်ချက်က သူတို့ဟာ သူတို့ရဲ့ လူမှု အသိုင်း အ၀ိုင်းကောင်းကျိုးအတွက် ပိုပြီးတာဝန်ခံရတဲ့သဘောရှိတာပဲ လို့မြင်ကြတယ်။ တာဝန်ခံကြတဲ့နေရာမှာ အဓိကအကျဆုံးပိုင်းနှစ်ပိုင်းကတော့ ကျောင်းနဲ့ ဆရာဆရာမတွေပဲ ။ သူတို့တွေ တာဝန်ခံမှု လုပ်ရမယ့် အပိုင်းတွေက လည်း တစ်ဖက်နဲ့တစ်ဖက်မတူဘူးဆိုရမယ်။ ကျောင်း ဘုတ်အဖွဲ့ က ဘဏ္ဍာရေးနဲ့ ပတ်သတ်တဲ့တာဝန်ခံမှုကို လုပ်ရမယ်။ အထက်မှာ ဖော်ပြထားတဲ့ ကိစ္စမျိုးဆိုရင် ကျောင်း အုပ်ချုပ်ရေးဘုတ်အဖွဲ့မှာ ပိုပြီး တာဝန်ရှိတယ်လို့ ဆိုရမယ်။ ဆရာဆရာမတွေကတော့ ထုံးစံအတိုင်းသူတို့ရဲ့ ပရော်ဖက်ရှင် နယ်အရာတာဝန်ခံမှု ( professional accountability ) ကိုယူရမှာဖြစ်တယ်။ ဘဏ္ဍာရေးနဲ့ပတ်သတ်တဲ့ တာဝန်ခံမှုဟာ ကျောင်းဘုတ်အဖွဲ့ထံမှာသာလျင် အကြွင်းမဲ့တည်ရှိတဲ့ အရာ ဖြစ်တယ်။ အဲဒီအတွက် သူတို့တာဝန်ခံရမှာက ကျောင်းရဲ့ အမျိုးအမြတ်တွေ ရရှိလာဖို့ပဲ ။ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍ နဲ့ ရည်ရွယ်ချက်က ပညာရေး ဥပဒေ အတိုင်းဖြစ်ပေါ်နေအောင် ထိန်းကျောင်းကွပ်မဲ့ရမယ်။ ကျောင်းအုပ်ဆရာရဲ့ဆုံးဖြတ် ချက်ချမှတ်ခြင်းဖြစ်စဉ်အပေါ်ကို အကြံဥာဏ်ပေးရမယ် ။အထောက်အပံ့တွေပေးအပ်နိုင်ရမယ်။ ကျောင်းနဲ့ ပတ်သတ်တဲ့ အများပြည်သူရဲ့ တုံ့ပြန်မှု အစီရင်ခံစာကို တင်ပေးရမယ်။ အစိုးရပိုင်းက ပုဂုလ်တွေဟာ ဒေသတွင်း ပညာရေး အာဏာပိုင်တွေကနေ တစ်ဆင့် မိဘတွေနဲ့ ဒေသခံလူမှုအသိုင်းအ၀ိုင်းကို တာဝန်ခံပေးရမှာဖြစ်တယ်။ တာဝန်ခံမှုနဲ့ ပတ်သတ်တဲ့ ပြဿနာတစ်ခုကတော့ အောင်မြင်တဲ့ သင်ကြားမှု ဆိုတာ ဘာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး မှတ်ကျောက်စံ ပဲ။ ဆရာဆရာမတွေကို သူတို့ရဲ့ ပရောက်ဖက်ရှင်နယ်ဆိုင်ရာ တာဝန်ခံမှု ရှိရမယ် ဆိုရင် သူတို့ရဲ့ ပရောက်ဖက်ရှင်နယ်တစ်ခုဖြစ်တဲ့ သင်ကြားခြင်းနဲ့ ပတ်သတ်ပြီး ဆရာဆရာမတွေက အောင်အောင်မြင်မြင် သင်ကြားနိုင်ရမယ်။ ဒါပေမယ့် တစ်ဖက်မှာကလည်း အောင်မြင်တဲ့ သင်ကြားခြင်းဆိုတာဘာလဲ နဲ့ ပတ်သတ်တဲ့ မှတ်ကျောက်စံတွေမှာ ပြဿနာလာရှိနေပြန်ရော ။ များသောအားဖြင့် ပညာရေး ပညာရှင်တွေက တပည့်တွေရဲ့ အောင်မြင်ထမြောက်မှု ( achievement ) ဆိုတာအပေါ် အလေးပေးပြီး ဆွေးနွေးကြတာများတယ်။ သင်ကြားမှု အောင်မြင် ခြင်းရဲ့ အဓိ က အတိုင်းအတားဟာ တပည့်တွေရဲ့ အောင်မြင်မှုပဲ။ တစ်နိုင်ငံလုံးရဲ့ အောင်ချက်နဲ့ အဆင့်ရရှိနှုန်း နှိုင်းယှဉ်ချက်ဟာ သင်ကြားခြင်းရဲ့ အောင်မြင်မှုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို သတ်မှတ်ချက်ဟာ ပြီးပြည့်စုံတဲ့ သတ်မှတ်ချက် မျိုးတော့ မဟုတ်သေးဘူး။ တခြားသော အခန်းကဏ္ဍတွေအများကြီး ကျန်ရှိနေသေးတယ် ဆိုတာကိုလည်း အသိအမှတ် ပြုထားရပါမယ်။
မင်းခက်ရဲ
ဆက်လက်ဖတ်ရှုရန် ကျမ်းကိုး
Ditchfield, C. (2004) ‘Assessment, recording and reporting on children’s work’, in K.Jacques and
R.Hyland (eds) Professional Studies: Primary phase, pp. 51–62, Exeter: Learning Matters.
Drayton, M. (2002) ‘The role and purpose of school governing bodies’, in M.Cole (ed.)
Professional Issues for Teachers and Trainee teachers, 2nd edn, London: David Fulton.
Wrigley, T. (2003) Schools of Hope, Stoke on Trent: Trentham.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...