Friday, September 4, 2015

မျက်ဖြူဆိုက်လေ သူတို့ကြိုက်လေ



ဒီနေ့သံလျှင်မှာ ရဲနှစ်ယောက်ကို ဓားနဲ့ထိုးသတ်သွားတဲ့ မြင်ကွင်းကို FB ပေါ်မှာတွေ့လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ မိသားစုတွေ ဘယ်လောက် ဝမ်းနည်းကြရလိမ့်မလဲ။ ကိုယ်ချင်းစာမိသလို ရဲတွေရဲ့ ဘဝတောင်မလုံခြုံတော့တာ ပြည်သူတွေရဲ့ဘဝ ပိုပြီးဝေးသွားပြီပေါ့။
တစ်ဆက်တည်းမှာပဲ တရားခံကို လူအုပ်ကြီးနဲ့ ဝိုင်းဖမ်းရတာကိုလည်း တွေ့ရပြန်တယ်။ သေဆုံးသွားတဲ့ ရဲနှစ် ယောက်က တရားခံကို သွားဖမ်းတော့ ရဲဆိုရင်ကြောက်လိမ့်မယ်ထင်ပြီး သာမန်လောက်နဲ့ သွားဖမ်းပုံရပါတယ်။ ဟိုကဓားနဲ့ပြန်ထိုးတော့ ကိုယ်ကျိုးနည်းသွားရတော့တာပေါ့။
ဘာကိုသွားသတိထားမိသလဲဆိုရင် လူဆိုးကို သွားဖမ်းတဲ့ ရဲအရေအတွက်က အတော်လေး နည်းနေသလိုပဲဗျ။ ကျွန်တော့် အထင်ပြောတာပါ။ ရဲတွေ ဘယ်မှာ များနေသလဲဆိုတော့ သပိတ်မှောက်ကျောင်းသား တွေကို ဖမ်းဆီး ထားပြီး ထောင်မကျ ကျအောင်ရုံးထုတ်တဲ့နေရာမှာ အလွန်များနေတာတွေ့ရတယ်။
ဘာလက်နက်မှမရှိတဲ့ ကျောင်းသားတစ်ယောက်ကို ရဲ ၂၀ လောက်က ဝန်းရံပြီး ရုံးထုတ်နေတာကတော့ အမြင် လည်း မတော်ပါဘူး။ ကျောင်းသားတွေက အသေအလဲပြန်ခုခံပြီး ထွက်ပြေးမယ့်သူတွေ မဟုတ်ပါဘူး။ အဲဒါကို လက်ထိပ်ကြီးတွေခတ်ပြီး တကယ့်ရာဇဝတ်သားကြီးတွေလို ဆက်ဆံခံနေကြရတာ။
နောက်တစ်ချက်ကလည်း မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးဟာ ပြောစရာဖြစ်လာပြီပဲ။ သတ်လိုက်တဲ့လူတွေ။ လုလိုက်တဲ့ ပစ္စည်းတွေ။ မြန်မာနိုင်ငံဟာ တဖြည်းဖြည်းနဲ့ ကိုရီးယားမှာ သမ္မတ ချန်ဒူးဝမ်မတက်မီခေတ်ကလို လူဆိုး သူခိုးကြီးစိုးတဲ့ကာလမျိုးဖြစ်လာပြီလေ။
လူဆိုးသူခိုး များလာရတဲ့ အကျိုးဆက်က တိုင်းပြည်ကို မထိန်းနိုင်တော့လို့ အာဏာရှင်တွေ ပြန်လာရတယ်ဆိုတဲ့ နိဂုံးကို ဆွဲချင်တာပဲ။ ကိုရီးယားမှာလည်း လူဆိုးဂိုဏ်းတွေကို စစ်တပ်ကအာဏာသိမ်းပြီး နှိမ်နင်းလိုက်လို့ ပြည်သူ တွေရဲ့ဘဝ လုံခြုံအေးချမ်းရတယ်ဆိုပြီး စစ်အာဏာရှင်ကို ထိုင်ပြီး ရှိခိုးချင်လောက်အောင် ဖန်တီးခဲ့ကြတယ်။
၁၉၆၂ နဲ့ ၁၉၈၈ ကာလတွေကလည်းတိုင်းပြည်မှာ ထိန်းသိမ်းမရတော့လို့ စစ်တပ်ကအာဏာသိမ်းရပါတယ် ဆိုတဲ့ အဖြစ်မျိုးကို ကျွန်တော်တို့ကြုံခဲ့ဖူးပြီ။ မြန်မာနိုင်ငံကရဲတွေက လေးခွလောက်ပဲကိုင်ရတာဆိုတော့လည်း လူဆိုးသူခိုးတွေက ဘယ်လေးခန့်ပါ့မလဲ။
တပည့်ရဲလေးတစ်ယောက်ပြောတာ သတိရမိတယ်။
“ဆရာကြီးရယ် သေနတ်ပေးမှာကို ကြောက်နေရတာ။ သေနတ်တွေက မီးကျိုးမောင်းပျက်။ ပစ်လို့ကျည်ဆံထွက်ရင်ကံကောင်း။ ပိုဆိုးတာက သေနတ် ပျောက်သွားရင်၊ ဒါမှမဟုတ် အလုခံရရင် မလွယ်ဘူး။ သေနတ်မရှိတာ ပြဿနာမဟုတ်ဘူး။ သေနတ်ကိုင်ရတာက ပြဿနာ” တဲ့ဗျာ။
ရဲလက်ကို သေနတ်အပ်ရတာကလည်း ပြဿနာတစ်ခုဖြစ်မှာပဲ။ တစ်လောက စစ်သားတစ်ယောက်က စပယ်ယာတစ်ယောက်ကို ပစ်သတ်တာမျိုးတွေဖြစ်ဖူးတော့ ဘယ်သူမှ ယုံရတာတော့ မဟုတ်ပါဘူး။ ပြည်သူတွေ ဖြစ်နေတဲ့ဘဝက ကျီးလန့်စာစားပဲ။ စားဝတ်နေရေးကခက်၊ လူဆိုးသူခိုးပူ၊ နိုင်ငံရေးကလည်း တကျက်ကျက်။ ဒီကြားထဲက အသက်ထွက်ရသူတွေများလာတာ သမ္မတကြီးရဲ့ စေတနာကြောင့်လားဆိုတဲ့ ပြည်သူတွေရဲ့ သံသယကလည်း ရှိနေတာဆိုတော့ ကြာလေ အစိုးရအပေါ် ပြည်သူကနာလေ ဖြစ်လာဖို့ပဲ။ ဒါပေမဲ့ အစိုးရကတော့ ပြည်သူတွေ မျက်ဖြူဆိုက်လေ ကြိုက်လေပဲပေါ့။
၂.၉.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...