Thursday, September 24, 2015

အချစ်ဝတ္ထု ရိုးရိုးလေးတစ်ပုဒ်

                                     ဒီလမ်းထဲ ချိုးဝင်လိုက်သည်နှင့် သည်ရနံ့ရတော့မည်ဆိုသည်ကို ကြိုသိနှင့်သည်။ ချိုအီအီဖြစ်နေသည့် မလေးရှားပိတောက်ရနံ့ကို ဘယ်တုန်းက မှမကြိုက်နိုင်ခဲ့သော်လည်း သည်ရနံ့ကိုပင် လွမ်းနေခဲ့ရသည်မှာ ဘယ်နှနှစ်များ တိုင်ပါပြီလိမ့်။ သည့်နောက်တော့ ခရမ်းရောင်ပန်းများပွင့်သည့် ပျဉ်းမပင်များ။
                                    အနှစ်နှစ်အလလ သတိရနေခဲ့ရသည့် သည်လမ်း၊ သည်မြင်ကွင်း၊ သည်ရနံ့များနှင့် ပြန်ဆုံတွေ့ရတော့ လည်း ရင်တွေ ခုန်နေခဲ့ပြန်သည်။ ပျဉ်းမပင် တစ်ပင်အောက်ကို လျှောက်သွားမိသည်။ သည်သစ်ပင်ရဲ့ အနောက်မှာများ ခိုင်တစ်ယောက် ပုန်းနေလေမလား။

                                    သည်ကောင်မလေး နောက်တီးနောက်တောက်နဲ့ ဟေး ဖိုးကျော် ဟု ခေါ်လိုက်ကာ ဘွားခနဲထွက်လာရင် ငါတော့ လှမ်းပွေ့လိုက်မှာပဲ ဟုလည်း မဖြစ်နိုင်သည်ကို  ကယောင်ကတမ်း တွေးလိုက်မိသေးသည်။ ပြီးတော့လည်း ပြုံးမိပြန်သည်။ သူ ငါ့ကို ထားသွားပြီပဲ။ ဘယ်ဟုတ်ပါ့မလဲ သူငါ့ကိုထားခဲ့တာမှ မဟုတ်တာ ငါက အရင်ထားခဲ့တာပဲ မဟုတ်လား။
                                   တကယ်တမ်းတော့ ဘယ်သူက ဘယ်သူ့ကို ထားခဲ့သည်ဖြစ်စေ၊ ဘယ်သူက နေရစ်ခဲ့ရသည်ဖြစ်စေ အတူတူ ရှိလာခဲ့ပြီးမှ ခွဲထွက်ကြခြင်းပင်ဖြစ်သည်။ ခွဲခွာရခြင်းဆိုတာ ဘယ်မှာကောင်းလို့လဲ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ သူနဲ့ခွဲခွာမှ ဖြစ်မည်ဟု တွေးခဲ့မိပါသည်ကော။
ပျဉ်းမပင်ကို မှီလိုက်တော့ ပင်စည်ကြမ်းရှရှနှင့်ထိတွေ့မိသည်။ သည်အပင်ကြီးလည်း ကြီးရင့်လှပြီ။ သူ ခိုင့်ကို ထားခဲ့စဉ်က ခိုင်က သည်အပင်ကြီးအောက်မှာ လာလာ ငိုနေမည်ဆိုသည်မှာ သေချာလွန်းသည်။ခိုင်သည် စက်ဘီးလေးစီးကာ သည်နေရာသို့လာမည်၊ ပြီးလျှင် စက်ဘီးကို ဒေါက်မထောက်ဘဲ ပင်စည်ခြေရင်းတွင် ပစ်လှဲပစ်လိုက်ကာ ပင်စည်ရင်းတွင် တရှုံ့ရှုံ့နှင့် ငိုနေခဲ့လိမ့်မည်။
                                   ခိုင့်ကို သူထားခဲ့ခြင်းအတွက် နောင်တရမိသည်ဆိုလျှင် မမနှင့်တွေ့ခဲ့သည်ကိုပါ နောင်တ ရသည်ဟု ဆိုရပါတော့မည်။ခိုင်နှင့် စတွေ့ခြင်းကာလများသည် ချစ်ခင်မြတ်နိုးမှုနှင့် အေးချမ်းစွာ အမှတ်ရစရာများ ဖြစ်သော်လည်း မမနှင့် စတွေ့ရခြင်းအချိန်များက ရင်တွေခုန်ကာ နှလုံးသားတစ်ခုလုံး ခုန်ထွက် သွားမတတ် ရှိနေခဲ့သည်။
                                   သူငယ်ချင်းအပေါင်းအသင်းနည်းပါးလွန်းသော၊ မိသားစု ပြဿနာများနှင့် ရှုပ်ထွေးလွန်းသော ကျွန်တော့်အတွက် ခိုင်က အကောင်းဆုံး သူငယ်ချင်း၊ အကောင်းဆုံး ညီမလေး၊ အကောင်းဆုံး ဘ၀ အဖော် ဖြစ်ခဲ့သည်။ ဒါနဲ့များ ကျွန်တော် ဘာဖြစ်လို့များ ခိုင့်ကို သည်နေရာလေးတွင် လှည့်မကြည့်စတမ်း ထားခဲ့မိသည် မသိတော့ပါ။
                                   ခိုင်သည် မကြာခဏ စိတ်ကောက်တတ်သည့်မိန်းကလေးဖြစ်သည်။ ကျွန်တော့်ကို စက်ဘီးပေါ် တင်နင်းကာ တစ်ရပ်ကွက်လုံး ပတ်ချင်သည်။ ကျွန်တော်ကလည်း ယောင်္ကျားလေးတစ်ယောက်အနေဖြင့် မိန်းကလေးနင်း သော စက်ဘီးကို နောက်မှ ထိုင်မစီးချင်။ ထိုသို့သောအခါများတွင် သူစိတ်ကောက်သည်။
သူမကြိုက်သည့် ဘီယာများကို နှစ်ဘူးသုံးဘူး သောက်မိလျှင်လည်း ကျွန်တော့်ကို ပေါင်တွင်းကြော လိမ်ဆွဲပြီး စိတ်ကောက်ချင်သည်။ တစ်ခါတစ်ခါလည်း သူ့ကို နားမလည်ပေးဘူး ဟု အော်ငိုကာ ကျွန်တော့်ကို ခဲဖြင့် ပေါက်၍ စိတ်ကောက်ဖူးသည်။
                                 သို့ရာတွင် တစ်ဦးတစ်ယောက်က ကျွန်တော့်ကို နှိမ်သည်ဟု သူယူဆမိလျှင် ကျွန်တော့် မိသားစုဝင်ထဲကပင် ဖြစ်စေဦးတော့ သူက ကျွန်တော့်ဘက်မှနေ၍ နှုတ်ခမ်းထော်ကာ ရန်တွေ့တတ်သည်။ မကြာခဏ နေမကောင်းဖြစ်တတ်သော ကျွန်တော့်အတွက် နေ့မအိပ်ညမအိပ် ကျွန်တော့်ခုတင်ဘေးထိုင်ကာ သူမညီးမညူ ပြုစုပေးခဲ့သည်။ ရှားတောင့်ရှားပါး ကျွန်တော်သူ့ကို စိတ်ကောက်မိလျှင်လည်း သူက တဟားဟား အော်ရယ်ကာ ကျွန်တော့်ပါးကို လိမ်ဆွဲရင်း နင်ဟာ သိပ်ချစ်စရာကောင်းတာပဲ ဖိုးကျော် ဟု ဆိုတတ်သေးသည်။ တကယ်တော့ ခိုင်နှင့် အတူရှိနေခဲ့ရသော ဘ၀များသည် အေးချမ်းပျော်ရွှင်စရာ ကောင်းသည်ဟု ဆိုရမည်ပင်။
                                 ဘယ်အချိန်တွင်ဘာလုပ်ရမည်ဟု လူကြီးများသတ်မှတ်ပေးထားသည့် အချိန်ဇယားအတိုင်း ကျွန်တော်က လှုပ်ရှားနေရချိန်တွင်ခိုင်က ဘယ်လိုပျော်ရွှင်အောင်နေထိုင်ရမည်ကို သင်ပေးနေခဲ့သည်။ ကျွန်တော့် အိမ်က ထည့်ပေးသည့် ထမင်းဘူးကို သူများပေးပစ်ပြီး ကျွန်တော်တို့ နှစ်ယောက် လမ်းဘေးအသုတ်ဆိုင်ထိုင်ကာ ငရုတ်သီးစပ်စပ်များနှင့်စားခဲ့ကြသည်။ လွယ်အိတ်ထဲတွင် မေဂျာစာအုပ်များရှိရမည့်အစား ကဗျာစာအုပ်များ ထည့်ကာ ဓားလှီးရေခဲမုန့် တစ်ယောက်တစ်ချောင်းကိုင်စားရင်း ကဗျာတွေဖတ်ပြခဲ့ကြသည်။ ဒါတွေအားလုံး သည် ခိုင်နှင့်တွေ့ရသည်မှ ရရှိခဲ့သော လွတ်လပ်ပျော်ရွှင်မှုဖြစ်သည်။
ထိုစဉ်ကတော့ ခိုင်သည်သာ ကျွန်တော့်ဘ၀ဖြစ်ခဲ့ပါသည်။
                                 ဆောင်းလေအေးအေးတိုက်တက်သော မနက်ခင်း တစ်ခုတွင် မွေးဖွားသည့်ခိုင့်အတွက် သူ့မွေးနေ့ရောက်တိုင်း ကျွန်တော်က အနွေးထည်လှလှလေး၊ သို့မဟုတ် ဦးထုတ်လှလှလေးတွေပေးတတ်သည်။ တစ်ခါတော့ ကျွန်တော်စိတ်ကူးပေါက်ပေါက်နှင့် ကိုယ်တိုင် ကြိုးစားပမ်းစားလုပ်ထားသည့် ဇာနား တပ် လက်ကိုင်ပုဝါလေးကို အမှတ်တရအဖြစ် ပေးမိသည်တွင် ခိုင်သည် စိတ်လှုပ်ရှားလွန်းသွားသည်။ သူ့အရပ်ပုပုလေးနှင့် ခြေဖျားထောက်ကာ ကျွန်တော့်မေးဖျားကို မမီ့တမီ နမ်းခဲ့ ဖူးသည်။ ထိုနေ့ကလည်း ကျွန်တော်တို့ နှစ်ယောက် မြူတွေပိတ်နေသည့် သည်လမ်းလေးထဲရှိ ပျဉ်းမပင်ကြီး တစ်ပင်အောက်တွင်ရောက်နေခဲ့ခြင်းဖြစ်ပါသည်။
ခိုင့်၏ ထိုအနမ်းလေးရခဲ့စဉ်ခဏမှာပင် သည်ကောင်မလေးဟာ ငါနဲ့ တစ်သက်တာ အတူရှိရမည့်သူဟု မှတ်ထင်ခဲ့ရသည်။ ကျွန်တော်ကိုယ်တိုင် သည်သစ်ပင်ကြီးအောက်တွင်ပင် နင့်ကိုငါ မချစ်တော့ဘူး ခိုင်ဟု ပြောထွက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့မိပါ။
                                မမနှင့် ကျွန်တော်စတင်တွေ့ဆုံရသည်ကတော့ ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုပင်ဖြစ်သည်။ တက္ကသိုလ် နောက်ဆုံးနှစ်တွင် ခိုင်အပြင်းဖျား၍ ကျောင်းပျက်ရက်တွေများကာ လက်တွေ့များမ၀င်နိုင်၊ စာမေးပွဲပင် ၀င်မဖြေနိုင်ခဲ့။ ထိုကာလများက ကျွန်တော်တစ်ယောက် တည်း ငေါင်းစင်းစင်း ကျောင်းတက်ရင်း ၊ စာတွေကျက်ရင်း ခိုင့်ကို တစ်ရံမလပ် စိတ်ပူနေခဲ့ရသည်။
                               ကျွန်တော်ဘွဲ့ရသည့်နှစ်တွင် ခိုင်က နောက်ဆုံးနှစ် ပြန်တက်နေရပြီ။ ကျွန်တော်နှင့်အတူ ကျောင်းမတက်ရ သဖြင့် ငိုမဲ့မဲ့ ဖြစ်နေသော်လည်း ခင်မင်သူ သူငယ်ချင်းများသော မိန်းကလေးမို့ ကျောင်းတွင် ပျော်၍သာ နေပါသည်။
                               ကျွန်တော်တစ်ယောက်သာ ဟိုသင်တန်းတက်၊ သည်သင်တန်းတက်ရင်း ခိုင်မရှိသဖြင့် ဟာတာတာ ဖြစ်နေရသည်။ ထိုစဉ်တွင် ကျွန်တော်နှင့် မမ တွေ့ခဲ့ရခြင်းဖြစ်သည်။
                               မမနှင့် ကျွန်တော် အင်္ဂလိပ်စာတန်းတွင် ဆုံမိခဲ့သည်။ ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်၊ အသားဖြူဖြူ၊ ခန္ဓာကိုယ် သွယ်သွယ်နှင့် စကားပြောရင်း ခေါင်းငုံ့သွားတတ်သော မမ၏ ဟန်ပန်များကို ကျွန်တော် ငေးကြည့်ရင်း အရပ်ပုပု မျက်နှာလုံးလုံးလေးနှင့် ဆံပင်တိုလေး ၀ဲနေတတ်ပြီး ကျွန်တော့်လက်မောင်းကို ခိုစီးခဲ့သည့် ခိုင့်ကို မေ့သလိုလိုဖြစ်နေခဲ့ပြီ။ မမ၏ ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးများက စန္ဒယား တီးတတ်သည်ဆိုတော့ မမအတွက် စန္ဒယား တစ်လုံးပင် အပြေးဝယ်ပေးချင်သလိုလိုဖြစ်ရပြန်သည်။ ထိုကာလများ၏ ညနေခါများတွင် ကျွန်တော့် ရင်တွင်းမှ ခိုင်ဆိုသော မိန်းကလေးသည် တိတ်တိတ်ကလေး ပြေးပုန်းနေသလိုလိုပင်။
                           သင်တန်းဆင်းသည့် တစ်ညနေတွင် မမက အအေးသောက်ကြရန်ပြောပြီး လူရှင်းသော အအေးဆိုင် တစ်ဆိုင်တွင် ထိုင်ကြသည်။ မမက သည်နေ့သည် သူ့အမေ ဆုံးသည့်နေ့ဖြစ်ကြောင်းပြောကာ ကျွန်တော့် ပခုံးတွင် ခေါင်းမှီကာ မျက်ရည်တွေ ကျနေသည်။ ကျွန်တော်ကရော။ မမကိုသနားသည်လား၊ ပခုံးပေါ်က မျက်ရည်များကို ရင်ခုန်မိသည်လား မဆိုနိုင် မမပခုံးကို ဖေးမထားရင်း မမဆံနွယ်များကို နမ်းရှိုက်နေမိ ခဲ့သည် ထင်သည်။ ထိုအချိန်တွင်ခိုင်သည် ကျွန်တော့်ရင်ထဲရှိ ထောင့်တစ်နေရာတွင် စတင်ငိုနေလေတော့မည် ဆိုသည်ကို ကျွန်တော် မတွေးမိခဲ့ပါ။
                           မမနှင့်ကျွန်တော် နားလည်သွားကြပြီဟု ယူဆမိကြပြီး တစ်လလောက်တွင်မှ ခိုင်ကို ကျွန်တော် ဖွင့်ပြောဖြစ် ခဲ့သည်။ သည်လမ်းထဲရှိ ပျဉ်းမကြီးအောက်မှာပင်ဖြစ်ပါသည်။ ထိုစဉ်က နွေရာသီမို့ ပျဉ်းမပန်းတွေ လှိုင်လှိုင် ပွင့်နေချိန်ဖြစ်သည်။ အေးစက်စက်ရှိနှင့်သော ကျွန်တော့်အမူအရာများကို ခိုင်က မရိပ်မိသလို ဟန်ဆောင်နေခဲ့ သည်။ သို့ရာတွင် ခိုင့်မျက်လုံးများက စိုးရိမ်မှုတွေနှင့်။
                            ထိုညနေက ခိုင်က စိတ်ထဲမရွှင်လန်းနေ သော်လည်း ရွှင်လန်းချင်ယောင် ဆောင်နေခဲ့ သည်မှာ သိသာလွန်းလှသည်။ သူ့အရပ်လေးနှင့် ပျဉ်းမပင်ကြီးကို လက်လှမ်းရင်း ပျဉ်းမပန်းကို ခူးဖို့ကြိုးစားနေသည်။ ကျွန်တော်က ပြောရမည့် စကားကို ပြင်ဆင်နေရင်း သူလှမ်းနေသည့် ပန်းလေးကို ခူးပေးလိုက်တော့ ခိုင်က နားရွက်ကြားညှပ်ရင်း ငါလှလား ဟု မေးသည်။
                           နင့်ကိုငါ မချစ်တော့ဘူးခိုင် ဆိုသည့် အဖြေသည် ခိုင်မေးသည့် မေးခွန်းနှင့် မည်သို့မျှ မသက်ဆိုင်ပါသော်လည်း တဒင်္ဂအတွင်း သူရောကျွန်တော်ပါ တိတ်ဆိတ်သွားပါသည်။ ခိုင်က သူ့မျက်လုံးဝိုင်းစက်စက်များနှင့် ကျွန်တော့်ကို မယုံနိုင်သလို ကြည့်နေသည်ကို ကျွန်တော် မခံနိုင်ပါ။ ခိုင်တစ်ယောက် စကားများ ဆွံ့အကာ အသက်ရှူသံ မြန်နေသည်ကို ကျွန်တော်မခံနိုင်ပါ။ ခိုင်သည် ကျွန်တော့် ရင်ဘက်ကိုတွန်းကာ အော်လိမ့်မည်၊ ကျွန်တော့်ကို ရိုက်လိမ့်မည် ဟု တွေးထင်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ ခိုင်သည် ကျွန်တော့်ကို ထို ကဲ့သို့ မဆက်ဆံခဲ့ပါ။
                          " ငါသိပါတယ် ဖိုးကျော်။ ငါသိပါတယ်။ နင်သင်တန်းမှာ ဘယ်သူနဲ့ တွဲနေတယ်၊ ဘယ်တွေသွားတယ်ဆိုတာ ငါသိပါတယ်။ ငါလေ နင်ပျော်မလားလို့ စောင့်ကြည့်နေခဲ့တာ။ နင်ပျော်နေတော့လည်း ခဏပဲ နေမှာပါလို့ ငါတွေးထင်ခဲ့တာ။ ငါ့ကိုတော့ လမ်းခွဲစကားပြောရလောက်အောင် သူနဲ့မလေးနက်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တာ။ နင်သူ့ကို ငါ့ထက်ချစ်သွားတာလားဟင်"
                           ခိုင်က ပါးပေါ်က မျက်ရည်တွေကို မသုတ်ဘဲ ကျွန်တော့်ကို မော့ကြည့်ရင်းမေးနေခဲ့သည်။ သူ့မျက်ရည်များက ပါးပြင်များမှတစ်ဆင့် သူ့လည်တိုင်တစ်လျှောက်ဆင်းသွားပြီး အကျီလည်ဝိုက်တစ်ခုလုံး စိုနစ်နေခဲ့လေသည်။
ခိုင့်ရဲ့အမေးကိုလည်း စိတ်မ၀င်စား၊ ဘယ်လိုဖြေရမည်ကိုလည်း မသိဘဲ သည်မျက်ရည်များကိုသာ အကြောင်း မရှိ ကြည့်နေမိခဲ့သည်။
                           " ငါတောင်းပန်ပါတယ် ဖိုးကျော်ရယ်။ ငါမကောင်းတာတွေရှိတယ် ငါပြင်ပါ့မယ်။ ငါ့ကိုတော့ ထားမသွားဘူး မို့လား။ နင်နဲ့ငါရဲ့ သံယောဇဉ်က ဘယ်နှနှစ်တောင်ရှိပြီလဲ ဖိုးကျော်ရယ်။ ငါတောင်းပန်ပါတယ်"
                           ခိုင့်အသံများက ဝေးသွားလိုက်၊ နီးလာလိုက်ဖြစ်နေသည်။ ခိုင်လှဲချထားသည့် စက်ဘီးက ဘီးလေးများက လေတိုက်သဖြင့် လည်နေခဲ့သည်။ ကျွန်တော့်နားတွင် ကဗျာဆန်ဆန် ပျဉ်းမပန်းလေးတစ်ပွင့် ကြွေကျခဲ့သည်။ ကျွန်တော်က ပျဉ်းမပန်းကို အဓိပ္ပါယ်မရှိ ကောက်ယူကြည့်ရင်း ပွင့်ချပ်တွေကို ခြွေနေခဲ့သည်။
"ခိုင် ငါလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ နင်နဲ့တော့ ငါလမ်းခွဲတော့မယ်။ ခုချိန်မှာ ငါနင့်ကို မချစ်နိုင်တော့ဘူး ဆိုတာ သေချာနေပြီ။ နင်လည်း နင့်ကိုမချစ်တော့တဲ့သူနဲ့ လက်တွဲဖို့မစဉ်းစားပါနဲ့တော့"
                          ကျွန်တော်သည် ထိုစကားများကို ခပ်သုတ်သုတ်ပြောပြီး လှည့်ထွက်ခဲ့သည်။ ခိုင်တစ်ယောက် မည်သို့ ဖြစ်ကျန် ရစ်မည်ကို မစဉ်းစားမိဘဲ မနက်ဖြန် မမကို သတင်းကောင်းပေးနိုင်ပြီဟု တွေးကာ ကျွန်တော် ယုတ်ညံ့စွာ ပျော် ရွှင်ခဲ့မိသည်။
                             နေလည်းဝင်စပြုနေပြီ။ မှောင်ရိပ်သန်းလာသဖြင့် ပိုးကောင်မွှားကောင်လေးများတ၀ီဝီပျံနေကြသည်။ ညနေလေကလည်း အေးလှသည်။ ကျွန်တော်မှီနေရာ ပျဉ်းမပင်နှင့် သူ့ဘေးမှ ကုက္ကိုပင်အကိုင်းများ ပွတ်တိုက်နေသံသည် ခိုင်ဆုံးပြီ ခိုင်ဆုံးပြီ ဟု ပြောနေသလိုပင်။ ကျွန်တော် မကြားရက်နိုင်စွာ နားကို ပိတ်လိုက် မိသည်။
                           တစ်ရပ်ကွက်ထဲ နေသေးသော်လည်း မတွေ့ဖြစ်ကြတော့သည့်ခိုင်သည် တစ်ညနေတွင် ကျွန်တော့်ဆီ ရောက်၍ လာသည်။ ဖြူဖျော့တော့စွာဖြင့် မျက်နှာလုံးလုံးလေးက ချောင်ကျ၍ နေသည်။ မျက်လုံးဝိုင်းလေးများရှိနေသေးသော်လည်း အရောင်များက တောက်ပ မနေတော့။
                          "ငါနေမကောင်းလို့ တောင်ကြီးမှာ အနားသွားယူရမယ် ဖိုးကျော်။ နင့်ကို လာနှုတ်ဆက်တာပါ။ ဘယ်တော့ ပြန်တွေ့ရမယ်မသိဘူးလေ။ နင်ငါ့ကို မတွေ့ချင်မှန်းသိပါတယ်။ ငါကတော့ နင့်ကို တွေ့ချင်နေတုန်းပဲ ဆိုတာ နင်သိစေချင်လို့ပါ" ခိုင်က အပြုံးမရှိသော မျက်နှာဖြင့် ကြိုးစားပြောနေသည်ကို ကျွန်တော်ကလည်း အပြုံးမရှိသော မျက်နှာဖြင့်ပင် နားထောင်မိခဲ့ပါသည်။ ခိုင်ဘာရောဂါဖြစ်နေသည်လဲ၊ ဘယ်တော့ ပြန်လာမှာ လဲ။ ကျွန်တော် သိချင်နေခဲ့လား၊ မသိချင်ဘဲ ရှိနေခဲ့လား မမှတ်မိတော့သော်လည်း ခုချိန်တွင် ကြီးစွာသော နောင်တ သည် ကျွန်တော့်ကို ဖိစီး၍ နေပါသည်။
                         ခိုင်တင်ကြို မှန်းခဲ့သလိုပင် ကျွန်တော် မမနှင့် ကြာရှည်စွာ မပျော်နိုင်ခဲ့ပါ။ ပျဉ်းမပင်ကြီးအောက်တွင် ခိုင့်ကို ကျွနတော် ရက်ရက်စက်စက် ထားခဲ့သလို မမကလည်း ကျွန်တော့်ကို လမ်းခွဲချိန်တန်ပြီဟု သူယူဆချိန်တွင် မသိလို မသိဘာသာ ထားခဲ့ပါသည်။ အတုံ့အလှည့်ကို လက်မခံချင်သော ကျွန်တော့်အတွက် မမကိုလည်း မတောင့်တတော့သလို၊ ခိုင်ဆီကိုလည်း ပြန်သွားရန် မည်သို့မျှ မရဲပါ။
                        ကျွန်တော်သည် ကျွန်တော်အဖြစ် ပြန်လည်ရပ်တည်ရန် ကိုယ့်ကိုယ်ကိုယ် ရှာဖွေဆဲမှာပင် ကျွန်တော့် နောက်ကျောကို အမြဲ ရပ်ကြည့်နေခဲ့သော ကျွန်တော့်မိန်းကလေး ခိုင်သည် ခြေကုန်လက်ပန်းကျစွာ နှုတ်ဆက်ခဲ့ချေပြီ။
                       လှပနေသော ဘ၀ကို မလှပစေရန် ကိုယ်တိုင်ဖျက်ဆီးခဲ့ရာတွင် ခိုင်သည် ဓားစားခံတစ်ယောက်လို ဖြစ်ခဲ့ရရှာ သည်။ မည်သည့်အတွက်ကြောင့်ပင်         ခိုင်ထွက်သွားခဲ့ရသည်ဖြစ်စေ နောက်ဆုံးတွင်တော့ ခိုင့်ကို တမ်းတ လွမ်းဆွတ်ရသည့် ကျွန်တော်သည်သာ အရှုံးသမားတစ်ယောက်ဖြစ်ပါသည်။
                      နွေဦးသို့ ရောက်တော့မည်။ ပျဉ်းမပန်းတွေလည်း ပွင့်ဦးမည်။ ခိုင့်၏ စက်ဘီးလေးနှင့် ခိုင်ဆိုသော မိန်းကလေးကတော့ ကျွန်တော့်ဆီဘယ်တော့မှ ရောက်လာတော့မည်မဟုတ်ပါ။


မိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...