••• ကံဆိုး ကံကောင်းသူ ဖိလစ်ပိုင်နိုင်ငံသူ အိမ်အကူအစ်မကြီး •••
သူမဟာ ကံမကောင်းချင်တော့ မိသားစုနဲ့ ခွဲခွာပြီး စင်္ကာပူနိုင်ငံမှာ အိမ်အကူတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတာ လက်ရှိအလုပ်ရှင်ထံမှာ ၁၄ နှစ်တောင် ရှိနေပါပြီ။ သူမဟာ ရိုးသားတယ်။ ကြိုးစားတယ်။ ဒါ့ကြောင့် သူမအလုပ်ရှင်ဟာ သူမကို ချစ်ရှာတယ်။ သူမအပေါ် အစစအရာအရာ နားလည်မှုပေးတယ်။ သူမဟာ လစဉ် ရလာတဲ့လခထဲမှ သူမအသုံးစရိတ်အတွက် စင်္ကာပူ ၅၀ ဒေါ်လာသာချန်ပြီး ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူမ ခင်ပွန်းနှင့် သား၊သမီးတွေထံ လစဉ် ငွေပေးပို့နေသူတစ်ယောက်ပါ။
ကံကောင်းချင်တော့ ၂၀၁၅ ခုနှစ်ရဲ့  ဇွန်လမှာ ဖွင့်လှစ်ခဲ့တဲ့ စင်္ကာပူဒေါ်လာ
၂.၃ သန်းတန်ကြေးရှိ စင်္ကာပူအစိုးရထီ ပထမဆုကို ဆွတ်ခူးခဲ့ပါတယ်။
သူမဘယ်လောက်တောင် ပျော်မလဲဆိုတာ စဉ်းစားကြည့်ကြပေါ့။
ယနေ့ငွေပေါက်ဈေးနဲ့တွက်မယ်ဆိုရင် မြန်မာကျပ်ငွေ သန်းပေါင်း ၂၁၁၈.၃
သန်းတောင်ရှိပါတယ်။ သိန်းပေါင်း ၂ သောင်းကျော်ပေါ့။
ကံဆိုးချင်တော့ သူမဟာ ဆုငွေဘဏ်ထဲရောက်ပြီးမှ စင်္ကာပူရဲဌာနမှ စုံစမ်းမေးမြန်းခြင်း ခံခဲ့ရပါတော့တယ်။ အဲဒီထီလက်မှတ်ဟာ သူမ၀ယ်ယူထားတဲ့ ထီလက်မှတ်မဟုတ်ဘဲ အခြားလူတစ်ဦးထံမှ ခိုးယူထားတယ်လို့ စွပ်စွဲခံရပြီး ရဲစခန်းမှာ အတိုင်အတော ခံခဲ့ရတာပါ။ စင်္ကာပူရဲဌာနမှ သူမရဲ့ ဘဏ်အကောင့်ကို ယာယီပိတ်ထားလိုက်ပြီး ဆုငွေ ထုတ်ယူလို့မရဘဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါတော့တယ်။
ကံကောင်းချင်တော့ ယခုလ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ ရက်သတ္တသုံးပတ်ကြာ အပိတ်ခံထားရတဲ့ သူမရဲ့  ဘဏ်အကောင့်ကို ပြန်ဖွင့်ပေးလိုက်ပြီး ဆုငွေထုတ်ယူနိုင်ကြောင်း စင်္ကာပူရဲဌာနမှ သူမကို ဆက်သွယ် အကြောင်းကြားခဲ့ပါတော့တယ်။
"ထီလက်မှတ်ကို ကျွန်မ မခိုးခဲ့ပါဘူး" လို့ ယခုမှ စိတ်သက်သာရာ ရသွားသူ သူမက ဆိုပါတယ်။
သူမရဲ့  လခထဲမှ သူမရဲ့  မိဘတွေနှင့် ကျန်းမာရေး မကောင်းတဲ့ သူမရဲ့ ယောက်ခမတွေ ဆေးကုသမှုအတွက်ကိုလည်း ထောက်ပံ့ပေးနေရပါတယ်လို့ အသက် ၆၂ အရွယ် သူမ၏ အလုပ်ရှင်မှ ထပ်လောင်းပြောကြားသွားပါတယ်။ "သူမအတွက် တကယ့်ကို စိတ်ပျက်ဖွယ်ရာ စွပ်စွဲခံရမှု တစ်ခုပါပဲ။ သူမဟာ အလွန်ပင် ရိုးသားသူတစ်ယောက် ဖြစ်ပါတယ်" လို့ သူမရဲ့  လက်ရှိအလုပ်ရှင်က ဆိုပါတယ်။
သူမရဲ့ ဘဏ်အကောင့်ကို ယာယီအပိတ်ခံထားရတဲ့ ကာလဟာ သူမအတွက် အလွန်ပင်ခက်ခဲခဲ့တဲ့ အချိန်ကာလတစ်ခုပါပဲ။
"ကျွန်မတို့ဟာ ရွာလေးတစ်ရွာမှာနေတဲ့ အလွန်ပင်ဆင်းရဲနွမ်းပါတဲ့ မိသားစုလေး တစ်ခုသာဖြစ်ပါတယ်။ ကျွန်မရဲ့  မိသားစု၊ ပြီးတော့ ကျွန်မရဲ့  အဖေအမေအိုကြီးတွေဟာ ကျွန်မစီက ငွေကိုစောင့်မျှော်နေကြတယ်လေ။ ကျွန်မငွေပို့လိုက်မှ စားစရာနဲ့ ကျောင်းသုံးစရိတ်တွေ ပေးနိုင်မှာပါ" လို့ သူမက စိတ်မကောင်းစွာဆိုပါတယ်။
ယခုတော့ အသက် ၂၃ နှစ်အရွယ် သားတစ်ယောက်နှင့် အသက် ၂၂ အရွယ် သမီးတစ်ယောက်ရဲ့  မိခင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ် သူမဟာ ဆုငွေတစ်ချို့ ကို သူမရဲ့ မိသားစုထံ လွှဲပြောင်းပေးလိုက်ပြီး အိမ်၊ခြံ၊မြေ တွေတောင် ၀ယ်ပြီးသွားပါပြီတဲ့။
သူမရဲ့  သားသမီးတွေအတွက် အိမ်တစ်အိမ် သီးသန့်ဆောက်လုပ်ဖို့ကိုလည်း သူမဟာ အစီအစဉ်ဆွဲထားပါတယ်။
ထီပေါက်ထားတဲ့ ဆုငွေထဲကနေ သူမ သူငယ်ချင်းတွေနှင့် သူမရဲ့  ဆွေမျိုးသားချင်းတွေကိုလည်း ပေးသွားဦးမယ်လို့ ဆိုပါတယ်။
ယခုအချိန်အထိတော့ သူမရဲ့  လက်ရှိအလုပ်ရှင်ထံမှာ အလုပ်ဆက်လက်လုပ်ကိုင်သွားဦးမယ်လို့ သိရပြီး စွပ်စွဲသူရဲ့  အမည်နှင့် သူမအမည် အရင်းကိုတော့ သတင်းထဲမှ ဖော်ပြမထားပါဘူး။
Ref: AsiaOne
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

0 comments:
Post a Comment