Wednesday, September 16, 2015
မြင့်မြတ်သော ကြောင်များ
 Cho Pain Naung
            ကျွန်မ လွန်ခဲ့သော နှစ်အနည်းငယ်ကဖြစ်မည်ထင်ပါသည်။ ကဗျာဆရာ တေဇာ(လရောင်လမ်း)ဆိုသူနှင့် စတင် ရင်းနှီးခဲ့သည်။ သူ့ကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့နေသည်မှာကြာခဲ့ပြီ။ ရင်းနှီးခဲ့ရသည်မှာ အဓိကက ကျွန်မ၏ ခင်ပွန်း ကြောင့်ဖြစ်သည်။ ကျွန်မနှင့် မရင်းနှီးဖူးသော ကဗျာဆိုင်ရာ မိတ်ဆွေများကို ကျွန်မတို့ပတ်ဝန်းကျင်အတွင်းသို့ အမြဲတစေ ဆွဲသွင်းလာတတ်သည်မှာ အဓိကက ကျွန်မ၏ ခင်ပွန်းသည်သာဖြစ်သည်။
ယခု ကျွန်မပြောချင်သည့် ကိုတေဇာမှာလည်း ကျွန်မ၏ ခင်ပွန်းဆွဲခေါ်လာသော စာပေလောကဆိုင်ရာ မိတ်ဆွေများထဲမှ တစ်ယောက်ဖြစ်သည်။
            ကျွန်မ ပြောချင်သည်မှာ ကိုတေဇာအကြောင်းတော့ မဟုတ်။ အစကတည်းက ကျွန်မ၏ခင်ပွန်းသည်နှင့် ရင်းနှီးပြီးသားဖြစ်သော (ကို)ဇာတိ(အန္တိမ) ၊ (ကို)တေဇာတို့နှင့် ကျွန်မခင်ပွန်းတို့ အလုပ်အပြီးအိမ်အပြန်လမ်းတွင်ရှိသော ဆုံရပ်လေး တစ်ခုမှာ တွေ့ကြသည်။ ထိုနေ့က ခင်ပွန်းသည်အိမ်ပြန်လာတော့ ကိုတေဇာက မဂ္ဂဇင်းတစ်အုပ်ပေးလိုက်တယ် ဟု ဆိုလာသည်။
            စာအုပ်မှာ ကဗျာနှင့် စာပေဆိုင်ရာ မဂ္ဂဇင်းအသစ်တစ်အုပ်ဖြစ်ပြီး နှင်းဆီဖြူဟု အမည်ပေးထားသည်ကို တွေ့ရသည်။ စာအုပ်တွင် ပါဝင်လေ့ရှိသော မာတိကာ ဘာညာကွိကွတွေကို ကျော်လိုက်တော့ စာအုပ်ညာဘက်ထောင့် တွင် (ဆရာတေဇာလရောင်လမ်းအတွက် မေတ္တာလက်ဆောင်) ဟု ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။ သူ့အတွက် အမှတ်တရသိမ်းထားသင့်တဲ့ စာအုပ်ကို ကျွန်မတို့ကို ဒီတိုင်းပဲ ပေးလိုက်တာလားဟု ခင်ပွန်းသည်ကို မေးကြည့်တော့ သူက ပေးလိုက်တာမဟုတ်၊ အတင်းလုလာတာဟုဆိုသည်။
             ကိုယ်နှင့်ရင်းနှီးသူ၏ အရေးအသားကို မြည်းစမ်းကြည့်ချင်သော စာဖတ်သူတို့ ထုံးစံအတိုင်း မာတိကာတွင် ပြထားသည့်အတိုင်း စာမျက်နှာ ၁၃၆ တွင်ရှိနေမည့် ကိုတေဇာ၏လက်ရာ စာမျက်နှာကို ကျွန်မလှန်ဖတ်လိုက်သည်။ သည် စာအုပ်တွင် ပါသောကိုတေဇာ့လက်ရာမှာ ကဗျာတစ်ပုဒ်မဟုတ်ဘဲ ၀တ္ထုတိုတစ်ပုဒ်ဖြစ်နေကြောင်း ကျွန်မတွေ့လိုက်ရသည် ။ ကိုတေဇာ့ ၀တ္ထုလေးမှာ ရိုးရိုှးရှင်းရှင်းကလေး။ သူနှင့် သူနှစ်ပေါင်းများစွာ (သို့မဟုတ်) အချိန်ကာလပေါင်းများစွာ ဝေးကွာသွားခဲ့ရသော သူပိုင်ဆိုင်ခဲ့ဖူးသည့် ကြောင်ကလေးတစ်ကောင်အကြောင်း ရေးထားခြင်းဖြစ်သည်။
            ကိုတေဇာ့ ၀တ္ထုထဲတွင် ပါဝင်သော ဇာတ်ကောင် ကြောင်ကလေးမှာ ကြောင်တို့သဘာဝအရ ပြောရမည်ဆိုလျှင် အတော်လိမ်မာသော ကြောင်ဖြစ်သည်ဟုဆိုရမည်။ သူ့ဇာတ်ကောင်ကလေးကို သဘောကျအပြီး တိုက်တိုက်ဆိုင်ဆိုင် အိမ်တွင် မွေးထားသော ကျွန်မတို့မိသားစုအနွယ်ဝင် ကြောင်ကလေးကို ကျွန်မကြည့်မိသည်။ လောလောလတ်လတ် ကျွန်မတို့အိမ်တွင် မတရားသဖြင့် စားသောက်ကာလာရောက်နေထိုင်နေသော ကြောင်ကလေးအမည်ကို ကျွန်မ၏ မောင် အငယ်ကောင်ဖြစ်သူက (အာကြီး) ဟု အမည်ပေးထားသည်။
            သူ .. အိမ်ကို စရောက်ကာစက အိမ်တွင် ကျွန်မမရှိ။ အိမ်၏ မိသားစုပြသနာအချို့ကြောင့် မိသားစုနှင့်ဝေးရာ ပြင်ပသို့ ကျွန်မရောက်ရှိနေချိန်ဖြစ်သည်။ မတရားသဖြင့် လာရောက်စားသောက်နေထိုင်နေသည်ဟု ကျွန်မပြောခဲ့ခြင်းမှာ ကျွန်မတို့နှင့် ဆွေမျိုးနီးစပ်တော်သော ကြီးတော်တစ်ယောက်မှ အတင်းလာပေးသွားခြင်းကြောင့်ဖြစ်သည်။ သည်တစ်နေ ရာမှာတော့ ကိုတေဇာ့ကြောင်ကလေးနှင့် ကျွန်မတို့ ကြောင်ကလေးရောက်ရှိလာပုံချင်း ခပ်ဆင်ဆင်တူသည်။ အာကြီး ယခင်နေခဲ့သော အိမ်တွင် ကြောင်တွေများနေကြောင်းနှင့် သည်ကြောင်လေးကို မွေးထားမည်ဆိုလျှင် ကြွက်ဘေးမှ စိတ်ချရမည်ဖြစ်ကြောင်း ပြောသောကြောင့် ကြောင်ချစ်တတ်သော ကျွန်မတို့ မိသားစုဝင်များက ထိုကြောင်ကလေးကို ရက်ရက်ရောရော လက်ခံခဲ့ခြင်းဖြစ်သည်။
            အာကြီး အိမ်ကို စရောက်ပြီးတစ်ပတ်လောက်ကတည်းက ဇ ပြသည်ဟု အငယ်ကောင်က ကျွန်မကိုပြောသည်။ အစားအသောက်ကို သိပ်မက်မက်မောမောမရှိဟု ပြောခဲ့သော ကိုတေဇာ့ကြောင်ကလေးနှင့် ကျွန်မ၏ ကြောင်ကလေးတို့ ဒီနေရာမှာတင် သဘောထားစတင်ကွဲလွဲကြသည်။ အိမ်က အာကြီးကတော့ အစားအသောက်ဆိုလျှင် ငါးကြော်လေးနှင့် နယ်ကျွေးတောင် မက်မက်စက်စက်မစားဟု ဆိုသည်။ ကြက်သားကြော်လေး ပုစွန်ကြော်လေး သို့မဟုတ် ပုစွန်ခြောက်ကလေးနှင့် နယ်ကျွေးမှ ကောင်းကောင်းစားသည်ဟုဆိုသည်။ ဒါက အာကြီး စရောက်ကာစက စားသောက်မှု အခြေအနေကို ပြောပြခြင်းဖြစ်သည်။ ကြွက်ခုတ်ရာတွင် ကြည့်ဦးမလား။ ကျွန်မတို့အိမ်တွင် ကြွက်အင်မတန်မှ သောင်းကျန်းသည်။ ကြွက် ကြီး၊ကြွက်လတ်၊ ကြွက်ငယ်၊ ကြွက်ပိစိ၊ ကြွက်မဖြစ်စလောက်၊ ကြွက်ညှောက်တောက်၊ .. ကြွက်ပေါင်းစုံ ကျွန်မတို့အိမ်တွင် ရှိသည်။ အာကြီးစရောက် ပါပြီဆိုကတည်းက အဖေက ငါတို့အိမ်မှာ ကြောင်ရှိပြီ၊ ကြိုက်တဲ့ကောင်လာစမ်းဟု ကြိမ်းဝါးသည်ဟု ပြန်ကြားရသည်။ အဖေ ကြိမ်းဝါးသည့်အတိုင်း အာကြီးက တာဝန်ကျေသည်။ သူ့ရှေ့က ကြွက်ဖြတ်လျှောက်သွားတိုင်း မျက်လုံးကြီးပြူးပြီး ကြွက်ကို လိုက်ကြည့်တတ်သည်။ အစတော့ ကြွက်တွေက ကြောင်ရှိနေသည်ဆိုတော့ ခပ်ကုပ်ကုပ် မှောင်ရိပ်ခိုပြီး ခိုးကြောင် ခိုးဝှက် သွားလာနေထိုင်ကြသည်။
 ဒါကို အာကြီးက မြင်သည်။ သို့သော်လည်း သူဘာမှထမလုပ်။ နောက်တော့ ကြွက်များက သူ့အထာကို သိသွားကြသည်။(ထင်သည်။) သူအိပ်နေလျှင် သူ့ရှေ့က အသံတွေပေးပြီး ပျော်ပျော်ကြီး ဖြတ်လျှောက်ကြသည်။ တခါ တရံ ကြွက်နှစ်ကောင် သုံးကောင်တန်းစီပြီး တကျွိကျွိဖြင့် တပျော်တပါးဖြတ်လျှောက်တတ်ကြသည်။ ဒါကိုလည်း သကောင့် သား ကိုယ်တော်ချောက (အိပ်နေလျှင်) မျက်လုံးတစ်ဖက်ဖွင့်ပြီး ခေါင်းထောင်ကာကြည့်တတ်သည်။ ကြွက်များက သူ့ကို ပြန်ကြည့်ကြသည်။ ပြီးတော့လည်း တကျွိကျွိအသံထပ်ပေးကာ အာကြီးကို ရှိသည်ဟုတောင် မထင်ဘဲ သူတို့လမ်း သူတို့ ဆက်လျှောက်သွားကြသည်။ အိမ်ကကောင်ကလည်း အိပ်မြဲတိုင်း ပြန်အိပ်သည်။ သူ့ဘ၀တွင် ကြွက်ဆိုတာ ဒီလိုကောင်ကြီးပါလားဟု ထင်နေပုံပင်ရသည်။
အိမ်မှာ ဟင်းထမင်းချက်လျှင် အာကြီးရှေ့ဆုံးကပါသည်။ တညောင်ညောင်အော်ပြီး အမေ့ကို ပွတ်ကာသီကာ အစာတောင်းတတ်သည်။ ကျွေးရင်လည်း မစား။ မစားဘဲလည်း တစ်နေကုန်လျှောက်တောင်းသည်။ ပြီးတော့ အိပ်ယာမှ ယခုမှ နိုးလာသူတွေကိုမြင်လျှင် အတင်းပြေးလာပြီး တညောင်ညောင်လိုက်အော်တောင်းတတ်သည်။
အာကြီးကို အိမ်မှာမွေးထားရင်း တစ်နေ့တော့ အဖေက   အာကြီးနှင့် ကြောင်စာထုပ်ကို စတင်မိတ်ဆက်သည်။ ထိုအစာထုပ် အာကြီးစားမိပြီးကတည်းက ထိုအစာကို မျက်စိအောက်မှ အပျောက်မခံတော့။ ဘယ်အစာ ကိုမှ တူသည်တန်သည်မထင်သော အာကြီးက ထိုအစာထုပ်ကိုတော့ မက်မက်မောမောစားသည်။ မကျွေးလျှင် အစာဘူး ဘေးနားမှာ တစ်နေကုန်ထိုင်နေတတ်ပြီး ညောင်းလာလျှင် ဘူးဘေးတွင် အိပ်နေတတ်သည်။ နောက်တော့ဘူးအဖုံးဖွင့်ပေးလျှင် သူ့ဟာ သူ နှိုက်စားတတ်လာသည်။ အိမ်တွင် မည်သည့်တာဝန်မျှမကျေသော်လည်း တောင်းဆိုးပလုံးဆိုးသာပစ်မည်ဟု ဆိုလာသော ကျွန်မအမေက အာကြီးကို ဘယ်သူ့မှ မပေး။ ထိုအချိန်တွင် အိမ်မှာနေလာသည်မှာလည်း နှစ်နှစ်ကျော်လာပြီဖြစ်သော အာကြီးရုပ်ဆိုးကြီးကို ကျွန်မတို့မိသားစုဝင်တိုင်းက ချစ်နေကြပြီဖြစ်သည်။ အာကြီးက အသွေးအမွေးတွင် ရွက်ကြမ်းရေကျိုဖြစ်သော်လည်း မျက်နှာပေါက်က ယာကူဇာနှင့် ခပ်ဆင်ဆင်တူသည်။ အော်တော့လည်း ပါးစပ်ကြီးကို နားရွက်တပ်ချိတ်အောင် အော်ပြတတ်သည်။ ကိုတေဇာ့ကြောင်ကလေး ငပိန်နှင့် ကျွန်မ ကြောင်ကလေး အာကြီးတို့သည် အရုပ်ဆိုးခြင်းအမှုတွင် ပါရမီတူတူပါလာကြသည်။
ကျွန်မတို့ အိမ်အနီးအနားပတ်ဝန်းကျင်သည် မသန့်။ မသန့်ဟုဆိုရခြင်းမှာ အရက်သမားနှင့် လောင်းကစားသ မားများ များပြားလွန်းသောကြောင့်ဖြစ်သည်။ ထိုအရက်သမားများသည် အတော်ဆိုးကြသည်။ သူများအိမ်တွင် မွေးထားသော အိမ်မွေးတိရစ္ဆာန်များကို ခိုးယူကာ အမြည်းလုပ်လေ့ရှိကြသည်။ ပြာသိုလများတွင် အိမ်ပြင်ထွက် လမ်းသလားတတ်သော ကြောင်များဆိုလျှင် ဂွိပြီသာမှတ်ပေရော့။ ထိုအချက်ကို အတိအကျသိထားသော အငယ်ကောင်က အာကြီးကို ကြောင်ညွန့်တုံးမည်ဟု ဆုံးဖြတ်သည်။ ဆုံးဖြတ်ချက်နှင့်အတူ ကြောင်ဆေးခန်းကို စက်ဘီးနှင့ိအာကြီးကို ခေါ်သွားပြီး သင်းလိုက်ကြသည်။ အာကြီးအိမ်ပြန်လာတော့ မေ့ဆေးမပြယ်သေးဟန်နှင့် တစ်နေကုန်နီးပါးအိပ်နေသည်။ ပြန်နိုးလာတော့ ဒယီးဒယိုင်နှင့် သူ့ကြောင်စာဘူးဆီင်္ လမ်းလျှောက်သည်။ ကြောင်စာဘူးထားထားသော နေရာက လှေကားထစ်လေးတစ်ထစ် ဆင်းရသောကြောင့် ထိုလှေကားထစ်လေးကို ဆင်းလိုက်ရာတွင် အာကြီး ကျွမ်းထိုးပြီးပြုတ်ကျသည်။ အမေက င့ါကြောင်ကလေးသေပါပြီဆိုပြီး အာကြီးကို ပြေးပွေ့ပြီး အိပ်ယာထဲပြန်ထည့်ပေးသည်ဆို၏။ ဒါတွေက ကျွန်မ အိမ်မှာမရှိစဉ်မှာ ဖြစ်ခဲ့ခြင်းတွေဖြစ်သည်။ ယခုတော့လည်း တာဝန်ကျေသည်ဖြစ်စေ မကျေသည်ဖြစ်စေ အိမ်မှာနေတာလည်း ငါးနှစ်နီးပါးရှိနေပြီဖြစ်သော ကျွန်မတို့ အာကြီးသည် ကျွန်မတို့၏ မိသားစုဝင်စစ်စစ်တစ်ယောက် ဖြစ်နေပါပြီ။
ကျွန်မဘ၀တွင် ပိုင်ဆိုင်ခဲ့ဖူးသော ကြောင်ကလေးပေါင်းများစွာရှိသည်။ ကြောင်ထီးလေးတွေ၊ ကြောင်မလေးတွေ၊ အင်း .. ကြောင်အခြောက်ကလေးကတော့ အာကြီးတစ်ယောက်လောက်သာ ရှိမည်ထင်ပါသည်။ နံမည်တွေလည်း ပေါင်းစုံ ပေးခဲ့ဖူးသည်။ ကျွန်မနှစ်သက်ခဲ့သော တရုတ်မင်းသားကျန်ကျောင်းမှစကာ ဂျက်ကီချန်း၊ ဂျက်လီတို့ အပါအ၀င် ဘင်ဂိုစ သော အင်္ဂလိပ်နံမည်များပါ ပါဝင်သည်။ တစ်ခုထူးခြားသည်မှာ ကြောင်ကလေးများအားလုံးလိုလိုသည် ကျွန်မကို အလွန်ချစ်ကြသည်။ သို့မဟုတ် အလွန်ချစ်ကြသည်ဟု ကျွန်မထင်သည်။ ကျွန်မရှိလျှင် ကျွန်မနားမှ မခွာ။ အာကြီးက ကျွန်မနှင့် အိပ်ယာတူတူမအိပ်သော်လည်း အခြားသော ကြောင်ကလေးများ အတော်များများကတော့ ကျွန်မနှင့်အတူအိပ်ကြသည်။
ကျွန်မ အိမ်ထောင်ကျတော့ ကျွန်မ၏ခင်ပွန်းသည်က ခဏခဏ အလိုလိုစိတ်ဓါတ်ကျတတ်သော ကျွန်မအား ကြောင်မွေးများ ပါးစပ်ထဲဝင်လျှင် စိတ်ကျရောဂါဖြစ်နိုင်ချေရှိသည်ဟူသော အချက်ဖြင့် ကြောင်များနှင့်နီးနီးကပ်ကပ် နေခွင့် မပေးတော့။ ဆိုတော့ သူ့စကားကို နားထောင်သောအားဖြင့် ကျွန်မ သူ့ရှေ့တွင် ကြောင်တွေနှင့် ရင်းရင်းနှီးနှီး သိပ်မနေ။
ကျွန်မ မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲဖြေခါနီင်္း ငါးလလောက်အလိုတွင် အကြီးအကျယ်ဖျားဖူးသည်။ ငှက်ဖျား၊ အူရောင်ငန်းဖျားနှင့် အသည်းရောင်အသားဝါ သုံးခုရောဖြစ်ခြင်းဖြစ်သည်။ ပထမတော့ နှစ်ခုတည်း။ နောက် အပြင်ဆေး ခန်းတစ်ခုမှာ တက်ရောက်ကုသလိုက်ပြီးနောက်ပိုင်း ဆေးထိုးအပ်မှ တစ်ဆင့် အသားဝါပိုးကူးသည်။ ကံကောင်းထောက်မ စွာဖြင့် ဘီပိုး၊ စီပိုး ဘာပိုးမှ မကူးလိုက်။ ဆေးရုံတွင် အသားဝါပိုးကူးပြီးနောက်ပိုင်း နာ့စ်မတစ်ယောက်ဖြစ်သော ကျွန်မ အမေက ကျွန်မကို အိမ်ပြန်ခေါ်လာသည်။ အိမ်မှာပင်ကုတော့မည် ဆို၏။ ထိုအချိန်တွင် ကျွန်မဘေးမှာ ဘယ်သူမှမရှိ။ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေကလည်း အနေဝေးနေသည်က တစ်ကြောင်း၊ ပိုးကူးမှာ စိုးသောကြောင့်လား မသိသောကြောင့်က တစ်ကြောင်းတို့က ကျွန်မကို ပိုမိုအထီးကျန်စေသည်။ ထိုအချိန်တုန်းက ကျွန်မတို့အိမ်မှာ မွေးထား သော ကြောင်ကလေးနံမည်က ပြည့်စုံဟုခေါ်သည်။
ပြည့်စုံက အခြားကြောင်တွေထက် နည်းနည်းတော့ထူးသည့်ကြောင်ဟု ခေါ်နိုင်သည်။ အချို့ကြောင်တွေက အိမ် တွင် လူမမာစသော အပူတစ်ခုခုရှိလျှင် အိမ်ပေါ်မှဆင်းသွားတတ်ကြသည်ဟု ကြားဖူးသည်။ ယခု ကျွန်မတို့ကြောင် ပြည့်စုံကတော့ အိမ်ပေါ်မှ မဆင်းသည့်အပြင် လမ်းမလျှောက်နိုင်သဖြင့် အိပ်ယာထဲလှဲနေရသော ကျွန်မဘေးတွင်ပင် တစ် နေကုန်နေသည်။ သူအိမ်ပေါ်မှ မဆင်းသည်မှာ ကျွန်မကိုချစ်သောကြောင့်ပဲလား၊ သို့မဟုတ် အခြားသွားစရာနေရာမရှိ သောကြောင့်ပဲလားတော့ သူပဲသိမည်ထင်သည်။ တစ်နေကုန် ရောဂါဖြင့် အဖော်မဲ့နေရသော ကျွန်မဘေးတွင် ပြည့်စုံရှိနေ ခြင်းအားဖြင့် ကျွန်မအား အားတက်စေသည်။ ကျွန်မ ထိုစဉ်တုန်းက သူနှင့် တစ်နေကုန်စကားပြောသည်။ သူကလည်း ကျွန်မ စကားကို နားလည်သယောင်ဖြင့် တညောင်ညောင်သံယောင်လိုက်ပေးသည်။ ပြီးလျှင် ကျွန်မပေါင်ပေါ်တက်အိပ်သည်။ နာလန်ပြန်ထကာစတွင် လပေါင်းများစွာ အိပ်ယာထဲ လဲခဲ့ရသောအကျိုးကြောင့် ကျွန်မတော်တော်ဖြင့် လမ်းပြန်မလျှောက်နိုင်။ ဆရာဝန်များက ယာယီအကြောဆိုင်း(ဝါ) ချိသွားတာဖြစ်သည်ဟုဆိုသည်။ ယင်းကာလများတွင်လည်း ပြည့်စုံက ကျွန်မ၏လှုပ်မရသော ခြေထောက်များကို ပွတ်ကာထိုးကာဖြင့် တက်တက်အိပ်တတ်သည်။ သို့မဟုတ် ကျွန်မကို သူ့နည်းသူ့ဟန်ဖြင့် အားပေးနေခဲ့သည်။ ထိုသို့ဖြင့် အသည်းအသန် ဝေဒနာခံစားနေရသော ကျွန်မ လပိုင်းအကြာတွင်  နေပြန်ကောင်းလာသည်။ ကျွန်မ နေပြန်ကောင်းပြီး သိပ်မကြာမီ ပြည့်စုံဆုံးသွားသည်။ ပြည့်စုံဆုံးသောအချိန်တွင် ကျွန်မ အိမ်မှာမရှိ ။ ဘာကြောင့် မရှိခဲ့ သည်ကိုတော့ ကျွန်မ မမှတ်မိ။ ကျွန်မ ၀မ်းနည်းပြီး ပြည့်စုံအတွက် စာလေးတစ်စောင် ရေးခဲ့သည်ကိုတော့ မှတ်မိသည်။
ကျွန်မဘ၀တွင် ကြောင်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ အမျိုးအစားစုံ၊ အသွေးအမွေးစုံ ၊ နံမည်စုံဖြင့် ကြောင် ပေါင်းများစွာတို့ ကျွန်မဘ၀ထဲတွင် ၀င်ထွက်သွားလာခဲ့ကြဖူးသည်။ ကျွန်မအား ပျော်ရွှင်မှုပေါင်းစုံ၊ ၀မ်းနည်းမှုပေါင်းစုံတို့ ကိုလည်း ပေးစွမ်းခဲ့ကြသည်။ တကယ်တော့ သူတို့ကို ကျွန်မပိုင်ဆိုင်ခဲ့ခြင်းမဟုတ်။ သူတို့ကသာ ကျွန်မကို ပိုင်ဆိုင်ခဲ့ကြ ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ငယ်သူငယ်ချင်းတစ်ယောက်က ကျွန်မ၏ မွေးနေ့တွင် “နောက်ဘ၀ကျ ဘာဖြစ် ချင်သလဲ” ဟု ကျွန်မကို မေးဖူးသည်။
နောက်ဘ၀ကို ကျွန်မမယုံပါ။ ရှိခဲ့သည်ရှိသော် ကျွန်မကြောင်ကလေးတစ်ကောင်မဖြစ်ချင်ပါ။ ကြောင်ကလေးများ ကျွန်မဘ၀တွင် ရှိခဲ့ဖူးသဖြင့် ကျွန်မပျော်ရွှင်ခဲ့ရဖူးသော်ငြား သူတစ်ပါးအား အမြဲပျော်ရွှင်နိုင်စေရန် အသုံးတော်အဖျော်ဖြေခံရသော ၊ မလိုလျှင် ရိုက်မောင်းပုတ်မောင်း လုပ်ခြင်းခံရမည်ဖြစ်သော ကြောင်ကလေးများဘ၀ကို ကျွန်မမရလိုပါ။ ထို့အတူ ကမ္ဘာပေါ်တွင် ကြောင်ကလေးများလည်း မရှိစေလိုပါ။ ကြောင်ကလေးများ ကမ္ဘာပေါ်တွင် မျိုးတုံးသွားလျှင် ဘာဖြစ်နိုင်မည်နည်းဟု ကျွန်မ မတွေးဖူးပါ။ ကြောင်ကလေးများ မရှိတော့လျှင် ကမ္ဘာပေါ်တွင် အလိုလိုနေရင်း ရန်လိုနေတတ်သော လူ့ငနွားများ နည်းပါးသွားမည်ဟုလည်း ကျွန်မ အာမမခံပါ။ ကျွန်မ၏ ပျော်ရွှင်မှုများလည်း ပျောက်ဆုံးကုန်လိမ့်မည်ဟု ကျွန်မမထင်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကြောင်ကလေးများကို သည်လောကတွင် မရှိစေချင်ပါ။ ဘယ်လိုကြည့်ကြည့် ကျက်သရေမယုတ်တတ်သော ကြောင်ကလေးများသည် သည်ညစ်ညမ်းသော ကမ္ဘာကြီးနှင့် မထိုက်တန်ဟု ကျွန်မခံစားရပါသည်။ ကြောင်ကလေးများ မရှိတော့လျှင် ကောင်းပါမည်။ ထိုသို့ ကျွန်မ တွေးပါသည်။
 ၂၀၁၄ ၊ စက်တင်ဘာ ၁၈ (ကြာသပတေး) ၊ ၄း၂၈ ညနေ 
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...