Sunday, September 6, 2015

မီးပုံးတပ်ထားတဲ့အိမ်

 Cho Pain Naung
    
                    သူရို့အိမ်ရှေ့က ကျွန်တော်ဖြတ်လျှောက်သွားတော့ မုန့်ဟင်းခါးနံ့က မကြာခင်ရွာတော့မယ့် မိုးဖွားဖွားတွေနဲ့တူတူပါလာ တယ်။ စားလို့ကောင်းမယ့်အနံ့ဘဲ။ ဒါပေမယ်လို့ ဒါဟာအိမ်လုပ်မုန့်ဟင်းခါးနံ့မဟုတ်ဘူးလို့ ဘယ်သူမှမပြောဘဲ ကျွန်တော့်ဖာသာသိ နေသလိုဘဲ။ ဟုတ်လိမ့်မယ်။ သူရို့အိမ်က စနေညနေနဲ့ တနင်္ဂနွေမနက်တိုင်းမှာ မုန့်ဟင်းခါးချက်လေ့ရှိတယ်။
သူရို့ စပြောင်းလာကတည်းကဘဲ။ ဘယ်လောက်ကြာပြီလဲဆိုတော့ …………. မသိဘူးဗျာအသေအချာ။ ကျွန်တော်က ဒီရပ်ကွက်ထဲက ဗေဒင်ဆရာ။
                   သူရို့အိမ်က ရပ်ကွက်ထဲမှာဆောက်ထားတဲ့ နိုင်ငံခြားသားပိုင် စက်ရုံဝင်းကြီးထဲက အနောက်ဘက်ကျကျ ထောင့်ကလေးမှာ။ အားလုံးက သူရို့အိမ်ကို ကျူးကျော်အိမ်လို့ ပြောကြတယ်။ အားလုံးက ကျူးကျော်အိမ်လို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့ သူရို့အိမ်ကလေးဟာ ညစဉ်ညတိုင်း မီးပုံးလေးတစ်ပုံးချိတ်ချိတ်ထားတတ်တယ်။
နေဝင်ရီတရော ခေါ်မလား၊ နေဝင်စပြုလို့ ပတ်ဝန်းကျင်မှောင်စပျိုးလာပြီဆိုတာနဲ့ သူရို့အိမ်ထဲက မိန်းကလေးတစ်ယောက်(မဟုတ်တစ်ယောက်) ထွက်လာပြီး မီးပုံးလေး ကိုမီးဖွင့်တော့ဒါဘဲ။ မီးပုံးကို မီးထွန်းတာမဟုတ်ဘဲ မီးဖွင့်တယ်လို့ ကျွန်တော်ပြောရဒါက သူရို့မီးပုံးလေးက ဖယောင်းတိုင်ထည့်ထွန်း ရတဲ့ မီးပုံးမျိုးမဟုတ်လို့ဘဲ။
သူရို့မီးပုံးဟာ ခလုတ်ဖွင့်ရတယ်။ ခလုတ်ဖွင့်လိုက်ရင် အထဲက အနီ၊အပြာ၊ အဝါ၊ အစိမ်း .. တခြားအရောင် တွေလည်း ပါသေးတယ်။ အရောင်တွေ ထွက်ထွက်လာတယ်။ အဲဒီအရောင်လေးတွေဟာ အိမ်ရဲ့ ပတ်ဝန်းကျင် တစ်ပေ နှစ်ပေ လောက်အကွာအထိပဲ လင်းတယ်။ ဒါပေမယ်လို့လည်း သူရို့အိမ်ရဲ့ အနီးတဝိုက်မှာ လမ်းမီးမရှိတော့ အဲဒီမီးပုံးလေးဟာ အဲဒီနားတစ်ဝိုက်မှာတော့ တကယ့်ကို လှပတဲ့အလင်းရောင်ဘဲ။ အားလုံးအိပ်ပျော်နေတဲ့ ညသန်းခေါင်လို အချိန်မျိုးဆို ပိုတောင်လှသေးတယ်။ အိမ်အားလုံးဟာ တိတ်ဆိတ်မှောင်မိုက်လို့ .. ။ တစ်ခါတစ်လေ အိမ်လည်လွန်တတ်တဲ့ ကျွန်တော့် သားကို လိုက်လိုက်ခေါ်ရင်း သားအဖနှစ်ယောက် သူရို့အိမ်ရှေ့က ဖြတ်လျှောက်မိရင် စိတ်ထဲမှာ အေးချမ်းသွားသလိုခံစားရတယ်။ တစ်လမ်းလုံးဟာ တိတ်ဆိတ်ပြီး မှောင်မည်းလို့ ..။ တစ်လမ်းလုံးမှာ အသက်ဝင်နေတာဆိုလို့ ကျွန်တော်တို့သားအဖရယ်၊ လေတိုက် နေရင် သစ်ပင်သစ်ရွက်လေးတွေ နည်းနည်းလှုပ်မယ်ပေါ့လေ။ ပြီးတော့ အဲဒီမီးပုံးလေး။
                     မီးပုံးလေးဟာ ဆီစိမ်စက္ကူအပါးသားနဲ့ လုပ်ထားပြီး ဝါးခြမ်းခပ်သေးသေးတွေနဲ့ တရုတ်မီးပုံးပုံစံမျိုးချိုးထားတယ်။ ဒါပေမယ်လို့ တရုတ်မီးပုံးတော့မဟုတ်ဘူး။ စက္ကူက မနက်စောစော နေမထွက်ခင်မှာမြင်ဖူးတော့ အဖြူရောင်လွင့်လွင့်လေး။ နေစောင်းခါနီးတုန်းက တစ်ခါမြင်ဖူးတော့ ဆင်စွယ်ရောင်သန်းနေသလို။ ဘယ်ဟာအမှန်လဲတော့ အသေအချာမသိဘူး။  အဲဒီစက္ကူအပါးသားပေါ်မှာ အရုပ်တွေဆွဲထားတယ်။ နည်းနည်းဝေးလို့ ဘာအရုပ်တွေလဲဆိုတာ အသေအချာ မမြင်ရဘူး။ ဆာမူရိုင်းတွေနဲ့ ကလေးတွေကစားနေတဲ့ပုံလားဘဲ။ ဘာအဆက်အစပ်မှ မရှိဘဲ ကြုံသလိုဆွဲထားပုံရတယ်။ ဒီအရုပ်တွေဟာ ညဘက်မှာ မီးပုံးထဲက မီးရောင်ကြောင့် အသက်ဝင်လှုပ်ရှားနေသလို ထင်ရတယ်။ ဘယ်သူမှ မနိုးထကြတဲ့ ညသန်းခေါင်ယံအချိန်တွေမှာ မီးပုံးအလင်းရောင်ဟာ အရမ်းကိုတောက်ပနေတော့တာ။ ပုံမှန်အတိုင်းဆို တစ်ပေနှစ်ပေထက် ပိုမလင်းတဲ့ မီးပုံးအလင်းဟာ အဲဒီအချိန်တွေမှာဆိုရင်တော့ သူရို့အိမ်ကိုသွားတဲ့ ကျောက်ပြားခင်းလမ်းကလေးအထိကို လာထင်နေတတ်တယ်။ တအားတိတ်ဆိတ်လွန်းတဲ့ညတွေမှာဆိုရင် အဲဒီမီးပုံးလေးက ထွက်တဲ့အသံ တတစ်တစ်ကိုပါ ကြားနေရသလို ခံစားရတတ်တယ်။ လေကလေးတဖြူးဖြူးရယ်၊ ဘယ်သူမှမရှိတဲ့ လမ်းရယ်၊ တိတ်ဆိတ်မှောင်မည်းနေတဲ့ အချိန်ရယ်၊ မီးပုံးကထွက်လာတဲ့ အလင်းတတစ်တစ်ရယ် .. သူရို့အိမ်ရှေ့ကအဖြတ်မှာ ဘဝဟာခဏတော့ သာယာတယ်။
တကယ်တော့ သူရို့အိမ်ပြောင်းလာတာကို ရပ်ကွက်ထဲက ဘယ်သူမှ သဘောမတူကြဘူး။မကြည်ဖြူကြဘူး။ လူအချို့က လွဲလို့ပေါ့လေ။ အဲဒီလူအချို့ကတော့ သူရို့အိမ် (စက်ရုံဝင်း)ဘေးက ခြံက သူရို့ဟင်းစားသွားသွားပို့နေကျ၊ ဖုန်းသွားသွားပြောနေကျ မိန်းမကြီးရယ်၊ နောက်တချို့ကတော့ သူရို့အိမ်ကို လာနေကျ လူတချို့ရယ်ပေါ့။ များသောအားဖြင့်တော့ ဘယ်သူမှ မကြိုက်ကြပါဘူး။ တစ်ခါ ရပ်ကွက်အစည်းအဝေးလုပ်တော့ လူတစ်ယောက်ဆို ထပါပြောတယ်။ သူရို့အိမ်ရှိနေတာ ရပ်ကွက်နာတယ်တဲ့။ ပြီးတော့ ကျူးကျော်အိမ်ဖြစ်နေဒါကြောင့် ရပ်ကွက်ထဲက တာဝန်ရှိလူကြီးတွေသာ တာဝန်ခံပြီး မောင်းထုတ်မယ်ဆိုရင် ထွက်သွားရမှာပါတဲ့။ ဒါတော့ ရက်စက်လွန်းရာကျတယ်လို့ ကျွန်တော်ထင်တယ်ဗျာ။ ကျွန်တော်ကတော့ သူရို့အိမ်နဲ့ပတ်သက်ပြီး သိပ်တော့မပြောပြတတ် ဘူး။ သူရို့အိမ်လည်း ကျွန်တော်တစ်ခေါက်မှမရောက်ဖူးဘူး။ ဒါပေမယ်လို့ သူရို့ကို ရပ်ကွက်ထဲက မောင်းထုတ်မှာကိုတော့ ကျွန်တော် မလိုလားဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ သူရို့အိမ်ကမိန်းကလေးအတော်များများက ကျွန်တော့်ဖောက်သည်တွေဖြစ်နေလို့ပါ။ ကျွန်တော့်ကို ဗေဒင်ဆရာဆိုတော့ သူရို့ကအားကိုးကြတယ်။            
                      မိန်းမအများစုဝါသနာအတိုင်း ဗေဒင်ဆိုရင် စိတ်ဝင်စားလေ့ရှိတတ်ကြ တော့ ကျွန်တော့်အတွက် သူရို့လိုမိန်းကလေးချည့်စုနေတဲ့အိမ်ရှိဒါ အရမ်းအဆင်ပြေတယ်။ ကျွန်တော့်တွက်ချက်မှုတွေနဲ့ သူရို့အဆင်ပြေမပြေတော့ မပြောတတ်ဘူး။ ကျွန်တော့်အတွက်ကတော့ အတော်ကြီးကိုအဆင်ပြေတယ်။ အရင်က အလုပ်လည်း ဘာတစ်ခုမှ မည်မည်ရရ မလုပ်တတ်လို့ တတ်ရင်းစွဲဗေဒင်ပညာလေးကိုအသုံးချရင်း မရှိဆင်းရဲသားရပ်ကွက်ကလေးထဲ ပိန်တစ်လှည့် လိမ်တစ်လှည့်နဲ့ နေထိုင် ရပ်တည်လာရတဲ့ ကျွန်တော်(တို့မိသားစု)ကို အခုဆို သူရို့ကောင်းမှုနဲ့ ရပ်ကွက်အတွင်းက လူတွေတင်မကတော့ဘူး။ တခြားတခြား ဘယ်ကမှန်းမသိ ရောက်ရောက်လာတတ်တဲ့ မိန်းမကြီး မိန်းမငယ်အတော်များများကပါ သိလာကြပြီ။ ကျွန်တော်အိမ်ပြင်ထွက်သွားရင် ၊သူရို့နဲ့ တွေ့မိရင် ဆရာ၊ ဆရာနဲ့ ခေါ်လာတတ်နေကြပြီ။ သူရို့က ဆရာ ဆရာနဲ့လုပ်နေတော့လည်း အရင်က ကျွန်တော်နဲ့ မသိဖူးတဲ့ လူတွေကပါ ဘာမသိညာမသိနဲ့ ဆရာ ဆရာ လိုက်ဖြစ်ကုန်ကြတော့ဒါပေါ့လေ။ ဒီလိုနဲ့ ကျွန်တော့်အိမ်ရှေ့မှာ တပ်ထားတဲ့ ဗေဒင် ဆိုင်းဘုတ်ကလေးဟာ ကျွန်တော့်နံမည်အရှေ့မှာ “ဆရာ” ဆိုတဲ့ ဂုဏ်ပုဒ်ကလေး ထပ်ဖြည့်ထည့်ခွင့်ရခဲ့ဒါပေါ့။
                    သူရို့က သူရို့စီးပွားအတွက် ကျွန်တော့်ဆီခဏခဏ လာလာနေကြတော့ ကျွန်တော့်မှာ ရှိရှိသမျှ ကိုယ်စွမ်းဥာဏ်စွမ်းတွေ ခဏခဏ ထုတ်သုံးရတယ်ဗျ။ ကြာတော့လည်း ပညာရပ်နဲ့လွဲချော်တဲ့ အကြောင်းအရာတွေပါလာဒါပေါ့လေ။ သူရို့တတွေ ကောင်းမှု နဲ့ အရင်က “အလုပ်အဆင်မပြေရင် အုန်းသီး ခုနစ်စိတ်နဲ့ ထန်းလျက်ခုနစ်ခဲ ဗာဒံရွက်နဲ့ထည့်ပြီး လမ်းလယ်ခေါင်မှာ နေဝင်ရီတရော အချိန်ချထားပေးပါ။” စတဲ့ ယတြာလောက်သာ ပေးဖူးတဲ့ ကျွန်တော်ဟာ အခုတော့ ဥာဏ်အဆန်းကလေးတွေပါ ထွင်လာရတော့တယ်။ ခဏခဏလာလာနေတဲ့ သူတွေဆိုတော့လည်း ယတြာက တစ်ကြိမ်နဲ့ တစ်ကြိမ်၊ တစ်ယောက်နဲ့ တစ်ယောက် ထပ်မကုန်အောင် ကြိုး စားရှာဖွေရတော့ဒါပေါ့လေ။ ဥပမာအားဖြင့် “ခင်ဗျားရို့ ခြံထောင့်မှာ သဘောင်္ပင်ရှိလား။ မရှိရင် စိုက်လိုက်။ ရှိရင်  ခုတ်လိုက်။” ဆိုတာ မျိုးတွေပေါ့။ ဒါက အသေးစားပေါ့လေ။ တစ်ခါတစ်လေ သူရို့ယူယူလာတဲ့ အကြောင်းအရာတွေက အရေးတကြီး။ ဒီလိုအခါတွေကျပြန် တော့လည်း သူရို့အားကိုးတကြီးလာရတာနဲ့တန်အောင် ကျွန်တော့်မှာ အမျိုးမျိုးလုပ်ပြရတော့ဒါပေါ့။
                  လူဆိုတာကလည်း အဆန်းတော့အဆန်းသားဗျ။ ကျွန်တော်ဒါကို အစကတည်းကသိပေမယ်လို့ ဒီအလုပ်စလုပ်တော့မှ ပိုသိ လာရတာ။ လူတွေက အလွယ်တကူလုပ်လို့လွယ်တဲ့ ကိစ္စမျိုးလောက်ဆို ကောင်းကောင်းဆိုးဆိုး သိပ်အယုံအကြည်မရှိတတ်ကြဘူး။ တန်ဖိုးလည်း မထားဘူး။ ဒီတော့ဘာဖြစ်သလဲဆိုတော့ ဥာဏ်ပူဇော်ခများများတောင်းရတာ အားနာရဒါပါ့လေ။ ဆိုတော့လည်း ခေတ်ရဲ့တောင်းဆိုမှုအရ ကျွန်တော့်မှာ အဆန်းအပြားဥာဏ်ကလေးတွေ ထုတ်သုံးရတော့ဒါဘဲ။ ကျွန်တော့်ဆီလာလာနေတဲ့ သူရို့ ဆိုဒါဟာလည်း လူတွေပဲမို့ ကျွန်တော့်မှာ ခဏခဏအဆန်းအဆန်းလေး လုပ်လုပ်ပြရတော့တယ်။ အာရုံခံတာမျိုးကစလို့ အောက်လမ်းလို့ အများခေါ်နေကျ ယတြာများအဆုံး အမျိုးမျိုးပေါ့လေ။ သူရို့ကလည်း သူများတကာလုပ်လေ့မရှိတဲ့ ခက်ခက်ခဲခဲ ယတြာမျိုးတွေကို ပိုလို့စိတ်ဝင်စားတတ်ကြတယ်။ ဆိုတော့လည်း သူရို့အတွက် ကျွန်တော်ဆန်းဆန်းပြားပြား ခက်ခက်ခဲခဲယတြာတွေ ထွင်ပေးရတော့ဒါဘဲ။ “မီးဖိုချောင်ထဲမှာ ငရုတ်ဆုံကိုယူ ၊ ဆရာပေးလိုက်တဲ့ ဆေးဖယောင်းတိုင်ကို ငရုတ်ကျည်ပွေ့ရဲ့ အပေါ်မှာ မီးထွန်း ၊ ပြီးရင် ငရုတ်ဆုံထဲ ဝင်အောင်ထည့်၊ မီးငြိမ်းတဲ့အထိ စကားမပြောဘဲ စောင့်ပြီးဆုတောင်း” ဆိုတာမျိုးတွေ .. ၊ “ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ ပြတင်းတွေအလုံပိတ်ပြီး ဖယောင်းတိုင်တွေ သက်စေ့ထွန်း။ အဲဒီဖယောင်းတိုင်တွေ အလယ်မှာ ကိုယ်တုံးလုံးချွတ်ပြီး ငါးရှဥ့်အရှင်နဲ့ တစ်ကိုယ်လုံးကိုပွတ်။ ပြီးရင် အဲဒီငါးရှဥ့်ကို ခုတ်သတ်ပြီး ရေစီးကောင်းတဲ့ချောင်းမှာပစ်။” ဆိုတာမျိုးတွေ .. ၊ တန်ဆောင်မုန်းလပြည့်ညလိုမျိုးနဲ့နီးနေရင်တော့ “လာမယ့်လပြည့်ည သန်းခေါင်ယံမှာ မဲဇလီဖူးကိုခူး ၊ အိမ်ပြန်ယူလာတဲ့လမ်းမှာ စကားတစ်ခွန်းမှပြောမလာနဲ့ ၊ အိမ်ရောက်တာနဲ့ အဝတ်ချွတ်ပြီး မဲဇလီဖူးကိုသုပ် ၊ ကိုယ်ကြည်ဖြူစေချင်တဲ့သူကိုကျွေး။” ဆိုတာမျိုးတွေ .. ၊ တအားကြီး ခဲယဉ်းလာတဲ့ကိစ္စမျိုးတွေမှာဆိုရင်တော့ “တိန်ညင်ကြက်ဖကို လည်လှီးပြီး လည်ချောင်းသွေးနဲ့ သချိုင်းမှာ နေ့ရက်အချိန်အခါကွက်တိ ချရမယ်။ ဆရာကိုယ်တိုင် လုပ်ပေးမှာဖြစ်လို့ ပိုက်ဆံပဲအပ်။” ဆိုတာမျိုးတွေ .. ။ “ပီယသိဒ္ဓိ ဆယ်ပါးပြီးမြောက်အောင် သူရဿတီမယ်တော် ရုပ်တုဆောင်ထားပါ။” ဆိုတာမျိုးတွေ .. ။ တကယ်တမ်းတော့ ပီယသိဒ္ဓိဆယ်ပါး ဆိုဒါကို ကျွန်တော်ကောင်းကောင်း နားမလည်ဘူး။ အစဉ်လိုက်လည်း မသိဘူး။ သူရို့ကတော့ သိမသိမပြောတတ်ဘူး။ ကျွန်တော်အဲဒီလိုဟောလိုက်ရင် နောက်တစ်နေ့ သူရို့အိမ်ရှေ့ကပြင်ကလေးမှာ သူရဿတီမယ်တော်ရုပ်တုက ရှိနေပြီ။
တကယ်ကတော့ ယုံကြည်မှုဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးတန်ခိုးကြီးပါတယ်။ ယုံကြည်မှုပြင်းထန်လေ၊ အောင်မြင်ဖို့နီးစပ်လေပဲ။ သူရို့ယုံကြည်မှုရှိအောင်တော့ ကျွန်တော့်ဘက်ကလုပ်ယူထားရတယ်။ များသောအားဖြင့် သူရို့လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေကြပါတယ်။ ကျွန်တော်လည်း လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေတယ်ပေါ့လေ။
လူတိုင်းကသာ သူရို့အိမ်ကို မကြည်ဖြူကြဒါ။ သူရို့က ရပ်ကွက်ထဲ ဘယ်သူ့ဘယ်သူနဲ့မှ အဆက်အစပ်သိပ်မလုပ်ကြဘူး။ သူရို့ဟာ သူရို့နေကြဒါပါဘဲ။ ရပ်ကွက်ဈေးထဲဆို ဘယ်တော့မှမလာဘူး။ ကျွန်တော်တို့ ရပ်ကွက်အပြင်ဘက်မှာ စူပါမားကက်လေး တစ်ခုဆောက်ပြီးဒါ သူရို့ပြောင်းလာပြီးမှဆိုတော့ သူရို့ အဲဒီမှာဈေးသွားသွားဝယ်လေ့ရှိကြတယ်။ စူပါမားကက်သွားဝယ်နိုင်ရင် ကျွန်တော်တို့ ရပ်ကွက်မှာသူဌေးဆိုတော့ ကျွန်တော့်မိန်းမက သူရို့ပြောင်းလာပြီးမှ ခဏခဏအဲဒီမှာ ဈေးသွားသွားဝယ်တယ်။ စူပါ မားကက်မှာ ဈေးဝယ်နိုင်လောက်အောင် ကျွန်တော်က ရှာနိုင်နေပြီကိုးလေ။ ဒီတော့လည်း သူရို့ကို မြင်ပြင်းကပ်တဲ့ အုပ်စုထဲ ကျွန်တော်တို့အိမ်မပါပေဘူးပေါ့။ ဒါပေမယ်လို့ မိန်းမကတော့ ကျွန်တော်နဲ့ သားကို လက်တို့ တိုးတိုးပြောတယ်။ “အဲဒီအိမ်နဲ့ သွားမပတ်သက်နဲ့ ” တဲ့ ။ ကျွန်တော်တို့ကလည်း အထွေအထူး ထိန်းသိမ်းနေရမယ့်ကိစ္စမဟုတ်တော့ သူ့စကားအတိုင်း နားထောင်နေလိုက်ဒါဘဲ။
                     သူရို့အိမ်က ရပ်ကွက်ထဲနေလို့လည်း တစ်ရက်မှာတစ်ခါ အပြင်ထွက်တယ်လို့ မရှိဘူး။ အိမ်ဝေးနေလို့ သတိမထားမိတာ လည်းဖြစ်ချင်ဖြစ်မပေါ့။ များသောအားဖြင့်တော့ ညနေလိုအပိုင်းတွေဆိုရင် သူရို့ကို စူပါမားကက်လေးမှာ ခဏခဏတွေ့ရလေ့ရှိတယ်။ ဒီနေရာမှာ သူရို့အိမ်ရဲ့ ပတ်ဝန်းကျင်အနေအထားလေးကို ကျွန်တော်နည်းနည်းပြောပြဖို့လိုလာပြီ။
                    သူရို့အိမ်ကလေးက အပေါ်မှာပြောထားပြီးတဲ့အတိုင်း စက်ရုံဝင်းကြီးထဲမှာရှိတယ်။ စက်ရုံက ပြီးခဲ့တဲ့အစိုးရဟောင်းလက်ထက် က နိုင်ငံတော်ပိုင်ပိတ်သိမ်းခဲ့တဲ့ စက်ရုံ။ အစိုးရသစ်ကဖြုတ်ချလိုက်တဲ့ ရာထူးကြီးစစ်ဘက်ပုဂ္ဂိုလ်တစ်ယောက်တည်ထောင်ပေးခဲ့တဲ့ စက်ရုံ။ အခု အစိုးရနှစ်ဆက်ပြောင်းပြီးကာမှ ဒီစက်ရုံကိုပုဂ္ဂလိကပိုင် ပေးလိုက်ပြီးပြန်ဖွင့်ပေးခဲ့ဒါ။ အရင်က စက်ရုံဟောင်းကြီးအနေနဲ့ ရှိနေတုန်းက ဘယ်လောက်တောင်တောထူသလဲဆိုရင် စက်ရုံဝင်းထဲကနေ လုံးပတ်အတော်ကြီးတဲ့ စပါးအုံးမြွေကြီးတစ်ကောင် ရဖူး တယ်။ သူ့ကို ကျွန်တော်တို့ မြို့ကလေးနဲ့ နည်းနည်းလှမ်းတဲ့ မြို့စွန်ဖျားက ဘေးမဲ့ဥယျာဉ်တစ်ခုထဲ သွားပို့ကြတော့ ကျွန်တော်ပါ လိုက်သယ်ပေးဖူးတယ်။ ခုနောက်ပိုင်းတော့ နိုင်ငံခြားသား လုပ်ငန်းရှင်တစ်ယောက် ရောက်လာပြီး ဒီစက်ရုံဝင်းကို စပြင်တော့ဒါဘဲ။
သူပြင်တာ နှစ်လလောက်ပဲကြာလိုက်တယ်။ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပြင်ချလိုက်ပြီး အခုတော့စက်ရုံပါပြန်ဖွင့်နေပြီ။ ရပ်ကွက် ထဲက အလုပ်အကိုင်မရှိတဲ့ လူပျိုအပျိုအရွယ် ကလေးတွေ၊ စာသင်ချိန်ရောက်လို့မှ စာမသင်နိုင်ကြတဲ့ စာသင်အရွယ်ကလေးတွေဟာ အဲဒီစက်ရုံဝင်း အတွင်းနဲ့ အပြင်မှာ အလုပ်တွေကိုယ်စီကိုယ်ငှ ရသွားကြဒါတော့ ကောင်းတယ်ဆိုရမယ်။ မကောင်းဒါကတော့ ရပ်ကွက်ထဲ စက်ရုံအကြီးကြီးလာဖွင့်ထားတော့ ရပ်ကွက်တစ်ခုလုံးအတွက် ထရန်စဖော်မာတစ်လုံးချထားပေးဒါဟာ သူရို့အတွက်ချည့် ဖြစ်နေတော့ဒါဘဲ။ ရပ်ကွက်ထဲမယ် မီးလုံးဝအားမကောင်းတော့ဘူး။ ရေတင်ဖို့တို့၊ ထမင်းအိုးချက်ဖို့တို့၊ တယ်လီဗွီးရှင်းဖွင့်ဖို့တို့ဆို လုံးဝကို အားမတက်တော့ဒါဘဲ။ သိပ်ပြသနာတော့လည်း မရှိလှပါဘူး။ တယ်လီဗွီးရှင်းကြည့်ဖို့တို့၊ ရေစက်မောင်းဖို့တို့ဆိုတာဟာ အရင်က ကျွန်တော်တို့ရပ်ကွက်ထဲရှိဒါမှမဟုတ်ဘဲ။ အရင်ဆို ကြည့်စရာနာရီတောင်ရှိဒါမဟုတ်။ ကြက်ဖရှိတဲ့အိမ်က တွန်သံနားထောင် ကြရတယ်။ နောက်ပိုင်း အဲဒီကြက်ဖကြီးသေသွားတော့ ရပ်ကွက်အလယ်က ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးက သူ့တိုင်ကပ်နာရီကြီးကို လော်စပီကာနဲ့ ချိတ်ထားပေးပြီး တစ်ရပ်ကွက်လုံးနာရီသံကြားအောင် လုပ်ပေးထားခဲ့တာ။ အဲဒါက အကျင့်ပါပြီး အခုနောက်ပိုင်း တစ်အိမ်ကို တိုင်ကပ်နာရီတစ်လုံးလောက် တပ်ထားနိုင်နေတဲ့အချိန်မှာတောင် သူရို့ဘုန်းကြီးကျောင်းက နာရီသံကြီးတဒင်ဒင်က တစ်နာရီခြားတစ်ခါ ကြားကြားနေရတုန်း။ ဘာပဲပြောပြောလေ ရပ်ကွက်ထဲစက်ရုံကြီးတည်ထားတော့ ကျောင်းနေချိန် ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် လေလွင့်ဖို့အချိန်မရှိတော့ဘဲ ဝင်ငွေအပိုရအောင် ရှာနိုင်ကြဒါပေါ့။ ရေစက်မမောင်းနိုင်လည်း ကိစ္စမရှိလှဘူး။ ရပ်ကွက်အလယ်မှာ အများပိုင်ရေတွင်းတစ်တွင်းရှိနေဒါကိုး။
                       သူရို့အိမ်အကြောင်း ဆက်ရဦးမယ်။ စက်ရုံဝင်းကြီးဟာ တအားကျယ်တော့ သူရို့အိမ်ကလေးဟာ ကျယ်ပြောလှတဲ့ စက်ရုံဝင်း ကြီးထဲမှာ ပျောက်နေတော့ထာဘဲ။ သူရို့အိမ်ဟာ စက်ရုံဝင်းကြီးရဲ့ အနောက်ဘက်ကျကျမှာရှိတယ်။ သူရို့အိမ်အနောက်ဘက်နဲ့ စက်ရုံ ခြံဝင်းစည်းရိုးတို့ကြားထဲမှာ သူရို့ရဲ့ကိုယ်ပိုင်စိုက်ခင်းလေးတစ်ခု စိုက်ထားဒါရှိတယ်။ အဲဒီစိုက်ခင်းကလေးဟာ နည်းနည်းစီနဲ့ အတော် အမျိုးပေါင်းစုံစုံ စိုက်ထားတယ်။ ချဉ်ပေါင်၊ ကန်စွန်း၊ ဂေါ်ဖီ၊ ဆလတ်၊  ရုံးပတီ၊ ခရမ်း၊ ကြက်ဟင်းခါးစတဲ့ အပင်တွေကို သူ့အတန်းနဲ့သူ စနစ်တကျ စိုက်ပျိုးထားတယ်။ ဒါ့အပြင် အာလူးနဲ့ ကြက်သွန်မိတ်လို ၊ ငရုတ်ပွ၊ ဒန့်ဒလွန်နဲ့ ကြောင်လျှာပင်လို အပင်မျိုးတွေကိုလည်း စိုက်ထားတယ်။ အဲဒီအခင်းက စိုက်သီးစားသီးတွေ မစားချင်လို့ ကညွှတ်ရိုင်းတို့၊ ပုထုဇဉ်သီးတို့ စားချင်ရင်လည်း သူရို့အိမ်ရှေ့က ဖြတ်သွယ်ထားတဲ့ ဓါတ်ကြိုးတစ်ခုမှာ ဓါတ်ကြိုးမမြင်ရလောက်အောင်ကို နွယ်တွေတက်နေပြီးသား။ သူရို့ကတော့ ဒီဓါတ်ကြိုးကို “အသီးအရွက်တန်း”လို့ ခေါ်ကြဒါဘဲ။ နောက်ပြီး သူရို့ခြံဝင်းထိပ်နားမယ် ပုစွန်စာပင်တွေရှိတယ်။ သူ့အလိုလို မြက်ပေါက်သလို ပေါက်နေတဲ့ အပင်တွေပေါ့လေ။ စက်ရုံရဲ့ ခြံတစ်ဖက်ထောင့်မှာတော့ အရိုင်းဖြစ်နေတဲ့ ငှက်ပျောတစ်ပင်၊ သဘောင်္တစ်ပင် နဲ့ မန်ကျည်းပင်လား ကင်မွန်းချဉ်ပင်လား မသိတဲ့အပင်တစ်ပင်ရှိသေးတယ်။ ဒီတော့လည်း သူရို့အိမ်ကလေးဟာ အစားအသောက်တွေ ပေါများနေတဲ့ နေချင့်စဖွယ်နေရာလေးတစ်ခုဖြစ်နေတော့ဒါပေါ့လေ။
                     သူရို့အိမ်ပြောင်းမလာခင် အမှိုက်ပုံကြီးရှိခဲ့တဲ့ နေရာကိုလည်း စနစ်တကျ သန့်ရှင်းထားပြီး အဲဒီမြေနေရာမှာ ဂန္ဓမာ၊ နှင်းဆီနဲ့ စံပယ်တို့လို ပန်းပင်တွေကိုလည်း စိုက်ထားသေးတယ်။ ပန်းအိုးတွေကို သူရို့အခေါ် ပန်းရုံ (သစ်သားတန်းတွေနဲ့ အသေအချာဆောက်ထားတဲ့ စင်ကလေး) အပေါ်မှာ အစီအရီတင်ထားတယ်။ အဲဒီပန်းရုံကိုပတ်ပြီး ပဲပုစွန်ပင်ကိုနွယ်နဲ့တက်ထားတယ်။ စက်ရုံဝင်းစည်းရိုးရဲ့ တခြားဘက်ခြမ်းကဟာတော့ ငါးမွေးမြူရေးကန်ကြီးတစ်ခုရှိတယ်။ ငါးမွေးမြူရေးကန်ပိုင်ရှင်ကို ဘယ်သူမှ မမြင်ဖူး ကြပေမယ်လို့ အဲဒီကန်ပိုင်ရှင်ဟာ အလွန်သဘောကောင်းဒါကိုတော့ လူတိုင်းလိုလိုသိကြတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ငါးမွေးကန် ကြီးဘေးကို ရပ်ကွက်ထဲက လူတွေကို ဝင်စေထွက်စေခွင့်ပေးထားတယ်။ ခွင့်ပေးထားရုံမကဘဲ ဟင်းတစ်မည်စာလောက် ငါးမျှားချင် သပဆိုရင်တောင် ရသေးဗျား။ ဒါပေမယ်လို့ လိုဒါထက်တော့ ပိုလို့မရဘူး။ သူ့ငါးကန်ပတ်လည်မှာ လူအစောင့်တွေအပြင် အင်မတန် အကိုက်သန်တဲ့ ခွေးကြီးတွေပါ မွေးထားတယ်။ ဒီတော့လည်း ရပ်ကွက်ထဲက ဘဲတွေဘာတွေ မွေးတဲ့လူတွေဟာ ဘဲသွားကျောင်းဖို့ နေရာတစ်ခု အဆင်ပြေပြေရသွားကြတော့ဒါပေါ့။
                     သူရို့အိမ်ဟာ ရပ်ကွက်နဲ့ အဆက်အစပ်မလုပ်ပေမယ်လို့ ဖော်တော့ဖော်ရွေကြတယ်လို့ သူရို့ ဟင်းစားသွားပို့နေကျ အိမ်က အဒေါ်ကြီးကပြောတယ်။ သူရို့ရဲ့ စိုက်ခင်းတန်းလေးက အပြင်မှာသွားဝယ်စားဖို့မလိုလောက်အောင် ပြည့်စုံနေတဲ့အပြင် ပိုလျှံတာတွေကိုပါ ဘေးဘီအိမ်တွေကို လိုက်လံဝေငှနိုင်နေဒါကိုး။ သူရို့အိမ်က ကျွန်တော်တို့အိမ်လောက် အသားဟင်းအစားမများဘူး လို့ စူပါမားကက်မှာတွေ့တိုင်းလိုလို သူရို့ဈေးခြင်းတောင်းကို ခဏခဏသွားသွားစပ်စုဖူးတဲ့ ကျွန်တော့်ဇနီးကပြောတယ်။ သူရို့အိမ်ဟာ အနေအထိုင်ကျစ်ကျစ်လျစ်လျစ်ရှိတယ်လို့တော့ ထင်ရဒါဘဲ။ သူရို့အိမ်က မိန်းကလေးတွေဟာ ညနေစောင်းလို့ ရပ်ကွက်ထဲက အပျိုမ တွေ စက်ဘီးတွေ ဘာတွေနဲ့ထွက်ပြီး သနပ်ခါးအပြည့်နဲ့ လမ်းသလားကြတဲ့အချိန်ရောက်လို့လည်း သူရို့မထွက်ကြဘူး။ ရပ်ကွက်ထဲက အပျိုမတွေ စကတ်တို စကတ်ရှည်တွေ ဘောင်းဘီကိုယ်ကျပ်တွေနဲ့ ဝတ်ဝက်ပြီး အပြင်သွားဘာညာလုပ်ကြလို့လည်း သူရို့သိပ်မသွားဘူး။ ဝတ်ထာလည်း လုံခြုံလိုက်သမှ။ လမ်းသွားလို့ ဘေးဘီဝဲယာလည်း တစ်ချက်မျက်လုံးတောင် မဝေ့ဘူး။ တစ်ခါ တစ်လေတော့လည်း သူရို့ကို ရပ်ကွက်အလယ်က အပျိုမတွေ စုနေတတ်တဲ့နေရာဖြစ်တဲ့ အလှပြင်ဆိုင်လေးမှာ တွေ့တွေ့ရတတ်တယ် ။ ဒါပေမယ်လို့လည်း အလှပြင်ဆိုင်ထဲ လူများနေရင် သူရို့မသွားကြတော့ဘူး။ ရပ်ကွက်ထဲက မိန်းကလေးတွေဟာ သူရို့အိမ်ကို အဆက်အဆံမလုပ်ကြသလို သူရို့အိမ်ကလည်း ဘယ်သူနဲ့မှ အဆက်အစပ်မလုပ်ဘူး။ ရပ်ကွက်ထဲက လူတွေ .. အတော်များများက တော့ အမျိုးသမီးတွေပေါ့။ သူရို့အိမ်ကို စကားထဲကို ထည့်မပြောကြဘူး။ သူရို့အိမ်ကလည်း ရပ်ကွက်ထဲက အမျိုးသမီးတွေကို လုံးဝကို ဂရုမစိုက်ကြပါဘူး။
                      ညဘက်တွေရောက်ရင်ဖြင့် သူရို့အိမ်ဟာ မီးပုံးရဲ့အလင်းမှိန်မှိန်ရောင်ကိုယူပြီး အိမ်ရှေ့ကပြင်မှာ မီးပုံးမီးရောင်ကလွဲလို့ ဘာ မီးရောင်မှ နောက်ထပ်မထွန်းဘဲ သူရို့အိမ်က မိန်းကလေး လေးငါးယောက် စုနေ၊ စကားပြောနေတတ်ကြတယ်။ အိမ်ရှေ့ကပြင်ဟာ အုန်းခွံတို့၊ ဖယောင်းဆီတို့နဲ့ အဖန်ဖန်တိုက်ချွတ်ထားပုံပဲ။ မီးပုံးမီးရောင်မှိန်မှိန်ရဲ့အောက်မှာ တလက်လက်တောက်နေတယ်။ တစ်ခါ တစ်လေကျရင် သူရို့အိမ်က အကြီးဆုံးအမျိုးသမီးကို ကပြင်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး ဘုန်းကြီးကျောင်းသားတွေ စာကျက်တတ်တဲ့ လက်ယှက်သစ်သားခုံပေါ် စာအုပ်တင်ဖတ်နေဒါမျိုး၊ ဆန်ပြာနေဒါမျိုး တွေ့ရတတ်တယ်။ ညရှစ်နာရီရောက်ပြီ ဆိုဒါနဲ့ တစ်အိမ်လုံးကို အမှောင်ချပြီး ဘုရားစင်မှာ ဆီမီးတိုင်ထွန်းပြီး ဘုရားစာရွတ်ဖတ်နေဒါကို ကြားရတတ်တယ်။ ပြီးတော့ ကြေးစည်သံ။ ပြီးဒါနဲ့ တစ်အိမ်လုံးဟာ ဖယောင်းတိုင်လေး တစ်တိုင် နှစ်တိုင်လောက်သာ ထွန်းပြီးနေကြတော့ဒါဘဲ။ ဒီကြားထဲ သူရို့အိမ်ကို လာလည် တဲ့ ဧည့်သည်ဘာညာရှိရင်လည်း သူရို့ဧည့်ခံကြပေါ့လေ။ သူရို့စပြောင်းလာတုန်းကတော့ ရပ်ကွက်ထဲကလူတွေက သူရို့အိမ်ဟာ ထရန်စဖော်မာပုံးကြီးရှိတဲ့နေရာရဲ့ အနီးဆုံးလည်းဖြစ်၊ စက်ရူံဝင်းထဲလည်း ဝင်နေနေကြတော့ တခြားအိမ်တွေ မီးအားမကောင်းရင် တောင် သူရို့အိမ်က မီးအားကောင်းမှာဘဲလို့တွေးခဲ့ကြတယ်။ ဒါပေမယ်လည်း သူရို့အိမ်ပြောင်းလာပြီး အခုချိန်ထိ သူရို့အိမ် မီးအား ကောင်းမကောင်းဆိုတာ ဘယ်သူမှတပ်အပ်မသိကြဘူး။
                        တစ်ရပ်ကွက်လုံးနီးနီးက မကောင်းမြင် မကောင်းပြောကြပေမယ်လို့ သူရို့အိမ်က ဘာတုံ့ပြန်မှုမှ မရှိတော့ သူရို့နေရထိုင်ရတာ အများကြီးအခက်အခဲမရှိလှဘူး။ တစ်နေ့တော့ သူရို့အိမ်ကို အမြဲအကောင်းပြောလေ့ရှိတဲ့ သူရို့ဟင်းစားသွားပို့ နေကျ အိမ်ကမိန်းမကြီးက ရပ်ကွက်အစည်းအဝေးမှာထ ပြောတော့တယ်။ သူရို့အိမ်ကို ဒီရပ်ကွက်ထဲက အမြန်မောင်းထုတ်ပေးပါတဲ့။ အားလုံးဟာ သူ့ကိုတအံ့တသြကြီးကြည့်လို့ ။ နောက်ပိုင်းဆက်ကြားရတဲ့ ကောလဟလသဲ့သဲ့ကတော့ အဲဒီမိန်းမကြီးရဲ့ အမျိုးသားဟာ ကူးစက်နိုင်တဲ့ရောဂါတစ်ခုစွဲကပ်နေတယ်လို့ ဆိုတယ်။ ဒီရောဂါဟာ မီးပုံးတပ်ထားတဲ့အိမ်နဲ့ ခြံချင်းကပ်လျက်နေထိုင်ကြတာကြောင့် ရောဂါပိုးဟာ လေထဲကနေလွင့်ပါလာပြီး ခုနပြောခဲ့တဲ့လူကို ရောဂါကူးခဲ့သယောင်ပြောကြဒါဘဲ။ အဲဒိနောက်ပိုင်းတော့ သူရို့အိမ်ဟာ အတိုက်အခိုက်တွေ များလာတယ်။ ညအချိန်မတော် အိမ်ကိုခဲနဲ့အပေါက်ခံရဒါတို့၊ နေ့လယ်နေ့ခင်းဘက်တွေလည်း တစ်ခါတစ်လေ အိမ်ပေါ်တက် ရန်တွေ့ခံရဒါတို့ ဖြစ်လာတယ်။ ဒီတော့ သူရို့အိမ်ရဲ့ အားကိုးရာဖြစ်တဲ့ ကျွန်တော့်ဆီကိုပဲ ဂဒီးဂဒီးလာကြတော့ဒါပေါ့။ ကျွန်တော့်မလည်း ဥာဏ်နီဥာဏ်နက်မက ဘာအရောင်မှန်းမသိတဲ့ အရောင်တွေပါထည့်သုံးရတော့ဒါဘဲ။ ကြာတော့ စိတ်တအားညစ် လာဒါပေါ့ဗျာ။ ပိုက်ဆံကတော့ တဖျောဖျောရပါရဲ့။ သူရို့မလည်း ဒီရပ်ကွက်ကမပြောင်းရရေး အစွမ်းကုန်ကြိုးစားကြရှာတယ်။ ဒါပေမယ် လို့လည်း ရပ်ကွက်က သူရို့ကို မထောက်ခံသူတွေများလာတော့ ဘယ်လိုယတြာသုံးသုံး ပြောင်းပြေးရတော့မယ့်ကိန်းကို ဆိုက်နေတော့ တယ်။ ဒီတော့ သူရို့အားကိုးတဲ့လူပြောင်းသွားတယ်။ ကျွန်တော့်ဆီ တစ်နေ့ခုနစ်ဆယ့်ငါးခေါက်လောက် လာလာနေတဲ့ သူရို့အိမ်ဟာ ကျွန်တော့်ဆီမလာကြတော့ဘဲ သူရို့နေထိုင်ရာ စက်ရုံဝင်းပိုင်ရှင်ဆီရောက်သွားကြတော့တယ်။ ဒီတော့ ကျွန်တော်တို့ ရပ်ကွက်ထဲ သူရို့အိမ် မနေရေး မဲခွဲဆုံးဖြတ်တဲ့အခါမှာ နိုင်ငံခြားသား သူဌေးကြီးပါ ပါလာတာပေါ့လေဗျာ။
                           သူဌေးကြီးဟာ အတော်ကြီး ပိုက်ဆံရှိတယ်။ သူရို့အိမ်ကိုလည်း အတော်ကြီးပေးကမ်းတယ်။ တချို့ကပြောကြတယ်။ သူဌေးကြီးနဲ့ သူရို့အိမ်က ကလေးမတစ်ယောက်ဟာ ဆွေရိပ်မျိုးရိပ်မကင်းဘူးတဲ့။ ဖြစ်နိုင်ပါ့မလားလို့ ကျွန်တော်တွေးကြည့်ဖူးတယ်။ သူဌေးကြီးက မနေ့တစ်နေ့ကမှ ကျွန်တော်တို့ နိုင်ငံထဲဝင်လာတဲ့လူ။ သူရို့အိမ်ကလူတွေဆိုတာက ကျွန်တော်တို့နိုင်ငံသားတွေ။ ဒါပေမယ်လို့လည်း ကျွန်တော်တို့တိုင်းပြည်မှာ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ ဂျပန်ပြည်ပြန်ကြတော့ ဒီမှာကိုယ်ဝန်အသီးသီးနဲ့ ကျန်ရစ် ခဲ့ကြတဲ့ အမျိုးသမီးတွေအများကြီး ရှိခဲ့ဒါကလား။ ခုချိန်ထိ ဂျပန်မျိုးဆက်တွေဟာ ကျွန်တော်တို့နိုင်ငံမှာ ကျန်ရစ်တုန်း။ သွေးဝေးသွား ပေမယ်လို့ ဘာပဲပြောပြော ဂျပန်သွေးပါခဲ့ကြဒါဘဲမဟုတ်လား။ ဒီတော့လည်း ခုသူဌေးကြီးနဲ့ သူရို့မီးပုံးတပ်ထားတဲ့အိမ်တို့ဟာ အမျိုး တော်စပ်ချင်လည်း စပ်နေမပေါ့လေ။ နောက်တစ်ချက်က သူများစက်ရုံဝင်းထဲမှာ သွေးသားတော်စပ်မှုမရှိဘဲနဲ့ ဒီတိုင်းကြီး အိမ်ဆောက် သွားနေနေဖို့ဆိုဒါက မဖြစ်နိုင်ဘူးမဟုတ်လား။ ပထမတော့သူဌေးကြီးရဲ့ပိုက်ဆံတွေဟာ အတော်ကြီးကို တာရောက်ခဲ့တယ်။ ဟိုလူ့လည်း ဆို့ နိုင်၊ ဒီလူ့လည်းပိတ်နိုင်ပေါ့လေ။ ဒီလိုနည်းနဲ့ဘဲ သူရို့အိမ်ဟာ စက်ရုံဝင်းကြီးထဲမှာ၊ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ သက်ဆိုးလေးရှည်နေခဲ့တယ်။
                            လူတိုင်းက မကျေနပ်ကြပေမယ်လို့ သူဌေးကြီးရဲ့ ငွေတွေကို ကြောက်ကြတော့လည်း သူရို့အိမ်ကို ကျယ်ကျယ်လောင် လောင်ဘာမှမပြောကြတော့ဘူးပေါ့လေ။ ဒီလိုနဲ့ နှစ်နည်းနည်းကြာလာတယ်။ သူရို့အိမ်မှာ လူအပြောင်းအရွှေ့တွေ ဖြစ်လာတယ်။ နည်းနည်းအသက်ကြီးသွားတဲ့ မိန်းကလေးတွေဟာ ကြက်ပျောက်ငှက်ပျောက်နဲ့။ သိပ်ကိုငယ်ရွယ်တဲ့ ဆယ့်ရှစ်ဆယ့်ကိုးအရွယ် မိန်းက လေးတွေရောက်လာတယ်။ ငယ်ကြသေးတော့လည်း သွက်တယ်၊ ဖျတ်တယ်၊ အနေတည်ချက်ကတော့ အရင်မိန်းကလေးတွေထက်ကို ပိုတည်တယ်။ ရပ်ကွက်ထဲ တစ်ခါတစ်လေဆင်းကြပေမယ်လို့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံပဲ။ ရပ်ကွက်ထဲက တချို့မိန်းမတွေက သူရို့ ကိုပြောတယ်။ ရပ်ကွက်ထဲ ထွက်မလည်ကြဖို့ပေါ့။ ဒီအချိန်မှာ ပြောမယ်ဆိုလည်း ပြောချင်စရာပဲ။ ရပ်ကွက်ထဲက ယောက်ျားတချို့ ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်လာကြတယ်။ ကူးစက်နိုင်တဲ့ရောဂါဆိုတော့လည်း ဒီယောက်ျားတွေရဲ့ အမျိုးသမီးတချို့နဲ့ မွေးစကလေး တွေပါ ကူးစက်လာကြတယ်။ ဒီတော့လည်း ရပ်ကွက်ထဲက မိန်းမတွေဦးဆောင်ပြီး သူရို့အိမ်ကို မောင်းထုတ်ဖို့ ဖြစ်လာကြတော့ဒါပေါ့။
                              သိပ်မကြာမီမှာ သူဌေးကြီးရဲ့ စက်ရုံကစကားပြန်နဲ့ စက်ရုံလုပ်သားတွေ ပြသနာဖြစ်ကြရာကစပြီး ဆန္ဒပြပွဲတွေ ဖြစ်လာတယ်။ ဒါကိုမရှင်းနိုင်တဲ့ သူဌေးကြီးဟာ နိုင်ငံခြားကိုထွက်ပြေးသွားပြီး စက်ရုံကို သူ့မန်နေဂျာနဲ့လွှဲခဲ့တယ်။ နောက်ပိုင်း ဘာဆက်ဖြစ်ကြသလဲ တော့အတိအကျ မသိရတော့ဘူး။ အချုပ်ပြောရရင် သူဌေးကြီးပြန်မလာတော့ဘူး။ စက်ရုံဟာလည်း ပိတ်သွားတယ်။ ဒီတော့ စက်ရုံဝင်း ဟာအရင်လို အစိုးရပိုင်ပြန်ဖြစ်သွားပြီး အစိုးရပိုင်ဝင်းထဲနေတဲ့ သူရို့အိမ်လေးဟာလည်း ပျောက်ချင်းမလှ ပျောက်သွားတော့တယ်။ နေ့ချင်းညချင်းဆိုသလို ပျောက်သွားဒါကြောင့် ဘာဖြစ်သွားတယ်ဆိုဒါကိုတောင် ဘယ်သူမှ အသေအချာမသိလိုက်ကြဘူး။ ဒါပေမယ် လို့လည်း သူရို့မရှိတော့ဘူးဆိုတော့ ရှူနေကျ ရပ်ကွက်ထဲကလေတွေတောင် ဝဖီးလာသလို ရပ်ကွက်ထဲကမိန်းမတွေက ပြောကြတယ်။ မိန်းမတွေ ပိုကိုပိုပါတယ်လေ။
                            အရင်က သူရို့အိမ်ရှိရာနေရာလေးဟာ အုတ်ဖိနပ်လေးတွေပဲကျန်ရစ်ခဲ့တယ်။ အရင်ကလို စက်ရုံဝင်းရှေ့ဖြတ်ရင် ဘုရားရှိခိုးသံ၊ မီးပုံးကအလင်းနဲ့အလင်းသံတတစ်တစ်တို့မကြားရတော့ဘူး။ ပြောင်လက်နေတဲ့ ကပြင်၊ ဆန်ပြာနေတဲ့ အမျိုးသမီး၊ ရောက်တတ်ရာရာတွေ ထိုင်ပြောနေတတ်တဲ့ အမှောင်မှိန်မှိန်ထဲက ကလေးမတွေ .. အားလုံးဟာ အိပ်မက်လို ပျောက်သွားကြတယ်။ သူရို့ ဘယ်ကိုရောက်သွားတယ်ဆိုဒါကို သိတဲ့လူတွေ သိကြပေမယ်လို့ မသိတဲ့လူတွေ မသိကြဘူး။ ဒီလိုပဲ ကျွန်တော်တို့ရပ်ကွက်ထဲက သူရို့ မီးပုံးအိမ်ဟာ ပျောက်သွားခဲ့တယ်။ သူရို့ ပျောက်သွားပေမယ်လို့ ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ သူရို့အကြောင်းဟာ ပြောမ ဆုံးဘဲ။ ရဲရဲတင်းတင်းခုမှ အတင်းပြောရဲတဲ့လူကပြော၊ ဆေးစစ်ဖို့ဆေးခန်းရောက်တဲ့လူတွေက ရောက်ဘဲ။ ကျွန်တော့်အလုပ်လား။ အဆင်ပြေပါတယ်။ သူရို့ကောင်းမှုလေးကြောင့် ကျွန်တော့်မှာ သူရို့မရှိတော့ပေမယ်လို့ ပရိသတ်တွေတဖွဲဖွဲဘဲ။ ကျွန်တော့်ရပ်ကွက်ထဲ ကျွန်တော်ဆရာဖြစ်သွားခဲ့တယ်။ တစ်ခုဘဲ။ ကျွန်တော်နဲ့ ကျွန်တော့်သားကို အိမ်ကမိန်းမက မကြာခင်ဆေးသွားစစ်ရမယ်လို့ ပြောထား တယ်။ ရပ်ကွက်ထဲလည်း ဆေးခန်းအသစ်တစ်ခုဖွင့်တာ မကြာသေးတော့လေ။

9th September,2015
6:36PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...